Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

စစ်ကောင်စီ ရွေးကောက်ပွဲ မဟုတ်သည့် အခြားနိုင်ငံရေးထွက်ပေါက် 

June 17, 2025
in သုံးသပ်ချက်များ
Reading Time:2 mins read
Share on FacebookShare on Twitter

ရွေးကောက်ပွဲပြီးတိုင်း အနှစ် ၃၀ တစ်ကြိမ်ဆိုသလို စစ်အာဏာသိမ်းနေပြီး တိုင်းပြည် လုံးပါးပါးနေချိန်တွင် အနာဂတ် အဆင်ပြေရေးအတွက် နိုင်ငံနှင့် ပြည်သူတို့ရွေးချယ်စရာ နည်းလမ်း နှစ်ခု ရှိနေသည်။

လွတ်လပ်ရေးရပြီးချိန်မှစ၍ ယနေ့အထိ တိုင်းပြည်၏ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးတို့တွင် စစ်တပ် ဝင်ရောက်စွက်ဖက်မှုများသည်ကို တွေ့ရသည်။

ရွေးကောက်ပွဲပြီးတိုင်း အနှစ် ၃၀ တစ်ကြိမ်ဆိုသလို စစ်အာဏာသိမ်းမှု ပေါ်လာဖူးသည်။

လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင်  ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ဗမာစစ်တပ်သည် နှစ်အနည်းငယ်အတွင်း အင်အားကြီးမားလာကာ ပြည်သူလူထု၏ ထောက်ခံမှု ရရှိခဲ့သည်၊ ထိုမျှသာမက နိုင်ငံရေးဦးဆောင်မှု သန္ဓေတည်ရာ  တို့ဗမာအစည်းအရုံးအဖွဲ့ဝင် သခင်အများစုပါဝင်ပြီး တိုင်းပြည်ကိုလဲ လွတ်လပ်ရေးရှိအောင် အဓိကစွမ်းဆောင်ပေးခဲ့သော အဖွဲ့အစည်းတစ်ခုလဲဖြစ်သည်။

ပါလီမန်ဒီမိုကရေစီခေတ်တွင် နုနယ်ကာစ တိုင်းပြည်သည် အယူအဆအကွဲအပြဲနှင့် လူမျိုးစုပြဿနာများကြောင့် လွတ်လပ်ရေးရပြီး ၃ လမျှအကြာတွင် ပြည်တွင်းစစ်နှင့် နဖူးတွေ့ဒူးတွေ့ကြုံတွေ့ခဲ့ရသည်။

လွတ်လပ်ခါစ တိုင်းပြည်သည် ဒီမိုကရေစီဘောင်ကိုချဲ့ထွင်၍ တိုင်းပြည်တိုးတက်စေရန် ဝိုင်းဝန်းလုပ်ရမည့်အစား ထိုခေတ်အခါ နိုင်ငံရေးသမားများ၏ နိုင်ငံရေးအကွဲအပြဲများနှင့် မရင့်ကျက်မှုများကြောင့် စစ်တပ်သည် မူလတာဝန်ဖြစ်သည့် တိုင်းပြည်ကာကွယ်ရေးအစား နိုင်ငံရေးဇာတ်ခုံပေါ်သို့ ကုလားအုပ်တစ်ကောင် ခေါင်းထိုးပြီး တဖြည်းဖြည်း တိုးဝင်သလို တကိုယ်လုံး ဝင်ရောက်လာခဲ့သည်။

ထိုကြောင့် စစ်တပ်သည် အကြိမ်ကြိမ် အာဏာသိမ်းပြီး  နိုင်ငံရေးတွင်  ကြီးစိုးရန်သာ အလေးထားခဲ့သည်။

ဗမာ့နိုင်ငံရေးဇာတ်ခုံပေါ် စစ်တပ်၏ အာဏာသိမ်းမှု။

ပထမဆုံး အစမ်းအာဏာသိမ်းမှုမှာ ၁၉၅၈ ခုနှစ်တွင် ဖြစ်သည်။ ထိုကာလ Ruling Party ဖဆပလအဖွဲချုပ် နိုင်ငံရေးအကွဲအပြဲဖြစ်စဉ်ကြောင့် စစ်တပ်က အာဏာဝင်ထိမ်းသည်ဟု ပြောဆိုနိုင်သည်။ သိုသော် ဝန်ကြီးချုပ် ဦးနု၏ တာတေစနေသား စာအုပ်တွင် ထိုကာလ အာဏာလွဲပြောင်းမှုဖြစ်စဉ်မှာ မိမိထံ ပြည်သူလူထုအပ်နှင်းထားသော နိုင်ငံတော်အာဏာကို တပ်မတော်ခေါင်းဆောင်များက သိမ်းယူခြင်းဖြစ်သဖြင့် အာဏာသိမ်းမှုဟု ဖော်ပြထားသည်။

ထိုနောက် စစ်တပ်သည် ၁၉၆၀ တွင် ရွေးကောက်ပွဲပြန်လည်ပြုလုပ်ပေးကာ အနိုင်ရ  ပြည်ထောင်စုပါတီ(ပထစ) အစိုးရကို တိုင်းပြည်အာဏာပြန်လည်လွဲပြောင်းပေးခဲ့သည်။ သိုသော် ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့တွင် တောင်ကြီးညီလာခံနှင့်ဖယ်ဒရယ်မူကိစ္စ အကြောင်းပြချက် ပေးကာ နိုင်ငံတော်အာဏာကို ဗိုလ်ချုပ်နေဝင်း ဦးဆောင်သော စစ်တပ်က အလုံးစုံသိမ်းယူလိုက်သည်။

တော်လှန်ရေးကောင်စီအမည်ဖြင့် စစ်တပ်က ဗမာ့နိုင်ငံရေးတွင် ပါဝင်လာခဲ့ပြီး ၂၆ နှစ်အကြာတွင် သမိုင်းဝင် ၈၈၈၈ အရေးတော်ပုံကြောင့် ၁၉၈၈၊ စက်တင်ဘာလ ၁၈ ရက်နေ့တွင် စစ်တပ်နောက်ခံရှိသော မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ(မဆလ) အစိုးရကို ဖြုတ်ချကာ အာဏာသိမ်းခဲ့သည်။

ထိုကာလ အာဏာသိမ်း စစ်တပ်သည် ရွေးကောက်ပွဲလုပ်ပေးပြီး စစ်တန်းလျားပြန်မည်ဟု ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောမောင် ကိုယ်တိုင်ပြောခဲ့သည်။

၁၉၉၀ ပြည့်နှစ်တွင် စစ်တပ်က ရွေးကောက်ပွဲလုပ်ပေးရာ အမျိုးသားဒီမိုကရေစီအဖွဲချုပ် ( NLD) က သောင်ပြိုကမ်းပြို အနိုင်ရခဲ့သည်။ သိုသော် စစ်တပ်က ခေါ်မပေး၊  အာဏာလွဲပြောင်းမပေးဘဲ   နိုင်ငံရေးသမားများကို ဖမ်းဆီးအကျဉ်းချခဲ့သည်။

