Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

စက်တင်ဘာမှာကျင်းပမယ့်ကုလသမဂ္ဂအထွေထွေညီလာခံမှာတရားဝင်အသိအမှတ်ပြုမှုရအောင် NUG နဲ့ SAC ဘယ်လိုယှဉ်ပြိုင်ကြမလဲ

မူရင်းရေးသားသူများအား Credit ပေးထားပါတယ်။

July 6, 2021
in သုံးသပ်ချက်များ
Reading Time:2 mins read
Share on FacebookShare on Twitter

တရားဝင်အစိုးရဖြစ်ရန်လိုအပ်ချက်များနှင့်NUGနှင့်SACတို့အပေါ်နိုင်ငံတကာ၏
အသိအမှတ်ပြုမှုအတိုင်းအတာ

Credit – Lawgical Myanmar

အာဏာသိမ်းပြီး ငါးလကြာသည်အထိNUGအဖွဲ့ဝင်တွေကနေ့စဉ်အွန်လိုင်းမှတဆင့် meeting ထိုင်နေတာတွေ တွေ့မြင်ရတဲ့အခါ နိုင်ငံတကာအသိအမှတ်ပြုမှု ဘယ်လောက်အတိုင်းအတာထိ ရရှိနေပြီလဲ။ နိုင်ငံတကာအသိအမှတ်ပြုမှု ရရှိလာဦးမှာလား စသည်ဖြင့် ပြည်သူတွေက အားမလိုအားမရဖြစ်ကာ NUG ရဲ့ နိုင်ငံတကာအသိအမှတ်ပြုမှုအပေါ် မေးခွန်းထုတ်လာတာတွေ ကျယ်ကျယ်ပြန့်ပြန့်တွေ့ရပါတယ်။ သာမန်အားဖြင့် လွှတ်တော်သက်တမ်းတစ်ခုကုန်လို့ အစိုးရအသစ်တစ်ရပ်က ၎င်းနိုင်ငံရဲ့ ဥပဒေတွေနဲ့အညီ တက်ရောက်လာတဲ့အခါ ထိုအစိုးရကို နိုင်ငံတကာအသိအမှတ်ပြုဖို့က မလိုအပ်ပေမယ့် အာဏာသိမ်းအစိုးရ၊ တော်လှန်ရေးအစိုးရတွေ တက်လာတဲ့အခါ၊ ယခုလို နိုင်ငံတစ်နိုင်ငံတည်းမှာ အစိုးရနှစ်ရပ်ပေါ်ပေါက်လာတဲ့ အခါမှာတော့ အစိုးရကိုအသိအမှတ်ပြုခြင်း (recognition of government) က အရေးပါလာပါတယ်။

အစိုးရသစ်တစ်ခုအပါ် အသိအမှတ်ပြုတဲ့ပုံစံကို
express recognition နဲ့ tacit recognition ဆိုပြီး နှစ်မျိုးခွဲနိုင်ပါတယ်။

Express recognition
================

Express recognition လို့မှတ်ယူနိုင်တဲ့ အခြေအနေ ၄ မျိုးရှိပါတယ်။

(၁) အစိုးရအသစ်ကို အသိအမှတ်ပြုဆက်ဆံမည်ဖြစ်ကြောင်း တရားဝင်စာပေးပို့၍ဖြစ်စေ (ထိုစာထဲတွင် “recognition”စာလုံးမပါလည်းရသည်)
(၂) ထိုအစိုးရရဲ့ အကြီးအကဲ၊ နိုင်ငံခြားရေးဝန်ကြီးတွေကို နှုတ်အားဖြင့်ပြောခြင်းဖြင့်ဖြစ်စေ
(၃) ထိုအစိုးရနဲ့ သဘောတူစာချုပ်တွေ ချုပ်ဆိုခြင်းဖြင့်ဖြစ်စေ
(၄)ထိုအစိုးရနဲ့ပူးတွဲကြေညာချက်တစ်ခုထုတ်ပြန်ခြင်းဖြင့်ဖြစ်စေအသိအမှတ်ပြုကြောင်းပြသလေ့ရှိကြပါတယ်။

အထက်ဖော်ပြတဲ့နည်းတွေထဲက တစ်နည်းနည်းနဲ့ အသိအမှတ်အပြုခံရရင် express recognition လို့မှတ်ယူနိုင်ပါတယ်။

Tacit recognition
=============

Tacit recognition ဆိုတာက အတိအလင်း အသိအမှတ်ပြုတာမျိုး မဟုတ်ပေမဲ့ သွယ်ဝိုက်သောနည်းအရ အသိအမှတ်ပြုကြောင်းပြသခြင်းကို ဆိုလိုပါတယ်။ ထိုအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်လိုတဲ့စိတ်နဲ့ သံတမန်ရေးရာဆက်ဆက်ဆံရေးကို တည်ဆောက်ခြင်း၊ consular relations တည်ဆောက်ခြင်း၊ နှစ်နိုင်ငံခြား bilateral စာချုပ်တွေချုပ်ဆိုခြင်း စတာတွေပြုလုပ်ခြင်းသည်လည်း ထိုအစိုးရကို tacit recognition ပေးရာရောက်ပေသည်။

express နည်းအရဖြစ်ဖြစ် tacit နည်းအရဖြစ်ဖြစ် အသိအမှတ်ပြုခံရမှုရဲ့ ခိုင်မာမှု (validity) တန်ဖိုးကတော့ အတူတူပဲဖြစ်ပါတယ်။

နိုင်ငံတကာအသိအမှတ်ပြုမှုကို အထက်ပါ နည်းလမ်း ၂ခုအပြင် De jure recognition နဲ့ De facto recognition ဆိုပြီး ထပ်မံခွဲခြားနိုင်ပါသေးတယ်။

De jure recognition ဆိုတာက ဥပဒေအရ အသိအမှတ်ပြုမှု (as a matter of law) ဟုဆိုနိုင်ပြီး de facto ဆိုတာက အကြောင်းအချက်အလက်အရ အသိအမှတ်ပြုမှု (in point of fact) ဖြစ်ပါတယ်။ de jure recognition က de facto recognition ထက်ပိုပြီးအားသာပါတယ်။

de jure recognition သည် permanent ဖြစ်ကာ ရုတ်သိမ်းဖို့ခက်ခဲပြီး de facto recognition ကတော့ temporary ဖြစ်ကာ ရုတ်သိမ်းရန်လည်းလွယ်ကူပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့လို နိုင်ငံတကာအဖွဲ့အစည်းတစ်ခုခုက အသိအမှတ်ပြုတဲ့ ” collective recognition ” ပုံစံမျိုးနဲ့ အသိအမှတ်ပြုတဲ့အခါ de jure နည်းအရရော de facto နည်းအရရော တခါတည်း လွှမ်းခြုံသွားပါတယ်။ ဒါပေမယ့် နိုင်ငံအများစုဟာ de facto နည်းနဲ့အရင် အသိအမှတ်ပြုလေ့ရှိပြီး အစိုးရတစ်ရပ်ရဲ့ လိုအပ်ချက်တွေပြည့်စုံလာတဲ့အခါ de jure နည်းနဲ့ အသိအမှတ်ပြုလေ့ရှိကြပါတယ်။

သာဓကအနေနဲ့ ဗြိတိန်နိုင်ငံက ဆိုဗီယက်ပြည်ထောင်စုရဲ့အစိုးရကို ၁၉၂၁ခုနှစ်တွင် de facto အရအသိအမှတ်ပြုပြီး နောက် ၃နှစ်အကြာ ၁၉၂၄ခုနှစ်ရောက်မှသာ de jure နည်းအရ အသိအမှတ်ပြုခဲ့ပါတယ်။

မှတ်ချက်။ ။de jure နှင့် de facto တို့သည် နာမဝိသေသနများသာဖြစ်သည်။ ၎င်းနောက်တွင် နာမ် ( eg. recognition, government, control,etc) ကပ်၍သုံးစွဲမှသာ ပြည့်စုံပေလိမ့်မည်။

