သင်္ကြန်ကာလအပြီး စစ်ကောင်စီက စစ်မှုထမ်းဖို့အင်အားစုဆောင်းတာတွေ အရှိန်မြှင့်လုပ်ဆောင်လာနေပါတယ်။ရန်ကုန်တိုင်းမှာတော့ စစ်မှုထမ်းအပတ်စဉ် ၂ အတွက် ဧပြီ ၁၈ ရက်က စတင်ကာ အုပ်ချုပ်ရေးအဖွဲ့တွေက စာရင်းတွေ ပြန်လည်ကောက်ယူနေတယ်။
စစ်ကောင်စီဟာတပ်သားအဖြစ် စစ်မှုထမ်းဖို့ ပထမအပါတ်စဉ်အတွက် မတ်လ ၂၉ ရက်မှာ လူငယ် ၅၀၀၀ ကျော်ကို ခေါ်ဆောင်သွားခဲ့တယ်။ဧပြီလထဲမှာ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်တွေအလိုက် နယ်မြေခံသင်တန်းကျောင်းအသီးသီးမှာ စစ်သင်တန်း ဖွင့်လှစ်သင်ကြားနေတာကိုကောင်စီလက်အောက်ခံမီဒီယာတွေမှာတွေ့နေရတယ်။အခုသင်္ကြန်အပီးမှာတော့ ဒုတိယအကြိမ်အဖြစ် တပ်သားစုဆောင်းရန် မဲနှိုက်ခြင်း လူရွေးချယ်ခြင်းများပြုလုပ်လာနေတာပါ။
ပြည်သူတွေအနေနဲ့ သင်္ကြန် မတိုင်ခင်ကလည်း စစ်မှုထမ်းဖို့ အသိပေး အကြောင်းကြား ခံရတာတွေကြောင့် နေရပ်က ထွက်ပြေး တိမ်းရှောင်တာတွေ၊ အဆုံးစီရင်တဲ့ ဖြစ်စဉ်တွေ တောက်လျောက်ရှိလာနေတယ်။ ရန်ကုန်မှာအလုပ်လာလုပ်နေတဲ့အလုပ်သမားတွေလဲ အတင်းအဓ္ဓမလူသစ်စုဆောင်းခံရမှာစိုးလို့ သက်ဆိုင်ရာနယ်တွေကို ပြန်ကုန်ကြပြီ။ တချို့လဲနိုင်ငံခြားကို ပြေးကြပြီ။
စစ်မှုထမ်းဖို့အတွက် စစ်ကောင်စီက သူတို့လက်လှမ်းမီတဲ့ မြို့တွေကနေ စုဆောင်းထားတဲ့ လူ၊ တိုက်ပွဲတွေအတွင်း စစ်အင်အားပြုန်းတီးမှုများစွာကို ကြုံတွေ့လာရတာကြောင့် စစ်သား လိုအပ်ချက်အတွက် အခုလိုမျိုး အလျင်စလို စစ်သားစုဆောင်းမှုတွေ လုပ်ဆောင်လာနေတာလည်းဖြစ်ပါတယ်။