ဆရာမမြကြေးမုံဟာ ဘာအပွင့်အခက်မှမပါတဲ့ အဝါရောင်ထီးလေးတစ်ချောင်း လိုချင်နေသူပါ။ ဆရာမဟာ အဝါရောင်ထီးနဲ့ လိုက်ဖက်မှု ရှိခြင်း မရှိခြင်းထက် ထီးအဝါရောင်လေး ဆောင်းချင်နေမိတာ လို့ပြောပါတယ်။
“ကိုယ့်မှာထီးမရှိတာ လေးနှစ်တောင်ရှိရောပေါ့ ” လို့ ဆရာမ မြကြေးမုံက ဆိုပါတယ်။
ဆရာမ မြကြေးမုံဟာ သူ့စိတ်ဆန္ဒအရ လိုချင်မိတဲ့ ထီးလေးတစ်ချောင်းကိုတောင် ဝယ်ယူဖို့အတွက် နှစ်ခါပြန် စဉ်းစားနေရတဲ့ ဘဝကို ရောက်ရှိနေပါတယ်။ စစ်တပ် အာဏာမသိမ်းခင်က လစဉ်ဝင်ငွေ ကျပ် ၇ သိန်းဝန်းကျင်နဲ့ ချောင်လည်စွာ နေထိုင်နိုင်ခဲ့တဲ့ ဆရာမ မြကြေးမုံတို့ မိသားစု ၃ ဦးဟာ ခုချိန်မှာတော့ လိုချင်စိတ်ဖြစ်နေတဲ့ ထီးအဝါလေးတစ်ချောင်းကိုပင် ဝယ်ယူဖို့ စဉ်းစားနေရတဲ့အထိ စီးပွားရေး ကျပ်တည်းလာပါတယ်။
ရန်ကုန်ရဲ့ နယ်မြို့လေးတစ်မြို့မှာနေတဲ့ ဆရာမ မြကြေးမုံဟာ ရန်ကုန်မြို့မှာရှိတဲ့ တက္ကသိုလ်တစ်ခုမှာ သမိုင်းဘာသာရပ်ကို သင်ကြားတဲ့ လက်ထောက်ကထိက ဆရာမ တစ်ဦး ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့အခါ မြန်မာနိုင်ငံက ဆရာဝန်တွေ၊ ဆရာ/ဆရာမတွေနဲ့ အစိုးရဝန်ထမ်းတွေဟာ စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့အနေနဲ့ အလုပ်မဆင်းဘဲ သပိတ်မှောက်တဲ့ လှုပ် ရှားမှု (Civil Disobedience Movement- CDM) မှာ ပါဝင်ခဲ့ကြပါတယ်။
ဆရာမ မြကြေးမုံလည်း CDM မှာ ပါဝင်ခဲ့တာကြောင့် ကျောင်းဆရာမ လစာနဲ့ အိမ်ရဲ့ ဝင်ငွေအချို့ ရပ်တန့်ခဲ့ပါတယ်။
“အာဏာမသိမ်းခင်က ကျွန်မ လစာ ၃သိန်းနီးပါးရတယ်။ ဦးသိန်း(အမျိုးသား) က ၂သိန်းကျော် ရတယ်။ ထီရောင်းတာနဲ့ နေကြာစေ့ရောင်းတာက ၂ သိန်းလောက်မြတ်တယ်။ ဝင်ငွေ ၇သိန်းလောက် ရှိတာမို့ နှစ်ပတ်တစ်ခါလောက် ထွက်လည်၊ အပြင်စာ ထွက်စားနဲ့ လူတန်းစေ့တယ်” လို့ ဆရာမမြကြေးမုံက ဆိုပါတယ်။
ဆရာမ မြကြေးမုံဟာ သွေးနဲ့မတည့်တဲ့ ရောဂါရှိသလို အမျိုးသားဖြစ်သူ ဦးသိန်းဟာလည်း အသည်းနဲ့ပတ်သက်တဲ့ ရောဂါရှိသူမို့ လစဉ် ဆေးဖိုးအတွက် ကုန်ကျစရိတ်တွေ ရှိနေပါတယ်။
