၁၀၂၇ စစ်ဆင်ရေးသည်တော်လှန်ရေးအင်အားစုများကြား ပေါင်းစုနိုင်ခြင်းကြောင့် အောင်မြင်ခဲ့ခြင်းဖြစ်ပြီး၊ ထိုပေါင်းစုမှုပြေလျော့သည်ကို အခွင့်ယူ၍ စစ်ကောင်စီက တန်ပြန်ထိုးစစ်ဆင်နွှဲနေပြီဖြစ်သည်။
“စုပေါင်းခေါင်းဆောင်မှု” သည် တော်လှန်ရေးကာလတစ်လျှောက်လုံး ကြိမ်ဖန်များစွာ ကြားသိ နေရသည့် အသုံးအနှုန်းတစ်ခု ဖြစ်သည်။ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အစိတ်အပိုင်း (၁) တွင် ထိုအသုံးအနှုန်းကို တော်လှန်ရေး၏ ခေါင်းဆောင်မှုနည်းနာအဖြစ် ဖော်ပြထားသည်ကို သတိပြုမိသည်။
သို့သော်နွေဦးတော်လှန်ရေး လေးနှစ်ကျော်လာချိန်တွင် တော်လှန်ရေးဦးဆောင်အဖွဲ့အစည်းများ ဖြစ်သော အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ (ERO)အဖွဲ့များသည် ခေါင်းဆောင်မှုစက်ဝန်းအတွင်း ပါဝင်နေသူများ၏ သဘောထားမကြီးမှု၊ အမြော်အမြင် နည်းမှုများကြောင့် ညီညွတ်မှု မတည်ဆောက်နိုင်သည့်ပြဿနာကို ပြည်သူများ မြင်တွေ့ နေရပြီး၊ ပြည်သူ့ဆန္ဒကို ဦးထိပ်ထားသော ညီညွတ်ရေးကိုရှာဖွေသင့်ပါသည်။
စင်စစ်စုပေါင်းခေါင်းဆောင်မှု၏ ဟန်ချက်ညီ စည်းလုံးညီညွတ် ထက်မြက်သော အကျိုးအာနိသင်ကို လွန်ခဲ့သော လေးနှစ်ကျော် တော်လှန်ရေးကာလအတွင်း ပြည်သူများ မြင်တွေ့ခဲ့ရပြီး လွန်စွာ အားတက်ခဲ့ကြ ရသည်။ ယင်းမှာ “၁၀၂၇ စစ်ဆင်ရေး” ပထမလှိုင်းနှင့် ဒုတိယလှိုင်း ကာလတစ်လျှောက် ညီနောင်မဟာမိတ် သုံးဖွဲ့နှင့် ၎င်းတို့၏ နယ်မြေအသီးသီးတွင် စစ်အာဏာရှင်စနစ် တော်လှန်ရေးအတွက် ရောက်ရှိလာခဲ့ကြသော PDF လူငယ် တော်လှန်ရေး တပ်ဖွဲ့အသီးသီးကို ဦးဆောင်၍ စစ်ရေးအရစုပေါင်းခေါင်းဆောင်မှု ပေးနိုင်ခဲ့ခြင်း ဖြစ်သည်။
သို့သော်၂၀၂၄ ခုနှစ် တစ်နှစ်လုံး “၁၀၂၇ စစ်ဆင်ရေး” ၏ သမိုင်းတွင် မကြုံဖူးသော အောင်မြင်မှုများ ရရှိခဲ့ပြီး နောက်၊ ၂၀၂၅ ခုနှစ်ထဲသို့ ဝင်ရောက်လာချိန်တွင်ထိုစုပေါင်းခေါင်းဆောင်မှုသည် သိသိသာသာ အားနည်း သွားခဲ့ပြီး၊ ရေရှည်တည်တံ့သောစုပေါင်းခေါင်းဆောင်မှုအဖြစ် ပေါ်ထွက်မလားခြင်းက သတိပြု ဆင်ခြင်စရာများ ဖြစ်လာသည်။