တရားဝင်အစိုးရတစ်ရပ်ဖြစ်ဖို့ လိုအပ်တဲ့စံနှုန်းတွေကို သီးခြားသတ်မှတ်ထားခြင်းမရှိတဲ့အတွက် နိုင်ငံတွေကျင့်သုံးလေ့ရှိတဲ့ state practices တွေအပေါ်မှီခိုပြီး ဖော်ပြသွားပါမယ်။
နိုင်ငံတစ်ခုနဲ့တစ်ခု ကျင့်သုံးပုံခြင်းကလည်း ကွာခြားမှုတွေရှိတာကြောင့် တရားဝင်အစိုးရတစ်ရပ်အဖြစ် ဘယ်လိုအခါမှာ အသိအမှတ်ပြုကြလဲဆိုတာကို နိုင်ငံအများစုကိုခြုံငုံနိုင်မယ့် doctrine သုံးခုကို ကိုးကားပြီး ချဉ်းကပ်သွားပါမယ်။

Traditional Approach
(Doctrine of Effective Control)
========================

(က) အစိုးရတစ်ရပ်ဟာ de facto ပိုင်းအရ နယ်မြေထိန်းချုပ်မှုရှိလား၊ နိုင်ငံ့ယန္တရားတွေကို လည်ပတ်နိုင်လား၊ အဲ့လိုထိန်းချုပ်နိုင်မှုကရော တည်ငြိမ်ပြီး ရေရည်ရပ်တည်နိုင်လား
(ခ) ၎င်းရဲ့အုပ်ချုပ်မှုကို ကြီးမားတဲ့ဆန့်ကျင်မှုတွေလူထုက မပြုလုပ်ဘဲ၊ အဲ့အစိုးရအပေါ် လူထုထောက်ခံမှုရှိလား၊
(ဂ) နိုင်ငံတကာဥပဒေ၊ စာချုပ်တွေအရ ဖြစ်လာတဲ့ obligations တွေကိုရော လိုက်နာလိုတဲ့ဆန္ဒရှိလား။

နိုင်ငံတွေဟာ အစိုးရတစ်ရပ်ကို traditional approach အရ အသိအမှတ်ပြုမပြုကို အထက်ပါ စံနှုန်း ၃ ခုနဲ့ ချိန်ထိုးဆုံးဖြတ်လေ့ရှိတယ်။ ထိုစံနှုန်း၃ခု ရဲ့အရေးပါမှုlevelကလည်းအစဉ်လိုက်အတိုင်းပဲဖြစ်တယ်။ ထိုအစိုးရဟာ စံနှုန်း (ခ) နဲ့ (ဂ) ပြည့်မီတယ်ဆိုရင်တောင် စံနှုန်း (က) ဖြစ်တဲ့ de facto control မရှိဘူးဆိုရင် အသိအမှတ်ပြုဖို့ကို နိုင်ငံတွေက လက်တွန့်ကြပါတယ်။

Tobar Doctrine (Doctrine of Legitimacy)
============

Tobar Doctrine အရတော့ အစိုးရတစ်ရပ်ကို အသိအမှတ်ပြုခြင်းအပေါ် ထိုအစိုးရဟာ ရွေးကောက်ပွဲကတက်လာတဲ့အစိုးရ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေအညီ ဖြစ်ပေါ်လာတဲ့အစိုးရ ဖြစ်မဖြစ်အပေါ် မူတည်ပြီး ဆုံးဖြတ်ကြတယ်။ ဒီ doctrine ဟာ democratic government တွေအတွက် ရည်ရွယ်ပြီး ပေါ်ပေါက်လာတာ ဖြစ်တဲ့အတွက် လက်တွေ့မှာ စိန်ခေါ်မှုတွေများစွာ တွေ့ရလေ့ရှိတယ်။ အစိုးရတစ်ရပ်ဟာ ရွေးကောက်ပွဲက တက်လာသည်ဆိုရုံမျှဖြင့် မလုံလောက်သေးသောကြောင့် ဒီ doctrine ကိုလက်ခံတဲ့နိုင်ငံကတော့ အတော်နည်းပါးပါတယ်။

Estrada doctrine
=============

နိုင်ငံတကာဥပဒေတွင် primary legal entity မှာ state ဖြစ်ပေတယ်။ အစိုးရမှာ ထို state ၏ကိုယ်စားပြုဖြစ်ပေတယ်။ အသိအမှတ်ပြုခြင်းဆိုရာမှာ new states တွေကို အသိအမှတ်ပြုတာနဲ့ new governments တွေကို အသိအမှတ်ပြုတာဆိုပြီး နှစ်မျိုးနှစ်စားရှိရာ Estrada doctrine ဟာ နိုင်ငံတွေကိုသာ အသိအမှတ်ပြုမပြု ဆုံးဖြတ်မယ်။ အစိုးရကို အသိအမှတ်ပြုမပြု ဆုံးဖြတ်ဖို့ဆိုတာ သူတို့နဲ့မဆိုင်ဘူး။ အစိုးရတစ်ရပ်ကို အသိအမှတ်ပြုလိုက်ခြင်း၊ အသိအမှတ်မပြုဘဲနေခြင်းဟာ ထိုနိုင်ငံရဲ့ national sovereignty ကိုထိပါးရာ ရောက်သည်ဟု ယူဆကြတယ်။ ထို Estrada doctrine ကို နိုင်ငံအများစုက လက်ခံကျင့်သုံးနေကြပြီး နိုင်ငံတစ်ခုမှာ ဘယ်အစိုးရတက်တက် မိမိနှင့် မဆိုင်သလိုနေလေ့ရှိကြတယ်။

အစိုးရတစ်ရပ်ကို အသိအမှတ်ပြုဖို့ရာ ဆုံးဖြတ်တဲ့အခါ နိုင်ငံတိုင်းလိုလို အထက်ပါ doctrine သုံးခုထဲမှ တစ်ခုခုအောက်တွင် အကျုံးဝင်နေတတ်ပါသည်။ ယခုတောက်လျှောက် NUG ရဲ့ပြောဆိုချက်များဟာ Tobar Doctrine နှင့် အံဝင်ဂွင်ကျဖြစ်နေတာ တွေ့ရပါတယ်။ “ရွေးကောက်ပွဲမှ တက်လာသောအစိုးရဖြစ်သည်။ မိမိတွင် legitimacy ရှိသည်။” ဆိုသောအချက်များကို ကိုင်ဆွဲကာ ဒီမိုကရက်တစ်နိုင်ငံများ၏ အသိအမှတ်ပြုမှုကို ရယူရန် ကြိုးပမ်းလာခဲ့တာ ယနေ့အထိပင်ဖြစ်တယ်။ သို့သော် legitimacy စံနှုန်း တစ်ခုတည်းရှိရုံမျှဖြင့် တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုဖို့ရာ မဖြစ်နိုင်သည်မှာ အထင်းသားဖြစ်နေတယ်။ တဖန် Estrada doctrine ကိုလက်ကိုင်ထားကာ NUG ကို အသိအမှတ်ပြုဖို့အရေး ရေငုံနှုတ်ပိတ်နေသော နိုင်ငံများစွာရှိနေသည်ကိုလည်း သတိချပ်သင့်ပေတယ်။ Effective Control doctrine အရကြည့်မည်ဆိုလျှင် NUG တွင် လူထုထောက်ခံမှုနှင့် international obligations များကို လိုက်နာရန်ဆန္ဒစသည့် စံနှုန်းများဖြင့်ကိုက်ညီသည်ဟု မှတ်ယူနိုင်သော်လည်း အရေးကြီးဆုံးစံနှုန်းဖြစ်သည့် de facto control မှာမူ ယနေ့ထိမရှိသေးကြောင်းတွေ့ရတယ်။ မြန်မာ့အရေး အလေးထား စိတ်ဝင်စားသော နိုင်ငံများအနေဖြင့် de facto control မရှိသေးသော NUG ကိုအသိအမှတ်ပြုဖို့ရာ မဝံ့ရဲပေ။

