မြဝတီမြို့ဆီ ချီတက်လာနေတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ လက်နက်ကြီးတွေ၊ လေကြောင်းပစ်ကူတွေ အလွန်အကျွံသုံးပြီး တက်လာတဲ့အတွက် တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ အနေနဲ့ကော့ကရိတ်မြို့ အရှေ့ဘက်အထိဆုတ်ခွာပေးလိုက်ရတယ်။ ထိုစစ်ကြောင်းရောက်မလာခင်က တော်လှန်ရေးအဖွဲ့တွေဟာ ကော့ကရိတ်မြို့ရဲ့ ၇၀ ရာခိုင်နှုန်းခန့်ကို ထိန်းချုပ်ထားနိုင်ခဲ့တာပါ။ ထိုသို့ထိန်းချုပ်နိုင်ဖို့ လေးလကျော်ကြာ အချိန်ယူတိုက်ခိုက်ခဲ့ရတယ်။ အခုတော့လက်နက်အင်အား မမျှတာကြောင့် ခေတ္တဆုတ်ခွာပေးလိုက်ရတယ်။ ကော့ကရိတ်မြို့ဟာ မြေပြန့်ဒေသဖြစ်တာကြောင့် ခံစစ်ပြုဖို့အဆင်မပြေတာကြောင့် မြို့အရှေ့ဘက်ရှိ ဒေါနတောင်တန်းပေါ်က နေပြီးတော်လှန်ရေးအဖွဲ့တွေ စစ်ကောင်စီစစ်ကြောင်းကို ခုခံမယ်လို့ မျှော်လင့်ရတယ်။ စစ်ကောင်စီ စစ်ကြောင်းအနေနဲ့ ထိုတောင်တန်းကို ဖြတ်ကျော်ပြီးမှ မြဝတီမြို့ နားကပ်နိုင်မှာပါ။မြဝတီနဲ့ ကော့ကရိတ်ဟာ ၂၆မိုင်ခန့်ကွာဝေးတယ်။ မြဝတီမြို့ထိုင်းမြန်မာနယ်စပ် တံတားအောက်မှာ သောင်တင်နေတဲ့စစ်သူပုန်တွေကတော့ ကတုတ်ကျင်းတွေ တူးပြီးစစ်ကူမျှော်လေ နေရဲ့။ မြဝတီမြို့ထဲမှာတော့ ကရင်BGFအဖွဲ့တွေ ကင်းလှည့်လျက်ရှိတယ်။ ထိုခိုကိုးရာမဲ့စစ်သူပုန်တွေကိုလဲ BGF တွေအစားအသောက်နဲ့ ရေထောက်ပံထားတယ်လို့ သိရတယ်။ ကရင်BGFအဖွဲ့ဟာ အရင်ကစစ်ကောင်စီ လက်အောက်ကအဖွဲ့ဖြစ်ခဲ့ဖူးတယ်လေ။ အခုလောလောဆယ်တော့ KNUနဲ့ပူးပေါင်းအဖွဲ့တွေဟာ မြဝတီမြို့ ထဲတော့ဝင်မလာသေးပါဘူး။ ဒါ့ကြောင့်လဲတံတားအောက်ကစစ်သူပုန်တွေအခုချိန်ထိအေးအေး ဆေးဆေး နေနိုင်နေတာပေါ့။
အောက်တိုဘာ ၀၆၊ ၂၀၂၄။ (တနင်္ဂနွေ)
ဒီရက်ပိုင်းမှာတော့စစ်ကောင်စီဟာအသက်ရှူချောင်နေပါတယ်။စစ်ရေးပိုင်းမှာတရုတ်ဖိအားကြောင့်မြောက်ပိုင်းထိုးစစ်တွေကြီးကြီးမားမားမလုပ်တော့ပဲရပ်တန့်ထားရတယ်။ဒါ့အပြင်ရေဘေးကြောင့်နိုင်ငံရဲ့နေရာဒေသအနှံအပြားမှာလဲတော်လှန်ရေးထက်ကယ်ဆယ်ရေးကိုဦးစားပေးလုပ်နေရတယ်။ နိုင်ငံရေးပိုင်းမှာတော့စစ်ကောင်စီဟာလောလောဆယ်မှာသန်းခေါင်စာရင်းကိုတွန်းကောက်နေတယ်။ပြီးရင်လာမယ့်နှစ်ဒီအချိန်မှာအတုအယောင်ရွေးကောက်ပွဲတစ်ခုပြန်လုပ်ပေးမယ်လို့လေသံပစ်ထားတယ်။ စီးပွားရေးဘက်မှာလဲတရုတ်ကပေးထားတဲ့ယွမ်ငွေတစ်ဘီလီယံကြောင့်လတ်တလောကြုံတွေ့နေရတဲ့ငွေကြေးအကြပ်အတည်းကစစ်ကောင်စီဟာလွတ်မြောက်သွားတယ်။ဒေါ်လာစျေးတွေသိသိသာသာကျလာတယ်။စက်သုံးဆီပြတ်လတ်မှုတွေမရှိသလောက်ဖြစ်သွားတယ်။ဒါပေမယ့်စစ်ကောင်စီပဲအသက်ရှူချောင်တာပါ။သာမာန်ပြည်သူတွေကတော့အရင်အတိုင်းကုန်စျေးနှုန်းကြီးမြင့်မှုတွေနဲ့စီးပွားရေးအကြပ်အတည်းတွေကိုရင်ဆိုင်နေရဆဲပါပဲ။