ထိုအပြင် စစ်အစိုးရအဖွဲ့အမည်ကို နဝတ၊ နအဖ စသဖြင့် ပြောင်းလဲကာ ၂၀၁၁ ခုနှစ် မတ်လအထိ အုပ်ချုပ်ခဲ့သည်။

စစ်တပ်စိတ်ကြိုက် ရေးဆွဲထားသော၂၀၀၈ ဖွဲစည်းပုံ အခြေခံဥပဒေ အရ ၂၀၁၀၊ ၂၀၁၅၊ ၂၀၂၀တို့တွင် ရွေးကောက်ပွဲကျင်းပကာ ဒီမိုကရေစီအသွင်ကူးပြောင်းမှု ဖြစ်ပေါ်လာပြီး စစ်တပ် ထဲထဲဝင်ဝင် ပါဝင်သည့် အရပ်သားအစိုးရများ ပေါ်ပေါက်လာခဲ့သည်။

ဤ၂၀၁၁-၂၀၂၀ ဆယ်နှစ်တာကာလအတွင်း တိုင်းပြည်မှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး စသည့်တိုတွင် အထိုက်အလျောက်တိုးတက်မှုများရှိလာခဲ့သည်။ ထိုပြင် မြေပေါ်နိုင်ငံရေး လှုပ်ရှားမှုများ အားကောင်းလာခြင်း၊ အရပ်ဘက်အဖွဲ့အစည်းများ၏ အခန်းကဏ္ဍများ ပေါ်ပေါက်လာခြင်း၊  အုပ်ချုပ်ရေး ယန္တရားပိုင်း လာဘ်စားမှုကို ကော်မရှင်ဖွဲ့ပြီး စောင့်ကြည့် အရေးယူခြင်း စသည်တို့ကို တွေ့နိုင်သည်။

ကမ္ဘာကပ်ရောဂါ Covid-19 ဖြစ်သောကာလများတွင်လည်း ပြည်သူမှပြည်သူသို့ မူဝါဒများဖြင့်  အစိုးရနှင့်ပြည်သူလူထု ပူးပေါင်းကာ ကောင်းမွန်သော စီမံခန့်ခွဲမှုများဖြစ်ပေါ်ခဲ့သည်။ သိုသော် ထိုအရာများသည် စစ်တပ်၏ မစားရသည့်အမဲ သဲနှင့်ပက်သည်သလို ၂၀၂၀ ရွေးကောက်ပွဲသည် မဲသမာမှုဖြစ်သည်ဟူသောစွပ်စွဲချက်ဖြင့် ပြည်သူလူထု၏ ဆန္ဒကိုသာမက ၎င်းတို့၏ ဖွဲစည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်းချက်များကိုပါ မျက်ကွယ်ပြုကာ ၂၀၂၁ ခုနှစ် တွင်  အာဏာ ထပ်သိမ်းပြန်သည်။

ဤသည်ကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံတွင် ကြာရှည်သော စစ်အာဏာသိမ်းမှုများသည်   ပျမ်းမျှနှစ် ၃၀ ခြား တစ်ခါ  ပေါ်ပေါက်လာသည်ဟု သုံးသပ်နိုင်သည်။  စစ်တပ်သည်  မြန်မာ့နိုင်ငံရေးတွင်  ဝင်ရောက်ကြီးစိုးနိုင်ရေးကိုသာ အလေးထားခဲ့သည်။

အာဏာသိမ်းကာလ နိုင်ငံရေး အခင်းအကျင်း။

၂၀၂၁ ခုနှစ် အာဏာသိမ်းစဉ် မြန်မာနိုင်ငံသမိုင်းတွင် တနိုင်ငံလုံးအတိုင်းအတာ လူထုအုံကြွမှု အားကောင်းမောင်းသန် ထွက်ပေါ်လာခဲ့သည်။

CDM လှုပ်ရှားမှုများ၊ ကျောင်းသား လူထုတိုက်ပွဲများ၊ သပိတ်များ စသည်ဖြင့် အကြမ်းမဖက်နည်းလမ်းဖြင့် နည်းမျိုးစုံတော်လှန်ခုခံခဲ့ပြီး ဖက်ဒရယ်နှင့်ဒီမိုကရေစီကို လိုသားကြောင်း တစ်နိုင်ငံလုံးအတိုင်းအတာ အသံ တညီတညွတ်တည်းထွက်ခဲ့ကြသည်။ သိုသော်စစ်တပ်သည် မြန်မာပြည်သူလူထုကို ရန်ငြိုးကြီးစွာ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည်။

ထိုတောင်းဆိုချက်များကို အကောင်ထည်ဖော်ရန် မြန်မာပြည်သူလူထုသည် မလွဲသာမရှောင်သာ လက်နက်ကိုင်တော်လှန်ရေးလမ်းကြောင်းဖြင့် ခုခံတော်လှန်ရန်ဆုံးဖြတ်ခဲ့သည်။ ထိုဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ရန် CRPH, NUCC, NUG, PDF စသဖြင့် ခေတ်၏ လိုအပ်ချက်အရ ပေါ်ပေါက်လာခဲ့သည်။

နွေဦးကာလပေါ်ပေါက်လာသော တော်လှန်ရေးတပ်ဖွဲ့များနှင့် သက်တမ်းရင့် တော်လှန်ရေးအဖွဲ့များဖြစ်ကြသော တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများသည် လူထုတိုက်ပွဲ၊ စစ်ရေး၊ နိုင်ငံရေး ဟန်ချက်ညီစွာ လှုပ်ရှားကာ စစ်ကောင်စီကို အထိနာစေခဲ့သည်။ နိုင်ငံခြားရေးတွင်လည်း သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ခန့်အပ်ထားနိုင်သဖြင့် ကုလသမဂ္ဂတွင် စစ်ကောင်စီသည် တရားဝင်မှု မရှိသေးပေ။

၂၀၂၃ ခုနှစ်တွင် ညီနောင်သုံးဖွဲ့ စတင်ဖော်ဆောင်သော၂၀၂၇ စစ်ဆင်ရေးသည် တော်လှန်ရေးကာလ စစ်ရေး၊ နိုင်ငံရေး အချိုးအကွေ့တစ်ခု ဖြစ်ခဲ့သည်။ မြန်မာစစ်တပ်သမိုင်းတွင်လည်း တပ်ရင်းတပ်ဖွဲ့များသာမက ပထမဆုံး တိုင်းစစ်ဌာချုပ်တစ်ခု ဆုံးရှုံးကာ အရှက်ရစေခဲ့သည်။

ထိုနောက် ၂၀၂၄ ခုနှစ်တွင်   အာရက္ခတပ်တော် (ULA/AA) သည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အပါအဝင် ရခိုင်ပြည်နယ်မှ မြို့နယ် ၁၄ ခု၊  ချင်းပြည်နယ်မှ မြို့နယ် ၁ ခုတို့ကို  သိမ်းပိုက်ထိန်းချုပ်ထားနိုင်ခဲ့သည်။