သာဓကအနေဖြင့် Tinoco Arbitration Case (Great Britain v. Costa Rica) တွင် Costa Rica မှာ ၁၉၁၇ ၌ အာဏာသိမ်း Tinoco အစိုးရတက်လာပြီး ၂နှစ်ကြာ အုပ်ချုပ်ခဲ့တယ်။ ၁၉၁၉ မှာ အစိုးရအသစ်တက်လာသောအခါ ယခင်အစိုးရနဲ့ ချုပ်ဆိုခဲ့တဲ့ စီးပွားရေးစာချုပ်များဟာ ပျက်ပြယ်ပါတယ်လို့ ကြေညာခဲ့တယ်။ ဒါပေမယ့် Tinoco အစိုးရအုပ်ချုပ်စဥ်က ၎င်းကိုနိုင်ငံများက အစိုးရအဖြစ်အသိအမှတ်မပြုခဲ့သည့်တိုင် ၎င်းဟာ ၂နှစ်ကြာအုပ်ချုပ်ခဲ့ပြီး နိုင်ငံတွင်း de facto control ရှိခဲ့တာကြောင့် ၎င်းသည် တရားဝင်အစိုးရတစ်ရပ်ဖြစ်ခဲ့ပြီး ၎င်းနဲ့ချုပ်ဆိုတဲ့စာချုပ်တွေက ခိုင်မာကြောင်း ဆုံးဖြတ်ချက်ချမှတ်ခဲ့ပါတယ်။ ဒါကြောင့် တရားဝင်အစိုးရတစ်ရပ်ဖြစ်ဖို့ နယ်မြေထိန်းချုပ်မှုရှိရန် အရေးကြီးသည်မှာ အသေအချာပင်ဖြစ်သည်။

NUG vs SAC
===========

ဆက်လက်ပြီးတော့ NUG နဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ဆက်ဆံရေးအခြေအနေတွေဟာ ဘယ်လောက်အတိုင်းအတာထိ အသိအမှတ်ပြုရာ ရောက်ကြောင်းကို အရေးပါမှု level အနိမ့်မှအမြင့် အစဉ်လိုက်ဖော်ပြသွားပါမယ်။

ဇွန်လ ၂၃ ရက်နေ့ မှာပြုလုပ်ခဲ့တဲ့ ပြင်သစ်အောက်လွှတ်တော်ရဲ့ National Assembly သို့ CRPH ဖိတ်ကြားခံရခြင်း၊
ဇွန်လ၂၄ ရက်နေ့က CRPH နဲ့ ဩစတီးယားလွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးခြင်း၊
ဇွန်လ၂၅ ရက်နေ့တွင် NUG နှင့် စပိန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးတို့ တွေ့ဆုံခဲ့ခြင်း စသည်တို့မှာ de facto recognition စံချိန်ပြည့်လုနီး ဆက်ဆံရေးအခြေအနေများ ဖြစ်ပါတယ်။
မေ၂၈ရက်တွင်NUGနှင့်ဂျပန်နိုင်ငံလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ရဲ့ပူးတွဲကြေညာချက်ထုတ်ပြန်နိုင်ခဲ့ခြင်းကိုမူde facto recognition စံချိန်ကျော်လွန်သည့် ဆက်ဆံရေးဟုမှတ်ယူနိုင်ပေတယ်။
မေလ၂၄ရက်ကNUGရဲ့ချက်သမ္မတနိုင်ငံဆိုင်ရာမြန်မာကိုယ်စားလှယ်ကိုတရားဝင်အသိအမှတ်ပြုကြောင်း ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေးရာဝန်ကြီးဌာနရဲ့ ထုတ်ပြချက်ကို Express recognition ဟု မှတ်ယူနိုင်ပြီး NUG ကိုအစိုးရတစ်ရပ်အဖြစ် တရားဝင်အသိအမှတ်ပြုတဲ့ ပထမဆုံးနိုင်ငံ ဖြစ်ပေတယ်။
ဒါ့အပြင် NUG ရဲ့ တောင်းဆိုချက်တွေကို နိုင်ငံတကာအဖွဲ့အစည်းတွေက လက်ခံပြီး အပြုသဘော တုံ့ပြန်ဆောင်ရွက် ပေးကြတာကိုလည်းတွေ့မြင်ရပါတယ်။

ဥပမာအားဖြင့်
လူ့အခွင့်အရေးကောင်စီရဲ့ (၄၇) ကြိမ်မြောက် ညီလာခံမှာ တင်သွင်းရမဲ့ ကမ္ဘာလုံးဆိုင်ရာ ပုံမှန်သုံးသပ်ချက် (Universal Periodic Review) ကိုNUG ၏တောင်းဆိုချက်နဲ့အညီ (၄၈) ကြိမ်မြောက်သို့ ရွှေ့ဆိုင်းပေးခြင်း၊
ဇူလိုင်လမှာ ကျင်းပမဲ့ (၂၁) ကြိမ်မြောက် အဆင့်မြင့်နိုင်ငံရေးဖိုရမ်မှာ တင်သွင်းရမဲ့ “နိုင်ငံအဆင့် ဆန္ဒအလျောက် သုံးသပ်မှု အစီရင်ခံစာ” ကိုလည်း NUG ရဲ့ မေတ္တာရပ်ခံချက်ဖြင့် ရွှေ့ဆိုင်းပေးခြင်း စတာတွေ လိုက်လျောခဲ့တာရှိပါတယ်။

တစ်ဖက်တွင် စစ်ကောင်စီကို နိုင်ငံတကာအဖွဲ့အစည်းများသည် collective non recognition ပြုလုပ်ကာ စီးပွားရေး sanctions များ အစဉ်မပြတ် ချမှတ်နေကြောင်း တွေ့ရပါတယ်။

ဥပမာအားဖြင့်
(၇၄) ကြိမ်မြောက် ကမ္ဘာ့ကျန်းမာရေးညီလာခံမှာ စစ်ကောင်စီကို တက်ရောက်ခွင့်မပေးခြင်း၊
ကုလသမဂ္ဂ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေး အဖွဲ့အစည်း (၄၂) ကြိမ်မြောက်ညီလာခံမှာ စစ်ကောင်စီတက်ရောက်ခွင့်ကို ငြင်းပယ်ခဲ့ခြင်း၊
နိုင်ငံတကာအလုပ်သမားညီလာခံရဲ့ (၁၀၉) ကြိမ်မြောက်အစည်းအဝေးမှာ စစ်ကောင်စီ ကို တက်ရောက်ခွင့်မပေးခြင်း၊
ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ (၄၇) ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို စစ်ကောင်စီတက်ရောက်ခွင့်မရခြင်း၊
ဇွန်လ၊ ၁၈ ရက်နေ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မြန်မာနိုင်ငံ ဆိုင်ရာဆုံးဖြတ်ချက်ကို ထောက်ခံမဲ (၁၁၉)မဲ ၊ ကန့်ကွက်မဲ (၁) မဲ နဲ့ ကြားနေမဲ (၃၆) မဲ နဲ့ အတည်ပြုချမှတ်နိုင်ခဲ့ခြင်းတို့ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ နိုင်ငံတကာအသိအမှတ်ပြုမှုရရှိရန် ကြိုးပမ်းချက်များအနေဖြင့် ပထမဆုံး ခရီးစဥ်အဖြစ် အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့မှာ ဧပြီလ ၂၄ ရက်နေ့က ကျင်းပခဲ့တဲ့ Asean Summit သို့ တက်ရောက်ခဲ့ပါတယ်။
တဖန် ဒုတိယခရီးစဥ်အဖြစ် နိုင်ငံတကာလုံခြုံရေး မော်စကိုနှီးနောဖလှယ်ပွဲကို တက်ရောက်ခဲ့ပြီး ရုရှားကာကွယ်ရေးဝန်ကြီးနဲ့ တွေ့ဆုံခဲ့ပါတယ်။
ထိုခရီးစဉ်ကို သုံးသပ်ကြည့်လျှင် စစ်ကောင်စီအနေနဲ့ ၎င်းနှင့် ဆက်ဆံရေးမပျက်ရှိကြောင်း ပြသချင်နေခဲ့သော်လည်း ရုရှားသမ္မတနှင့် တွေ့ခွင့်မရခဲ့ခြင်း၊ ၎င်းနှီးနှောဖလှယ်ပွဲမှာ စစ်တပ်အချင်းချင်း ဆက်ဆံရေးအသွင်ဆောင်ပြီး စစ်ကောင်စီကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုမည့် အရိပ်အယောင်မတွေ့ရပေ။ထို့ပြင်ASEANအနေနဲ့လည်းစစ်ကောင်စီနဲ့အဆက်အသွယ်ပြုလုပ်နေရပေမယ့်၎င်းကိုတရားဝင်အစိုးရအဖြစ်အသိအမှတ်မပြုကြောင်းNUGကိုအခိုင်အမာပြောဆိုထားတာတွေလည်း ရှိပါတယ်။

