မြန်မာနိုင်ငံသားတဦးအတွက် လျှပ်စစ်မီး မလာခြင်း၊ လျှပ်စစ်မီး မမှန်ခြင်း၊ မကြာခဏ လျှပ်စစ်မီး ပြတ်တောက်ခြင်းတို့မှာ အဆန်းတကြယ် မဟုတ်ပါ။ အာဏာသိမ်း စစ်ခေါင်းဆောင် အဆက်ဆက် မြန်မာပြည်သူတို့ ကြုံတွေ့နေကျ နိစ္စဓူဝများပင် ဖြစ်သည်။
၁၉၈၈ ခုနှစ် လူထုအုံကြွတော်လှန်မှုကို ရက်စက်စွာ နှိမ်နင်းပြီး စစ်အာဏာသိမ်းခဲ့ပြီးသည့် နောက်ပိုင်း ၁၉၉၀ ပြည့်လွန်နှစ်များတလျှောက် ရန်ကုန်မြို့နှင့်တကွ မြို့ကြီးအများအပြား လျှပ်စစ်မီး ပုံမှန်မရမှု၊ အချိန်ပိုင်း လျှပ်စစ်မီး ဖြတ်တော်မှုများနှင့် ကြုံတွေ့နေခဲ့ရသဖြင့် မီးပျက်ခြင်းမှာ စစ်အာဏာရှင်စနစ်အောက် ကြီးပြင်းလာသည့် မြန်မာပြည်သူအားလုံး ခံစားဖူးသည့် အတွေ့အကြုံများ ဖြစ်သည်။
၁၉၉၀ အလွန်၊ ၂၀၀၀ ပြည့်နှစ် နောက်ပိုင်းမှစပြီး လျှပ်စစ်မီး ပုံမှန် မရခြင်း၊ အချိန်ပိုင်းသာ ရခြင်းတို့မှာ ပုံမှန်ဖြစ်ရိုးဖြစ်စဉ် ဖြစ်လာသည်။ လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်း ရန်ကုန်လမ်းမကြီးများ၏ ပလက်ဖောင်းများပေါ်တွင် လျှပ်စစ်မီးစက်၊ ဂျင်နရေတာ ကြီး၊ ငယ် မျိုးစုံ ထုတ်ပြီး မီးစက်မောင်း အလုပ်လုပ်နေကြသည်ကို နေ့စဉ်မြင်ကြရသည်။ တမြို့လုံး မီးစက်သံ တဆူဆူနှင့် နေကြရသည်။
အဆိုပါ လျှပ်စစ်မီး ပုံမှန်မရမှု၊ လျှပ်စစ်မီး ပြတ်တောက်မှုများသည် ၂၀၁၅ ခုနှစ်လောက်မှစပြီး တဖြည်းဖြည်းနှင့် လုံးဝနီးပါး ကင်းစင်သွားသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ လက်ထက်တွင် တနိုင်ငံလုံးနီးပါး လျှပ်စစ်မီး အပြည့်အဝ ပြန်ပေးနိုင်ခဲ့ရာ ၂၀၂၁ ခုနှစ်အထိ ဖြစ်သည်။
အဆိုပါ လျှပ်စစ်မီး ပုံမှန်မရမှု၊ လျှပ်စစ်မီး ပြတ်တောက်မှုများသည် ၂၀၁၅ ခုနှစ်လောက်မှစပြီး တဖြည်းဖြည်းနှင့် လုံးဝနီးပါး ကင်းစင်သွားသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ လက်ထက်တွင် တနိုင်ငံလုံးနီးပါး လျှပ်စစ်မီး အပြည့်အဝ ပြန်ပေးနိုင်ခဲ့ရာ ၂၀၂၁ ခုနှစ်အထိ ဖြစ်သည်။