နောက်ဆက်တွဲအဖြစ် ယခုနှစ် ၂၀၂၅ တွင် တော်လှန်တပ်ဖွဲ့များက တိုင်းပြည်ဧရိယာ တဝက်နီးပါး ထိန်းချုပ်ထားနိုင်သည်ကိုတွေ့ရသည်။ ထိုအချက်ကို စစ်ကောင်စီသည်  နိုင်ငံအတွင်း မြို့နယ် ၃၃၀ ကျော်ရှိသည့်အနက် ၁၀၀ ကျော်တွင်သာ ရွေးကောက်ပွဲကျင်းပပေးနိုင်မည်ဖြစ်ကြောင်း ကြေညာချက်ဖြင့် ခိုင်မာစေခဲ့သည်။

အာဏာသိမ်းကာလ ၅နှစ်တာ ကာလတလျှောက် မြေပြင်တွင်တော်လှန်ရေးတပ်ဖွဲ့များကို စစ်ရေးအရမယှဉ်နိုင်သောအခါ စစ်တပ်သည် တော်လှန်ရေးတပ်ဖွဲ့များနှင့် မြန်မာပြည်သူလူထုအား ရက်ရက်စက်စက် မီးရှို့၊ ဖျက်ဆီး၊ လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ဆဲဖြစ်သည်။

တစ်ပူပေါ် နှစ်ပူဆင့် သဘာဝဘေးအန္တရာယ်

ထိုသိုရက်စက်စွာ ဖိနှိပ်မှုများနှင့် အထွေထွေအကြပ်အတည်းများကြား မြန်မာပြည်သူလူထုမှာ  အသက်ရှုကြပ်တည်းနေစဉ် တစ်ပူပေါ် နှစ်ပူဆင့်ဆိုသလို ၇.၇ ပြင်းအားရှိ ကြီးမားသော သဘာဝဘေး ငလျင်ဒဏ်ကို ရုတ်တရက် ရင်ဆိုင်လိုက်ရပြန်သည်။

နိုင်ငံအလယ်ပိုင်းရှိ ယဉ်ကျေးမှုအမွေအနှစ်ထွန်းကားကာ တော်လှန်ရေးတပ်ဖွဲ့များ အားကောင်းသော မန္တလေး၊ စစ်ကိုင်းစသည်တို့တွင် ကြီးမားသော လူအသေအပျောက်နှင့် ဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည်။

ကိုဗစ်ကပ်ဘေးတွင် အာဏာသိမ်းလိုက်သော စစ်တပ်သည် ၂၀၂၅ တွင်လည်း သဘာဝဘေးအန္တရာယ်ကျရောက်နေသော လူထုကို ကယ်ဆယ်ရေးချက်ချင်းမလုပ်နိုင်ပေ။ ထို့ပြင် ပြည်သူမှပြည်သူသို့ဟူသော ပြည်သူချင်းကယ်ဆယ်ရေးလုပ်ငန်းများကို ပိတ်ပင်တားဆီးခြင်း၊ ငလျင်ဘေးဆိုင်ရာ အလှူပစ္စည်းများကို လုယူသိမ်းဆည်းခြင်း၊ ငလျင်ဒဏ်ကြောင့် ဒုက္ခရောက်နေသောလူထုကို ဖမ်းဆီးခြင်း စသည့် သဘာဝဘေးဒုက္ခခံရသော လူထုအပေါ် ထပ်ဆင့်ဖိနှိပ်မှုမျိုးစုံ ပြုလုပ်လျက်ရှိသောကြောင့် တိုင်းပြည်တွင် လက်ရှိစစ်တပ်နှင့်ပြည်သူတို့ ယှဉ်တွဲနေထိုင်ရန် မဖြစ်နိုင်သည်မှာ ပိုမိုသေချာလာခဲ့သည်။

မြန်မာပြည်သူလူထုသည် စစ်အာဏာသိမ်းမှု ဆိုးကျိုးကြောင့် အဖက်ဖက်တွင် ယိုင်နဲ့နေသည့်အပြင် အဆိုပါ ငလျင်ကြီးဒဏ်ကြောင့် အထိုက်အလျောက် အဆင်ပြေစွာ လည်ပတ်နေသော လူ့အဖွဲ့အစည်းမှာလည်း အိုးအိမ်၊ လုပ်ငန်းကိုင်ငန်းများ ပိုမိုပျက်စီးကာ တိုင်းပြည်မှာ အလုံးစုံပျက်သုဉ်းရေးသို့ တစ်စတစ်စ ပိုမိုနီးကပ်လာခဲ့သည်။

ထိုသို့သော အခြေအနေမျိုးတွင် မင်းအောင်လှိုင်ဦးဆောင်သော စစ်ကောင်စီသည် ၎င်းတို့စိတ်ကြိုက် ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ သို့မဟုတ် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ အစောပိုင်းတွင်  ပြုလုပ်မည်ဟု ထိုင်းနိုင်ငံတွင်ကျင်းပသော BIMSTEC အစည်းအဝေးတွင် ထပ်မံအတည်ပြုခဲ့သည်။

စစ်ကောင်စီ၏ လူလုပ် စစ်ဘေး၊ သဘာဝဘေး ငလျင်ဒဏ်ကြားတွင်  ပြည်သူလူထုမှာ တစ်နေ့ထက်တစ်နေ့ ပိုမိုအထိနာလျက်ရှိနေသည်။ ထိုမျှသာမက စစ်တပ်၏ ရွေးကောက်ပွဲသည် ဒေသတွင်း တရုတ်၊ ရှရှား၊ အိန္ဒိယနှင့် အာဆီယံ နိုင်ငံများ ၏ ထောက်ခံမှုဖြင့်သာ နိုင်ငံရေးအရ တရားဝင်မှုရခဲ့ပါက မြန်မာနိုင်ငံအနာဂတ်သည် နောင် နှစ်ပေါင်း ၃၀ ဝန်းကျင် စစ်တပ်နှင့်စစ်တပ်လိုလားသော နိုင်ငံရေးအစုအဖွဲ့များ၏ အုပ်ချုပ်မှုကြား မလွဲမသွေ ဝပ်တွားရဖွယ်ရှိသည်။ ဒီမိုကရေစီရေးမှာလည်း စစ်တပ်မကြိုက်သည့် နိုင်ငံရေးအခင်းအကျင်းမျိုးတွင် အာဏာသိမ်းခံရမည့် လမ်းကြောင်း သံသရာလည်မည် ဖြစ်သည်။

ထိုအခက်အခဲများကို မည်သို့ကျော်လွှားမည်နည်း

လက်ရှိကာလဖြစ်ပေါ်နေသော နိုင်ငံအခြေအနေအရ စစ်အာဏာသိမ်းမှုကို မြန်မြန်ဆန်ဆန် အဆုံးသတ်ရန်မှာ နည်းလမ်း ၂ မျိုးသာရှိသည်။