အကျဉ်းချုပ်ဆိုရသော် မြန်မာနိုင်ငံ၏ တရားဝင်အစိုးရအဖြစ် နိုင်ငံတကာအသိအမှတ်ပြုမှုကို NUG နေ့စဉ်နဲ့အမျှ တိုးတက်ရရှိနေကြောင်းတွေ့မြင်ရသည်။ စစ်ကောင်စီမှာမူ နိုင်ငံတကာဥပဒေများ၊ လိုက်နာရန်တာဝန်များကို နေ့စဉ်ချိုးဖောက်နေခြင်းကြောင့် ၎င်းကို နိုင်ငံတကာက အသိအမှတ်ပြုမည့်အလားအလာ စိုးစဉ်းမျှပင်မတွေ့ရပေ။ သို့သော် နိုင်ငံတကာအသိအမှတ်ပြုမှု ဆုံးဖွတျခွငျးမှာ ဥပဒေဆိုင်ရာအချက်အလက် ထက်စာလျှင် နိုင်ငံရေးကစားကွက်များပိုမိုပါဝင်ပေသည်။
ပြည်သူများက CDM ပြုလုပ်ကာ စာသင်ကျောင်းများ၊ တက္ကသိုလ်များ၊ စီးပွားရေးလုပ်ငန်းများ မလည်ပတ်နိုင်အောင် ဟန့်တားထားသည်ဆိုသော်လည်း ရဲစခန်းများ၊ ထွေအုပ်ရုံးအချို့၊ တရားရုံးများမှာ ယနေ့ထိ စစ်ကောင်စီ၏ ထိန်းချုပ်မှုအောက်တွင်ရှိနေကွောငျး သတိမူသင့်ပေသည်။ စစ်ကောင်စီကို နိုင်ငံတကာအသိုင်းအဝိုင်းက တရားဝင်အစိုးရအဖြစ် အသိအမှတ်မပြု ဆိုရုံမျှဖြင့်မလုံလောက်ပေ။ NUG အနေဖြင့် နိုင်ငံတကာအသိအမှတ်ပြုမှုရရှိလာရန်လိုပေသည်။ ဒါတွေရဲ့ အဆုံးအဖြတ်တစ်ခု အနေနဲ့လည်း လာမယ့် စက်တင်ဘာလမှာ ကျင်းပမဲ့ (၇၆) ကြိမ်မြောက် အထွေထွေညီလာခံမှာ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ တက်ရောက်ဖို့ ရွေးချယ်ခံရတဲ့ဘက်က International Recognition ရတဲ့ဘက်လို့ ခြုံငုံသုံးသပ်လို့ရပါတယ်။ ထို့ကြောင့် NUG သည် အရေးတော်ပုံကာလ ကြာမြင့်လာသည်နှင့်အမျှ နိုင်ငံတွင်း၌ ခြေကုပ်ရယူကာ de facto control ရရှိလာရန်လိုအပ်သည်မှာ မုချဖြစ်ပေသည်။

ကုလသမဂ္ဂစစ်မြေပြင်က မြန်မာ့ ဒီဒေး (D-Day)

အောင်ဒင်

(၁) မြန်မာပြည်သူတွေ မျှော်နေကြတဲ့ D-day

ဇွန်လ ၂၉ ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ဝန်ကြီးတစ်ပါးက “မကြာမီမှာ D-day ရောက်ရှိလာမည်ဖြစ်ပါသည်” ဆိုပြီး သူ့ရဲ့ Facebook စာမျက်နှာမှာ ရေးသားကြေညာလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့၊ ဖက်ဆစ်စစ်တပ်ကြီးက ရွေးကောက်ခံပြည်သူ့အစိုးရလက်ထဲကနေ နိုင်ငံတော်အာဏာကို အဓမ္မလုယူသိမ်းပိုက်ခဲ့ပြီးတဲ့နောက် ၅ လလောက်အကြာမှာ ထုတ်ပြန်လိုက်တဲ့ ကြေညာချက်ဖြစ်လို့ အဲဒီ D-day ကို မျှော်လင့်စောင့်စားနေကြတဲ့ မြန်မာပြည်သူများ ရင်ခုန်ကြ၊ စိတ်လှုပ်ရှားကြမှာပါ။ အဲဒီ D-day ဟာ ဘယ်နေ့မှာ အမှန်တကယ်ရောက်မလာမလဲ ၊ ဘယ်လောက်ကြာဦးမလဲ ၊ ဘယ်နေ့လဲ ၊ စတာတွေကတော့ လျှို့ဝှက်ချက်ဖြစ်လို့ ပြည်သူတွေ သိနိုင်ကြမှာ မဟုတ်ပါ။

မြန်မာနိုင်ငံကို ဖက်ဆစ်စစ်တပ်ကြီးလက်အောက်က ပြန်လည်ကယ်တင်နိုင်ဖို့ ကြိုးစားကြတဲ့အခါ ပြည်တွင်းလှုပ်ရှားမှုတွေ၊ ပြည်သူများရဲ့ ဆန့်ကျင်တော်လှန်မှုတွေက အရေးအကြီးဆုံးဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာစစ်အုပ်စုကို တရားဝင်အစိုးရအဖြစ် နိုင်ငံတကာအစိုးရတွေက အသိအမှတ်မပြုဖို့၊ မြန်မာစစ်တပ်အပေါ် နိုင်ငံတကာအစိုးရတွေက စီးပွါးရေး၊ နိုင်ငံရေး၊ သံတမန်ရေး ပိတ်ဆို့အရေးယူမှုတွေလုပ်ဖို့၊ မြန်မာစစ်အုပ်စုကို နိုင်ငံတကာက စစ်လက်နက်တွေ မရောင်းချဖို့၊ မထောက်ပံ့ဖို့ စတဲ့ နိုင်ငံတကာအခင်းအကျင်းမှာ စည်းရုံးလှုံ့ဆော်ခြင်းဟာလည်း စစ်အုပ်စုကို အားနည်းထိခိုက်စေပြီး ပြည်တွင်းလှုပ်ရှားမှုကြီးအတွက် ကြီးမားတဲ့ အထောက်အပံ့ဖြစ်စေပါတယ်။ လက်ရှိအချိန်မှာတော့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ် (Permanent Representative to the United Nations) နေရာကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထိန်းသိမ်းထားနိုင်တာမို့ စစ်အုပ်စုရဲ့ တရားဝင်အစိုးရဖြစ်ချင်မှုကို တားဆီးထားနိုင်ပါတယ်။ WHO၊ ILO၊ UNHRC၊ WFP စတဲ့ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများရဲ့ နှစ်ပါတ်လည်ညီလာခံများမှာ စစ်အုပ်စုကိုယ်စားလှယ်ကို မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး တက်ရောက်ခွင့်မပြုတာဟာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အောင်ပွဲတစ်ခုဖြစ်ပါတယ်။