တော်လှန်ရေးအင်အားစုများနယ်မြေထိန်းချုပ်စိုးမိုးမှု ပိုမိုရရှိလာသည်နှင့်အမျှ သိမ်းပိုက် နယ်မြေများကို “ကိုယ်သိမ်းကိုယ်ယူ စနစ်”ကျင့်သုံးလာခြင်း၊ အရပ်ဘက်အုပ်ချုပ်ရေးကို စစ်တိုက်နေရသောလက်နက်ကိုင် တပ်ဖွဲ့များကဘဲ လက်ဝါးကြီးအုပ် တာဝန်ယူလာခြင်း စသည့် အခြေအနေများကိုတွေ့ရှိရသည်။

ထိုသို့ဖြစ်ရခြင်းမှာ တရုတ်ဖိအားအကြောင်းပြု၍ ထိုးစစ်များရပ်တန့်ခဲ့ခြင်း၊ တရုတ်၏ ကြားဝင်စေ့စပ်မှုဗျူဟာက စစ်ကောင်စီကို တန်ပြန်ထိုးစစ်အတွက် ပြင်ဆင်ချိန်ရရှိခဲ့ခြင်း၊ ကိုးကန့်တပ် MNDAA ၏ လားရှိုးမြို့ပေါ်ရပ်ကွက်များ ပြန်ပေးခဲ့ခြင်းမှ အစပြု၍ စစ်တပ်၏ နောင်ချိုမြို့ကို ပြန်သိမ်းသည့်တန်ပြန်ထိုးစစ်အတွင်း “၁၀၂၇ စစ်ဆင်ရေး” ၏ ပူးပေါင်း စစ်ဆင်မှုမျိုး MNDAA နှင့် TNLAအကြား ပျောက်ဆုံးသွားခြင်း၊ ထိုမှ နောင်ချိုကို လက်လွှတ်ဆုံးရှုံးလိုက်ရခြင်းကဲ့သို့ ဆင့်ကဲဖြစ်ရပ်များ ဖြစ်ပေါ်လာသည်။
အဘယ့်ကြောင့် ထိုသို့ဖြစ်ခဲ့ရသည်ကို လေးလေးနက်နက် ပြန်လည်ဆင်ခြင်သုံးသပ်ရန် ယခုအခါ အရေးတကြီး လိုအပ်လာပါသည်။ ထိုအချက်ကို လေ့လာသုံးသပ်ကြည့်ရာတွင် ညီနောင်မဟာမိတ် သုံးဖွဲ့သည်၎င်းတို့၏ စစ်ရေး ရည်မှန်းချက်အသီးသီး အောင်မြင်ရန်အတွက်သာစုပေါင်းခေါင်းဆောင်မှုကို အသုံးချခဲ့ပြီး၊ နိုင်ငံရေးအရ ရေရှည်ညီညွတ်သောစုပေါင်းခေါင်းဆောင်မှုအမျိုးအစား မတည်ဆောက်နိုင်ခဲ့ခြင်းကြောင့် ဖြစ်သည်။
ဤနေရာတွင် အာရက္ခတပ်တော် (AA) ၏ မဟာဗျူဟာက ကျန်ညီနောင်နှစ်ဖွဲ့နှင့် ကွဲပြားသည်ကို လေ့လာ တွေ့ရှိရသည်။ရခိုင်ပြည်နယ်တစ်ခုလုံးနီးပါး စစ်ရေးအောင်ပွဲများ ဆက်တိုက်ရရှိ နေသည့်တိုင်အောင်စစ်မနား ဘဲ ရခိုင်နှင့် နယ်စပ် ထိစပ်နေသော မကွေး၊ ပဲခူးနှင့်ဧရာဝတီတိုင်းများထဲအထိ သက်ဆိုင်ရာ ဒေသခံ PDFs အဖွဲ့များစွာကိုဦးဆောင်မှုပေးပြီး ထိုးစစ်ဆင်နေသည့် ဗျူဟာကို ပြည်သူများ တွေ့မြင်နေရသည်။
ရခိုင်ပြည်လွတ်မြောက်ရေးရည်မှန်းချက်သည် ကျန်ဒေသများ မလွတ်မြောက်ဘဲ အာမခံချက် မရှိဘူး ဆိုသည့် မဟာဗျူဟာအမြော်အမြင် ကို AA ခေါင်းဆောင်များက ပြတ်ပြတ်သားသား လက်ခံကျင့်သုံးနေသည်ကို ၎င်းတို့၏စစ်ရေးဗျူဟာက သက်သေခံလျက်ရှိသည်။