“သားကို ကိုယ်ပိုင်ကျောင်းထားပေးဖို့ ရည်ရွယ်ခဲ့ပေမယ့် အခုတော့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းပို့ ထားရတယ်။ အရင်ကဆို နေ့တိုင်း အသားဟင်းစား၊ အပြင်ထွက်စားနဲ့ အခုက ဆေးဖိုး အတွက်ကို အနိုင်နိုင်။ အဝတ် အစားအသစ်မဝယ်နိုင်ဘူး။ တနေ့ကုန်ကျစရိတ်က ပျမ်းမျှ နှစ်သောင်း အထက်မှာရှိတယ်။ လတိုင်းအကြွေးတင်တယ်” လို့ ဆရာမမြကြေးမုံက ပြောပြပါတယ်။
◼️လူလတ်တန်းစားအခြေအနေနှင့်ပျောက်ကွယ်မှု
မြန်မာနိုင်ငံမှာ ဆရာမ မြကြေးမုံတို့လို ကိုယ်ပိုင်အိမ်ရှိပြီး စားဝတ်နေရေးပြေလည်ခဲ့သူတွေ ၊ ပညာနဲ့ အသက် မွေးဝမ်းကျောင်းပြုတဲ့ ဆရာဝန် ၊ အင်ဂျင်နီယာတွေ၊ NGOဝန်ထမ်း၊ အရာရှိအဆင့် အစိုးရဝန်ထမ်းတွေနဲ့ အသေးစား အလတ်စား စက်ရုံပိုင်ရှင်တွေကို ယေဘူယျအားဖြင့် လူလတ်တန်းစား (middle class) လို့ သတ်မှတ်နိုင်ပါတယ်။
လူလတ်တန်းစားဆိုသူတွေဟာ ပညာကောင်းကောင်းသင်ယူနိုင်ပြီး လက်လုပ်လက်စား အခြေခံ လူတန်းစားနဲ့ ချမ်းသာကြွယ်ဝသူတွေရဲ့ကြားမှာ တည်ရှိတဲ့ အလွှာတစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာ သိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံရဲ့ လူ့အဖွဲ့အစည်းဖွဲ့စည်းပုံမှာ လူလတ်တန်းစားဟာ တဖြည်းဖြည်း “ပျောက်ကွယ်” စပြုလာပါတယ်။
ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) က ၂၀၂၄ ခုနှစ်မှာ ထုတ်ပြန်ထားတဲ့ “Poverty and the Household Economy of Myanmar: A Disappearing Middle Class” (မြန်မာနိုင်ငံ၏ ဆင်းရဲ မွဲတေမှုနှင့် အိမ်ထောင်စုစီးပွားရေး- ပျောက်ဆုံးလာသော လူလတ်တန်းစား) အစီရင်ခံစာမှာတော့ ၂၀၂၀ ကနေ ၂၀၂၃ ခုနှစ်အတွင်း လူလတ်တန်းစားအုပ်စုဟာ ၅၀ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။
◼️ပြည်ပထွက်ခွာမှုနှင့်ဘဝပြောင်းလဲမှုများ
ပညာရေးဝန်ထမ်းများ၊ ဆရာဝန်နဲ့ အင်ဂျင်နီယာများ၊ အစိုးရဝန်ထမ်းများ၊ အသေးစား၊ အလတ်စား စီးပွားရေး လုပ်ကိုင်သူများ၊ စွန့်ဦးတီထွင်သူများ စတဲ့ လူလတ်တန်းစားအများစုဟာ CDM လှုပ်ရှားမှုကြောင့် အလုပ်ထွက်ခဲ့ရသလို တချို့က စစ်အာဏာရှင်ကို ဆန့်ကျင်မှုကြောင့် နိုင်ငံရပ်ခြားကို ရှောင်တိမ်းခဲ့ကြရပါတယ်။