ပထမအချက်မှာ ပြည်တွင်းအင်အားသည် ပြည်တွင်းသာရှိသည်ဟူသော နိုင်ငံရေးမူကို ကိုင်စွဲကာ တော်လှန်ရေးတပ်ဖွဲ့များအားလုံး စစ်ကောင်စီ ရွေးကောက်ပွဲမဖြစ်မြောက်စေရန် နိုင်ငံရေးအရ အတူတကွ  ဟန့်တားရမည်ဖြစ်သည်။

ထို့အပြင် သက်ဆိုင်ရာ တော်လှန်ရေးအဖွဲ့အစည်းများအားလုံးသည် တော်လှန်ရေးစီးပွား၊ ကိုယ်ကျိုးစီးပွားများကို ဘေးချပြီး ပြည်သူလူထုမျက်နှာကြည့်ကာ စစ်တပ်ဌာနချုပ်များရှိရာ မြို့များကို အချိန်မဆွဲ လာမည့်နှစ်နှစ်အတွင်း အတူတကွ သိမ်းပိုက်နိုင်ရမည်။ သို့မှသာ လက်ရှိအခက်အခဲ  မြန်မြန်အဖြေပေါ်မည်ဖြစ်ပြီး ခေတ်အဆက်ဆက် ကင်းလွတ်ခွင့်ရနေသော စစ်ကောင်စီတပ်၏ လူ့အခွင့်အရေးချိုးဖောက်မှု၊ စစ်ရာဇဝတ်မှု၊ လူမျိုးသုဉ်းသတ်ဖြတ်မှုများကို တာဝန်ယူ တာဝန်ခံကာ ခုံရုံးတင်စစ်ဆေး အပြစ်ပေးနိုင်မည်ဖြစ်သည်။

သို့မှသာ ပြည်သူလူထုလည်း ထိခိုက်ဆုံးရှုံးမှု လျော့နည်းကာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အလျင်အမြန် ဆောင်ရွက်နိုင်မည်ဖြစ်သည်။

ဒုတိယအချက်မှာ ကမ္ဘာ့ကုလသမဂ္ဂ ပါဝင်လာရေး ဖြစ်သည်။

အုပ်ချုပ်ရေး ယန္တရားရှိသည့် နေပြည်တော်သည် ငလျင်ဒဏ်ကြောင့် အစိုးရရုံး အများအပြား ပျက်စီးနေသည်၊  တိုင်းပြည်တပြည်လုံး လွမ်းမိုးနိုင်စွမ်းမရှိသလို အုပ်ချုပ်နိုင်စွမ်းလည်း လျော့နည်းနေသည်မှာ လက်တွေ့ပင်ဖြစ်သည်။ ထိုပြင် မအောင်မြင်သော စစ်အာဏာသိမ်းမှုကို ကျော်လွားနိုင်ရန် ယင်းတို့ ခေတ်အဆက်ဆက်ပြုလုပ်ခဲ့သော ရွေးကောက်ပွဲနည်းလမ်းဖြင့် နိုင်ငံရေးထွက်ပေါက်ယူရန် ပြင်ဆင်နေပြီဖြစ်သည်။

ထိုကြောင့် ပြည်တွင်းနိုင်ငံရေး အင်အားစုအနေဖြင့် လက်ရှိ နိုင်ငံရေးအကြပ်အတည်းကို ဖြေရှင်းရန် အဖွဲ့အစည်းများအကြား ဘုံသဘောတူညီချက်မရသည်ဖြစ်ပါစေ၊ ဖြေရှင်းရန် အရင်းအမြစ် အကန့်အသတ် စသည့် political deadlock ဖြစ်နေပါက  စစ်အာဏာသိမ်းမှု အရေးနှင့်သဘာဝဘေးဒဏ်ကြောင့် ပိုမိုကျပ်တည်းလာသော မြန်မာနိုင်ငံကို လက်ရှိ သဘာဝဘေး ငလျင်ကြီး အန္တရာယ်ကျရောက်မှုနှင့် စစ်ကောင်စီတပ်၏ လူသားမျိုးနွယ်အပေါ်ကျူးလွန်သော  စစ်ရာဇဝတ်မှု၊ လူမျိုးသုဉ်းသတ်ဖြတ်မှု၊ လူအခွင့်အရေးချိုးဖောက်မှုတို့အပေါ် လူသားချင်းစာနာထောက်ထားမှု၊ ငြိမ်းချမ်းရေးနှင့် ပြန်လည်တည်ဆောက်ရေး ခေါင်းစဉ်တို့ကို အခြေခံကာ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက ဝင်ရောက်ဖြေရှင်းပေးသည့် နည်းလမ်းအသစ်ကို ရွေးချယ်နိုင်သည်။

UN Intervention အကြောင်း

ကုလသမဂ္ဂ ဝင်ရောက်ဖြေရှင်းမှု ခေါ်  UN Intervention သည် အရှေ့တောင်အာရှနိုင်ငံများနှင့် အစိမ်းသက်သက်မဟုတ်ချေ။ ၁၉၉၁ ခုနှစ် ကမ္ဘောဒီးယားတွင် ကုလသမဂ္ဂ​၏ UN Chapter VI (Pacific Settlement of Disputes) အရ “Post-conflict Peacebuilding and State-building mission” အစီအစဉ်ဖြင့် the UN Transitional Authority (UNTAC) အစိုးရဖွဲ့ကာ ခမာနီကွန်မြူနစ်လူမျိုးသုဥ်းသတ်ဖြတ်မှု၊ ပြည်တွင်းစစ်တို့ကို ရပ်စဲစေခဲ့သည်။

ထိုအပြင် တိုင်းပြည်ပြန်လည်တည်ဆောက်ရေး လုပ်ငန်းပိုင်းများတွင် the 1991 Paris Peace Agreements အရ ကုလသမဂ္ဂသည် မြောက်မြားစွာသော ငွေအား၊ လူအားအရင်းအနှီးများစိုက်ထုတ်ကာ ရွေးကောက်ပွဲ ဦးဆောင်ကျင်းပပေးခဲ့ပြီး ကမ္ဘောဒီယားနိုင်ငံကို အတိုင်းအတာတစ်ခုအထိ တည်ငြိမ်အေးချမ်းမှု လမ်းပေါ်သို့ ပြန်လည်ပို့ဆောင်ပေးနိုင်ခဲ့သည်။

လက်နက်ကိုင် ကွာခြားချက်အဖြစ် ကမ္ဘောဒီးယားတွင် အဓိကလက်နက်ကိုင်အင်အားစုအဖြစ် the Cambodia People’s Armed Forces အပါဝင် လက်နက်ကိုင် ၄ ဖွဲ့သာရှိသည်။ ထိုအထဲတွင် the Party of Democratic Kampuchea (Khmer Rouge) အဖွဲ့သည် ကုလသမဂ္ဂ၏ လက်နက်ဖျက်သိမ်းရေးအစီအစဉ်တွင် ပူးပေါင်းရန်ငြင်းဆန်မှုရှိခဲ့သည်။ သို့သော်နောက်ပိုင်းတွင် ထိုအဖွဲ့သည် ပြည်သူလူထု ထောက်ခံမှုလျော့ကျကာ တဖြည်းဖြည်းပျောက်ကွယ်သွားခဲ့သည်။

