By ဒေါက်တာဖြိုးသီဟ
ဒီနေ့ မတ်လ ၁ ရက်နေ့ဟာ စစ်တပ်ကနေ မတရား အာဏာသိမ်းတာ ၁ လတိတိ ပြည့်တဲ့နေ့ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လ ဒီနေ့လို မနက်ပိုင်းမှာ ကျွန်တော်တို့ဟာ အံ့သြခြင်းများစွာ၊ မယုံနိုင်ခြင်းများစွာ၊ စိတ်မကောင်းဖြစ်ခြင်းများစွာနဲ့ အိပ်ရာနိုးလာကြတယ်။ MRTV ဖွင့်ကြည့်တယ်။ အာဏာသိမ်းတာ သေချာသွားတယ်။ အဲဒီအချိန်မှာ မျှော်လင့်ချက်တွေ အတော်ကင်းမဲ့သွားတယ်။ အမေစု ထိန်းသိမ်းခံရတော့ ဘယ်သူ ဆက်ဦးဆောင်မှာလဲ၊ ပြည်သူတွေကလည်း ကိုဗစ်နဲ့တင် ပင်ပန်းနေကြပြီမို့ လမ်းပေါ်ရော ထွက်ကြပါတော့မလား၊ သူတို့ ပြောတဲ့အတိုင်း တစ်နှစ်ပဲ ဆိုတာကတော့ မဖြစ်နိုင်ဘူး၊ ဒါဆို ငါတို့ ဘာဆက်လုပ်မလဲ စသဖြင့် ဝေဝါးနေခဲ့ကြတယ်။
အဲဒီအခြေအနေကနေ တစ်လအတွင်း ကျွန်တော်တို့ ဘာတွေ လုပ်နိုင်ခဲ့သလဲ ပြန်စဉ်းစားကြည့်ရအောင်။
၁။ ဆန္ဒထုတ်ဖော်မှုတွေ
၅ ရက်နေ့က မန္တလေးမှာ စလုပ်ခဲ့ရာကနေ ၆ ရက်နေ့မှာ ရန်ကုန်မှာလည်း လူထုဆန္ဒထုတ်ဖော်ပွဲ စလုပ်နိုင်ခဲ့တယ်။ အဲဒီကနေ နေ့စဉ်ရက်ဆက်ဆိုသလို ပြည်သူတွေရဲ့ ဆန္ဒကို ပြသနိုင်ခဲ့တယ်။ ၂ ငါးလုံး အထွေထွေသပိတ်၊ မနေ့က Milk Tea Alliance ၊ တကယ့်အကြီးစား ၂ ခုကို လုပ်နိုင်ခဲ့တယ်။ အပြန်အလှန် ကူညီကြတယ်။ ရိုင်းပင်းကြတယ်။ ခုဆို မျက်ရည်ယိုဗုံးလောက်ကို မမှုတော့တဲ့ အခြေအနေ ဖြစ်နေပြီ။ မန္တလေး၊ မုံရွာတို့မှာဆို အကြမ်းဖက် ဖြိုခွဲပြီး နောက်ရက် လူအုပ်နဲ့ ပြန်ပြန်ထွက်နိုင်ခဲ့တယ်။
၅ ထောင်စားတွေ၊ ညဘက် ရပ်ကွက်တွေထဲ လိုက်လွှတ်နေတဲ့ လူတွေရဲ့ ရန်ကိုလည်း ဥပဒေဘောင်ထဲကနေ ကာကွယ်နိုင်ခဲ့တယ်။ ဆိုက်ဝါးပေါင်းများစွာကိုလည်း အချင်းချင်းထိန်းရင်း၊ သတင်းတွေ မျှဝေရင်းနဲ့ ရှင်းနိုင်ခဲ့တယ်။ ၈၈ တုန်းက အကွက်ဟောင်းတွေကို Generation X, Y, Z ရဲ့ ပေါင်းစည်းမှုနဲ့ ကျော်ဖြတ်နိုင်ခဲ့တယ် ပြောရမယ်။
သံပုံးတီးတာဆိုလည်း အစက ဒီလောက်ကြီး ထိရောက်မယ် မထင်ခဲ့ပေမဲ့ သူတို့ကို အတော်လေး ထိတဲ့ လှုပ်ရှားမှု၊ နိုင်ငံတကာထိ ပေါက်သွားပြီး ညတိုင်း လူထုဆန္ဒကို ကြားသိစေတဲ့ အသံတွေ ဖြစ်လာခဲ့တယ်။
၂။ CDM