ဒါပေမယ့် အဲဒီအခြေအနေက မကြာခင်မှာ အပြောင်းအလဲ ဖြစ်လာနိုင်ပါတယ်။ လာမယ့် စက်တင်ဘာလမှာ ကုလသမဂ္ဂရဲ့ ၇၆ ကြိမ်မြောက် အထွေထွေညီလာခံ (The 76th UN General Assembly) ကျင်းပတော့မှာ ဖြစ်ပါတယ်။ စက်တင်ဘာလဆန်းမှာ အဖွဲ့ဝင်နိုင်ငံများအားလုံးကနေ အထွေထွေညီလာခံကို သက်ဆိုင်ရာနိုင်ငံကို ကိုယ်စားပြုပြီး တက်ရောက်မယ့် ကိုယ်စားလှယ်အဖွဲ့ဝင်များရဲ့ အမည်စာရင်း (Credentials) ကို တင်သွင်းရမှာပါ။ ဒီနှစ်မှာတော့ မြန်မာနိုင်ငံကို ကိုယ်စားပြုတက်ရောက်ခွင့်ကို စစ်အုပ်စုကရော၊ အမျိုးသားညီညွတ်ရေးအစိုးရရော အပြိုင်တင်သွင်းကြမှာပါ။ အဖွဲ့ဝင် ၉ နိုင်ငံပါတဲ့ “အထွေထွေညီလာခံ ကိုယ်စားလှယ်စီစစ်ရေးကော်မတီ” (Credential Committee) က အဲဒီ ကိုယ်စားလှယ်တင်သွင်းလွှာတွေကို စီစစ်ပြီး အကြံပြုချက်များနဲ့အတူ အထွေထွေညီလာခံကို အဆုံးအဖြတ်ပေးဖို့ တင်သွင်းရမှာဖြစ်ပြီး အထွေထွေညီလာခံမှာ နိုင်ငံအများရဲ့ ထောက်ခံမဲရတဲ့ ဘက်က မြန်မာနိုင်ငံကို တရားဝင်ကိုယ်စားပြုခွင့်ကို ရရှိမှာဖြစ်ပါတယ်။ အထွေထွေညီလာခံရဲ့ ဆုံးဖြတ်ချက်က ဒီဇင်ဘာလလောက်မှာမှ ချမှတ်နိုင်မှာဖြစ်ပြီး ဆုံးဖြတ်ချက်က စစ်အုပ်စုကို အသိအမှတ်ပြုတာ ဖြစ်နိုင်သလို NUG ကို အသိအမှတ်ပြုတာလည်း ဖြစ်နိုင်ပါတယ်။ နှစ်ဘက်စလုံးကို အသိအမှတ်မပြုဘဲ နောက်နှစ် ၇၇ ကြိမ်မြောက်ညီလာခံကျမှ ဆုံးဖြတ်ဖို့ ရွှေ့ဆိုင်းတာလည်း ဖြစ်နိုင်ပါတယ်။

ကုလသမဂ္ဂစစ်မြေပြင်မှာ စက်တင်ဘာလဟာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ D-day ဖြစ်ပါတယ်။ အဲဒီ ကုလသမဂ္ဂစစ်မြေပြင်မှာ ကျနော်တို့ဘက်က အနိုင်ရဖို့ လိုပါတယ်။ ကျနော်တို့ နိုင်မှဖြစ်မှာပါ။

(၂) နိုင်ရင်ဘာဖြစ်မလဲ၊ ရှုံးရင်ဘာဖြစ်မလဲ

တရားဝင်ကိုယ်စားလှယ်ဖြစ်ခွင့်နဲ့ ပါတ်သက်ပြီး အထွေထွေညီလာခံက အဆုံးအဖြတ်ပေးရာမှာ ဘယ်နိုင်ငံကမှ ဗီတိုအာဏာ သုံးခွင့်မရှိပဲ တစ်နိုင်ငံ မဲတစ်မဲနဲ့ ဆုံးဖြတ်ကြမှာပါ။ ပြီးတော့ အဲဒီ ဆုံးဖြတ်ချက်ကို အဖွဲ့ဝင်နိုင်ငံများအားလုံးနဲ့ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းအားလုံးက လက်ခံရမှာပါ။ ဒါကြောင့် ကျနော်တို့ဘက်က နိုင်ရင် ရရှိမယ့် အကျိုးကျေးဇူးတွေက အလွန်ကြီးမားပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရဟာ ကုလသမဂ္ဂက အသိအမှတ်ပြုတဲ့ မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရဖြစ်လာပါမယ်။ စစ်အုပ်စုဟာ လက်နက်ကိုင် သောင်းကျန်းသူတွေ ဖြစ်သွားပါလိမ့်မယ်။ နယူးယောက်မြို့တော်က ကုလသမဂ္ဂဋ္ဌာနချုပ်တင်မကဘူး၊ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာ၊ ဩစတြီးယားနိုင်ငံ ဗီယင်နာ စတဲ့ ကုလသမဂ္ဂအဖွဲ့အစည်းများရဲ့ ဋ္ဌာနချုပ်များ ရုံးထိုင်ရာနိုင်ငံတွေမှာလည်း စစ်အုပ်စုသစ္စာခံ သံတမန်တွေကို ဖယ်ရှားပြီး NUG က ခန့်အပ်တဲ့ သံတမန်တွေက နေရာယူနိုင်မှာပါ။ အာဆီယံအဖွဲ့တောင်မှ အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့တော်မှာရှိတဲ့ ရုံးချုပ်မှာ NUG ရဲ့ သံအမတ်ကြီးကို မြန်မာနိုင်ငံကိုယ်စားလှယ်အဖြစ် လက်ခံရမှာပါ။ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေရဲ့ မြို့တော်တွေမှာလည်း စစ်အုပ်စုရဲ့ သံတမန်တွေကို ဖယ်ရှားပြီး NUG ရဲ့ သံတမန်တွေကိုသာ လက်ခံအသိအမှတ်ပြုကြမှာပါ။

ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများအားလုံးကလည်း မြန်မာပြည်သူတွေကို ကူညီထောက်ပံ့ရေးနဲ့ ပါတ်သက်ပြီး NUG နဲ့ပဲ ပူးပေါင်းဆောင်ရွက်ကြပါလိမ့်မယ်။ NUG အနေနဲ့ နိုင်ငံတရားရုံးချုပ် (ICJ)၊ နိုင်ငံတကာရာဇဝတ်မှုများဆိုင်ရာတရားရုံး (ICC) တို့မှာ မင်းအောင်လှိုင်ဖက်ဆစ်အုပ်စုကို လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု (Crimes against Humanity) တွေနဲ့ အရေးယူဖို့ တရားဝင် ဆောင်ရွက်နိုင်မှာပါ။

ကျနော်တို့ဘက်က ရှုံးပြီး စစ်အုပ်စုက နိုင်သွားရင်တော့ ဆန့်ကျင်ဘက်အကျိုးဆက်တွေကို ကျနော်တို့ ခံစားရမှာပါ။ စစ်အုပ်စုဟာ ကုလသမဂ္ဂအဖွဲ့ကြီးက အသိအမှတ်ပြုတဲ့ မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရဖြစ်လာမယ်။အဖွဲ့ဝင်နိုင်ငံများအားလုံးနဲ့ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းအားလုံးဟာ စစ်အုပ်စုကို မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြု ဆက်ဆံရတော့မယ်။ NUG ဟာ အစိုးရကို ဆန့်ကျင်နေတဲ့ အဖွဲ့အစည်းတစ်ခုအဆင့် ရောက်သွားမယ်။ စစ်အုပ်စုဟာ ပိုပြီး အားကောင်း၊ မောက်မာ၊ ရက်စက်လာမယ်။ နိုင်ငံတကာအစိုးရတွေရဲ့ သံတမန်ရေး၊ စီးပွါးရေး၊ ပိတ်ဆို့အရေးယူမှုတွေ ၊ ပြစ်တင်ရှုံ့ချမှုတွေ ဆက်လက်ရှိနေမှာ ဖြစ်ပေမယ့် စစ်အုပ်စုရဲ့ တရားဝင်ဖြစ်မှု (De Jure government) ကိုတော့ ငြင်းဆန်နိုင်ကြမှာ မဟုတ်ပါ။

