အာဏာသိမ်း ဒိုင်ယာရီ

နိုဝင်ဘာ ၂၃၊ ၂၀၂၁။ (အင်္ဂါ)

မန္တလေးမြို့မှာလှုပ်ရှားသွားလာနေတဲ့သူတွေအကုန်စစ်ကောင်စီရဲ့အဓိပ္ပါယ်မရှိတဲ့အမိန့်တွေကြောင့်ဒုက္ခရောက်နေကြတယ်။မန္တလေးဟာမြန်မာနိုင်ငံမှာဆိုင်ကယ်အများဆုံးမြို့တော်ပါ။အဲ့ဒီလိုမြို့မှာဆိုင်ကယ်ကိုနှစ်ယောက်မစီးရအမိန့်ထုတ်တယ်။စစ်ကောင်စီတပ်သားတွေကိုဆိုင်ကယ်တွေလဲလာရောက်ပစ်ခတ်သွားလို့အကြောက်လွန်နေကြတယ်။အမိန့်ထုတ်ရုံနဲ့မပီးသေးဘူး။အစစ်အဆေးတွေအရမ်းကြမ်းနေတယ်။လိုင်စင်၊ဝှီးတက်အပြည့်အစုံပါလဲအပစ်ရှာပြီးငွေညစ်တယ်၊ဆိုင်ကယ်ပါသိမ်းတယ်။နောက်ဆုံးအပစ်ရှာမရရင်နှာခေါင်းစည်းတပ်လဲဖမ်းတယ်၊မတပ်လဲဖမ်းတယ်။စစ်ဆေးရေးရှိလို့အနားရောက်မှရှောင်မောင်းရင်လဲအမေးမြန်းမရှိပစ်ခတ်သေးတယ်။တကယ့်ကိုတရားလက်လွတ်ပြုမူနေကြတယ်။နေ့စဉ်ဆိုင်ကယ်ကိုသာအားပြုနေရတဲ့တမြို့လုံးကပြည်သူတွေဟာသွားရလာရတာအဆင်မပြေတော့ဘူး။ ဆင်ခြင်တုံတရားမရှိတဲ့ကောင်တွေရဲ့အနိုင်ကျင့်တွေအောက်ကဘယ်တော့မှလွတ်မြောက်မှာလဲ။

Read moreDetails

နိုဝင်ဘာ ၂၂၊ ၂၀၂၁။ (တနင်္လာ)

NUGရဲ့ဒေါ်လာသန်းတစ်ထောင်ဖိုးတန်ဖိုးရှိတဲ့ငွေတိုက်စာချုပ်တွေဒီနေ့စတင်ရောင်းချတယ်။ပထမအသုတ်အဖြစ်သန်းနှစ်ရာဖိုးအရင်ရောင်းမှာဖြစ်တယ်။ခုလောလောဆယ်တော့ပြည်တွင်းမှာမရသေးပဲပြည်ပကပဲဝယ်လို့ရဦးမယ်။ဒါတောင်ပထမဆုံးသုံးနာရီအတွင်းမှာပဲဒေါ်လာသုံးသန်းကျော်ဖိုးရောင်းလိုက်ရတယ်။နိုင်ငံတကာကမြန်မာတွေရဲ့အားပေးမှုဟာကြောက်ခမန်းလိလိပဲ။ပြည်တွင်းကပြည်သူတော်တော်များများလဲဝယ်ယူဖို့စိတ်ဝင်စားနေကြတယ်။ဒေါ်လာတစ်ရာဖိုးကစဝယ်လို့ရတယ်ဆိုတော့တော်တော်များများအတွက်လက်လှမ်းမှီတယ်လေ။ ငွေတိုက်စာချုပ်တွေများများနဲ့မြန်မြန်ရောင်းရလေ၊တော်လှန်ရေးအတွက်အထောက်အကူဖြစ်လေပဲ။NUGကတော့ဒါဟာတော်လှန်ရေးတဆစ်ချိုးလို့ပြောထားတယ်။အဲ့ဒီကရတဲ့ငွေတွေကိုဘာအတွက်သုံးမလဲဆိုတာတော့ပြောစရာမလိုပဲလူတိုင်းသဘောပေါက်ကြတယ်။ဒါကြောင့်ကြိတ်ကြိတ်တိုးဝယ်ယူအားပေးနေကြတာပေါ့။

