စစ်ကော်မရှင်က ချင်းပြည်နယ်မြောက်ပိုင်းက သူတို့ဆုံးရှုံးထားတဲ့နယ်မြေတွေကို ပြန်လည်ရယူဖို့ ကြိုးစားလာပါပြီ။ ဒီလဆန်းပိုင်းမှစပြီး ချင်းတောင်ပေါ်သို့ အင်အား အများအပြားဖြင့် စစ်ကြောင်းထိုးလာတယ်။ စစ်တပ်စစ်ကြောင်းတွေဟာစစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ကို အခြေပြုထားတယ်။ ချင်းပြည်နယ်ဘက်ကို ကလေးကနေ တက်လာပြီးတော့မှ တီးတိန်မြို့နယ်ထဲကိုစပြီးတော့ ဝင်နေတယ်။ မြေပြင်ကသူတို့က လက်နက်ကြီးတွေနဲ့လက်နက်ငယ်တွေနဲ့ အင်အားဖြည့်လာနေတယ်။ တီးတိန်မြို့ပေါ်မှာလည်း အင်အားတွေထပ်ပြီးတော့ချနေတယ်။
တော်လှန်ရေးအဖွဲ့များ အားကောင်းသည့် ချင်းပြည်နယ်တွင် စစ်ကော်မရှင်ဟာ နယ်မြေထက်ဝက်ကျော် လက်လွှတ်ထားရတယ်။ ယခုနှစ် မေလဒုတိယပတ်အတွင်း ချင်းပြည်နယ်မြောက်ပိုင်းကို စစ်တပ် စစ်ကြောင်းထိုးရန် ကြိုးပမ်းခဲ့သေးတယ်။ အဲ့ဒီတုန်းက ချင်းတော်လှန်ရေးပူးပေါင်းတပ်များ၏ ကြားဖြတ်တိုက်ခိုက်မှုကြောင့် တစ်လခွဲကျော် တိုက်ပွဲအပြင်းအထန် ဖြစ်ပြီးနောက် စစ်တပ်က ကလေးမြို့ဘက်သို့ ပြန်လည်ဆုတ်သွားတယ်။ယခု ရွေးကောက်ပွဲနီးကပ်လာချိန် ချင်းပြည်နယ်မြောက်ပိုင်းသို့ အင်အားအလုံးအရင်းဖြင့် တကျော့ပြန် စစ်ကြောင်းထိုးလာတာပါ။