ထို့ကာလ ကမ္ဘောဒီယားအခြေအနေသည် လူ ၂ သန်းနီးပါး သေဆုံးခဲ့ရသည့် ခမာနီလူမျိုးသုဉ်းသတ်ဖြတ်မှု၊ ပြည်တွင်းစစ်ရှည်ကြာမှု၊ နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် ဒေသတွင်းနိုင်ငံများတည်ငြိမ်ရေးကို   အနှောက်အယှက်ဖြစ်လာနိုင်သောကြောင့် UN Intervention ဝင်ခဲ့ရသည်။

အရှေ့တီမော East Timor နိုင်ငံအနေဖြင့်လည်း Commission for Reception, Truth and Reconciliation in East Timor Report အရ အင်ဒိုနီးရှားစစ်တပ်နှင့်လက်နက်ကိုင်ပဋိပက္ခ အတွင်း လူပေါင်း ၁၀၂,၈၀၀ ကျော် သေဆုံးခဲ့ရသည်။ ထိုအထဲတွင် ဖျားနာခြင်း၊ ငတ်မွတ်ခြင်းတို့ကြောင့်သေဆုံးမှုများလည်း ပါဝင်သည်။

ထိုအပြင် အင်ဒိုနီးရှားစစ်တပ်၏ ဖိနှိပ်မှုများနှင့် ကန့်သတ်မှုများသည် အခြေခံအဆောက်အအုံများနှင့် ဝန်ဆောင်မှုကဏ္ဍကို နှောင့်နှေးစေခဲ့ကာ ရလဒ်အနေဖြင့် အရှေ့တီမောဒေသ၏ လူနေမှုအဆင့်အတန်းကို နိမ့်ကျစေခဲ့သည်။

အင်ဒိုနီးရှားစစ်တပ်နှင့် အရှေ့တီမောလက်နက်ကိုင် တပ်ဖွဲ့တို့၏ ပဋိပက္ခကြား ၁၉၉၁ ခုနှစ် ဒီလီ လူသတ်ပွဲသည် အရှေ့တီမော၏လွတ်လပ်ရေးအတွက် အချိုးအကွေ့တစ်ရပ်ဖြစ်လာခဲ့သည်။

အင်ဒိုနီးရှားနှင့် ပေါ်တူဂီတို့အကြား ကုလသမဂ္ဂ၏ စေ့စပ်မှုအရ ၁၉၉၉ ခုနှစ် ဩဂုတ်လတွင် အရှေ့တီမောကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပိုရစေမည့် ဆန္ဒခံယူပွဲ ပေါ်ပေါက်လာသည်။  ဆန္ဒခံယူပွဲ ရလဒ်အရ အရှေ့တီမောကို အင်ဒိုနီးရှားက လွတ်လပ်ရေးပေးရမည့် အခြေအနေ ဖြစ်လာခဲ့သည်။ ထိုနောက် နိုင်ငံရေးပဋိပက္ခတို့ ထုံးစံအတိုင်း ဆန္ဒခံယူပွဲပြီးနောက် လများမကြာမီတွင် အကြမ်းဖက်မှုများ ဖြစ်ပေါ်လာရာ လူပေါင်း ၂၀၀၀ ကျော် သေဆုံးခဲ့ရသည်။

ထိုကြောင့် အဆိုပါ ပဋိပက္ခများကို ထိန်းသိမ်းနိုင်ရေး၊ တိုင်းပြည်ပြန်လည်ထူထောင်ရေးအတွက် ဩစတြေးလျ နိုင်ငံ​၏ အဆိုပြုမှုဖြင့် ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်များ ဝင်ရောက်ရတော့သည်၊ ၁၉၉၉ ခုနှစ် အောက်တိုဘာ ၂၅ရက်နေ့မှစ၍ အရှေ့တီမောဒေသကို International Force for East Timor (INTERFET) အမည်ဖြင့် ကုလသမဂ္ဂက စတင်အုပ်ချုပ်ခဲ့သည်။

မြန်မာ့အရေး နှင့် UN Intervention သက်ဆိုင်မှု

နိုင်ငံတကာသံခင်းတမန်ခင်း အပိုင်းတွင် မြန်မာ့အရေးကို ဒေသတွင်းပြဿနာအဖြစ်သာ ရှုမြင်ကာ အာဆီယံအဖွဲ့ကို လက်လွဲထားသည်၊  အာဆီယံဘုံသဘောတူညီချက် (၅) ချက်ကိုသာ အကောင်အထည်ဖော်၍ ဖြေရှင်းရန် တိုက်တွန်းထားသည်။

မင်းအောင်လှိုင် ကိုယ်တိုင် လက်ခံထားသော အာဆီယံသဘောတူညီချက်သည် လက်တွေ့မြန်မာပြည်သူလူထု ဆန္ဒနှင့် ကိုက်ညီမှုမရှိပေ။ စစ်ကောင်စီအနေဖြင့်လည်း လက်ရှိ ၄ နှစ်ကျော်အထိ ထိသဘောတူညီချက်ကို အကောင်အထည်မဖော်သည့်အပြင် လူအခွင့်အရေးချိုးဖောက်မှုများကိုသာ ဆက်တိုက်ကျူးလွန်လျက်ရှိသည်။

ထို့ကြောင့် အာဆီယံသဘောတူညီချက် အကောင်ထည်ဖော်ရန် အာဆီယံဥက္ကဋ္ဌ မည်မျှပြောင်းပြောင်း ဖြစ်မလာသောကြောင့် လက်တွေ့တွင် သွေးဆာ၍ အသားစားချင်သော ကျား(မြန်မာစစ်တပ်)ကို ယဉ်ကျေးသည့် စကားဝိုင်းထဲသို့ခေါ်ကာ လက်ဖက်ရည်တိုက်နေသကဲ့သို့ ခုတ်ရာတခြား ရှရာတခြားဖြစ်နေသည်။

ထို့ကြောင့် ၂၀၂၅ ခုနှစ်အတွင်း အာဆီယံအပါအဝင် ကမ္ဘာခေါင်းဆောင်များသည် မြန်မာ့အရေးကို ဒေသအတွင်းပြဿနာထက် ကျော်လွန်၍ကြည့်မြင်ကာ ထိရောက်သောအခြားနည်းလမ်းတစ်ခုဖြင့် အစားထိုးပုံဖော်ရန် အချိန်သင့်ပြီဖြစ်သည်။

နှိုင်းယဉ်မှုအဖြစ် မြန်မာနိုင်ငံသည် ရိုဟင်ဂျာလူမျိုးသုဉ်း သတ်ဖြတ်မှု၊ လွတ်လပ်ရေးနှင့်အတူပူးတွဲပါလာသော နှစ် ၇၀ ကျော်ပြည်တွင်းစစ် ပဋိပက္ခ အပြင် လက်ရှိနိုင်ငံရေး အနေအထား၊ သဘာဝဘေးအန္တရာယ်တို့ ရှိနေသည်။ တည်ငြိမ်အေးချမ်းမှု၊ လူ့အဖွဲ့အစည်းအတွင်း ပြန်လည်တည်ဆောက်ရေး လုပ်ငန်းစဉ်တို့ကို မဖြစ်မနေပြန်လည်တည်ဆောက်ရန် လိုအပ်လာသည်။