နှစ်ဘက်စလုံးအတွက် ထောက်ခံမဲအရေအတွက်တွေ ညီမျှနေလို့ ဘယ်ဘက်ကိုမှ အသိအမှတ်မပြုပဲ နောက်တစ်နှစ်ညီလာခံကို ရွှေ့ဆိုင်းတာလည်း ဖြစ်နိုင်ပါတယ်။ အဲဒီလိုဆိုရင် အခု NUG က နယူးယောက်၊ ကုလသမဂ္ဂဋ္ဌာနချုပ်မှာ ထိန်းသိမ်းထားနိုင်တဲ့ အမြဲတမ်းကိုယ်စားလှယ်နေရာကို လက်လွှတ်ရမှာဖြစ်ပါတယ်။ အဲဒီနေရာအပါအဝင် မြန်မာနိုင်ငံရဲ့ ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီးရာထူးတွေ၊ သံရုံးအဖွဲ့ဝင်နေရာတွေမှာ NUG ရော၊ စစ်အုပ်စုရော ဘယ်ဘက်ကမှ ခန့်အပ်ခွင့်မရှိပဲ လစ်လပ်ထားရမှာပါ။ ပြီးတော့မှ နောက်နှစ်ညီလာခံမှာ ဒီစစ်ပွဲကို ဆက်တိုက်ရမှာပါ။ နှစ်ဘက်စလုံး ရှုံးတယ်လို့ ဆိုနိုင်ပါတယ်။

(၃) စိန်ခေါ်မှုများ

ဇွန်လ ၁၈ ရက်နေ့မှာ ကုလသမဂ္ဂအထွေထွေညီလာခံကနေ မြန်မာစစ်အုပ်စုကို ပြစ်တင်ဝေဘန်ရှုံ့ချပြီး ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့၊ အကြမ်းဖက်ရက်စက်မှုတွေကို ရပ်တန့်ဖို့၊ ရွေးကောက်ပွဲနိုင်အစိုးရကို အာဏာပြန်လွှဲပေးဖို့၊ နိုင်ငံတကာအစိုးရတွေက မြန်မာနိုင်ငံကို လက်နက်ရောင်းချတာ ရပ်တန့်ဖို့ စတဲ့ တောင်းဆိုချက်တွေပါဝင်တဲ့ ဆုံးဖြတ်ချက်တစ်ရပ်ကို ချမှတ်ခဲ့ပါတယ် (A/75/L.85/Rev.1)။ ထောက်ခံမဲ ၁၁၉၊ ကန့်ကွက်မဲ ၁၊ ကြားနေမဲ ၃၇၊ မဲပေးရန်ပျက်ကွက်၃၆နဲ့အတည်ပြုခဲ့တာပါ။ဒီမဲရလဒ်ကိုကြည့်ပြီးအထွေထွေညီလာခံကိုယ်စားလှယ်ပြုခွင့် မဲခွဲရင် ငါတို့ဘက်က နိုင်မှာပါလို့ ထင်ရင် မှားပါလိမ့်မယ်။ မလွယ်လှပါ။

ကုလသမဂ္ဂရဲ့ သမိုင်းမှာ ရှိခဲ့တဲ့ မှတ်တမ်းများအရ အဖွဲ့ဝင်နိုင်ငံများဟာ နိုင်ငံတစ်ခုရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ ဆုံးဖြတ်ချက်တွေကို ထောက်ခံမဲပေးဖို့ လွယ်ကူပေမယ့် နိုင်ငံတစ်ခုရဲ့ ကိုယ်စားလှယ်တင်သွင်းတာကို ငြင်းဆန်ဖို့အတွက်တော့ အလွယ်တကူ မထောက်ခံကြပါ။ သက်ဆိုင်ရာနိုင်ငံနဲ့ စီးပွါးရေးပါတ်သက်မှုတွေ၊ အကျိုးစီးပွါးတွေရှိနေတဲ့ နိုင်ငံတွေက လက်ရှိအာဏာရှိတဲ့ အုပ်စုကိုပဲ ထောက်ခံတတ်ကြပါတယ်။ အများစုကတော့ ဒီလို ပြဿနာမျိုးမှာ ဝင်မပါချင်ကြတဲ့အတွက် လွယ်လွယ်ကူကူပဲ ကြားနေကြ၊ မဲပေးဖို့ ပျက်ကွက်တတ်ကြပါတယ်။ ဒါကြောင့်မို့ မြန်မာနိုင်ငံရဲ့ တရားဝင်ကိုယ်စားလှယ်အဖြစ်အသိအမှတ်ပြုရေး မဲခွဲရင် ကြားနေမဲတွေ၊ ပျက်ကွက်မဲတွေက ပိုပြီး များလာနိုင်ပါတယ်။ ဇွန်လ ၁၈ ရက်နေ့က ထောက်ခံမဲပေးခဲ့ကြတဲ့ နိုင်ငံအချို့က ကြားနေမဲ၊ ပျက်ကွက်မဲဘက်ကို ပြောင်းကြပြီး စစ်အုပ်စုကို ထောက်ခံတဲ့ဘက်မှာ မဲအရေအတွက် ပိုလာနိုင်စရာအကြောင်းရှိပါတယ်။

အဓိကကျတဲ့ စိန်ခေါ်မှုများကို အောက်ပါအတိုင်း ရှင်းပြချင်ပါတယ်။

(က) ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ ကိုယ်စားလှယ်စီစစ်ရေးကော်မတီကို စက်တင်ဘာလဆန်းမှာ ရွေးချယ်ပါတယ်။ အဖွဲ့ဝင် ၉ နိုင်ငံကို အထွေထွေညီလာခံ ဥက္ကဋ္ဌရဲ့ အဆိုပြုတင်သွင်းမှုနဲ့ အဖွဲ့ဝင်နိုင်ငံများက မဲပေးဆုံးဖြတ်တယ်ဆိုပေမယ့် နှစ်တိုင်း၊ နှစ်တိုင်းမှာ အမေရိကန်၊ တရုတ်နဲ့ ရုရှားနိုင်ငံတွေက အဖွဲ့ဝင်အဖြစ် ရွေးချယ်ခံရတတ်ပါတယ်။ ဒါကြောင့် အဖွဲ့ဝင် ၉ နိုင်ငံပါတဲ့ ကော်မတီမှာ အမေရိကန်ဦးဆောင်ပြီး NUG ကို ထောက်ခံတဲ့ အုပ်စုနဲ့ တရုတ်နဲ့ ရုရှားဦးဆောင်ပြီး စစ်အုပ်စုကို ထောက်ခံတဲ့အုပ်စုဆိုပြီး ၂ ဖွဲ့ကွဲမှာ သေချာသလောက် ရှိပါတယ်။ ဒီအုပ်စု ၂ စုက သူတို့ ကြိုက်တဲ့ဘက်ကို အတည်ပြုပေးဖို့ အထွေထွေညီလာခံကို အပြိုင်တင်သွင်းကြမှာမို့ အကြံပြုချက် ၂ ခု အားပြိုင်ကြရမှာ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ကော်မတီရဲ့ အကြံပြုချက်ကို ညီလာခံက ကန့်ကွက်သူမရှိ အတည်ပြုတတ်ကြပေမယ့် ကော်မတီရဲ့ အကြံပြုချက်က ၂ ခုဖြစ်နေတဲ့အခါမှာ အဖွဲ့ဝင်နိုင်ငံများအဖို့ ဘယ်အကြံပြုချက်ကို ထောက်ခံရမလဲဆိုတာ အကြီးအကျယ်စဉ်းစားစရာ ဖြစ်လာပါလိမ့်မယ်။