Read moreDetails

နိုဝင်ဘာ ၂၁၊ ၂၀၂၁။ (တနင်္ဂနွေ)

အာဆီယံတရုတ်ထိပ်သီးအစည်းအဝေးပွဲမှာအကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုမဖိတ်ဖို့ဆုံးဖြတ်လိုက်တယ်။တရုတ်အနေနဲ့စစ်ခေါင်းဆောင်ကိုနေရာပေးဖို့ကြိုးစားပါသေးတယ်။ဒါပေမယ့်အာဆီယံနိုင်ငံတွေကလက်မခံကြဘူး။အထူးသဖြင့်စင်ကာပူ၊မလေးရှား၊အင်ဒိုနီးရှားနဲ့ဘရူနိုင်းနိုင်ငံတွေပေါ့။ဘုံသဘောတူညီချက်ငါးချက်ကိုအကောင်အထည်မဖော်သ၍စစ်ခေါင်းဆောင်ကိုအာဆီယံရဲ့ဘယ်အစည်းအဝေးကိုမှတက်ခွင့်မပေးဖို့ဆုံးဖြတ်ထားကြပုံပေါ်တယ်။ပီးခဲ့တဲ့အပတ်ကတရုတ်ကိုယ်စားလှယ်မြန်မာပြည်လာတာအဲ့ဒီကိစ္စပဲ။ဒါပေမယ့်သူ့ရဲ့ခရီးစဉ်မအောင်မြင်လိုက်ဘူးပေါ့။ စစ်ကောင်စီကတော့ဆက်လက်ခေါင်းမာနေဦးမှာပဲ။အစည်းအဝေးတွေမတက်ရလဲဂရုစိုက်မယ့်ပုံမပေါ်ဘူး။ကြာရင်သူတို့အတွက်နေသားတောင်ကျသွားဦးမယ်။ဒီထက်ပိုပြီးပြင်းထန်တဲ့အရေးယူမှုတွေလုပ်ဖို့လိုတယ်။

Read moreDetails

နိုဝင်ဘာ ၂၀၊ ၂၀၂၁။ (စနေ)

အရင်ရက်တွေကစစ်ကိုင်းတိုင်းအထက်ပိုင်းမှာပွဲတွေကောင်းခဲ့သလိုဒီရက်ပိုင်းမှာလဲမကွေး-စစ်ကိုင်းအစပ်နယ်မြေတွေမှာတိုက်ပွဲတွေပြင်းထန်နေတယ်။စစ်ကောင်စီဘက်ကထုံးစံအတိုင်းရဟတ်ယာဥ်တွေပါသုံးနေရတယ်ဆိုတော့အထိနာနေတယ်ဆိုပါတော့။ ထိုနယ်မြေမှာပဲရှေ့တန်းကပြန်လာတဲ့ပြည်သူ့ကာကွယ်ရေးတပ်တွေကိုဒေသခံပြည်သူတွေကသပြေပန်းတွေနဲ့သောင်းသောင်းဖျဖျကြိုဆိုနေကြတဲ့ပုံတွေတက်လာတယ်။အဲ့ဒီပုံတွေတွေ့တော့ဟိုးအရင်ငယ်စဉ်တုန်းကတီဗီမှာမကြာခဏပါလာတတ်တဲ့တပ်မတော်သားတွေကိုပြည်သူကကြိုဆိုကြတဲ့ပုံရိပ်တွေကိုပြန်သတိရမိတယ်။အခုတော့ပြောင်းပြန်တွေဖြစ်ကုန်ပြီ။မြန်မာ့တပ်မတော်ဆိုတဲ့အဖွဲ့အစည်းကြီးတစ်ခုလုံးဟာအကြမ်းဖက်သူပုန်တွေဖြစ်ကုန်ကြပြီ။တစ်နိုင်ငံသူတို့ကိုလက်မခံပဲတော်လှန်ပုန်ကန်နေကြပြီ။