ကမ္ဘောဒီးယား၊ အရှေ့တီမောနိုင်ငံတို့နှင့် မတူသည့်အချက်မှာ မြန်မာနိုင်ငံတွင် အဓိက လက်နက်ကိုင်တပ်ဖွဲ့အရေအတွက်မှာ တပ်မတော်အပါအဝင် ၂၀ ကျော်ရှိပြီး အခြား ဒေသန္တရကာကွယ်ရေးအဖွဲ့များ၊ ပြည်သူ့စစ်များ စသည်ဖြင့် မြောက်များစွာရှိနေခြင်းဖြစ်သည်။

ထို့ကြောင့် မြန်မာ့အရေးတွင်   ပြည်တွင်းစစ်ပဋိပက္ခရှည်ကြာသောအနေအထားနှင့် လက်နက်ကိုင်တပ်ဖွဲ့များ၏ လွမ်းမိုးမှုကြီးမားသောကြောင့် မြန်မာစစ်တပ်အပါအဝင် လက်နက်ကိုင်တပ်ဖွဲ့များကို အထိုက်အလျောက် လက်နက်ဖြုတ်သ်ိမ်းရေး (DDR) process အပိုင်းတွင် ကိုင်တွယ်ဖြေရှင်းရေး ဆိုသည်မှာ အခြားနိုင်ငံများထက် များစွာ ခက်ခဲနိုင်သည်။

စစ်တပ်၏ အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာသော  နွေဦးတော်လှန်ရေးသည် ၄နှစ်ကျော် ကာလအတွင်း အင်တိုက်အားတိုက် အရှိန်အဟုန်ရနေပြီဖြစ်သည်။ တဖက်တွင်လည်း စစ်ဘေး၊ ငလျင်ဒဏ်ကြား ပျက်စီးဆုံးရှုံးမှုများစွာကြားထဲတွင် စစ်တပ်၏ လူမဆန်သည့် အရပ်သားအပေါ် လေကြောင်း ဗုံးကြဲမှုများမှာလည်း နေ့စဉ်ရက်ဆက်ရှိနေသည်။

စစ်ကောင်စီ၏ အုပ်ချုပ်ရေးမြို့တော် နေပြည်တော်သည် ၇၀ ရာခိုင်နှုန်း ပျက်စီးနေ၍ ပြည်လည်ထူထောင်ရေး မလုပ်နိုင်သေးသလို တတိုင်းပြည်လုံး အတိုင်းအတာအုပ်ချုပ်နိုင်စွမ်းလဲ ရှိမနေပေ။

ထို့သို့သော အခြေအနေများကြားတွင် စစ်ကောင်စီသည် ၂၀၂၆ တွင် ရွေးကောက်ပွဲပြုလုပ်၍ ယင်းတို့၏ စစ်ရာဇဝတ်မှုများ၊ ခေတ်အဆက်ဆက် လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျော်လွှားနိုင်ရန် နိုင်ငံရေးအရ ထွက်ပေါက်ဖော်ဆောင်မှုကို  စနစ်တကျ ဖော်ဆောင်နေကြောင်း  တွေ့ရသည်။

မြန်မာတော်လှန်ရေးအဖွဲ့များနှင့်ခေါင်းဆောင်များသည် လက်ရှိနိုင်ငံရေး အကျပ်အတည်းအရ ၂၀၂၆ ခုနှစ် စစ်တပ်၏ ရွေးကောက်ပွဲကို မဟန့်တားနိုင်လျှင်၊ စစ်ကောင်စီကို အပြီးတိုင် မဖြုတ်ချနိုင်လျှင်  မြန်မာ့ နိုင်ငံရေးလမ်းကြောင်းမှာ စစ်တပ်၏ ပေးထားချက်အရ ယခင်ကာလများအတိုင်း အာဏာသိမ်းမှုသံသရာ လည်နေမည်ဖြစ်ပြီး ပြည်သူများမှာလည်း ဆင်းရဲဒုက္ခ ယခုထက်ပို၍ ခံစားရမည်မှာ မလွဲမသွေဖြစ်သည်။

မြန်မာနိုင်ငံ ပြည်တွင်းရေးမတည်ငြိမ်ပါက ဒေသတွင်း နိုင်ငံများအပေါ်လည်း သက်ရောက်မှုရှိလာမည် ဖြစ်ပြီး စီးပွားရေး၊ ကုန်သွယ်မှုအပိုင်းတွင်ပါ အနုတ်လက္ခဏာဖြစ်လာဖွယ်ရှိသည်။

ထို့အပြင် စီးပွားရေးကျဆင်းမှုများ၊ ငွေကြေးဖောင်းပွမှု၊ နယ်စပ်ဒေသမှ မြန်မာပြည်သူများ၏ ဆင်းရဲဒုက္ခ၊ ကျားဖြန့်အရေး၊ ပေါ်တာဆွဲခံရမှု၊ ငွေဖြူငွေမည်း လောင်းကစားပြဿနာများ၊ အလုပ်သမားများ၏ လုပ်ခလစာ ခေါင်းပုံဖြတ်ခံရခြင်း၊ မြို့နေလူတန်းစားများပါ လူနေမှုအဆင့်အတန်း လျော့ကျလာခြင်း စသည့်အထွေအထွေ အကျပ်အတည်းများမှာ တစ်နေ့ထက်တစ်နေ့ ပိုမိုဆိုးရွားလာသည်မှာလည်း အရှိတရားတစ်ခုပင်ဖြစ်သည်။

ထို့ကြောင့် လေကြောင်းတိုက်ခိုက်မှု ပါဝင်သော  စစ်ဘေး၊ ငလျင်ဘေးတို့ကြောင့် လူပေါင်းများစွာ သေကြေပျက်စီးပြီး အဖက်ဖက်တွင် အနုတ်သဘောဆောင်နေရာ နိုင်ငံတကာ၏ စုပေါင်းဦးဆောင်မှုဖြင့် မြန်မာစစ်တပ်ကို ဖ်ိအားပေးကာ အရှေ့တောင်အာရှတွင် တတိယမြောက် UN Intervention ဖော်ဆောင်ကာ လက်ရှိမြန်မာနိုင်ငံအနေထားအတွက် ဝင်ရောက်ထိန်းသိမ်းပေးရန် အသင့်တော်ဆုံးဖြစ်သည်။

မြန်မာ့အရေး UN Intervention ဝင်မည်ဆိုပါကာ ကုလသမဂ္ဂလုံခြုံရေးကောင်စီကို ဖြတ်ရမည်ဖြစ်ကာ ဗီတိုအာဏာကိုင်ထားသော အဖွဲ့ဝင် ၅ နိုင်ငံတွင် ရှရှားနှင့်တရုတ် ၏ အခန်းကဏ္ဍမှာ များစွာအရေးပါသည်။ လက်တွေ့အားဖြင့် ရှရှားသည် ယူကရိန်းအရေးဖြင့် ရှုပ်ထွေးနေပြီး သမ္မတ ပူတင်ကိုယ်တိုင် ICC ဝရမ်းထုတ်ခံထားရသောကြောင့် မြန်မာ့အရေးတွင် တိုက်ရိုက်ပါဝင်နိုင်ရန် အလားအလာနည်းသည်။