(ခ) ကော်မတီရဲ့ အကြံပြုချက်တွေကို အခြေခံပြီး ဘယ်အဖွဲ့က မြန်မာနိုင်ငံကို ကိုယ်စားပြုခွင့်ရှိသလဲ ဆိုတာကို ကုလသမဂ္ဂအထွေထွေညီလာခံက မဲခွဲဆုံးဖြတ်ကြမှာပါ။ အဖွဲ့ဝင် ၁၉၃ နိုင်ငံရဲ့ မဲပေးမှုတွေက ဇွန်လ ၁၈ ရက်နေ့က မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်ကို မဲပေးခဲ့ကြတာနဲ့ မတူနိုင်ပါ။ ဇွန်လ ၁၈ ရက်နေ့မှာ ထောက်ခံမဲပေးခဲ့တဲ့ ၁၁၉ နိုင်ငံထဲက နိုင်ငံအများအပြားဟာ၊ အထူးသဖြင့် အင်ဒိုနီးရှား၊ အစ္စရေး၊ ဂျပန်၊ ကူဝိတ်၊ မလေးရှား၊ မက္ကစီကို၊ အိုမန်၊ ဖိလစ်ပိုင်၊ ကိုရီးယား၊ စင်္ကာပူ၊ တောင်အာဖရိက၊ ဗီယက်နန်တို့ဟာ စစ်အုပ်စုကို ထောက်ခံတဲ့ဘက်၊ ဒါမှမဟုတ် ကြားနေတဲ့ဘက်ကို ပြောင်းသွားနိုင်ပါတယ်။ အဲဒီ နိုင်ငံတွေအားလုံးမှာ မြန်မာနိုင်ငံအတွင်း အကျိုးစီးပွါးတွေရှိနေတာရယ်၊ အသွင်တူ၊ အုပ်စုတူနိုင်ငံတွေ ဖြစ်နေတာရယ်၊ မြန်မာစစ်ခေါင်းဆောင်တွေနဲ့ ရင်းနှီးကျွမ်းဝင်ကြတာရယ်၊ စစ်အုပ်စုကို ဆွေးနွေးညှိနှိုင်းရမယ်ဆိုတဲ့ အတွေးအခေါ်တွေ ရှိနေကြတာရယ်ကြောင့်ပါ။

(ဂ) ဇွန်လ ၁၈ ရက်နေ့မှာ ကြားနေခဲ့တဲ့ ၃၆ နိုင်ငံထဲမှာလည်း စစ်အုပ်စုကို ထောက်ခံတဲ့ဘက်ကို တချို့ပြောင်းသွားနိုင်ပါတယ်။ အဲဒီထဲမှာ အယ်ဂျီးရီးယား၊ ဘာရိန်း၊ ဘူတန်၊ ဘရူနိုင်း၊ ကမ်ဘောဒီးယား၊ တရုတ်၊ ကျူးဘား၊ အီဂျစ်၊ အိန္ဒိယ၊ အီရန်၊ လာအို၊ လစ်ဗျား၊ မာလီ၊ မွန်ဂိုလီးယား၊ နီပေါ၊ ပါကစ္စတန်၊ ရုရှား၊ သီရိလင်္ကာ၊ ဆီးရီးယား၊ ထိုင်း၊ အရှေ့တီမော၊ ယူဂန်ဓာ၊ ယူအေအီး၊ ဗင်နီဇွဲလား၊ ယီမင်၊ ဇင်ဘွာဘွေ တို့ပါနိုင်ပါတယ်။ သူတို့ စစ်အုပ်စုကို ထောက်ခံနိုင်တဲ့အကြောင်းက တချို့က အာဆီယံအဖွဲ့ဝင်နိုင်ငံချင်းဖြစ်လို့၊ တချို့က တရုတ်နဲ့ ရုရှားရဲ့ ဩဇာသက်ရောက်ရာ နိုင်ငံများဖြစ်လို့၊ တချို့က အမေရိကန်ကို ဆန့်ကျင်လို့၊ တချို့က မြန်မာစစ်အုပ်စုနဲ့ ဘဝတူဖြစ်နေလို့ပါ။ တချို့က စစ်အုပ်စုကို ထောက်ခံတဲ့ဘက် မပြောင်းတောင်မှ ကြားနေ သို့မဟုတ် ပျက်ကွက်မဲ ပေးကြမှာပါ။

(ဃ) ဇွန်လ ၁၈ ရက်နေ့မှာ မဲပေးဖို့ ပျက်ကွက်ခဲ့တဲ့ ၃၇ နိုင်ငံရှိပါတယ်။ အဲဒီမဲတွေလည်း ပြောင်းပါလိမ့်မယ်။ တချို့က စစ်အုပ်စုကို ထောက်ခံကြပါလိမ့်မယ်။ အထူးသဖြင့် မြောက်ကိုရီးယား၊ ကွန်ဂို၊ ဂျော်ဒန်၊ ကင်ညာ၊ ကိုင်ယာဇက်စတန်၊ နိုက်ကာရာဂွါ၊ တာဂျစ်ကစ်စတန် စတဲ့နိုင်ငံတွေပါ။ သူတို့ရဲ့ အကြောင်းပြချက်က အမေရိကန်နဲ့ အနောက်အုပ်စုကို မုန်းလို့၊ တရုတ်နဲ့ ရုရှားရဲ့ ဩဇာခံနိုင်ငံတွေ ဖြစ်လို့ပဲ ဖြစ်ပါလိမ့်မယ်။ ကျန်တဲ့ နိုင်ငံတွေကလည်း ကြားနေနဲ့ ပျက်ကွက်မဲစာရင်းထဲမှာပဲ ရှိကြပါလိမ့်မယ်။

(င) အထက်မှာ ဖော်ပြခဲ့တဲ့အတိုင်း အထွေထွေညီလာခံမှာ မြန်မာနိုင်ငံကို ကိုယ်စားပြုမယ့် ကိုယ်စားလှယ်ကို မဲခွဲရွေးချယ်ကြတဲ့အခါ ကြားနေမယ့်နိုင်ငံတွေ၊ မဲပေးဖို့ ပျက်ကွက်မယ့် နိုင်ငံတွေ ပိုများပါလိမ့်မယ်။ ဇွန်လ ၁၈ ရက် ဆုံးဖြတ်ချက်ကို ကန့်ကွက်မဲပေးခဲ့တာ ဘယ်လားရုစ် တစ်နိုင်ငံထဲ ရှိခဲ့ပေမယ့် ဒီတစ်ကြိမ်မှာတော့ တရုတ်နဲ့ ရုရှားအပါအဝင် သူတို့ ဩဇာသက်ရောက်တဲ့ နိုင်ငံတွေ၊ အမေရိကန်နဲ့ အနောက်အုပ်စုကို ဆန့်ကျင်တဲ့ နိုင်ငံတွေ၊ မြန်မာစစ်အုပ်စုနဲ့ ဘဝတူနိုင်ငံတွေက မြန်မာစစ်အုပ်စုဘက်က ထောက်ခံမဲ ပေးကြမယ့် အလားအလာရှိနေပါတယ်။ NUG ဘက်က ထောက်ခံမဲတွေဟာ ဇွန်လ ၁၈ ရက်နေ့ကထက် နည်းနိုင်ပါတယ်။

(စ) ၂၀၂၁ ခုနှစ်၊ ဇွန်လထဲမှာ ဒင်ဗာတက္ကသိုလ် (University of Denver) နဲ့ အတ္တလန်တိတ်ကောင်စီ (The Atlantic Council) တို့ပူးတွဲရေးသားတဲ့ “ကမ္ဘာလုံးဆိုင်ရာ ဩဇာလွှမ်းမိုးရေး တရုတ်နင့်အမေရိကန် ပြိုင်ဆိုင်မှု” (China-US Competition Measuring Global Influence) အစီရင်ခံစာကို ထုတ်ပြန်ပါတယ်။ အဲဒီအစီရင်ခံစာပါ တိုင်းတာချက်များအရ အမေရိကန်ပြည်ထောင်စုဟာ ကမ္ဘာ့နိုင်ငံပေါင်း ၅၀ ကျော်မှာ ဩဇာသက်ရောက်မှုရှိနေပြီး တရုတ်နိုင်ငံက အရှေ့တောင်အာရှနဲ့ ဆပ်-ဆာဟာရ အာဖရိကနိုင်ငံများပါဝင်တဲ့ နိုင်ငံပေါင်း ၃၄ နိုင်ငံအပေါ်မှာ ဩဇာသက်ရောက်မှု ရှိနေပါတယ်။ ဂျာမဏီနိုင်ငံက အနောက်နဲ့ ဗဟိုဥရောပနိုင်ငံများအပေါ်မှာ ဩဇာသက်ရောက်မှုကြီးမားပြီး ပြင်သစ်နိုင်ငံက အာဖရိကနိုင်ငံအတော်များများအပေါ်မှာ ဩဇာကြီးတယ်လို့ ဆိုပါတယ်။ ရုရှားနိုင်ငံဟာလည်း စီးပွါးရေး၊ စစ်ရေးအင်အားကြီးတဲ့ ဗီတိုအာဏာပိုင် နိုင်ငံတစ်ခုဖြစ်တာကြောင့် သူ့ရဲ့ ဩဇာသက်ရောက်မှုဟာလည်း အတိုင်းအတာတစ်ခုထိ ကြီးမားမှာပါ။ ဒီကမ္ဘာ့နိုင်ငံကြီးများရဲ့ အပြိုင်အဆိုင် ဩဇာတည်ဆောက်မှုနဲ့ ဩဇာသက်ရောက်မှုဟာလည်း မြန်မာ့အရေး အထွေထွေညီလာခံမှာ မဲခွဲကြတဲ့အခါ အရှုံးအနိုင် အဆုံးအဖြတ်အတွက် အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ရှိနေပါတယ်။

