“စစ်တပ်ကို ဘယ်လို အလဲထိုးမလဲ”
အထွေထွေထိုးစစ်ကြီး ဆင်နွဲမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ တနိုင်ငံလုံး တောရော၊ မြို့ပါ အကြမ်းဖက်မှုတွေ ရက်ရက်စက်စက်လုပ်ဆောင်နေတဲ့၊ ဒီမိုကရေစီမလိုလားတဲ့နိုင်ငံတွေရဲ့ အသက်ဆက်ပေးမှုကို ရရှိနေတဲ့ မီးဇာကုန်ခါနီးစစ်အုပ်စုကို ဖက်ဒရယ်ဒီမိုကရေစီ တော်လှန်ရေးအင်အားစုတွေ ဘယ်လိုနည်းနဲ့ အလဲထိုးအနိုင်ယူနိုင်မလဲ၊ စစ်တပ်ချေမှုန်းရေး ဘာတွေထည့်သွင်းစဉ်းစားဖို့လိုမလဲ၊ ဘယ်လိုပြင်ဆင်ထားဖို့ လိုမလဲ။
-လက်ရှိ အခြေအနေ
မြန်မာနိုင်ငံစစ်ရေး လက်ရှိ အခြေအနေကိုကြည့်လျင် ကချင်ပြည်နယ်တွင် ဗန်းမော်မြို့ကို ကချင်လွတ်လပ်ရေးတပ်မတော်က မြို့သိမ်းတိုက်ပွဲဆင်နွဲလျက်ရှိပြီး ဧရာဝတီမြစ် အရှေ့ခြမ်းတခုလုံးနီးပါး ထိန်းချုပ်ထားပါတယ်။ ရှမ်းမြောက်ဒေသမှာ လားရှိုးမြို့ပေါ် မှလွဲ၍ ကျန်မြို့တွေအားလုံးကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (ကိုးကန့်တပ်ဖွဲ့)တို့က ထိန်းချုပ်ထားပါတယ်။ ချင်းပြည်နယ်မှာ ဟားခါး၊ ထန်တလန် နဲ့ တီးတိန်မြို့တို့သာ ကျန်ရှိတော့ပြီး ကျန်နယ်မြေ အများစုကို ထိန်းချုပ်ထားပါတယ်။ ရခိုင်ပြည်နယ် မြို့နယ် (၁၇) ခု အနက် (၁၄) ခု ကို အာရက္ခတပ်တော်က သိမ်းယူထားပါတယ်။ ကရင်နဲ့ကရင်နီဒေသတွေမှာလည်း နယ်စပ်ဒေသအများစုနဲ့ မြို့တချို့ကို ကရင်နီတော်လှန်ရေးအဖွဲ့တွေ၊ ကရင်အမျိုးသားအစည်းအရုံး နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်တို့က တိုက်ခိုက် ထိန်းချုပ်နိုင်နေပါတယ်။ တိုင်းရင်းသားနယ်မြေအများစုမှာ စစ်အုပ်စုရဲ့ထိန်းချုပ်မှု မရှိသလောက်ဖြစ်နေတာ လက်ရှိအခြေအနေ ဖြစ်ပါတယ်။ ဒီလိုရရှိထားတဲ့ပြည်နယ်ဒေသ လွတ်မြောက်နယ်မြေတွေ ခိုင်မာစေရေးဟာ တိုင်းဒေသတွေမှာရှိတဲ့ စစ်တပ်အင်အားစုတွေ အမြစ်ပျက်ချေမှုန်းခံရမှ ရရှိနိုင်မှာဖြစ်ပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ ပကဖအဖွဲ့တွေဟာ မြေပြန့် ဒေသမြို့တွေဖြစ်တဲ့ ခါမ်းပါတ်၊ ရွှေပြည်အေး၊ မော်လူး၊ မြို့သစ်၊ စဉ့်ကူး၊ တကောင်း၊ သပိတ်ကျင်း၊ ပင်လည်ဘူးနဲ့ အင်းတော်မြို့ စုစုပေါင်း(၉)မြို့ကို ထိန်းချုပ်ထားပါတယ်။ ကောလင်း၊ ကနီ၊ ဒီပဲယင်း၊ နွားထိုးကြီး မြို့တွေကိုတော့ မြို့သိမ်းတိုက်ပွဲဆင်နွဲပြီး ပြန်လည်ဆုတ်ခွာထားပါတယ်။ စစ်ရေး ဖြစ်ပေါ်တိုးတက်မှုအနေနဲ့ မကွေးတိုင်းတွင်းက ကပစလက်နက်စက်ရုံတွေနားကို တော်လှန်ရေးအင်အားစုတွေ ချဉ်းကပ်နိုင်လာသလို ဧရာဝတီတိုင်းတွင်းကိုလဲ ထိုးဖောက်တိုက်ခိုက်နေပြီဖြစ်ပါတယ်။ ကချင်၊ ချင်း၊ စစ်ကိုင်း၊ ရခိုင်၊ မကွေး၊ ဧရာဝတီ ဆက်စပ်နယ်မြေတလျောက် ကြီးမားတဲ့ပြောက်ကျားနယ်မြေတရပ်ကို တော်လှန်ရေးအင်အားစုတွေ ပိုင်ဆိုင်ထားပြီဖြစ်ပါတယ်။ တချိန်တည်းမှာ ကရင်နီ၊ ကရင်၊ မွန်၊ တနင်္ဿာရီ ဒေသမှာလည်း ရန်သူ့ချေမှုန်းရေးတွေကို တိုးမြှင့်လုပ်ဆောင်နိုင်လာပါတယ်။ စစ်ရေးအခြေအနေဖန်တီးမှုဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ တော်လှန်ရေးအဖွဲ့တွေလက်ထဲကို ၂၀၂၅ ခုနစ်တွင်းမှာ သိသိသာသာရောက်ရှိလာပါတယ်။ ဒီအခြေအနေမှာ စစ်တပ်ကို ဘယ်လိုနေရာမှာ တိုက်မလဲ၊ ဘယ်အချိန်မှာတိုက်မလဲက တော်လှန်ရေးအင်အားစုတွေက ဆုံးဖြတ်ရမယ့်အချိန်ဖြစ်လာပါတယ်။ ရန်သူဟာ ခံစစ်အနေအထားကို ရောက်ရှိသွားပါတယ်။ လက်ရှိသိမ်းယူထားတဲ့မြို့တွေ၊ မြို့နယ်တွေ၊ နယ်မြေတွေကို မင်းအောင်လှိုင်စစ်တပ်က ပြန်လည်သိမ်းယူဖို့မပြောနဲ့ တန်ပြန်ထိုးစစ်ဆင်နိုင်ခြင်းမရှိတာက ဒီအချက်ကိုပြပါတယ်။ ဒီနယ်မြေတွေကိုခြိမ်းခြောက်ဖို့ စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုကိုသာ အသုံးပြုပြီး လူထုကိုအကြမ်းဖက်တာပဲ လုပ်ဆောင်နိုင်ပါတယ်။ မြေပြန့် နယ်မြေတွေမှာ အဓိကရှိတဲ့ လေတပ်စခန်းတွေ၊ စစ်လက်နက် စက်ရုံတွေကို ချေမှုန်းဖို့၊နှောင့်ယှက်ဖို့ မဖြစ်မနေ လိုအပ်လာတယ်ဆိုတာ အထက်ပါအချက်က ပြသနေပါတယ်။
-ဘယ်နေရာကို တိုက်မလဲ
