မြန်မာပြည်အလယ်ပိုင်း မြေလတ်ဒေသမှာ ဝမ်းနည်းစရာဆုံးရှုံးမှုတွေ ကြုံနေရပေမယ့် တိုင်းရင်းသား နယ်မြေတွေနဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းမှာတော့ မြို့သိမ်းတိုက်ပွဲတွေ ၊ အောင်မြင်မှုတွေ ဆက်တိုက် ရှိနေပါတယ်။ စစ်ကိုင်းတိုင်းအထက်ပိုင်း အိန္ဒိယနယ်စပ်မြို့ဖြစ်တဲ့ တမူးမြို့အနီးရှိ မြို့သစ်မြို့ကို တော်လှန်ရေးအဖွဲ့တွေ သိမ်းပိုက်လိုက်နိုင်တယ်။ ထိုမြို့အနီးကခမ်းပတ်မြို့ကို မနှစ်ကတည်းက သိမ်းပိုက်ထားတာဖြစ်ပြီး အခုလိုသိမ်းပိုက်နိုင်တာကြောင့် ထိုဒေသမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ တမူးမြို့ပေါ်မှာပဲ ကွက်ကွက်လေးကျန်တော့တယ်။ ကချင်ပြည်နယ်မှာလဲ KIAက ဆင်ဘိုမြို့နဲ့ ဆွမ်ပရာဘွမ်မြို့ကို သိမ်းပိုက်လိုက်နိုင်ပြီးနောက် ဧရာဝတီမြစ်ကမ်းနဘေးက ဗန်းမော်မြို့ကို ပတ်လည် ဝိုင်းထားတယ်။ ဒါ့အပြင်မိုးမောက်နဲ့ မန်စီမြို့ကိုရရှိရေး ဆက်လက်ထိုးစစ်ဆင်နေတယ်။ ကချင်ပြည်နယ် မှာလဲ အနည်းဆုံးမြို့လေးမြို့နဲ့ စစ်ကောင်စီတပ်စခန်း၁၀၀နီးပါးကို သိမ်းပိုက်ထားပြီးပါပြီ။ KIAရဲ့ ထိုးစစ်တွေငြိမ်သွားပြီလို့ထင်ရပေမယ့် အခုချိန်ထိတော့ အရှိန်မလျော့ပဲ ဖြည်းဖြည်းနဲ့ မှန်မှန်ရှေ့ဆက် နေတယ်။
အောက်တိုဘာ ၀၆၊ ၂၀၂၄။ (တနင်္ဂနွေ)
ဒီရက်ပိုင်းမှာတော့စစ်ကောင်စီဟာအသက်ရှူချောင်နေပါတယ်။စစ်ရေးပိုင်းမှာတရုတ်ဖိအားကြောင့်မြောက်ပိုင်းထိုးစစ်တွေကြီးကြီးမားမားမလုပ်တော့ပဲရပ်တန့်ထားရတယ်။ဒါ့အပြင်ရေဘေးကြောင့်နိုင်ငံရဲ့နေရာဒေသအနှံအပြားမှာလဲတော်လှန်ရေးထက်ကယ်ဆယ်ရေးကိုဦးစားပေးလုပ်နေရတယ်။ နိုင်ငံရေးပိုင်းမှာတော့စစ်ကောင်စီဟာလောလောဆယ်မှာသန်းခေါင်စာရင်းကိုတွန်းကောက်နေတယ်။ပြီးရင်လာမယ့်နှစ်ဒီအချိန်မှာအတုအယောင်ရွေးကောက်ပွဲတစ်ခုပြန်လုပ်ပေးမယ်လို့လေသံပစ်ထားတယ်။ စီးပွားရေးဘက်မှာလဲတရုတ်ကပေးထားတဲ့ယွမ်ငွေတစ်ဘီလီယံကြောင့်လတ်တလောကြုံတွေ့နေရတဲ့ငွေကြေးအကြပ်အတည်းကစစ်ကောင်စီဟာလွတ်မြောက်သွားတယ်။ဒေါ်လာစျေးတွေသိသိသာသာကျလာတယ်။စက်သုံးဆီပြတ်လတ်မှုတွေမရှိသလောက်ဖြစ်သွားတယ်။ဒါပေမယ့်စစ်ကောင်စီပဲအသက်ရှူချောင်တာပါ။သာမာန်ပြည်သူတွေကတော့အရင်အတိုင်းကုန်စျေးနှုန်းကြီးမြင့်မှုတွေနဲ့စီးပွားရေးအကြပ်အတည်းတွေကိုရင်ဆိုင်နေရဆဲပါပဲ။