တချို့က တော်လှန်ရေးလုပ်ဆောင်နေတဲ့ ဒေသတွေကို ကူးပြောင်းသွားကြပြီး တချို့ကတော့ စစ်ကောင်စီ အုပ် ချုပ်ထားတဲ့ ပြည်တွင်းမှာပဲ ကျီးလန့်စာစား အသက်မွေးနေကြရပါတယ်။
အာဏာမသိမ်းခင်က ရန်ကုန်မြို့ စမ်းချောင်းမှာ ကိုယ်ပိုင်စားသောက်ဆိုင်ဖွင့်ပြီး ပရဟိတလုပ်ငန်းတွေ လုပ်ဆောင်ကာ ဘဝကို အေးချမ်းစွာ ဖြတ်သန်းခဲ့တဲ့ ကိုအေးကတော့ အခုအခါ အမေရိကန်နိုင်ငံမှာ နေထိုင်နေပါတယ်။
ကိုအေးဟာ စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်တပ်ကို ဦးဆောင်ဆန္ဒပြရာမှာ ပါဝင်ခဲ့တာကြောင့် ဖမ်းဆီးမယ့် စာရင်းမှာပါဝင်ပြီး ပြည်ပနိုင်ငံကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတာ ဖြစ်ပါတယ်။
“ကျွန်တော်နဲ့အတူ ပရဟိတလုပ်ခဲ့တဲ့သူတွေ အကုန်လုံး ဆန္ဒပြရာမှာ ပါဝင်လာကြတယ်။ ဖမ်းဆီးမှုတွေ ကြမ်း တမ်းလာပြီး လုပ်ဖော်ကိုင်ဖက်တွေ ဖမ်းဆီးခံရတယ်။ ကျွန်တော်နဲ့အတူ ဆန္ဒပြတဲ့ ဆရာ တစ်ယောက်ဆို ညမှာဖမ်းပြီး မနက်မှာ သတ်ပစ်လိုက်တယ်။ အဲ့ဒီကနေ တစ်ကွဲတစ်ပြားစီဖြစ်ပြီး ပြည်ပထွက်ခွာဖို့ စတာပဲ” လို့ ကိုအေးက ပြောပြပါတယ်။
ကိုအေးတို့ မိသားစုဟာ အာဏာမသိမ်းခင်က ကိုယ်ပိုင်အိမ်၊ ကား၊ ဆိုင်တွေနဲ့ ငွေကြေးခက်ခဲသူတွေ မဟုတ်ဘဲ အမျိုးသမီးဖြစ်သူကလည်း နိုင်ငံခြားကုမ္ပဏီတစ်ခုမှာ လစဉ် ဒေါ်လာ ၁,၀၀၀ ခန့် ဝင်ငွေရှိသူတစ်ဦး ဖြစ်ပါတယ်။
အာဏာမသိမ်းခင်က ပူပန်စရာ ဘာမှ မရှိခဲ့တဲ့ ကိုအေးဟာ လူလတ်တန်းစား အခြေအနေကနေ တိမ်းရှောင်ရင်းနဲ့ ကိုယ်နေထိုင်ရာအရပ်ကို ဘယ်လိုမှ ပြန်လာခွင့်မရတာကြောင့် ပြည်ပနိုင်ငံကို ရောက်ရှိ ခဲ့ရတာပါ။
စစ်ကောင်စီက ပြဌာန်းလိုက်တဲ့ စစ်မှုထမ်းဥပဒေ အပါအဝင် အာမခံချက်မရှိတော့တဲ့ လုပ်ငန်းခွင့်ကြောင့် ဒီဇိုင်းပညာရှင် ကိုဂျိုးဟာ မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ထွက်ခွာခဲ့ပါတယ်။
“အာမခံချက်မရှိတော့တဲ့ လုပ်ငန်းနယ်ပယ်ကြောင့် မစဉ်းစားဖူးတဲ့ နိုင်ငံခြားကို ထွက်လာရတာပါပဲ။ လူငယ်ဖြစ်နေတာရော မိသားစုက ကိုယ့်ကြောင့်ဝန်ထုပ်တစ်ခုလို စိတ်ပူပေးနေရတာကြောင့်ကော” လို့ ကိုဂျိုးက ပြောပါတယ်။