ထို့ကြောင့် လတ်တတော လားရှိုးကိစ္စဖြင့် ကြားဝင်စောင့်ကြည့်နေသော တရုတ်နိုင်ငံသည် မြန်မာပြည်တည်ငြိမ်အေးချမ်းမှုကို လိုလားပါက လားရှိုးဖြစ်စဉ်ကဲ့သို့ တရုတ်၊ အမေရိကန်နှင့်အီးယူ အဓိကဦးဆောင်မှု၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ သဘောတူညီချက်ယူနိုင်ပါက ကုလသမဂ္ဂလုံခြုံရေးကောင်စီကို ကျော်လွှားနိုင်မည်ဖြစ်သည်။

မြန်မာ့နိုင်ငံရေးတွင် စစ်ကောင်စီကို ကျားကန်ပေးထားသော တရုတ်နိုင်ငံအနေဖြင့် နယ်စပ်အရေး၊ ငြိမ်းချမ်းရေး၊ မြန်မာပြည်သူလူထု၏ အမုန်းတရားကို ရှောင်ရှားနိုင်ရန်နှင့် ရှေရှည်အဆင်ပြေမှုကို ရွေးချယ်သင့်သည်၊    မြန်မာနိုင်ငံကို စစ်ကောင်စီ ကောင်းမွန်စွာ အုပ်ချုပ်နိုင်စွမ်းမရှိ ဟူသော အခြေအနေကို လက်ခံကာ တရုတ်မြန်မာ ရေရှည်ဆက်ဆံရေးအတွက် ပြန်လည်စဉ်းစားကာ အပြောင်းအလဲ လုပ်သင့်သည့်အချိန်ဖြစ်သည်။ စစ်ကောင်စီရွေးကောက်ပွဲ အထမြောက်၍ အုပ်ချုပ်ပါကလည်း    တော်လှန်ရေးတပ်ဖွဲ့များ အားကောင်းလာမှုကြောင့် နိုင်ငံ တည်ငြိမ်ရေးမှာ ဖြစ်နိုင်ဖွယ်မရှိချေ။

မြန်မာပြည်သူလူထု၏ ဆန္ဒနှင့်တောင်းဆိုချက်မှာ အနိမ့်ဆုံး စစ်တပ်သည် နိုင်ငံရေးမှထွက်ရန်၊  အမြင့်ဆုံး ယင်းတို့ ခေတ်အဆက်ဆက်ကျူးလွန်ထားသော စစ်ရာဇဝတ်မှုများကို တာဝန်ခံရန်ဖြစ်သည်။

ပြဿနာမှာ စစ်တပ်အနေဖြင့် လက်ခံနိုင်ရန် ခဲယဉ်းမည်ဖြစ်သည်။ သို့သော် လက်ရှိအနေထားအရ စစ်ကောင်စီမှာ အနှေးနှင့်အမြန် စစ်ရေးအရေးနိမ့်မည့်အခြေအနေရှိပြီး တိုင်းပြည်ကိုလည်း မြို့ကြီးများမှ အပ အုပ်ချုပ်နိုင်စွမ်းအား လျော့ကျနေပြီဖြစ်သည်ကို သေချာ လေ့လာလျှင် တရုတ်အစိုးရ သဘောပေါက်မည် ဖြစ်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေဖြင့်လည်း တော်လှန်ရေးတပ်ဖွဲ့များ အားလုံးပါဝင်နိုင်သော ကြားဖြတ်အစိုးရတစ်ရပ် ဖွဲ့စည်းကာ ကုလသမဂ္ဂနှင့်ပူးပေါင်းပြီး အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်   ဖော်ဆောင်ရန် စဉ်းစားသင့်သည်။   မြန်မာပြည်သူအများစုကြုံတွေနေရသည့် ဒုက္ခများကို ခံစားနားလည်ကာ တိုင်းပြည် ယခုအခြေအနေထက် ပိုမို အထိအခိုက်နည်းစေမည့် UN Intervention နည်းလမ်းကို   တော်လှန်ရေး၏ ရွေးချယ်စရာနည်းလမ်းတစ်ခုအဖြစ် ရွေးချယ်ထားသင့်သည်ဟု မြင်သည်။

ထိုနည်းလမ်းသည် နိုင်ငံရေးပွဲစားများ​၏ တူသည့်အရာများတွဲလုပ်၊ မတူသည့်အရာများခွဲလုပ်ဟူသော ကျားသနားမှ နွားချမ်းသာရမည့် သဘောဆောင်သော စစ်တပ်အလိုကျ ရွေးကောက်ပွဲလမ်းကြောင်းထက်  ရေရှည်တည်ငြိမ်အကျိုးရှိမည်ဖြစ်သည်။ ထို့အပြင် သက်ဆိုင်ရာအဖွဲ့အစည်းများအားလုံးသည် စစ်တပ်​၏ ကန့်သတ်ချက်မပါဘဲ  မြန်မာ့နိုင်ငံရေးကို နိုင်ငံရေးနည်းလမ်း စစ်စစ်ဖြင့် စတင် အကောင်အထည်ဖော်နိုင်မည်ဖြစ်သည်။

UN Intervention ​၏ အားသာချက်

တရုတ်၊ အာဆီယံ၊ အီးယူတို့၏ အဓိကဦးဆောင်မှုဖြင့် UN Intervention ဖြစ်လာပါက ပထဆုံးအချက်အနေဖြင့်  နိုင်ငံရေးအဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ လွတ်လပ်သောမီဒီယာများ၏ အခန်းကဏ္ဍ စသည်ဖြင့် အသီးသီး ပြန်လည်ပေါ်ထွက်လာမည်ဖြစ်သည်။

ထိုအပြင် အထွေထွေကျပ်တည်းမှုကြောင့် အလုပ်အကိုင်ရှားပါးမှု၊ ငွေကြေးဖောင်းပွမှု၊ တရားဥပဒေစိုးမိုးမှု မရှိသည့် စသည်ပြဿနာများသည်လည်း အထိုက်အလျောက် ဖြေရှင်းရန် နည်းလမ်းပွင့်လာမည်ဖြစ်သည်။

ဒုတိယအချက်အနေဖြင့်  လတ်တလော ငလျင်ကြီးဒဏ်ကြောင့် ထိခိုက်မှုကို ကုလသမဂ္ဂအစီအစဉ်ဖြင့် အမြန်ဆုံး ပြန်လည်ထူထောင်ရေးလုပ်ငန်းလုပ်ကာ ကုလသမဂ္ဂနှင့်အသွင်ကူးပြောင်းရေးအစိုးရတို့၏ ဦးစီးမှုဖြင့် ရွေးကောက်ပွဲလမ်းကြောင်း ပြန်လည်ပေါ်ပေါက်လာမည်ဖြစ်သည်။ ထိုရွေးကောက်ပွဲသည် စစ်ကောင်စီပြုလုပ်ပေးမည့် ရွေးကောက်ပွဲထက် များစွာ တည်ငြိမ်၍ သမာသမတ်ကျမည်ဖြစ်သည်။