(၄) D-Days ကို ဘယ်လို အနိုင်တိုက်မလဲ

မြန်မာစစ်အုပ်စုဟာ သူတို့ ရွေးချယ်စရာ မဟုတ်။ NUG ကိုသာ သူတို့ ရွေးချယ်ထောက်ခံ အသိအမှတ်ပြုရမှာ ဆိုတာကို ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအများစုက လက်ခံနိုင်အောင် စည်းရုံးနိုင်မှ ကျနော်တို့ အနိုင်ရမှာပါ။ ဒီနေရာမှာ အထူးသတိပြုရမှာက ကုလသမဂ္ဂဋ္ဌာနချုပ်တည်ရှိရာ နယူးယောက်မြို့တော်မှာ အဖွဲ့ဝင်နိုင်ငံတိုင်းက အမြဲတမ်းကိုယ်စားလှယ်တွေ (သံအမတ်ကြီးတွေ) အချိန်ပြည့်ရှိနေကြပေမယ့် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို အဲဒီ သံအမတ်ကြီးတွေရဲ့ ကိုယ်ပိုင်ဆန္ဒနဲ့ ဆုံးဖြတ်ကြတာ မဟုတ်ပါ။ သက်ဆိုင်ရာနိုင်ငံများရဲ့ အစိုးရများက ဆုံးဖြတ်ပြီး ဘယ်လို မဲပေးရမလဲဆိုတာကို သူတို့ရဲ့ သက်ဆိုင်ရာ သံအမတ်ကြီးများကို တိုက်ရိုက်ညွှန်ကြားကြတာပါ။ ဒါကြောင့်မို့ ကျနော်တို့ဘက်ကို စာနာစိတ်ရှိတဲ့၊ ထောက်ခံတဲ့ နိုင်ငံများရဲ့ အစိုးရများကို တိုက်ရိုက်ဆက်သွယ်၍ဖြစ်စေ၊ သက်ဆိုင်ရာ လွှတ်တော်များကို ချဉ်းကပ်၍ဖြစ်စေ၊ သက်ဆိုင်ရာနိုင်ငံမှာ ဩဇာကြီးမားတဲ့အရပ်ဘက်အဖွဲ့အစည်းများ၊အလုပ်သမားသမဂ္ဂများကဖြစ်စေ၊မြန်မာအသိုင်းအဝိုင်းများကဖြစ်စေ စည်းရုံးသင့်ပါတယ်။ ပြီးတော့ အမေရိကန်အစိုးရ၊ ဥရောပသမဂ္ဂနိုင်ငံများနဲ့ ကနေဒါ၊ ဩစတြေးလျ၊ နယူးဇီလန်၊ အင်္ဂလန်၊ ဆွစ်ဇာလန်၊ စတဲ့ ကမ္ဘာ့ ဒီမိုကရေစီနိုင်ငံများရဲ့ ထောက်ခံမှုကို ပိုပြီး သေချာအောင်ကြိုးစားသင့်ပါတယ်။ အဲဒီ ဒီမိုကရေစီနိုင်ငံတွေအားလုံးမှာ သူတို့နဲ့ ရင်းနှီးမှုခိုင်မာတဲ့၊ သူတို့ရဲ့ ဩဇာသက်ရောက်မှုကြီးမားတဲ့ မဟာမိတ်နိုင်ငံများ ကိုယ်စီရှိကြတာပါ။

မြန်မာနိုင်ငံတွင်းက ဒီဒေး (D-Day) နဲ့ ကုလသမဂ္ဂစစ်မြေပြင်က ဒီဒေး (D-Day) တို့ဟာ တိုက်ရိုက် ဆက်စပ်နေပါတယ်။ မြန်မာနိုင်ငံတွင်းမှာ ဒီမိုကရေစီလိုလားတဲ့ ပြည်သူတွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ တော်လှန်ရေးအင်အားစုတွေက မင်းအောင်လှိုင်ရဲ့ ဖက်ဆစ်စစ်တပ်က မြန်မာနိုင်ငံကို အုပ်ချုပ်နိုင်စွမ်းမရှိအောင် ထိထိရောက်ရောက် ဆက်လက်ဆန့်ကျင် တော်လှန်နိုင်မှ၊ အမျိုးသားညီညွတ်ရေးအစိုးရဟာ မြန်မာပြည်သူများ ထောက်ခံတဲ့ အစိုးရဖြစ်တယ်ဆိုတာ သက်သေပြနိုင်မှ၊ အမျိုးသားညီညွတ်ရေးအစိုးရဟာ မြန်မာနိုင်ငံကို အမှန်တကယ် ညီညွတ်တဲ့၊ တိုင်းရင်းသားအားလုံး တန်းတူညီမျှ အခွင့်အရေးတွေရစေမယ့်၊ လူမျိုး၊ ဘာသာ၊ ကျား၊ မ၊ တတိယဂျင်ဒါ၊ ဘယ်နေရာမှာမှ ခွဲခြားဆက်ဆံမှုမရှိစေတဲ့ နိုင်ငံတော်သစ်အဖြစ် တည်ထောင်နိုင်စွမ်းရှိတယ်ဆိုတာကို သက်သေပြနိုင်မှသာ ကုလသမဂ္ဂအထွေထွေညီလာခံမှာ နိုင်ငံအများရဲ့ ထောက်ခံမှုကို ရရှိပြီး မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုခံရမှာပါ။

ကျနော်တို့ နိုင်မှဖြစ်မှာပါ။

အောင်ဒင်(ဇူလိုင် ၁၊ ၂၀၂၁)

Related Posts

သုံးသပ်ချက်များ

အပစ်မရပ်ကြသူများ

April 30, 2025

အပစ်မရပ်ကြသူများ ခုရက်ပိုင်း ပွဲသတင်းတွေ တော်တော်လေး စိတ်နေတယ်။...

ဧပြီ ၀၁၊ ၂၀၂၅။ (အင်္ဂါ)
သုံးသပ်ချက်များ

ဘယ်သူ့​ကြောင့်လဲ

April 19, 2025

မန္တလေးငလျင်ကြီးလှုပ်ပြီးသွားတဲ့အခါ နိုင်ငံတကာကအကူအညီပေးတဲ့အဖွဲ့တွေအလျှင်အမြန်ရောက်လာပြီး နည်းပညာအကူအညီနှင့် ဒေသခံတွေပူးပေါင်းပြီး ကယ်တင်ကြတဲ့အတွက်...

သုံးသပ်ချက်များ

“၂၀၂၅ စိန်ခေါ်မှု”

March 28, 2025

ဘာကြောင့် တော်လှန်ရေး လုပ်ခဲ့ကြတာလဲဆိုတာကို မျက်ခြည်ပြတ်လာကြလေသလားလို့ စိုးရိမ်စရာတွေ...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English