ဝင်ငွေကောင်းပြီး အိမ်ဝယ် ကားဝယ်နိုင်တဲ့အထိ အဆင်ပြေခဲ့တဲ့ ကိုဂျိုးဟာ အခုချိန်မှာတော့ ပတ်ဝန်းကျင်အသစ်တစ်ခုကို တည်ဆောက်ရတာ ခက်ခဲသလို ပြည်ပမှာ နေရေးထိုင်ရေးနဲ့ စားသောက်ရေး အတွက်ကိုပင် ရုန်းကန်နေရတယ်လို့ သိရပါတယ်။
“အားလုံး အနုတ်ပဲ။ စိတ်ဓာတ်ရော အိပ်မက်တွေရောပေါ့။ စုထားတာတွေလည်း ခုနှစ်ကုန်လောက်ဆို ကုန်ပြီ။ သူများနိုင်ငံမှာနေရတာ ဘာမှထူးပြီး သာမနေပါဘူး အသက်အန္တရာယ် မရှိတာပဲရှိတာ။ ဘေးတောင် မကင်းကြပါဘူး။ စိတ်ကျရောဂါရတဲ့သူနဲ့ အိမ်လွမ်းသူနဲ့ပေါ့” လို့ ကိုဂျိုးက ဖွင့်ဟပါတယ်။
◼️လူဦးရေပြောင်းရွှေ့မှုနှင့်စီးပွားရေးသက်ရောက်မှုများ
စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီကနေ ၂၀၂၅ ခုနှစ် မေလအထိ မြန်မာနိုင်ငံကနေ ထွက်ခွာပြီး ခိုလှုံခွင့်တောင်းခံသူ ၁.၅ သန်းနီးပါး (၁,၄၈၀,၆၈၁ ဦး) ရှိတယ်လို့ ကုလသမဂ္ဂမဟာမင်းကြီးရုံး (UNHCR) ရဲ့ မကြာသေးခင်က ထုတ်ပြန်ထားတဲ့ အစီရင်ခံစာတွေအရ သိရပါတယ်။
ထိုင်းနိုင်ငံရဲ့ အလုပ်အကိုင်ရှာဖွေရေး ဦးစီးဌာန (DOE) ကတော့ ၂၀၂၅ ခုနှစ် ဇန်နဝါရီအထိ တရားဝင် မှတ်ပုံတင်ထားတဲ့ မြန်မာနိုင်ငံသား ၂.၅ သန်းရှိပြီး တရားမဝင် နေထိုင်တဲ့သူတွေပါ ထည့်သွင်းမယ်ဆိုရင် ထိုင်းနိုင်ငံတစ်ခုတည်းတင် ၄.၁ သန်းခန့် ရှိတယ်လို့ ဆိုထားပါတယ်။
ဒါကြောင့် မြန်မာနိုင်ငံကနေ ပြည်ပထွက်ခွာတဲ့ အရေအတွက်ဟာ အနည်းဆုံး ၄.၅ သန်းရှိပြီး အများဆုံး ၆ သန်းခန့်အထိ ရှိနေတယ်လို့ ကုလသမဂ္ဂအပါအဝင် တရားဝင် ထုတ်ပြန်ထားတဲ့ အဖွဲ့အစည်းတွေရဲ့ ကိန်းဂဏန်းအချက်အလက်တွေအရ သိရပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ၂၀၂၃ ခုနှစ် အစီရင်ခံစာအရ CDM ဝင်ထားသူ ၁ သိန်းကျော်ရှိပြီး တစ်ဝက်ထက်မနည်းဟာ ၎င်းတို့ရဲ့ မိသားစုတွေအပါအဝင် ပြည်ပကို ထွက်ပြေးတိမ်းရှောင်နေရသူများအဖြစ် ရှိနေပါတယ်။
နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်သူတွေ၊ ပညာရေး၊ ကျန်းမာရေး စတဲ့ လူမှုအဖွဲ့အစည်းအသီးသီးက NGO ဝန်ထမ်းတွေဟာ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေအပြင် တိုက်ပွဲနဲ့ ဒေသစစ်ရေးအခြေအနေတွေ၊ သူတို့ရဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေကြောင့် မြန်မာပြည်ကို စွန့်ခွာပြီး ပြည်ပကို ထွက်ခွာလာကြပါတယ်။
အဲ့ဒါတွေအပြင် လူလတ်တန်းစားလို့ ဆိုနိုင်တဲ့ အသေးစား၊ အလတ်စား ကုမ္ပဏီထောင်ထားသူတွေ၊ စားသောက်ဆိုင်လို ကိုယ်ပိုင်လုပ်ငန်းတွေနဲ့ ရပ်တည်နေသူတွေ၊ စွန့်ဦးတီထွင်ပညာရှင်တွေ၊ မြို့ပြမှာ နေနိုင်စားနိုင်တဲ့သူတွေဟာလည်း အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံကို စွန့်ခွာလာကြပါတယ်။
ပြည်ပမှာ နေထိုင်ရင်း NGO တစ်ခုမှာ အလုပ်လုပ်ကိုင်နေတဲ့ ကိုလင်းသက်ကတော့ အလုပ်အကိုင် အခွင့်အလန်းတွေ ရှားပါးလာတာ၊ စစ်တပ်ကိုသွယ်ဝိုက်ပြီးထောက်ပံ့နေတဲ့ အလုပ်တွေကို ရှောင်ရှားလိုက်ရင် အခြားအလုပ်မရှိတော့တာတွေဟာ ပြည်ပကို ထွက်လာဖြစ်တဲ့ အကြောင်းအရင်းတွေလို့ ဆိုပါတယ်။
” အခုပြောပြတာတွေရယ်၊ ပြီးတော့ ဘာလုပ်လုပ် လုံခြုံမှု မရှိသလို ခံစားလာရတာရယ် ။ ဥပမာ – ကိုယ်ပိုင် Facebook သုံးရင်တောင် မထင်ရင် မထင်သလို ဖမ်းနေတာတွေ။ အပြင်တစ်ခါသွားရင်တောင် ဖုန်းကို ရှင်းလင်းနေရတာတွေကြောင့် အန္တရာယ်မျိုးစုံဝန်းရံနေတဲ့ မြန်မာပြည်ကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တာပါ” လို့ ကိုလင်းသက်က ပြောပါတယ်။
ကိုလင်းသက်ဟာ စစ်တပ်အာဏာမသိမ်းခင်က ပြည်တွင်းအခြေစိုက် နိုင်ငံခြားအေဂျင်စီ တစ်ခုမှာ မြန်မာငွေနဲ့ ဒေါ်လာ ၁၅၀၀ လောက်ရတဲ့ Senior Graphic Designer တစ်ဦးပါ။ စစ်တပ်က အာဏာသိမ်း လိုက်ပြီးတဲ့ နောက်မှာတော့ ငွေဈေးတွေ ထိုးကျသွားတာကြောင့် ရည်တည်ဖို့ အဆင်မပြေတော့ဘူးလို့ ဆိုပါတယ်။
“စစ်တပ် အာဏာမသိမ်းခင် အချိန်ကို ပြန်ကြည့်ရင် Covid ကာလတွေမှာတောင် နေလို့ ပျော်ခဲ့ရတယ်။ အပူအပင်ရှိစရာ မလိုဘဲ ပိတ်ရက်တွေဆို ခရီးသွားမယ် ။ သူငယ်ချင်းတွေ နဲ့ ဘားသွားလိုက် ဘီယာ သောက်လိုက် အေးဆေးခဲ့တာပေါ့။ အဲဒီအခြေအနေကနေ အာဏာသိမ်းခံလိုက်ရတော့ အလုပ်အကိုင်ရော လုံခြုံရေးရော အားလုံးကမသေချာတော့ဘူး။ မနက်ဖြန်တောင် မသေချာတော့သလို ခံစားလိုက်ရတယ်” လို့ ကိုလင်းသက်က ပြောပြပါတယ်။