အဆုံးသတ်အားဖြင့် ရွေးကောက်ပွဲအရ ပေါ်လာသောအစိုးရအနေဖြင့် legitimacy အပြည့်ရကာ  အခြေခံဥပဒေအသစ်ရေးဆွဲပြီး ကုလသမဂ္ဂ ဦးဆောင်သော ပြန်လည်ထူထောင်ရေး အစီအစဉ် စတင်နိုင်မည် ဖြစ်သည်။    ကုလသမဂ္ဂ၏ ရန်ပုံငွေဖြင့် လူ့စွမ်းအား၊ အခြားကဏ္ဍများတွင် ထူထောင်ရေးများ ပြန်လည်လုပ်ဆောင်နိုင်မည်ဖြစ်သည်။

နိုဂုံးချုပ်

ထို့ကြောင့် UN Intervention သည် ဖြစ်နိုင်ချေနည်းသော်လည်း လက်ရှိအဖက်ဖက် အနုတ်လက္ခဏာဆောင်နေသော တိုင်းပြည်အခြေအနေတွင်  တရုတ်၊ အမေရိကန်၊ အီးယူ၊ အာဆီယံ နှင့် ကုလသမဂ္ဂတို့ ပူးပေါင်းလုပ်ဆောင်လျှင် ဖြစ်နိုင်ချေရှိသော နည်းလမ်းတစ်ခုဖြစ်သည်။ မြန်မာနိုင်ငံသည်လည်း အရှေ့တောင်အာရှတွင် တတိယမြောက် UN Intervention ဝင်မည့်နိုင်ငံ ဖြစ်လာမည်ဖြစ်သည်။

ပြည်ပဝင်ရောက်စွက်ဖက်မှု သဘောဆောင်မည်ဟု တွေးနိုင်သော်လည်း စစ်တပ်သဘောမတူသည့် ရွေးကောက်ပွဲ ရလဒ်ထွက်ပေါ်တိုင်း အာဏာသိမ်းသော နိုင်ငံရေး အလေ့အထကို ကျော်လွှားနိုင်ရန် နည်းလမ်းတစ်ခုအဖြစ် ပြည်တွင်းရှိ နိုင်ငံရေးအင်အားစုက ရှုမြင်နိုင်ရန်လိုအပ်သည်။ သို့မှသာ နိုင်ငံရေးတွင် စစ်တပ်​၏ဝင်ရောက်ချယ်လှယ်မှုဓလေ့ အမြစ်တွယ်နေပြီဖြစ်သော ပါကစ္စတန်၊ ထိုင်း နိုင်ငံကဲ့သို့သော အခြေအနေကိုလည်း ရေရှည်တွင် မဖြစ်အောင် ကာကွယ်နိုင်မည်ဖြစ်သည်။

ထိုနည်းလမ်းအရ အရှေ့တီမောသည် အထိုက်အလျောက် တည်ငြိမ်သောနိုင်ငံတစ်ခုအဖြစ် လျှောက်လှမ်းနေပြီး၊ ကမ္ဘောဒီယားသည်လည်း အာဏာရှင်တစ်ပိုင်းအစိုးရပုံစုံဖြစ်နေစေကာမူ ပြည်တွင်းရေးမှာ ၁၉၉၁ ကာလများထက် အထိုက်အလျောက် တည်ငြိမ်လျက်ရှိနေသည်။

မြန်မာနိုင်ငံအနေဖြင့်လည်း ထိုလမ်းကြောင်းလျှောက်နိုင်လျှင်  အလုံးစုံကောင်းမွန်သော နိုင်ငံမဖြစ်စေကာမူ လက်ရှိစစ်တပ်၏ အုပ်ချုပ်ရေး၊ ရွေးကောက်ပွဲ လမ်းကြောင်းထက် များစွာ အဆင်ပြေနိုင်မည့် နည်းလမ်းဖြစ်သည်။

ထို့ကြောင့်   နိုင်ငံတကာအဖွဲ့အစည်းများနှင့်ပြည်တွင်းနိုင်ငံရေးအဖွဲ့အစည်းများသည် UN Intervention ကို မြန်မာပြည်အရေးအတွက် အခြားနည်းလမ်းတစ်ခုအဖြစ် စဉ်းစားရှုမြင်နိုင်ရန် လိုအပ်သည်ဟု သုံးသပ်ရပါသည်။

စာကြွင်း ။   ။ ယခုဆောင်းပါးသည် လက်ရှိတော်လှန်ရေးကို အမြင်စောင်းစေရန်မဟုတ်ပေ။   ၁၉၈၈ ခုနှစ် နောက်ပိုင်း ပေါ်ပေါက်ခဲ့သော  political deadlock ခေါ် နိုင်ငံရေး ရှေ့မတိုး နောက်မဆုတ် အခြေအနေမျိုး မြန်မာနိုင်ငံတွင် ထပ်ဖြစ်ခဲ့ပါက ရွေးချယ်စရာ အခြားနည်းလမ်းတစ်ခုအကြောင်း စာရေးသူ​၏ အတွေးအမြင်အဖြစ် ဖော်ပြခြင်းဖြစ်ပါသည်။

(သစ်လွင်သည် နိုင်ငံရေးနှင့်လူမှုရေးသိပ္ပံ အထူးပြု လေ့လာနေသော တက္ကသိုလ်ကျောင်းသားတစ်ဦးဖြစ်သည်။)

Related Posts

“စစ်တပ်ကို ဘယ်လို အလဲထိုးမလဲ”
သုံးသပ်ချက်များ

“စစ်တပ်ကို ဘယ်လို အလဲထိုးမလဲ”

June 3, 2025

"စစ်တပ်ကို ဘယ်လို အလဲထိုးမလဲ"   အထွေထွေထိုးစစ်ကြီး...

သုံးသပ်ချက်များ

အပစ်မရပ်ကြသူများ

April 30, 2025

အပစ်မရပ်ကြသူများ ခုရက်ပိုင်း ပွဲသတင်းတွေ တော်တော်လေး စိတ်နေတယ်။...

ဧပြီ ၀၁၊ ၂၀၂၅။ (အင်္ဂါ)
သုံးသပ်ချက်များ

ဘယ်သူ့​ကြောင့်လဲ

April 19, 2025

မန္တလေးငလျင်ကြီးလှုပ်ပြီးသွားတဲ့အခါ နိုင်ငံတကာကအကူအညီပေးတဲ့အဖွဲ့တွေအလျှင်အမြန်ရောက်လာပြီး နည်းပညာအကူအညီနှင့် ဒေသခံတွေပူးပေါင်းပြီး ကယ်တင်ကြတဲ့အတွက်...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English