Read moreDetails

နိုဝင်ဘာ ၁၉၊ ၂၀၂၁။ (သောကြာ)

မနေ့ကရန်ကုန်မှာPDFတွေဖမ်းဆီးခံရတာနဲ့မရှေးမနှောင်းပဲNLDလွှတ်တော်အမတ်ကိုဖြိုးဇေယျာသော်အဖမ်းခံလိုက်ရတယ်။ပီးခဲ့တဲ့လကကိုဂျင်မီအဖမ်းခံရပြီးနောက်ဒုတိယမြောက်ခေါင်းဆောင်ပိုင်းကတစ်ယောက်ဖမ်းဆီးခံရတာပဲ။သူတို့နှစ်ယောက်စလုံးဟာရန်ကုန်မြို့ပြပျောက်ကျားတိုက်ပွဲတွေအတွက်အနီးကပ်တာဝန်ယူနေတယ်လို့ယူဆရတယ်။တော်လှန်ရေးအတွက်တော့ကြီးမားတဲ့ဆုံးရှုံးမှုပဲ။ ဒီရက်ပိုင်းမှာPDFတွေအတွက်စိတ်မကောင်းစရာသတင်းတွေဆက်နေတယ်။ရန်ကုန်မှာတော်လှန်ရေးအတွက်စိတ်ဓာတ်ကျစရာတွေဆက်တိုက်ဖြစ်နေပေမယ့်ရန်ကုန်သူရန်ကုန်သားတွေကတော့ပျော်ပျော်ပါးပါးတန်ဆောင်တိုင်ပန့်သကူကောက်လို့ကောင်းနေတုန်းပဲ။အသက်တွေ၊ဘဝတွေရင်းပြီးတကယ်လုပ်နေတဲ့သူတွေကိုအားနာဖို့ကောင်းတယ်။ဒီပုံတိုင်းဆိုရန်ကုန်အပါအဝင်တချို့မြို့ကြီးတွေဟာစစ်ကောင်စီရဲ့အလုံးစုံထိန်းချုပ်မှုအောက်ကိုရောက်သွားလိမ့်မယ်။

Read moreDetails

နိုဝင်ဘာ ၁၈၊ ၂၀၂၁။ (ကြာသပတေး)

ရန်ကုန်မှာPDFလေးဆယ်ကျော်ခန့်ဖမ်းမိကြောင်းစစ်ကောင်စီကသတင်းထုတ်ပြန်တယ်။တကယ်လဲ PDFနှစ်ဆယ်ကျော်ပါသွားတယ်လို့သိရတယ်။သူတို့ထဲမှာမှဗားကရာ၊သန်လျင်တံတား၊ထန်းတပင်ပစ်ခတ်မှာတွေမှာပါဝင်ခဲ့သူတွေပါသွားတယ်လို့သတင်းတွေထွက်နေပေမယ့်အတည်ပြုလို့တော့မရသေးပါဘူး။ ဖမ်းဆီးခံရမှုတွေဟာအရင်ဖမ်းမိထားသူတွေရဲ့အချိတ်အဆက်တွေ၊ဒါမှမဟုတ်လမ်းမကြီးတွေပေါ်ကCCTVတွေ‌ကြောင့်ပဲ။ရန်ကုန်မန္တလေးလိုမြို့ကြီးတွေမှာUGလုပ်ရတာလွယ်ကူမနေပါဘူး။နေရထိုင်ရလှုပ်ရှားရတာအခက်အခဲတွေအများကြီးရှိတယ်။Missionတစ်ခုအောင်မြင်ဖို့ရင်းနှီးရတာအရမ်းများလွန်းတယ်။အခုလိုအရေအတွက်များများပါသွားတဲ့အတွက်မြို့ပြပျောက်ကြားတော်လှန်ရေးကိုအားလျော့စေတာတော့အမှန်ပဲ။