◼️စီးပွားရေးကျဆင်းမှုနှင့်ရန်ကုန်မြို့ပြဆင်းရဲနွမ်းပါးမှု
မြန်မာနိုင်ငံမှာ လူလတ်တန်းစားအလွှာ တဖြည်းဖြည်းလျော့နည်းလာတဲ့ အကြောင်းအရင်းတွေမှာ Brain Drain လို့ခေါ်တဲ့ ပညာတတ်တွေ၊ ကျွမ်းကျင်ပညာရှင်တွေ၊ အရည်အချင်းမြင့်သူတွေ ပြည်ပထွက်ခွာမှု များပြားလာခြင်းအပြင် ငွေကြေးဖောင်းပွခြင်း၊ ဝင်ငွေတည်မြဲမှုမရှိခြင်း၊ ပညာသင်ကြားနိုင်တဲ့အခွင့်အရေးဆုံးရှုံးခြင်း၊ ရေ၊ မီး၊ လမ်း အစရှိတဲ့ အခြေခံအဆောက်အအုံစနစ်တွေ ကောင်းမွန်မှုမရှိခြင်းနဲ့ စစ်တပ်ရဲ့အနိုင်ကျင့်အုပ်ချုပ်မှုများအောက်မှာ ဖိနှိပ်ခံနေရတာတွေလည်း ပါဝင်နေတာကို စစ်တမ်းတွေနဲ့ ဖြေကြားမှုတွေအရ သိရပါတယ်။
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံရဲ့ စီးပွားရေးအခြေ အနေဟာ အကျဘက်ကို အလျင်အမြန် ကူးပြောင်းခဲ့ပါတယ်။ အာဏာသိမ်းမှုကြောင့် နိုင်ငံတစ်ဝှမ်း အလုပ်အကိုင်အခွင့် အလမ်းများ ပျက်စီးသွားခြင်း၊ ဘဏ်စနစ်ကမောက်ကမဖြစ်ခြင်းနဲ့ နိုင်ငံတကာရဲ့ အရေးယူပိတ်ဆို့မှုတွေကြောင့် မြန်မာကျပ်ငွေ တန်ဖိုးဟာ အောက်ဆုံးအဆင့်ကို ရောက်ရှိခဲ့ပါတယ်။
အာဏာမသိမ်းခင်က အမေရိကန်တစ်ဒေါ်လာကို မြန်မာကျပ်ငွေ ၁၅၀၀ ခန့်သာရှိရာမှာ ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းမှာတော့ အမေရိကန်တစ်ဒေါ်လာ ၅၀၀၀ ကျပ်အထိ မြင့်တက်လာပါတယ်။
အဲ့ဒီလို ငွေကြေးဖောင်းပွမှု ဖြစ်ပေါ်လာတာကြောင့် ဆန်၊ ဆီ၊ ဆေးဝါး အစရှိတဲ့ နေ့စဉ်သုံးကုန်စည်တွေရဲ့ ဈေးနှုန်း တွေဟာလည်း မထိန်းနိုင်အောင် မြင့်တက်လာခဲ့ပါတယ်။
အပြည်ပြည်ဆိုင်ရာ ငွေကြေးအဖွဲ့ (IMF) နဲ့ ကမ္ဘာ့ဘဏ် (World Bank) တို့ရဲ့ ခန့်မှန်းချက်အရ ၂၀၂၄ မှာ မြန်မာနိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုနှုန်းဟာ ၂၅ ရာခိုင်နှုန်းကျော်အထိ ရှိနေတယ်လို့ ဆိုပါတယ်။