အရင်က စကားလုံးတောင် မကြားဖူးဘူး။ သတိထားမိသလောက် ၄ ရက်နေ့မှာ ဆရာဝန်တွေ စတင်ခဲ့တဲ့ လှုပ်ရှားမှုဟာ ခုဆို တစ်နိုင်ငံလုံး ပျံ့နေပြီ။ CDM သမားတွေကို ကူညီတာမှာလည်း အတော်လေး အရှိန်ရ၊ အချိတ်အဆက် ရနေပြီ။ လောက်ကောင်တွေကိုလည်း ထင်ထင်ရှားရှား မြင်နေရပြီ။ ၁၀၀% မပါလို့ စိတ်ပျက်စရာ မလိုဘူး။ တကယ်က ပါစရာလည်း မလိုဘူး။ စဉ်းစားကြည့်လေ။ ရုံးတစ်ရုံးမှာ သန့်ရှင်းရေး အလုပ်သမား ခွင့်ယူတဲ့နေ့ ဆိုရင်တောင် အဆင်မပြေဘူးမို့လား။ CDM အောင်မြင်ကြောင်း အထင်ရှားဆုံး သက်သေကတော့ ဝါဒဖြန့် သတင်းစာထဲက ဆောင်းပါးတွေ၊ ကဗျာတွေပဲ။
၃။ Boycott
အရင်ကတည်းက စစ်တပ်စီးပွားရေးတွေကို ဆန့်ကျင်ခဲ့ကြသူတွေ ရှိတယ်။ တချို့ကျ ဒီလောက်ကြီး စိတ်ထဲ မရှိဘူး။ ခုတော့ သူတို့ရဲ့ ရက်စက်မှုကို မြင်လာတဲ့အခါ အဲဒီစီးပွားရေးတွေကို အားပေးခြင်းဟာ ကိုယ့်ကို ပစ်သတ်ဖို့ ကျည်ဆံသွားပေးလိုက်တာနဲ့ အတူတူပဲဆိုပြီး မြင်လာကြတယ်။ သူတို့တင်မကဘဲ အာဏာရှင်အားပေး စီးပွားရေးလုပ်ငန်းတွေကိုပါ ပြည်သူက သပိတ်မှောက်လာကြတယ်။
၄။ Social punishment
Boycott နဲ့ တွဲပြီး ပါလာတာက Social punishment ပဲ။ ပစ်မိန့်ပေးတဲ့သူတွေ၊ ပြည်သူကို သတ်ခဲ့တဲ့သူတွေ၊ အာဏာရှင်ကို ထောက်ခံအားပေးတဲ့သူတွေ စသဖြင့် လူထုက ပြစ်ဒဏ်ခတ်ကြတယ်။ လူမှားသွားတာတွေ ရှိပေမဲ့လည်း အတော်လေး ထိရောက်တဲ့ လုပ်ရပ်လို့ ဆိုရမယ်။ အွန်လိုင်းပေါ်တင်မက ဆန္ဒထုတ်ဖော်ပွဲတွေမှာပါ ဗီနိုင်းထုတ်ပြီး ပြထားတာ၊ ရပ်ကွက်မှာ ဗီနိုင်းချိတ်ထားတာ၊ ရွာကနေ နှင်ထုတ်တာတွေပါ လုပ်ခဲ့ကြတယ်။ သူတို့တွေဟာ ဘာအလုပ်မှ မလုပ်တော့ရင်တောင် တစ်သက်စားမကုန်တဲ့ ချမ်းသာမှုမျိုး ရှိပြီးသားပါ။ ဒါပေမဲ့ လူဆိုတာ လူရာတော့ ဝင်ချင်တယ်လေ။ ဒါကြောင့် Social punishment ဟာ တော်တော်လေး အဆဲခံနိုင်တယ် ဆိုတဲ့သူတွေကအစ ပြိုဆင်းသွားအောင် ထိရောက်ခဲ့ပါတယ်။
၅။ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့
သူတို့ အာဏာတည်ဖို့အတွက် အရေးကြီးတဲ့ ရပ်ကျေးတွေကိုလည်း ရုံးတောင် မဖွင့်နိုင်အောင် ကြံ့ကြံ့ခံထားနိုင်ဆဲ ဖြစ်တယ်။ မုံရွာဆိုရင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကိုတောင် ဖွဲ့စည်းနိုင်ခဲ့တယ်။
၆။ ပရော်ဖက်ရှင်နယ်များ
မီဒီယာသမားတွေ၊ ရှေ့နေတွေ၊ ဆရာဝန်တွေ၊ တက္ကသိုလ်တွေက ပါချုပ်၊ ဒုပါချုပ်တွေ စသဖြင့် ပရော်ဖက်ရှင်နယ်တွေကလည်း ကူညီကြတယ်။ Drone တွေနဲ့ ရိုက်ထားတဲ့ ပုံတွေ၊ ဓါတ်ပုံပညာရှင်တွေရဲ့ ပုံတွေကလည်း လူထုရဲ့ ဆန္ဒပြင်းပြမှု၊ စစ်တပ်ရဲ့ ရက်စက်မှုတွေကို အထင်းသား မြင်ရစေတယ်။
၇။ တိုင်းရင်းသား စည်းလုံးညီညွှတ်မှု
ခေတ်အဆက်ဆက် ဂျင်းထည့်လာတဲ့ စကားလုံးကြီးက ခုမှ တကယ်ဖြစ်သွားတာ။ တည့်တည့်ပြောရရင်တော့ ကျွန်တော်တို့ ဗမာတွေ ကိုယ်ချင်းစာတတ်သွားတယ်။ ဒီလောက် ကင်မရာတွေ အများကြီး ရှိနေတဲ့နေရာမှာတောင် ဒီလောက် သောင်းကျန်းနေရင် တိုင်းရင်းသားဒေသတွေဆို ပြောမနေပါနဲ့တော့ ဆိုတဲ့အမြင် ရသွားတယ်။ ၉ နှစ်လောက် တအုံ့နွေးနွေး ဖြစ်နေတဲ့ ရိုဟင်ဂျာပြဿနာပါ ပြေလည်သွားဖို့ ရှိနေတယ်။ ဒါက ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်ဖို့ တကယ့် အထောက်အပံ့ကောင်း ဖြစ်သွားတယ်။
၈။ Gen-Z
သူတို့ကတော့ ချန်ထားခဲ့လို့ကို မရတဲ့သူတွေပဲ။ တက်ကြွတယ်။ အိုင်ဒီယာ ဆန်းသစ်တယ်။ သတ္တိရှိတယ်။ ကမ္ဘာကြည့် ကြည့်နိုင်တယ်။ နည်းပညာကျွမ်းကျင်တယ်။ ဒါတွေဟာ လူထုဆန္ဒထုတ်ဖော်ပွဲတွေကို ကမ္ဘာက အသိအမှတ်ပြု ချီးကျူးခဲ့ရတဲ့ အကြောင်းရင်းတွေလည်း ဖြစ်တယ်။
၉။ နိုင်ငံရေးလမ်းကြောင်း
CRPH ရှိနေပြီ။ အစက အထနှေးလို့ ပြည်သူတွေ အားမရ ဖြစ်ခဲ့ကြဖူးပေမဲ့ ဦးကျော်မိုးထွန်းရဲ့ မိန့်ခွန်းအပြီးမှာတော့ သူတို့ဟာ အားကိုးလောက်စရာ အခြေအနေ ရှိတယ်ဆိုတာကို အများစု လက်ခံသွားကြတယ်။ အားတက်သွားကြတယ်။ ဒေါက်တာ ဆာဆာတို့လို နိုင်ငံတကာကို ပေါက်ရောက်သူတွေနဲ့လည်း ချိတ်ဆက်ထားတယ်။
ဒါတွေအကုန်လုံးဟာ ကြိုတင်ပြင်ဆင်ဖို့ မပြောနဲ့၊ အာဏာသိမ်းမယ်မှန်းတောင် မသိခဲ့တဲ့ ကျွန်တော်တို့ ပြည်သူတွေရဲ့ တစ်လအတွင်း စွမ်းဆောင်ချက် ဖြစ်ပါတယ်။ သိပ်ဂုဏ်ယူဖို့ ကောင်းတယ်။
ကျန်ခဲ့တာတွေလည်း ရှိနိုင်ပါသေးတယ်။ ပြည်သူတွေရဲ့ စွမ်းဆောင်နိုင်မှုတွေကို အဓိကထား ရေးထားတာမို့ နိုင်ငံတကာ ဖိအားတွေ ချန်ခဲ့တယ်။ ဖေ့စ်ဘွတ်ကနေ ဖြုတ်ချလိုက်တဲ့ ပေ့ချ်တွေအကြောင်း ချန်ခဲ့သေးတယ်။