ခေတ်အဆက်ဆက် လျှပ်စစ်ဓာတ်အား လိုအပ်ချက်များ ပြန်လည် ဖြည့်တင်းခဲ့ရာ တနိုင်ငံလုံး ဓာတ်အားလိုအပ်ချက် မီဂါဝပ် ၆,၀၀၀ တွင် မီဂါဝပ် ၃,၀၀၀ ကျော်အထိ ပြည်လည်ပေးနိုင်ခဲ့သည်။ သီလဝါတွင် သဘာဝဓာတ်ငွေ့ရည်သုံး ဓာတ်အားပေးသင်္ဘော (LNG power-generating vessel) ကို ငှားရမ်းပြီး ၂၀၂၀ ပြည့်နှစ်မှစ၍ ဓာတ်အားလိုအပ်ချက် ဖြည့်တင်းပေးနိုင်ခဲ့သည်အထိဖြစ်သည်။
အဆိုပါ သဘာဝဓာတ်ငွေ့ရည် (LNG) စွမ်းအားသုံး ဓာတ်အားပေးသင်္ဘောမှာ စစ်အာဏာသိမ်းပြီးနောက် စာချုပ်သက်တမ်း ၂ နှစ် ကျန်နေသေးသော်လည်း ၂၀၂၃ ခုနှစ်တွင် ပြန်လည် ထွက်ခွာသွားခဲ့သည်။ NLD အစိုးရလက်ထက်တွင် ရန်ကုန်နှင့်တကွ မြို့ကြီးများ၌ လျှပ်စစ်မီးပြတ်တောက်ခြင်း မရှိတော့ဘဲ နေလာခဲ့ရာက ၂၀၂၃ ခုနှစ်မှစ၍ ရန်ကုန်တွင် လျှပ်စစ်မီးပြတ်တောက်မှု ပြန်လည်ဖြစ်ပေါ်လာခဲ့သည်။
ယခု ၂၀၂၄ ခုနှစ်အကုန်၊ ၂၀၂၅ ခုနှစ်ဆန်းတွင်မူ သမိုင်းတလျှောက် အဆိုးရွားဆုံး လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများကို မြန်မာပြည်သူတွေ ရင်ဆိုင်နေကြရပြီဖြစ်သည်။
ယခင် စစ်အစိုးရ (ဦးသန်းရွှေ၊ ဦးသိန်းစိန်) လက်ထက်များက လျှပ်စစ်မီးပြတ်တောက်မှု ပုံမှန်ရှိခဲ့သော်လည်း အများဆုံး ရှစ်နာရီခန့်သာဖြစ်သည်။ တနေ့ ရှစ်နာရီခန့် လျှပ်စစ်မီး ပြတ်တောက်မှုကို ဆိုးရွားလှပါပြီဟု ထင်မှတ်ခဲ့ကြသည့် ရန်ကုန်လူထုသည် ယခုအခါ တနေ့လျှင် လေးနာရီခန့်သာ လျှပ်စစ်မီးရရှိတော့သည့် အခြေအနေဖြင့် ရင်ဆိုင်နေရပြီဖြစ်သည်။
လျှပ်စစ်ဓာတ်အား အပြည့်အဝ မပေးနိုင်တော့သည့် အခြေအနေနှင့် ပတ်သက်၍ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနကိုယ်တိုင် တရားဝင် ထုတ်ဖော်ဝန်ခံခဲ့ရပြီး တနိုင်ငံလုံး အလှည့်ကျစနစ်ဖြင့် လျှပ်စစ်မီး လျှော့ချပေးနေရကြောင်း ဇနန်နဝါရီလ ၆ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ရသည်။
ရန်ကုန်တွင် တရက်လျှင် လေးနာရီလာ၊ ရှစ်နာရီပျက် ပုံစံဖြင့် အလှည့်ကျစနစ် သုံးမျိုး၊ မန္တလေးတွင် သုံးနာရီပေး၊ ကိုးနာရီပိတ် အလှည့်ကျစနစ် လေးမျိုးဖြင့် လျှပ်စစ်မီး ပေးနေရကြောင်း ဖော်ပြထားသည်။
အလားတူ လျှပ်စစ်မီး လုံးဝပြတ်တောက်ခြင်း မရှိခဲ့သည့် နေပြည်တော်ကိုပါ ရှစ်နာရီ မီးဖြတ်ပြီး အလှည့်စနစ်ဖြင့် ပေးနေရပြီဟု ဆိုသည်။
ရန်ကုန်လူထုအနေဖြင့် ၂၄ နာရီတွင် လေးနာရီခန့်သာ လျှပ်စစ်ဓာတ်အား ရရှိတော့သည့် အခြေအနေမျိုးနှင့် ရင်ဆိုင်ကြုံတွေ့နေရပြီ ဖြစ်သည်။ ယခုရက်ပိုင်းအတွင်း လူတိုင်း ပြောဆိုဝေဖန်နေသည့် အကြောင်းအရာတခုမှာ လျှပ်စစ်မီးကိစ္စဖြစ်လာသည်။
ရန်ကုန်လူထုအနေဖြင့် ၂၄ နာရီတွင် လေးနာရီခန့်သာ လျှပ်စစ်ဓာတ်အား ရရှိတော့သည့် အခြေအနေမျိုးနှင့် ရင်ဆိုင်ကြုံတွေ့နေရပြီ ဖြစ်သည်။ ယခုရက်ပိုင်းအတွင်း လူတိုင်း ပြောဆိုဝေဖန်နေသည့် အကြောင်းအရာတခုမှာ လျှပ်စစ်မီးကိစ္စဖြစ်လာသည်။
အလှည့်ကျ လျှပ်စစ်မီးပေးစနစ်က စာရွက်ပေါ်တွင်သာဖြစ်ပြီး တကယ့်လက်တွေ့တွင်မူ မီးက လာချင်သည့်အချိန်လာပြီး ပျက်ချင်သည့်အချိန် ပျက်သွားတတ်သည့်အတွက် ရန်ကုန်လူထု၏ ညည်းတွားသံများက ပိုမိုကျယ်လောင်လာသည်။
မီးလာပြီဆို၍ ထမင်းပေါင်းအိုး တည်ထားပြီးမှ မီးက ပျက်သွားသဖြင့် အချိန်မီ ထမင်းမချက်နိုင်သည့်အဖြစ်၊ အဝတ်လျှော်စက်ထဲ အဝတ်တွေထည့်ထားပြီးမှ ဆက်လျှော်မရသည့်အဖြစ်၊ ရေတင်နေရင်း ရေဆက် မတင်နိုင်တော့သည့်အဖြစ် စသည်ဖြင့် မီးဘေးဒုက္ခမျိုးစုံနှင့် ရင်ဆိုင်နေကြရသည်။
ပြီးခဲ့သည့်နှစ်ကတည်းက လျှပ်စစ်မီးပြတ်တောက်မှု ပိုစိတ်လာသည်။ စက်မှုဇုန်များကို လျှပ်စစ်မီး မပေးနိုင်တော့။ အသေးစား၊ အလတ်စား ဝန်ဆောင်မှုလုပ်ငန်းများ၊ ကုန်ထုတ်လုပ်ငန်းရှင်များက ကိုယ်ပိုင် လျှပ်စစ်မီးစက်ကြီးတွေနှင့် အလုပ်လုပ်ကြသည်။
တတ်နိုင်သူတချို့က အိမ်သုံးမီးစက်၊ အင်ဗာတာ၊ ဆိုလာစနစ်အမျိုးမျိုး ကိုယ့်အစီအစဉ်နှင့် တပ်ဆင်လာရသည်။ လျှပ်စစ်ဓာတ်အား မရရှိတော့ခြင်း၏ နောက်ဆက်တွဲ ပြဿနာများက တခုပြီးတခု တန်းစီလာနေသည်။