ထိုကဲ့သို့လက်နက်ကိုင်တော်လှန်ရေးအင်အားစုများအကြား “အတွင်းညီညွတ်ရေး” အားနည်းချက်များရှိနေချိန်၊ ထိုအားနည်းချက်များကို ရန်သူ စစ်ကောင်စီသည် ယခုအခါကောင်းစွာလေ့လာထားပြီး တန်ပြန်ထိုးစစ် ဗျူဟာကို စစ်ရေး၊ နိုင်ငံရေးနှင့် သံတမန်ရေးနယ်ပယ်စုံ တစ်ပြိုင်တည်း ပေါင်းစပ်ရေးဆွဲ ကျင့်သုံးနေပြီ ဖြစ်သည်။
စစ်ကောင်စီသည် တရုတ်နိုင်ငံ၏အကူအညီကို အချိန်ကိုက် ရယူနိုင်ခဲ့ခြင်းကြောင့်၊ “၁၀၂၇ စစ်ဆင်ရေး” ဦးဆောင်အဖွဲ့များအကြား နိုင်ငံရေးအရ စုပေါင်းခေါင်းဆောင်မှုမတည်ဆောက်ခဲ့ခြင်းကြောင့် ထိုအားနည်း ချက်အား တရုတ်ဖိအားကိုသုံး၍ဖြိုခွဲလာနိုင်ခြင်း၊ ထိုကာလ၌ စစ်တပ်တွင် လိုအပ်နေသော ဒရုန်းနည်းပညာ၊စွမ်းရည်နှင့် တန်ပြန် ဒရုန်းတိုက်ခိုက်ရေးတပ်ဖွဲ့များ တည်ဆောက်နိုင်ခဲ့ခြင်းစသည်တို့ကြောင့် ယခုအခါ ရရှိပြီးသော နယ်မြေများ ပြန်လည်ဆုံးရှုံးရသည့်အခြေအနေနှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်။ ထိုအရှိတရားကို လက်ခံ၍ မပေါ့ဆဘဲ အမြန်ဆုံးပြင်ဆင်သင့်ပါသည်။
မဟာဗျူဟာအမှား
သမိုင်းကိုဖြစ်ပြီးခဲ့သောအတိတ်ဟု အဓိပ္ပါယ်ဖွင့်မည်ဆိုလျှင် “၁၀၂၇ စစ်ဆင်ရေး” သည်ယခုအခါ သမိုင်း တစ်ခု ဖြစ်သွားပြီဖြစ်သည်။ ထိုသမိုင်းကိုပြန်လည်ဆင်ခြင်သုံးသပ်မည်ဆိုလျှင် “၁၀၂၇ စစ်ဆင်ရေး” ပထမ လှိုင်းတွင် ကိုးကန့်ဒေသ တစ်ခွင်လုံးကို သိမ်းပိုက်ထားပြီးဖြစ်သော ကိုးကန့်အဖွဲ့ (MNDAA) သည် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် (PLA)၊ ဗမာပြည်သူ့ လွတ်မြောက်ရေးတပ်တော် (BPLA) ၊ကရင်နီအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDF) စသည့် ထောင်နှင့်ချီသော နွေဦးတော်လှန်ရေးမှ ပေါက်ဖွားလာသည့် PDFs မဟာမိတ်တပ်ဖွဲ့များကို လေ့ကျင့်လက်နက်တပ်ဆင်ပေးပြီး၊ ၎င်းတို့၏ အင်အား၊ ရဲရင့်မှုနှင့် ပူးပေါင်းပါဝင်မှုဖြင့် လားရှိုးမြို့နှင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကိုသိမ်းပိုက်အောင်ပွဲခံခဲ့ကြသည်။