Read moreDetails

နိုဝင်ဘာ ၁၇၊ ၂၀၂၁။ (ဗုဒ္ဓဟူး)

ကလေးမြို့ကPDFစခန်းတစ်ခုစစ်သူပုန်တွေဝင်စီးတာခံလိုက်ရတယ်။တိုက်ခိုက်ခံရချိန်စခန်းမှာဆေးတပ်သားမိန်းကလေးများသာရှိနေပြီးကျန်တဲ့တပ်သားတွေရှေ့တန်းထွက်နေကြတယ်။အဲ့ဒါကြောင့်မိန်းကလေးရှစ်ဦးအဖမ်းခံလိုက်ပြီးကျန်ခဲ့တဲ့ရဲဘော်ယောကျ်ားလေးနှစ်ဦးကတော့အသတ်ခံလိုက်ရတယ်။ ကယားမှာလဲPDF၁၀ဦးခန့်သာကင်းပုန်းဝတ်နေတဲ့နေရာကိုစစ်သူပုန်တစ်ရာခန့်ကဝင်စီးလို့အကျအဆုံးတွေရှိခဲ့တယ်။ကျဆုံး၊ဖမ်းဆီးခံရတဲ့လူငယ်လေးတွေဟာတက္ကသိုလ်ကျောင်းသားအရွယ်လေးတွေပါ။တချို့တွေဆိုကျောင်းတက်လက်စပဲရှိသေးတယ်။မင်းအောင်လှိုင်အာဏာရူးလို့တိုင်းပြည်ရဲ့အနာဂတ်လေးတွေကြွေလွှင့်နေပြီ။

Read moreDetails

နိုဝင်ဘာ ၁၆၊ ၂၀၂၁။ (အင်္ဂါ)

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီရဲ့ပထမဆုံးသတင်းစာရှင်းလင်းပွဲကိုဒီနေ့ကျင်းပတယ်။ NUCCဆိုတာNUGကိုမွေးဖွားပေးလိုက်တဲ့နေရာပဲ။CRPH၊EAO၊တိုင်းရင်းသားခေါင်းဆောင်တွေ၊သပိတ်အဖွဲ့တွေ စသဖြင့်စုပေါင်းဖွဲ့စည်းထားတဲ့အမြင့်ဆုံးအဖွဲ့အစည်းတစ်ခုပဲ။သူ့ရဲ့အဓိကရည်ရွယ်ချက် ဖြစ်တဲ့ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်တစ်ရပ်စစ်မှန်စွာပေါ်ထွန်းလာဖို့လုပ်ဆောင်နေတယ်။ အခုသတင်းစာရှင်းလင်းပွဲမှာတော့ရှေ့ဆက်သွားမယ့်လုပ်ငန်းစဉ်တချို့ကိုတင်ပြသွားတယ်။နောက်လထဲမှာပြည်သူ့ညီလာခံကြီးတစ်ခုလုပ်မယ်ပြောတယ်။ဘယ်လိုပုံစံနဲ့လုပ်မလဲတော့မသိသေးဘူး။NUCC အောင်မြင်လာတာနဲ့အမျှနိုင်ငံရဲ့အနာဂတ်ဟာပိုမိုအာမခံချက်ရှိမှာပဲ။

Read moreDetails

နိုဝင်ဘာ ၁၅၊ ၂၀၂၁။ (တနင်္လာ)