ရပ်ကွက်ထဲက ထိုင်နေကျ ကော်ဖီဆိုင်လေး ပိတ်သွားသည်။ လုံးဝ ပိတ်လိုက်တာမျိုးတော့ မဟုတ်။ မီးလာသည့်အချိန်မှာပဲ ဖွင့်သည်။ ဝိုင်ဖိုင်လည်းရ၊ အဲယားကွန်းလည်းရသော ကော်ဖီဆိုင်မှာ ရေရှည် တောင့်မခံနိုင်တော့။ ယခင်က မီးမလာလျှင် မီးစက်နှိုးပြီး ဆိုင်ဖွင့်ထားသည်။ ယခု မီးစက်နှိုးထားရသည်မှာ တွက်ခြေမကိုက်တော့ဟုဆိုကာ ဆိုင်ကို ပိတ်ထားလိုက်သည်။ ယခင် လင်းနေသော ကော်ဖီဆိုင်မှာ ယခု အမှောင်ထဲမှာ ခပ်ကုပ်ကုပ်။
ရန်ကုန်ညများသည် အမှောင်ထုအောက်တွင် ငြိမ်သက်နေသည်။
တခါက အမြဲတမ်း လျှပ်စစ်မီးရောင်များဖြင့် လင်းထိန်နေခဲ့သော ရန်ကုန်မြို့လယ် ကျောက်တံတား၊ ပန်းဘဲတန်း၊ လမ်းမတော်၊ လသာ စသည့်မြို့နယ်တွေလည်း ယခုတော့ အမှောင်ထဲမှာ ငြိမ်သက်နေသည်။
လုံခြုံရေးကြောင့်ရော၊ တရားဥပဒေစိုးမိုးမှု ကင်းမဲ့လာခြင်းကြောင့်ပါ မှောင်ရီသန်းသည်နှင့် လမ်းမပေါ်တွင် သွားလာနေသူတွေ ကျဲသွားသည်။ လူတွေ ခပ်သုတ်သုတ် အိမ်ပြန်ကုန်ကြသည်။ ရန်ကုန်သည် တဖြည်းဖြည်းနှင့် တစပြင်လို ခြောက်ခြားစရာ ဖြစ်လာသည်။
လုံခြုံရေးကြောင့်ရော၊ တရားဥပဒေစိုးမိုးမှု ကင်းမဲ့လာခြင်းကြောင့်ပါ မှောင်ရီသန်းသည်နှင့် လမ်းမပေါ်တွင် သွားလာနေသူတွေ ကျဲသွားသည်။ လူတွေ ခပ်သုတ်သုတ် အိမ်ပြန်ကုန်ကြသည်။ ရန်ကုန်သည် တဖြည်းဖြည်းနှင့် တစပြင်လို ခြောက်ခြားစရာ ဖြစ်လာသည်။
လျှပ်စစ်မီး အပြည့်အဝ မရရှိတော့သည့်အကျိုးဆက်က လာမည့် နွေရာသီတွင် ပိုဆိုးလာနိုင်သည်။ ကျန်းမာရေးနှင့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှု အပါအဝင် နောက်ဆက်တွဲ ပြဿနာတွေ ရှိလာနိုင်သည်။
စီးပွားရေးကျဆင်းမှု၊ ကုန်ဈေးနှုန်းကြီးမြင့်မှု၊ ငွေကြေးဖောင်းပွမှု၊ အလုပ်အကိုင်ရှားပါးမှု၊ တရားဥပဒေ ကင်းမဲ့မှုများကြောင့် ပြည်သူများ စိတ်ဓာတ်ပျက်ပြား ပြိုကွဲနေချိန် လူပီပီသသ အလင်းရောင်အောက်မှာပင် နေခွင့်မရသည့် အဖြစ်မျိုးနှင့် ရင်ဆိုင်နေကြရသည်။
ယခုအခြေအနေတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက လျှပ်စစ်ဓာတ်အား လျော့နည်းဖြန့်ဖြူးပေးနိုင်မှုအပေါ် နားလည်ခွင့်လွှတ်ပေးရန် တောင်းပန်လာသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ ဖော်ပြချက်အရ တနိုင်ငံလုံး၏ ရေအားလျှပ်စစ်စက်ရုံ၊ သဘာဝဓာတ်ငွေ့သုံးစက်ရုံ၊ ကျောက်မီးသွေးစက်ရုံ၊ နေရောင်ခြည်စွမ်းအင်သုံးစက်ရုံ အားလုံးပေါင်း၏ လျှပ်စစ်ထုတ်လုပ်မှု ပမာဏမှာ ၂,၂၀၀ မဂ္ဂါဝပ်အောက်သာ ရှိသည်ဟု ဆိုသည်။ တနိုင်ငံလုံး လိုအပ်သည့် လျှပ်စစ်ဓာတ်အားပမာဏ ထက်ဝက်ခန့်ကိုပင် ပေးနိုင်စွမ်း မရှိတော့။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးချိန်မှ စ၍ အကောင်းပကတိနိုင်ငံသည် တစတစ ယိုယွင်းပျက်စီးလာခဲ့ရာ နိုင်ငံရေးလေ့လာသုံးသပ်သူများ ကြိုတင်ဟောကိန်းထုတ်ခဲ့သည့်အတိုင်း အဖက်ဖက်က ယိုယွင်းပျက်စီးသွားသောနိုင်ငံ (failed state) အဖြစ် လုံးလုံးလျားလျား ကျရောက်သွားသည်။
အရှေ့တောင်အာရှတွင် ထွန်းသစ်စနိုင်ငံတခု ဖြစ်လာတော့မည်ဟု ယူဆခဲ့ကြသော နိုင်ငံသည် အရှေ့တောင်အာရှတွင် နောက်ဆုတ်သွားသောနိုင်ငံတခု ဖြစ်ခဲ့ရသည်။ အာဆီယံ ၁၀ နိုင်ငံတွင် လာအို၊ ကမ္ဘောဒီးယားတို့နောက်ကို လေးနှစ်အတွင်း ကျရောက်သွားသည်။ တောင်အာရှ၊ အရှေ့တောင်အာရှ အိမ်နီးချင်းနိုင်ငံအားလုံး ရှေ့သို့ချီတက်နေချိန်တွင် စစ်အာဏာရှင်တစု၏ ရူးသွပ်မိုက်မဲမှုကြောင့် ပျက်သုဉ်းနိုင်ငံဘဝ ရောက်ခဲ့ရသည်။
လျှပ်စစ်မီးနှင့်ပတ်သက်၍ အိမ်နီးချင်း ထိုင်းကို မပြောနှင့်၊ တချိန်က ဆင်းရဲနိမ့်ကျခဲ့ပါသည်ဆိုသော လာအိုကိုပင်လျှင် မမီတော့။ လာအိုသည် လတ်တလောတွင် အိမ်နီးချင်းပြည်ပနိုင်ငံများကိုပိုလျှံသည့် လျှပ်စစ်ဓာတ်အား ရောင်းချနေသည့် နိုင်ငံဖြစ်နေပြီ။ ၂၀၂၁ ခုနှစ် စာရင်းအရ လာအို၏ ပြည်ပလျှပ်စစ်တင်ပို့မှုမှာ မဂ္ဂါဝပ် ၆,၄၀၀ ရှိသည်။ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်၏ တနိုင်ငံလုံး လျှပ်စစ်ထုတ်လုပ်မှုပမာဏက မဂ္ဂါဝပ် ၂၇,၅၀၀ ရှိသည်။
အိမ်နီးချင်းနိုင်ငံများအားလုံး လင်းလင်းချင်းချင်းနှင့် နေထိုင်ရချိန်တွင် ကိုယ့်တနိုင်ငံတည်း ကွက်ပြီး ထီးတည်း အမှောင်ထဲမှာ နေနေကြရသည်။ စစ်ကောင်စီ၏ နောက်ဆုံးနေ့ရက်များ နီးကပ်လာသလို နိုင်ငံကလည်း တဖြည်းဖြည်းနှင့် မီးစာကုန် ဆီခန်းလာပြီဟု ဆိုရမည်။
(နွေနေသည် မြန်မာသတင်းစာဆရာတဦးဖြစ်သည်။)