ထို့အတူတအန်းအဖွဲ့ (TNLA) သည်လည်း၎င်းတို့ကိုယ်တိုင် လေ့ကျင့်လက်နက်တပ်ဆင်ပေးထားသော မန္တလေး PDF နှင့် ဓနု PDF စသည့် PDF တော်လှန်ရေးအင်အားစုများ၏ပူးပေါင်းစစ်ဆင်ရေး ဆင်နွှဲမှုရလဒ် အဖြစ် “၁၀၂၇ စစ်ဆင်ရေး”ဒုတိယလှိုင်းကို အောင်မြင်စွာ စစ်ဆင်နိုင်ခဲ့ပြီး၊ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကျန်ရှိသော သီပေါ၊ ကျောက်မဲနှင့် နောင်ချိုမြို့များသာမက၊ မိုးကုတ်၊ မတ္တရာ၊ သပိတ်ကျင်း စသည့် မန္တလေးတိုင်းအတွင်းသို့ပါ ထိုးဖောက်ဝင်ရောက် သိမ်းပိုက်နိုင်ခဲ့သည်။
ဤအခြေအနေကိုနိုင်ငံတကာ စစ်ရေးလေ့လာသူ ပညာရှင်များကပင် “စစ်တပ်ပြိုလဲနေပြီ” ဟု သုံးသပ်လာကြပြီး၊ နိုင်ငံ၏ဒုတိယမြို့တော် မန္တလေးနှင့် စစ်တပ်၏အဓိကကျောရိုးဖြစ်သော အရာရှိစစ်သင်တန်းကျောင်းများ အခြေစိုက်ရာ ပြင်ဦးလွင်မြို့တို့ကို တော်လှန်ရေးအင်အားစုများ တိုက်ရိုက်ခြိမ်းခြောက်နိုင်သော အခွင့်အလမ်းကြီးပွင့်လာချိန် ဖြစ်သည်။
ထိုကဲ့သို့သောအခွင့်အလမ်းမျိုးကို ၁၉၅၀ ခုနှစ်များ အစောပိုင်း “ရန်ကုန်အစိုးရ” ဟုခေါ်ဆိုခဲ့ရသည့် ပြည်တွင်း စစ်ကာလအတွင်း ကရင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ တစ်ကြိမ် ရရှိခဲ့ဖူးပြီး၊ ယခုတစ်ကြိမ် ရရှိခဲ့သော အခွင့်အရေးသည် နှစ်ပေါင်း ၇၅ နှစ် အတွင်း ပထမဆုံး ဖြစ်သည်။

ထိုအခြေအနေတွင်မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့သည် ရေစီးကမ်းပြိုလိုက်နေသော စစ်တပ်ကို ဆက်လက်ထိုးစစ်ဆင်ခြင်း မပြုဘဲ ရပ်တန့်လိုက်ကြသည့် မဟာဗျူဟာအမှားကို ကျူးလွန်ခဲ့ကြသည်။တနည်းအားဖြင့် မျိုးဆက်သစ် တိုင်းရင်းသာ းလက်နက်ကိုင်ခေါင်းဆောင်များသည် ပြည်တွင်းစစ်သမိုင်းထဲမှ ၎င်းတို့၏ ဘိုးဘေးများ ကြုံတွေ့ခဲ့ကြသော သင်ခန်းစာကိုမယူနိုင်ခဲ့ကြခြင်းကို လေ့လာတွေ့ရှိရပါသည်။
ပြည်တွင်းစစ်သမိုင်းနှစ် ၇၀ ကျော်အတွင်း မကြုံစဖူး စစ်ရေးအောင်မြင်မှုများကို ညီနောင်မဟာမိတ် သုံးဖွဲ့ခေါင်းဆောင်များ အချိန်တိုအတွင်း ရရှိသွားခဲ့ကြခြင်းက အမှန်တကယ် ဘဝင်မြင့်စရာအောင်ပွဲပင် ဖြစ်သည်။ သို့သော်“၁၀၂၇ စစ်ဆင်ရေး” ဒုတိယလှိုင်း ထိုးစစ်ကိုရုတ်တရက် လျှော့ချလိုက်ကြခြင်းက ပြည်သူများကို အံ့ဩတကြီး ဖြစ်ခဲ့ရပြီး၊သိမ်းပိုက်နယ်မြေများတွင် အရပ်ဘက်အုပ်ချုပ်ရေးလုပ်ငန်းများအတွက် အချိန်ပေးလုပ်ဆောင် နေခဲ့ခြင်းသည် စစ်တပ်သည် တန်ပြန်ထိုးစစ်များ မလုပ်နိုင်တော့ပြီဟု သုံးသပ်ထားသည့် အလား ထင်မှတ်ရပေသည်။
ထိုမဟာဗျူဟာအမှားကြောင့်ရေစီးကမ်းပြိုဖြစ်နေသော စစ်တပ်သည် ၎င်းတို့၏ တပ်ဖွဲ့များကို ပြန်လည်စုဖွဲ့ပြင်ဆင်ရန် အချိန်ရရှိသွားခဲ့သည်။ တစ်ဖက်တွင် သိမ်းပိုက်ထားသော မြို့များတွင်အရပ်ဘက်အုပ်ချုပ်ရေးကို ဦးစားပေးခဲ့ကြခြင်းကြောင့် တပ်ဖွဲ့ဝင်များသွေးအေးသွားခြင်း၊ အရပ်ဘက်အုပ်ချုပ်ရေးနှင့် လုံခြုံရေးအတွက် တိုက်ခိုက်ရေးတပ်ဖွဲ့ဝင် အင်အားများကို ထုတ်နုတ်သုံးစွဲလာရခြင်း၊ စစ်ပွဲပြီးသွားသည့်အလား သိမ်းပိုက်နယ် မြေများတွင် စီးပွားရေးအခွင့်အလမ်းများအပေါ် အာရုံရောက် လုပ်ကိုင်လာကြခြင်း၊ လူမျိုးမတူ ဒေသခံပြည်သူ များနှင့် အဆင်မပြေသည့်သတင်းများ ဆက်တိုက်ထွက်ပေါ်လာခြင်း စသည့် မဟာဗျူဟာ အားနည်းချက်များ ကိုကျူးလွန်ခဲ့ကြသည်။
စစ်တပ်ပြိုလဲမှုကိုအချိန်မီ ဝင်ရောက်ကူညီခဲ့သူမှာ တရုတ်နိုင်ငံ ဖြစ်သည်။ ညီနောင်မဟာမိတ် သုံးဖွဲ့သည် “၁၀၂၇ စစ်ဆင်ရေး” တွင် စစ်ရေးမဟာဗျူဟာညီညွတ်မှုကို ပြသနိုင်ခဲ့သလောက်၊ တရုတ်ဖိအားကိုရင်ဆိုင်ရသည့်အခါ ၎င်းတို့အဖွဲ့များ၏ မတူညီသော အကျိုးစီးပွားကို ရှေ့တန်းတင်ဖြေရှင်းခဲ့ကြသည်။ ယင်းအခြေအနေကို ကိုးကန့်အဖွဲ့၏ လုပ်ဆောင်ချက်များတွင် အထင်အရှားတွေ့မြင်လာရသည်။
ညီနောင်မဟာမိတ်သုံးဖွဲ့၏ မကြာခဏ ပူးတွဲထုတ်ပြန်လေ့ရှိသော ကြေညာချက်များသည် အစောပိုင်းကာလ တွင်အပြောနှင့်လက်တွေ့ ထပ်တူကျခဲ့သော်လည်း၊ နောက်ပိုင်း စာရွက်ပေါ်က ညီညွတ်ရေးအဖြစ်တဖြည်းဖြည်း ပြောင်းလဲလာခဲ့ပြီး၊ တရုတ်ဖိအားကို သုံးဖွဲ့ပေါင်း ရင်ဆိုင်ခြင်းမရှိတော့သည့် အဖြစ်ကို အထင်အရှား တွေ့မြင်လာရသည်။
တရုတ်အစိုးရ၏ တစ်ဖွဲ့ချင်းစီခွဲထုတ်ဖိအားပေးသည့် ဗျူဟာသည် မင်းအောင်လှိုင် စစ်တပ်၏ တန်ပြန်ထိုးစစ်အတွက်ပြင်ဆင်ရန် အချိန်ဆွဲပေးသကဲ့သို့ ဖြစ်သွားကြောင်း “နောင်ချိုကျဆုံးခြင်း” မှသင်ခန်းစာယူနိုင်ပါသည်။ သို့သော် အလွန် နောက်ကျသွားပြီဖြစ်သော သင်ခန်းစာပင် ဖြစ်သည်။

မင်းအောင်လှိုင်၏ တန်ပြန်ထိုးစစ် လာနေပြီ
ယခုအခါမင်းအောင်လှိုင်၏ တန်ပြန်ထိုးစစ် လာနေပြီ ဖြစ်သည်။ မင်းအောင်လှိုင်သည် ရုရှားနှင့် တရုတ်ခေါင်းဆောင်များရှေ့မှောက် ဒူးထောက်အကူအညီတောင်းခဲ့သော အကျိုးကျေးဇူးများကိုစတင်ရရှိနေပြီ ဖြစ် သည်။
“၁၀၂၇ စစ်ဆင်ရေး” တွင် စစ်တပ် အဓိက အထိနာ ကျဆုံးခဲ့ရသော ဒရုန်းစစ်ဆင်ရေး စွမ်းရည်ကို ရုရှားနှင့် တရုတ်နည်းပညာအကူအညီများဖြင့် အချိန်တိုအတွင်း တည်ဆောက်မြှင့်တင်မှုများ လုပ်ဆောင်နိုင်ခဲ့ ပြီးတန်ပြန်အသာစီးရယူနိုင်ခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် လွန်ခဲ့သောတစ်နှစ်ကတော်လှန်ရေးအင်အားစုများ၏ အားသာချက်သည် ယခုအခါ စစ်တပ်၏ အားသာချက်အဖြစ်ပြောင်းလဲသွားခြင်းက တော်လှန်ရေးအပေါ် အန္တရာယ်ကြီး ဖြစ်လာနေပြီ ဖြစ်သည်။
မင်းအောင်လှိုင်၏တန်ပြန်ထိုးစစ်သည် ရှမ်းပြည်နယ်တောင်ပိုင်းမှ ကရင်နီပြည်နယ်ဝင်ပေါက် “မိုးဗြဲထိုးစစ်” ၊ ရှမ်းမြောက် ဝင်ပေါက် “နောင်ချိုထိုးစစ်” ၊ ကချင်ပြည်နယ်၏ ရတနာသိုက်ရှိရာ “ဖားကန့်ထိုးစစ်”၊ မန္တလေးနှင့် စစ်ကိုင်းတိုင်းနယ်စစ် “သပိတ်ကျင်းထိုးစစ်”စသဖြင့် စစ်အင်အားအလုံးအရင်းဖြင့် မေလ ကတည်းက စတင်ခဲ့ရာ၊ ယခုအခါတော်လှန်ရေးအင်အားစုများ တစ်နှစ်ကျော် သိမ်းပိုက်ထိန်းချုပ်ထားသော မိုးဗြဲ၊နောင်ချိုနှင့် သပိတ်ကျင်းမြို့များကို စစ်ကောင်စီတပ်များပြန်လည်ထိန်းချုပ်လိုက်ပြီ ဖြစ်သည်။ စင်စစ် စစ်တပ်၏ တန်ပြန် ထိုးစစ်လှိုင်းများကိုတော်လှန်ရေးတပ်များ ရင်ဆိုင်ရမည်မှာ ကြိုတင်မျှော်မှန်းနိုင်သော အချက်ဖြစ်သည်။
၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့မှ စတင်ခဲ့သော “၁၀၂၇ စစ်ဆင်ရေး” နှင့် တော်လှန်ရေး အင်အားစု များ၏ စစ်ရေးအားသားမှုသည် ပြောင်းလဲလာပြီး၊ ယခုအခါစစ်ရှုံးခြင်းကို စတင်ရင်ဆိုင်လာရခြင်း ဖြစ်သည်။ စစ်ကောင်စီသည် ၂၀၂၄ ခုနှစ် တစ်နှစ်လုံး စစ်ရှုံးခဲ့သော်လည်း၊ တစ်ဖက်တွင် စစ်သားစုဆောင်းရေးကိုပြင်းပြင်းထန်ထန် ပြုလုပ်နေခဲ့ပြီး၊ ယခုအခါ စစ်သည်အင်အား အလုံးအရင်း၊ အဆင့်မြင့်ဒရုန်းနည်းပညာ များတပ်ဆင်ထားသော ဒရုန်းတပ်ဖွဲ့များဖြင့် ဝေဟင်စိုးမိုးမှု ပြန်လည်ရယူနိုင်ပြီး၊ လက်နက်ကြီး ပစ်အားနှင့် မြေပြင်ထိုးစစ် ဟန်ချက်ညီပေါင်းစပ် ထိုးစစ်ဆင်လာနိုင်သည်။

သွားရောက်လေ့လာနေပုံ
ကိုးကန့်သည်တရုတ်ဖိအားကို ရင်ဆိုင်ခုခံခြင်းမပြုဘဲ၊ လားရှိုးကို ပြန်လည်ပေးအပ်ခဲ့ခြင်းကရှမ်းမြောက် အောင်ပွဲများ၏ အဆုံးသတ်နိဂုံးလား မေးခွန်းထုတ်စရာ ဖြစ်လာခဲ့သည်။ထို့အပြင် ကိုးကန့်၏ မဟာဗျူဟာ အမှားမှာ တရုတ်အလိုကျ NUG နှင့် PDFs များကို ရှမ်းမြောက်ဒေသတွင် ရပ်တည်လှုပ်ရှားခွင့်ကို ကန့်သတ်ခဲ့ခြင်းကြောင့်၊ ယခုအခါ PLA ၊ BPLA ၊ KNDFတပ်ဖွဲ့များသည် “၁၀၂၇ စစ်ဆင်ရေး” တွင် ပူးပေါင်းပါဝင်ခဲ့ သော အခြေအနေမျိုး ရှမ်းမြောက်ဒေသတွင် ရှိမနေတော့ပေ။
ယင်းအခြေအနေကို အချိန်ကိုက် အခွင့်ကောင်းယူပြီး၊ တရုတ်က စနစ်တကျ ဖန်တီးပေးခဲ့သော မဟာဗျူဟာ အခွင့်သာမှုနှင့် စနစ်တကျပေါင်းစပ်ကာ မင်းအောင်လှိုင်သည် တန်ပြန်ထိုးစစ်ဆင်နွှဲလာခြင်း ဖြစ်သည်။ အကယ်၍သာ“၁၀၂၇ စစ်ဆင်ရေး” အင်အားအတိုင်း စစ်ကောင်စီ၏ နောင်ချိုထိုးစစ်ကို TNLA နှင့် DPLA တို့သာမက MNDAA ကပါ ကူညီခုခံမည်ဆိုလျှင် ယနေ့ နောင်ချိုကျဆုံးမှုကိုမြင်တွေ့ရမည် မဟုတ်ပါ။
ထိုအချိန်ကာလအတွင်း တော်လှန်ရေးအင်အားစုများထဲတွင် အာရက္ခတပ်တော် (AA) တစ်ဖွဲ့တည်းသာ ထိုးစစ် ရပ်တန့်ခြင်းမရှိဘဲ၊ရခိုင်ပြည်နယ်နှင့် နယ်စပ်ထိနေသော မကွေး၊ ပဲခူးနှင့် ဧရာဝတီတိုင်းထဲအထိထိုးစစ်များ ဆက်တိုက်လုပ်ဆောင်နေခဲ့သည်။ ထို့အပြင် ရခိုင်ပြည်နယ်အတွင်း လက်ကျန်မြို့များဖြစ်သော ကျောက်ဖြူနှင့် စစ်တွေမြို့ကြီးများကို AA တပ်ဖွဲ့များ စစ်ရေးဖိအား ဆက်တိုက်ပေးနိုင်နေသည်ကို တွေ့ရှိရသည်။
မြန်မာပြည်ထဲကတရုတ်တို့၏ မဟာဗျူဟာအကျဆုံး အကျိုးစီးပွားများ တည်ရှိနေသော ကျောက်ဖြူမြို့ကို AA ခေါင်းဆောင်များမကြာသေးခင်က ထိုးစစ်အရှိန်မြှင့်တင်လာခြင်းကို သုံးသပ်ကြည့်လျှင်၊ AA ၏ တရုတ် ဖိအားကို တန်ပြန်စိန်ခေါ်မှုအား ထင်ထင်ရှားရှား တွေ့မြင်ခဲ့ရသည်။ယင်းသည် ရခိုင်ပြည်နယ်တစ်ခုလုံးကို သိမ်းပိုက် ထိန်းချုပ်မည်ဆိုသည့် AA ၏ ရည်မှန်းချက်ကို အပေးအယူ မလုပ်ဖူးဆိုသည့် သတင်းစကားပင် ဖြစ်သည်။
ဤနေရာတွင် AA နှင့် MNDAA/TNLAအကြား ခေါင်းဆောင်မှု မဟာဗျူဟာအမြင် ကွာခြားချက်ကို သတိပြုရန်လိုအပ်သည်။ AA ခေါင်းဆောင်များသည် စစ်ရေးနှင့်နိုင်ငံရေးခေါင်းဆောင်မှု ပြတ်သားသည်။ AA ခေါင်းဆောင်ထွန်းမြတ်နိုင်သည် တိုင်းရင်းသား တော်လှန်ရေး ခေါင်းဆောင်များထဲတွင် လူများစုဗမာလူထု၏ စစ်အာဏာရှင် ဆန့်ကျင်ရေးတွင် အဓိကအရေးပါသော အင်အားစုအဖြစ် အသိအမှတ်ပြု တန်ဖိုးထား ထုတ်ဖော်ပြောဆိုခဲ့သော တိုင်းရင်းသားခေါင်းဆောင်တစ်ဦး ဖြစ်သည်။
MNDAA ကို NUG နှင့် PDF များအားစစ်ရေးအကူအညီမပေးရန် တရုတ်၏ နောက်ကျောမှ သွေးခွဲဗျူဟာနှင့် ပေါင်းစပ်ထားသောမင်အောင်လှိုင်၏ တန်ပြန်ထိုးစစ်သည် လားရှိုးမြို့ကို ကျည်တစ်တောင့် မဖောက်ရဘဲပြန်လည်ရယူခြင်းမှ အစပြုသည်ဟု ဆိုရမည်။ ယခုအခါ နောင်ချိုကျဆုံးသည်အထိအရှိန်မြင့်လာနေပြီ ဖြစ်သည်။ ရှီကျင့်ဖျင်-မင်းအောင်လှိုင်၏နှစ်ဖက်ညှပ်ဖိအားပေးဗျူဟာကို MNDAA နှင့် TNLA ခေါင်းဆောင်များ ကျော်လွှားနိုင်သောနည်းလမ်း တစ်ခုသာ ရှိသည်။
ယင်းမှာနောက်ချိုမှ ကျောက်မဲ၊ နောင်ချိုမှ မိုးကုတ်၊ သို့မဟုတ် လားရှိုးမှ သိန္နီသို့ထပ်မံထိုးစစ်ဆင်လာမည့် စစ်ကောင်စီကို “၁၀၂၇ စစ်ဆင်ရေး တတိယလှိုင်း” ဖြင့်တော်လှန်ရေးတပ်ပေါင်းစုများ နေရာအနှံ့မှ ရင်ဆိုင် ထိုးစစ် ဆင်နွဲရန်လိုအပ်နေကြောင်း၊ သို့မဟုတ် ရှမ်းမြောက်မှ သိမ်းပိုက်ထားသောမြို့များတစ်မြို့ချင်း စစ်ကောင်စီ ထိုးစစ်ကြောင့် လက်လွှတ် ဆုံးရှုံးရမည့် အန္တရာယ်သည်၂၀၂၅ ခုနှစ် ဒုတိယနှစ်ဝက်အတွင်း ဖြစ်ပေါ်လာမည့် အနေအထားရှိပါသည်။