သူတို့ဘက်က ဘာတွေလုပ်နိုင်လဲ ကြည့်လိုက်ပါ။ ထိပ်ပိုင်းခေါင်းဆောင်တွေကို ဖမ်းဆီးတယ်။ ပုဒ်မတပ်တယ်။ CDM လုပ်သူတချို့ကို မတရား ဖမ်းဆီးတယ်။ ဘယ်သူမှ အဖက်မလုပ်တဲ့ ဥပဒေပုဒ်မတွေ ထုတ်တယ်။ အင်တာနက် တစ်နေ့ ၈ နာရီ ပိတ်တယ်။ ဆန္ဒပြသူတွေကို အကြမ်းဖက် ဖြိုခွင်းတယ်။ လက်နက်မဲ့တွေကို လက်နက်နဲ့ ပစ်ခတ်ရတာကို သူရဲကောင်းတွေလို ထင်နေကြတယ်။ UEC အသစ်ဖွဲ့တယ်။ ၂၀၂၀ တုန်းက ပါတီအားလုံးပေါင်းမှ ၁၁% ပဲ အနိုင်ရခဲ့တဲ့သူတွေ လာတက်သွားတယ်။ ဂုဏ်သိက္ခာရှိတဲ့ ဘယ်ဒီမိုကရက်တစ်ပါတီကမှ မလာဘူး။
ပြည်တွင်းမှာ ဆန့်ကျင်ခံရတယ်။ ဝန်ထမ်းတွေ ရုံးမလာဘူး။ ပြည်ပမှာ ဘယ်သူမှ အသိအမှတ် မပြုဘူး။ အောင်မြင်နေတဲ့ စစ်မျက်နှာ အတော်နည်းတယ်။
NCA လက်မှတ် ထိုးထားတဲ့ အဖွဲ့တွေက ဆွေးနွေးမှု ရပ်ဆိုင်းတယ်။ စစ်အင်အားတွေက သပိတ်တွေဖြို၊ ပလာတာတွေလု၊ စတိုးဆိုင်တွေဖောက် လုပ်နေရတော့ အပစ်အခတ် ရပ်စဲရေးကို တစ်လသက်တမ်း တိုးရတယ်။ KIA ၊ KNU တို့နဲ့ တိုက်ပွဲတွေ ဖြစ်တယ်။ အကျအဆုံး များတယ်။
ပြန်ကြည့်ရင် သူတို့ တစ်လအတွင်း လုပ်နိုင်ခဲ့သမျှဟာ လက်နက်ရှိလို့သာ လုပ်နိုင်တဲ့ အလုပ်တွေချည်းပဲ။ ဉာဏ်ရည် မပါဘူး။ သတ္တိ မရှိဘူး။ ဂုဏ်ယူစရာ မရှိဘူး။
ရှေ့ကို ဘယ်လောက် ဆက်သွားရဦးမယ် မသိပေမဲ့ အနောက်ကို ပြန်လှည့်ကြည့်လိုက်တဲ့အခါမှာတော့ မိုင်တိုင်တွေ အများကြီးကို တွေ့ရလိမ့်မယ်။ လက်နက်မရှိ၊ အာဏာမရှိ၊ ဘာကြိုတင်ပြင်ဆင်၊ လေ့ကျင်မှုမှ မရှိဘဲ ကျွန်တော်တို့ စုစုစည်းစည်းနဲ့ ဒီနေ့ထိ ရောက်လာခဲ့ပြီးပါပြီ။ ဒါကြောင့် စိတ်ဓါတ်ကျတော့မယ်ဆိုတိုင်း ဒါကို သတိရစေချင်တယ်။ ကိုယ် စိုက်ထုတ်ခဲ့ဖူးတဲ့ လုံ့လတွေ၊ ဖြတ်ခဲ့ပြီးတဲ့ ခရီးမိုင်တွေ၊ ပေးဆပ်ခဲ့ပြီးတဲ့ ရင်းနှီးမှုတွေကို အားနာကြစေချင်တယ်။
ရလဒ်မပေါ်သေးဘဲ လုပ်လက်စ အလုပ်တစ်ခုကို ရပ်တန့်လိုက်တာဟာ အစကတည်းက ဘာမှ မလုပ်ခဲ့တာနဲ့ အတူတူပါပဲ။ ကျွန်တော်တို့က အခု စမိပြီးသွားပြီ။ ရင်းနှီးခဲ့ရပြီးပြီ။ အရှုံးပေးလို့ မရတော့ဘူး။ ကျဆုံးသွားရသူတွေ အသက်ပေးရကျိုးမနပ် ဖြစ်သွားလိမ့်မယ်။ ဒါကြောင့် ဘယ်လိုအခက်အခဲ၊ ဘယ်လိုစိတ်ပျက်စရာ၊ ဘယ်လိုဖြိုခွဲမှုတွေကြုံကြုံ လက်မလျှော့ဘဲ ဒီတော်လှန်ရေး အောင်မြင်သည်အထိ ကြံ့ကြံ့ခံ ကျော်ဖြတ်သွားကြဖို့ တိုက်တွန်းချင်ပါတယ်။
ဒေါက်တာ ဖြိုးသီဟ
၁.၃.၂၀၂၁
ဆိုရှယ်မီဒီယာပေါ်တွင် ဒေါက်တာဖြိုးသီဟက ဝေမျှထားသောစာကို ပြန်လည်ကူးယူထားခြင်းဖြစ်ပါ၍ ခရက်ဒစ်ပေးပါသည်။