ခံစစ်အနေအထားရောက်သွားတဲ့ စစ်အုပ်စုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အသီးသီးက တိုက်စစ်ဖွင့်ဖို့လိုပါတယ်။ ဒါမှ အရေးနိမ့်နေတဲ့ရန်သူ ပြန်လည်စုဖွဲ့၊ အင်အားစုဆောင်းနိုင်ခြင်းမရှိချိန်မှာ အလဲထိုးနိုင်မှာ ဖြစ်ပါတယ်။ ပထမ(၃)နှစ်မှာ ပြောက်ကျားစစ်နဲ့ တနိုင်ငံလုံးအတိုင်းအတာ ရန်သူကိုအထိနာအောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် တနိုင်ငံလုံး ကွက်ပြည့်ခင်းရေးမှာ တချို့နေရာတွေ ကျန်ရှိနေခဲ့ပါတယ်။ အဓိက အားဖြင့် မကွေး၊ ပဲခူး၊ ဧရာဝတီ နဲ့ နေပြည်တော် နယ်မြေတွေ ဖြစ်ပါတယ်။ ၂၀၂၅ ခုနစ်တွင်းမှာတော့ မကွေး၊ ဧရာဝတီ နယ်မြေတွေမှာ တိုက်ခိုက်မှုတွေ သိသိသာသာပေါ်ထွက်လာပြီ ဖြစ်ပါတယ်။ ကွက်ပြည့်ခင်းမဟာဗျူဟာအရ တနိုင်ငံလုံး အတိုင်းအတာ နေရာလွတ်မကျန်အောင် ကွက်ပြည့်လာတာကို ပြပါတယ်။ ဒီနည်းကို ဆက်လက် ကိုင်စွဲထားမလား၊ တခြားနည်းလမ်းတွေ သုံးဖို့လိုမလား စဉ်းစားစရာရှိပါတယ်။ နောက်တချက်က လက်ရှိတိုက်ပွဲဟာ စစ်ရေးသီးသန့်မဟုတ်ဘဲ နိုင်ငံရေး၊ နိုင်ငံတကာဆက်ဆံရေး နဲ့ နိုင်ငံတကာအခြေအနေ၊ စိတ်ဓာတ်စစ်ဆင်ရေး နဲ့ မဟာဗျူဟာမြောက် ဆက်သွယ်ပြန်ကြားရေး ၊ လူ့အခွင့်အရေးတွေ နဲ့ အရပ်သားကာကွယ်စောင့်ရှောက်ရေး၊ စီးပွားရေး စတဲ့နယ်ပယ်စုံမှာ ချိတ်ဆက်ပေါင်းစပ်ပြီး တိုက်ပွဲဝင်နေရတာပါ။ ဆိုလိုတာ စစ်ရေး သက်သက်မဟုတ်ဘဲ ကျန်နယ်ပယ်တွေနဲ့ ချိန်ညှိလုပ်ဆောင်ဖို့လိုပါတယ်။ စစ်ရေးအရ လုပ်ဆောင်သင့်တဲ့အရာဟာ ကျန်နယ်ပယ်တစ်ရပ်မှာ ဆိုးကျိုးသက်ရောက်နိုင်ရင်၊ ဆိုးကျိုးကြီးမားနိုင်ရင် ရှောင်သင့်ရင်လည်း ရှောင်ရပါတယ်။ တိုက်ခိုက်မှုတခုကြောင့် လူထုထိခိုက်မှုများမယ် (ဥပမာ-လမ်းပန်းဆက်သွယ်ရေး၊ ကုန်သည်ပို့ဆောင်ရေး ထိခိုက်မှု) နိုင်ငံရေးအရ အကျိုးသက်ရောက်မှုနည်းမယ်ဆိုရင် အဲဒီ စစ်ဆင်ရေးမျိုးကို ရှောင်သင့်ပါတယ်။
-တက်ထိုးစစ်ပုံစံလား
၁၉၆၈၊ ဇန်နဝါရီ ၃၀-၃၁ မှာ ဆိုင်ဂုံမြို့တော်အပါအဝင် တောင်ဗီယက်နမ်က ပြည်နယ်မြို့တော်(၄၄)ခုအနက် (၃၆)ခုကို မြောက်ဗီယက်နမ်နဲ့ ဗီယက်ကောင်းတွေက တက်ထိုးစစ် (Tet Offensive)အဖြစ် တိုက်ခိုက်ခဲ့ပါတယ်။ တက်ထိုးစစ်မှာ တောင်ဗီယက်နမ်တပ်တွေနဲ့ အမေရိကန် တပ်တွေကို အထိနာအောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ အလားတူပဲ မြောက်ဗီယက်နမ်ဘက်က အင်အား (၇၀ ၀၀၀) အသုံးပြုတဲ့အနက် အများစုထိခိုက်ဆုံးရှုံးပြီး အထိနာခဲ့ပါတယ်။ ဒါပေမယ့် တောင်ဗီယက်နမ်နိုင်ငံတွင်းမှာရှိတဲ့ မြို့ကြီးအားလုံးကို တပြိုင်နက်တိုက်ခိုက်ပြီး ဗီယက်ကောင်းတွေ နဲ့ မြောက်ဗီယက်နမ်ရဲ့စစ်ဆင်နိုင်မှုစွမ်းရည်ကို ပြသခဲ့ပါတယ်။ စစ်ဆင်ရေးကြောင့် ဗီယက်ကောင်းနဲ့ မြောက်ဗီယက်နမ်ဘက်မှာ အထိနာခဲ့ပေမယ့်လည်း နိုင်ငံရေးအရ အသာစီးရခဲ့ပါတယ်။ စစ်ကို ပြင်းပြင်းထန်ထန်တိုက်နိုင်တယ်၊ တောင်ဗီယက်နမ်နဲ့ အမေရိကန်ဘက်က စစ်ပွဲမှာအသာစီးရမနေဘူးဆိုတဲ့ သတင်းစကားကို ပေးနိုင်ခဲ့ပါတယ်။ အဲဒီနောက်မှာ ဗီယက်နမ်စစ်ပွဲမှာ အမေရိကန်တို့ဆုတ်ခွာပြီး တောင်ဗီယက်နမ်တို့ စစ်ရှုံးခဲ့ပါတယ်။ လက်ရှိအထွေထွေထိုးစစ်မှာလည်း တက်ထိုးစစ်ပုံစံ တနိုင်ငံလုံးအတိုင်းအတာနဲ့ တိုက်မလားလို့ စဉ်းစားစရာရှိပါတယ်။ အဲဒီလို တိုက်စစ်ဖွင့်ရင် လူအင်အားနည်းပါးနေတဲ့ စစ်တပ်အဖို့ အကြီးအကျယ်အထိနာမှာ ဖြစ်ပါတယ်။ အခိုင်အမာစခန်းနဲ့ မြို့ကြီးတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ ပကဖတွေ သွားရောက်တိုက်ခိုက်ရခြင်းကိုရှောင်ပြီး စခန်းသေးတွေနဲ့ စစ်ကူတွေ၊ ယာဉ်တန်းတွေကို အဓိကထား တိုက်ခိုက်ရင် ကိုယ့်ဘက်ကထိခိုက်ဆုံးရှုံးမှု နည်းမှာဖြစ်သလို လူထုကို ထိခိုက်မှုလည်း အနည်းဆုံးဖြစ်မှာပါ။ လက်နက်ငယ်အများစုသာ တပ်ဆင်နိုင်သေးပြီး ပြောက်ကျားလှုပ်ရှားစစ်နဲ့ ပိုမိုရင်းနှီးတဲ့ တော်လှန်ရေးအင်အားစုတွေအတွက် အခုနည်းက ပိုပြီးအသာစီးရဖို့များပါတယ်။ တနိုင်ငံလုံး အတိုင်းအတာ ထိုးစစ်ဆင်မှာဖြစ်တဲ့အတွက် တိုက်ခံရတဲ့နေရာကို ရန်သူက စစ်ကူပေးမလား၊ စခန်းတွေ ချေမှုန်းခံမလားဆိုတဲ့ ရွေးစရာ(၂)ခုပဲ ရှိပါတယ်။ စစ်ကူပေးမယ်ဆိုရင်လည်း ကျယ်ပြန့်စွာတပ်ဖြန့်ထားတဲ့ ပီဒီအတ်နဲ့ ပကဖတွေက စစ်ကူယာဉ်တန်း နဲ့ စစ်ကြောင်းတွေကို ကြားဖြတ် တိုက်နိုင်ပါလိမ့်မယ်။ ရန်သူ့အဓိကလက်နက်ဖြစ်တဲ့ လေတပ်ဟာလဲ တနိုင်ငံလုံးထိုးစစ်အောက်မှာ ဘယ်နေရာကိုမှ ထိရောက်စွာ လေကြောင်းပစ်ကူပေးနိုင်တော့မှာ မဟုတ်ပါဘူး။ အခိုင်အမာ ခံစစ်နယ်တွေ၊ မြို့ပြတွေကိုတိုက်ရင်တော့ ရန်သူ့လေတပ်က ပစ်ကူပေးရေး အလွယ်တကူလုပ်နိုင်ပါလိမ့်မယ်။ ဥပမာ-ထီးချိုင့်၊ ဗန်းမော်၊ ပင်လည်ဘူး။ အထွေထွေထိုးစစ်ကို ဗီယက်နမ်တက်ထိုးစစ်ကဲ့သို့ ကျယ်ပြန့်စွာတိုက်ခြင်းအားဖြင့် ရန်သူ့လေတပ်နဲ့ စစ်အင်အားရဲ့အားသာချက်ကို နည်းစေပြီး ပွဲအစကတည်းက ကိုယ့်ဘက်က အသာစီးအခြေအနေကနေ စတိုက်နိုင်ပါလိမ့်မယ်။ မော်စကိုမြို့ကို တိုက်ခိုက်ခြင်းပုံစံလား၊ ဆိုဗီယက်ပြည်ထောင်စုကို ဘာဘာရိုဆာစစ်ဆင်ရေးနဲ့ နာဇီဂျာမနီက ဒုတိယကမ္ဘာစစ်အတွင်း ဝင်တိုက်ခဲ့ပါတယ်။ စစ်ဆင်ရေးအစမှာ ဂျာမန်ထိုးစစ်ကိုယ်တိုင် သတ်သတ်မှတ်မှတ် ရည်မှန်းချက်မရှိသေးဘဲ ကျယ်ပြန့်တဲ့နယ်မြေတလျောက် အသာစီးရနိုင်မယ့်နေရာကို ထိုးဖောက်တိုက်ခိုက်ခဲ့တဲ့အတွက် ဆိုဗီယက်ဘက်က ခံစစ်ဆင်ရမယ့်နေရာ သေချာစွာမသိဘဲ အထိနာခဲ့ပါတယ်။ နောက်ပိုင်း မော်စကိုမြို့တော်နားကို ရောက်လာတဲ့အခါ ဂျာမနီဘက်က ရွေးစရာ(၂)ခု ရှိလာပါတယ်။ မော်စကိုမြို့တော်ကိုတိုက်မလား၊ တခြားနေရာကို တိုက်မလား ဆိုတဲ့(၂)ချက်ပါ။ မော်စကိုမြို့တော်ကို တိုက်မယ်ဆိုရင် အနိုင်ရပါက နိုင်ငံရေးအရ အကျိုးအမြတ်ကြီးနိုင်ပေမယ့် စစ်ရေးအရ စစ်ဆင်တိုက်မယ့်နေရာ သိသာထင်ရှားသွားတဲ့အတွက် ဆိုဗီယက်ဘက်က ခံစစ်ဆင်ရ ပိုလွယ်သွားပါတယ်။ တခြားသောနေရာတွေကို ဖြန့်ခွဲသွားတိုက်ရင် လှုပ်ရှားစစ်ကစားကရတာပိုလွယ်ပြီး ဂျာမနီဘက်က အသာစီးပိုရနိုင်ခြေရှိခဲ့ပါတယ်။ မော်စကိုမြို့ကိုပဲတိုက်မယ်လို့ ဟစ်တလာကဆုံးဖြတ်ခဲ့ပြီး အာဏာရှင်ဟစ်တလာရဲ့ နောက်ဆုံးနေ့တွေရဲ့ ပထမဆုံး ခြေလှမ်းဖြစ်လာပါတယ်။ အထွေထွေထိုးစစ်မှာလည်း သိသာထင်ရှားတဲ့မြို့၊နယ်မြေ၊တိုင်း တခုမှာထိုးစစ်ဆင်ခြင်းဟာ မော်စကိုမြို့တော်ကို တိုက်ခိုက်ခြင်း ဆိုတဲ့အချက်နဲ့ ကိုက်နေမှာဖြစ်ပါတယ်။ ထိုးစစ်ကနဦးကာလမှာ မသိသာသေးပေမယ့် ကာလတခု ရှည်ကြာလာပြီးတဲ့နောက် (ဥပမာ-ထီးချိုင့်၊ ဗန်းမော်)မှာ ထိုးစစ်ဦးတည်ရာလမ်းကြောင်းကို ရန်သူကသိရှိလာတဲ့အတွက် ရန်သူ့ဘက်က ခံစစ်ဆင်ရပိုမိုလွယ်ကူသွားမှာ ဖြစ်ပါတယ်။ နှိုင်းရအားဖြင့် လက်နက်ကြီး နဲ့ လေကြောင်းပစ်ကူမရှိတဲ့ တပ်တွေကို ခပ်မာမာ လေ့ကျင့်ထားခြင်းမရှိတဲ့ တော်လှန်ရေးဘက်က အဲဒီလိုအခိုင်အမာခံစစ်နယ်တွေ၊ ဒေသတွေ၊ မြို့ပြတွေကို ထိုးဖောက်ရမယ်ဆို ထိခိုက်ဆုံးရှုံးမှု များပါလိမ့်မယ်။
-စစ်တပ်ကို အနိုင်ယူခြင်း
စစ်တပ်ကို အနိုင်ယူဖို့ဆိုရင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့အတိုင်း အထွေထွေထိုးစစ်ဆင်နွဲပြီး အကြမ်းဖက်စစ်တပ်ကို တနိုင်ငံလုံးမှာ စစ်ဆင်တိုက်ခိုက်ဖို့လိုပါတယ်။ အဲဒီအတွက်လဲ ကာကွယ်ရေးဝန်ကြီးဌာနက ကွက်ပြည့်ခင်း မဟာဗျူဟာကို ချမှတ်ထားပြီးဖြစ်ပါတယ်။ ဒီမဟာဗျူဟာအရ မကွေး၊ ပဲခူး၊ ဧရာဝတီ၊ ရန်ကုန်၊ နေပြည်တော်တို့မှာ ကွပ်ပြည့်ခင်းလာနိုင်နေပြီ ဖြစ်ပါတယ်။ စစ်ကိုင်း၊ မန္တလေးတိုင်း၊ တနင်္သာရီ တိုင်း နဲ့ ကျန်ပြည်နယ်တွေမှာက ရန်သူကို ချေမှုန်းနိုင်မှုအားကောင်းပြီး ဖြစ်ပါတယ်။ စစ်ရှိန်မြှင့်ဖို့လိုသေးတဲ့ မကွေး၊ ပဲခူး၊ ဧရာဝတီ၊ ရန်ကုန်၊ နေပြည်တော်ဒေသမှာပါ ရန်သူ့စစ်ကြောင်းချေမှုန်ရေး၊ အနိမ့်ဆုံးအားဖြင့် ရန်သူ့ယာဉ်တန်းနဲ့ စစ်ကူတွေကိုအထိနာအောင် ဖြတ်တောက်ရေးတွေ လုပ်ဆောင်နိုင်လာရင် ထိုးစစ်အတွက် အခြေအနေကောင်းတွေ ပိုမိုရရှိလာမှာဖြစ်ပါတယ်။ အဲဒီလို တနိုင်ငံလုံးအတိုင်းအတာ စစ်ရေးအသာစီးရရှိမှုကို ဖန်တီးပြီးတဲ့နောက်မှာ တိုင်းရင်းသားဒေသနဲ့ မြေပြန့်ဒေသတွေမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပကဖ၊ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေ တပြိုင်နက် အထွေထွေထိုးစစ်စတင်လာရင် အကြမ်းဖက်စစ်တပ် ပြိုကွဲသွားမှာဖြစ်ပါတယ်။ လွတ်လပ်ရေးရရှိပြီးကတည်းက အခုလိုအထွေထွေထိုးစစ်မျိုး မြန်မာနိုင်ငံမှာမရှိသေးဘဲ လာတော့မယ့်အထွေထွေထိုးစစ်ဟာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ်ရဲ့ ပထမဆုံးအုတ်မြစ်တွေထဲက တခုဖြစ်လာပါလိမ့်မယ်။