ဧရာဝတီတိုင်းမှာချောင်းသာကမ်းခြေကနေပုသိမ်ကိုပြန်လာတဲ့စစ်ကောင်စီခန့်ဝန်ကြီးယာဉ်တန်းအလစ်ဝင်ရောက်တိုက်ခိုက်ခံလိုက်ရတယ်။လုံခြုံရေးလိုက်ပါလာတဲ့စစ်သားဆယ်ဦးခန့်သေဆုံးသွားပြီးဝန်ကြီးရဲ့အခြေအနေကိုတော့မသိရှိရသေးဘူး။ပုသိမ်ကလိုက်လာတဲ့စစ်ကူတပ်တွေကတော့တိုက်ခိုက်ခံရတဲ့နေရာတဝိုက်ကိုတောနင်းပြီးရှာဖွေနေကြတယ်။PDFတွေကတော့လျင်မြန်သွက်လက်စွာနဲ့တပ်ဖျောက်သွားကြပြီ။ ပြီးခဲ့တဲ့လကလဲစစ်ကိုင်းတိုင်းကPDFတွေကိုသုံးလအတွင်းအပြတ်ရှင်းမယ်လို့ကြွေးကြော်နေတဲ့စစ်ဗိုလ်ချုပ်သန်းလှိုင်ရဲ့ယာဥ်တန်းတိုက်ခိုက်ခံရသေးတယ်။ဗိုလ်သန်းလှိုင်လဲအဲ့ဒီနောက်ပိုင်းအသံတိတ်သွားတော့တာပဲ။ အခုဆိုရင်စစ်ကောင်စီရဲ့ထိပ်ပိုင်းပုဂ္ဂိုလ်တွေကိုယ်တိုင်တိုက်ခိုက်ခံနေရပြီ။စစ်ခေါင်းဆောင်မင်းအောင်လှိုင်တောင်မှပဲသွားမယ့်လမ်းကြောင်းတွေကိုအချိန်ကပ်မှထုတ်ပြန်တယ်လို့ကြားရတယ်။တပ်တွင်းဖရဲသီးတွေကြောင့်သတင်းပေါက်ကြားမှုကလဲဆက်တိုက်ဆိုသလိုပဲ။သူတို့ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့လုံခြုံရေးတောင်စိုးရိမ်စရာဖြစ်လာပြီ။

Read moreDetails

နိုဝင်ဘာ ၁၄၊ ၂၀၂၁။ (တနင်္ဂနွေ)

ရန်ကုန်၊မုံရွာ၊မိထ္တီလာ၊ထားဝယ်စတဲ့မြို့တွေနဲ့နိုင်ငံတဝန်းကတချို့မြို့ကြီးတွေမှာဆိုင်ကယ်စီးရင်ယောကျ်ားလေးနှစ်ယောက်မစီးရဆိုတဲ့ကြောင်တောင်တောင်အမိန့်ကိုစစ်ကောင်စီကထုတ်ပြန်လိုက်တယ်။မြို့ပေါ်ကသူတို့ကင်းစခန်းတွေကိုဆိုင်ကယ်နဲ့အလစ်ဝင်ရောက်တိုက်ခိုက်သွားတတ်လို့အကြောက်လွန်နေတာဖြစ်မယ်။အမိန့်ကိုမလိုက်နာရင်အမေးမြန်းမရှိပစ်ခတ်မယ်ဆိုတာပါသေးတယ်။ ရန်ကုန်မှာဆိုအရင်ထဲကဆင်ခြေဖုံးမြို့နယ်တွေမှာနားလည်မှုနဲ့သွားလာနေတဲ့ဆိုင်ကယ်တွေကိုတောက်လျောက်ဖမ်းနေတာပါ။ဆိုင်ကယ်သမားတွေလဲကျီးလန့်စာစားသွားနေရတာ။ထိုကြောင်တောင်တောင်အမိန့်ဟာစားစရာမရှိလို့ဆိုင်ကယ်ကယ်ရီဆွဲနေရတဲ့လူတန်းစားတွေကိုအဓိကထိခိုက်စေလိမ့်မယ်။ စစ်သူပုန်တွေဟာသေနတ်ကြီးတကားကားနဲ့ပြည်သူတွေကြားဘယ်ကပေါ်လာမှန်းမသိတဲ့ရန်သူကိုဒူးတုန်အောင်ကြောက်နေရပြီ။သူတို့ဘာအမိန့်ပဲထုတ်ထုတတ်တိုက်ခိုက်မှုတွေကလျော့ကျသွားမှာမဟုတ်ဘူး။

Read moreDetails
Page 140 of 170 1 139 140 141 170

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist