တနိုင်ငံလုံးက အခြားဒေသတွေနည်းတူစစ်အုပ်စုစစ်ကြောင်းထိုးနေတဲ့ဒဏ်ကို စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းက ပြည်သူတွေလဲ အလူးအလဲခံနေရပါတယ်။
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ထဲမှာ စစ်အုပ်စုက အင်အားသုံးပြီး ရွာစဉ်ပတ်မွှေ စီးနင်ကာ လူသတ်၊ လုယက်၊ မီးရှို့နေပြီး တစ်လကျော်အတွင်း မီးရှို့ဖျက်ဆီးခံရတဲ့ကျေးရွာ ၁၇ရွာအထိ ရှိနေတယ်။ စစ်အုပ်စုက အတုအယောင်ရွေးကောက်ပွဲ လုပ်ဖို့ ပြင်ဆင်ချိန် အောက်တိုဘာ လဆန်းကစလို့ ဝက်လက်နယ်၊ စစ်ကိုင်း – ရွှေဘို ကားလမ်းတလျှောက်ကျေးရွာတွေကို စစ်အုပ်စုက အင်အားရာချီနဲ့ အဖွဲ့ လေးဖွဲ့ထက်မနည်း ခွဲကာ စီးနင်းလုယက်၊ လူသတ်၊ မီးရှို့နေတာပါ။စစ်အုပ်စုက ကျေးရွာတွေကို စီးနင်းချိန် တွေ့သမျှပြည်သူကို ဖမ်းဆီးသတ်ဖြတ်၊ ဓားစားခံ လူသားဒိုင်းကာအဖြစ်အသုံးချတာကြောင့် မီးရှို့ခံရတဲ့ ကျေးရွာတွေ အပါအဝင် ဝက်လက်နယ် ကျေးရွာ ၂၀ ကျော်က သောင်းချီတဲ့ ပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးနေရတယ်။
အလားတူ ခင်ဦး-ကန့်ဘလူ-ရေဦးနယ်အစပ်ကို စစ်အုပ်စုစစ်ကြောင်းထိုးတာကြောင့် ဒေသခံသောင်းနဲ့ချီ ထွက်ပြေးနေရတယ်။ လက်ရှိမှာ တောတောင်တွေထဲ ဖြစ်သလို တိမ်းရှောင်နေထိုင်နေရတာကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေ၊ကလေးသူငယ်တွေ၊ သက်ကြီးရွယ်အိုတွေ နာမကျန်းဖျားနာမှုတွေ ရှိနေပြီး ရက်ရှည်စစ်ရှောင်ကာလ ကြာမြင့်လာတာနဲ့အမျှ နေထိုင်စားသောက်ရေးနဲ့ ဆေးဝါးအကူညီတွေ လိုအပ်နေတယ်။