နှစ်စဉ်ဝင်ငွေတိုးလာခြင်းမရှိဘဲ ငွေကြေးဖောင်းပွမှုနဲ့ ဈေးနှုန်းတက်တဲ့ဒဏ်တွေဟာ အထူးသဖြင့် လူလတ်တန်းစားနဲ့ ပုံသေလစာဝင်ငွေသာ ရှိနေတဲ့သူများအပေါ် ပိုမိုသက်ရောက်စေခဲ့ပါတယ်။
စစ်တပ်အာဏာမသိမ်းခင် လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်က ရန်ကုန်မြို့ လူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းသာ ဆင်းရဲနွမ်းပါး သူများအဖြစ်ရှိနေပေမယ့် ၂၀၂၃ ခုနှစ်မှာတော့ ၄၃ ရာခိုင်နှုန်းအထိ မြင့်တက်လာတယ်လို့ ကုလသမဂ္ဂ အဖွဲ့အစည်းဖြစ်တဲ့ UNDP-Myanmar က ထုတ်ပြန်ထားပါတယ်။
UNDP-Myanmar ရဲ့ ၂၀၂၅ ခုနှစ် ဇွန်လမှာ ထုတ်ပြန်တဲ့ “ရန်ကုန်မြို့ပြဆင်းရဲနွမ်းပါးမှုအား လှစ်ဟ သုံးသပ်ခြင်း” ဆိုတဲ့ အစီရင်ခံစာမှာတော့ ခန့်မှန်းလူဦးရေ ၆.၂ သန်းခန့်ရှိတဲ့ ရန်ကုန်မြို့မှာ ဆင်းရဲနွမ်းပါး သူလူဦးရေ ၂ သန်းခန့် ပိုတိုးလာတာဖြစ်ပြီး၊ လက်ရှိ ရန်ကုန်မြို့လူဦးရေရဲ့ ၂.၇ သန်းခန့်ဟာ ဆင်းရဲ နွမ်းပါး မှုအခြေအနေနဲ့ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။
လူငယ်တွေဟာလည်း မိသားစုအတွက် တည်ငြိမ်တဲ့ ဝင်ငွေတစ်ခုကို ရရှိဖို့ အာမခံချက်မပေးနိုင်ပေမယ့် ဆင်းရဲမှုကနေ အမြန်လွတ်မြောက်ဖို့ အလား အလာရှိတဲ့ တစ်ခုတည်းသော နည်းလမ်းမှာ နိုင်ငံခြား တိုင်းပြည်တစ်ခုခုသို့ သွားရောက်အလုပ်လုပ်ရန်ဖို့ဆိုတဲ့ ရွေးချယ်မှုမျိုး တိုးမြင့်ရွေးချယ်လာနေတာ တွေ့ရတယ်လို့ UNDP-Myanmar ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ရန်ကုန်မှာ ယနေ့ မြင်တွေ့နေရတဲ့ ရွှေ့ပြောင်းအခြေချမှုတွေဟာလည်း သူတို့ရဲ့ မူလဒေသတွေမှာ ဆက်လက်နေထိုင်အသက်မွေးရန် ခက်ခဲလွန်းတာကြောင့် ကြံရာမရတဲ့အဆုံး အရာရာကို စွန့်ပစ်ခဲ့ရပြီး မျှော်လင့်ချက်မဲ့စွာ ရွှေ့ပြောင်းလာရခြင်းမျိုးလည်း ရှိနေတာကို ပုံစံအသစ်တစ်ခုအဖြစ်ပြောင်းလာတဲ့ ဆင်းရဲကျပ်တည်းမှုအဖြစ် မြင်တွေ့နေရတယ်လို့ UNDP-Myanmar က ဆိုပါတယ်။
◼️လူလတ်တန်းစားအရေးပါမှု
လူလတ်တန်းစားတွေဟာ လူမှုအဆင့်အတန်းတစ်ခုအတွင်းမှာ ပညာအရ၊ စီးပွားရေးအရ၊ နိုင်ငံရေးအရ တက်ကြွမှုရှိတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး၊ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေးအတွက် မဖြစ်မနေ လိုအပ်တယ် ဆိုတာကို နိုင်ငံတကာ လေ့လာမှုတွေကလည်း အတည်ပြုထားပါတယ်။
ရှေးခေတ်ဂရိတွေးခေါ်ပညာရှင် အရစ္စတိုတယ်က “နိုင်ငံရဲ့အခြေခံအုတ်မြစ်ကို အလယ်အလတ် လူတန်းစားတို့ကပင် တည်ဆောက်ကြသည်” လို့ ဆိုထားပြီး အလယ်အလတ်လူတန်းစားတွေရဲ့ အရေးပါပုံကို သူရဲ့ “Politics” စာအုပ်မှာ ရေးသားခဲ့ပါတယ်။
ဒါကြောင့် လူလတ်တန်းစားတွေဟာ ဒီမိုကရေစီကို ပုံဖော်ဖို့အတွက် မောင်းနှင်အားကောင်းတဲ့ အင်ဂျင်စက်တစ်လုံး လို့ဆိုနိုင်ပါတယ်။
“စစ်တပ်နဲ့ဆက်နွယ်သူတွေ၊ ခရိုနီတွေနဲ့ ကျွန်မတို့ တလျှောက်လုံးကြီးပြင်းခဲ့သလို အခုဆို ဆီတိုးစား၊ ဆန်တိုးစား လူထုနှစ်ရပ်ပဲကျန်တော့မှာပေါ့။ လူတန်းစားတစ်ရပ်က ဘဝကို ပေါ့ပေါ့ပါးပါး၊ လွယ်လွယ် ကူကူ ဖြတ်သန်းနေချိန်မှာ နောက်လူတန်းစားတစ်ရပ်က မနက်ဖြန် ဘာဖြစ်မယ်ဆိုတာကို မတွေးနိုင်အောင် ရုန်းကန်အလုပ်လုပ်ရမယ်။ နိုင်ငံလွတ်လပ်ဖို့တွေ၊ သားသမီးတွေရဲ့ ပညာရေး စီမံခန့်ခွဲဖို့ ဘာမှ တွေးနိုင်မှာမဟုတ်တော့ဘူး။ လွတ်လပ်စွာ တွေးခေါ်ခွင့်ကိုတောင် စစ်တပ်က ခြယ်လှယ်သွားမှာ” လို့ CDM ဆရာမ မြကြေးမုံက ထောက်ပြပါတယ်။
လူလတ်တန်းစားတွေ ပျောက်ဆုံးမှုနဲ့ ကွာဟမှုဟာ ပစ္စည်းမဲ့ဒေါသတွေကို ဖြစ်လာနိုင်စေပြီး ဘာသာရေးအရဖြစ်စေ၊ နိုင်ငံရေးအရ ဖြစ်စေ ရုတ်တရက် ထပေါက်ကွဲလာနိုင်တာမျိုး ဖြစ်နိုင်တယ်လို့ ၁၀ စုနှစ်တစ်စုကျော်ကြာ လုပ်ငန်းအရ၊ ပညာရေးအရ အတွေ့အကြုံရှိတဲ့ မန္တလေးဒေသခံ စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက ဆိုပါတယ်။
“လူတန်းစားကွာဟမှုက ပစ္စည်းမဲ့ဒေါသတွေ အများကြီးဖြစ်လာနိုင်တယ်။ အခုမြန်မာနိုင်ငံမှာ ကြုံနေရတဲ့ ခိုးမှု လုယက်မှုတွေ၊ လိမ်လည်မှုတွေ၊ လူသတ်ဓားပြတိုက်မှုတွေ နေ့စဉ်ရက်ဆက် ဖြစ်လာတာမျိုး၊ နောက် မထူးဇာတ်ခင်းတဲ့ လူတွေ ရှိလာမယ်။ လောလောဆယ်တော့ မထူးဇာတ်ခင်းမဲ့ လူတွေက စားလို့ဖြစ်ရုံ စားလို့ရရုံ နေနိုင်သေးတယ်” လို့ သူက သုံးသပ်ပါတယ်။