စစ်မှုထမ်းဥပဒေစတင် ကြေညာလိုက်တဲ့အချိန်တုန်းကရှေ့တန်းရောက်ရင် ထွက်ပြေးမယ်၊သေနတ်ရရင်ပြန်ပစ်ပြီးပေးမယ် စသဖြင့် ကိုယ်ထင်ရာတွေလျောက်ပြောကြပြီးအဆိုဥပဒေဟာ ထင်သလောက်အောင်မြင်နိုင်မှာ မဟုတ်ဘူးလို့အချို့က သုံးသပ်ခဲ့ကြတယ်။အကြမ်းဖက်စစ်တပ်ရဲ့လူသစ်စုဆောင်းရေးနည်းဗျူဟာနဲ့ ဝါဒမှိုင်းရိုက်သွင်းနိုင်စွမ်းကိုလျော့တွက်ခဲ့ကြတယ်။
စစ်အုပ်စုဟာ နည်းမျိုးစုံနဲ့လူသစ်စုဆောင်းနေတယ်။အစောပိုင်းအပတ်စဥ်တွေမှာ ကိုယ့်သဘောနဲ့ကိုယ်စစ်တပ်ထဲ ဝင်ချင်သူတွေရှိခဲ့တယ်။ထိုသူတွေကုန်သွားချိန်မှာတော့ ရပ်ကွက်ကျေးရွာတွေထဲက လမ်းသရဲတွေ၊သူခိုးဂျပိုးတွေကိုဖမ်းဆီးပြီး စစ်တပ်ထဲသွင်းခဲ့တယ်။နောက်ပိုင်းမှာတော့ ပေါ်တာဆွဲပြီးဖမ်းဆီးလာတာကို တွေ့ရတယ်။ဒါတွေကိုကြည့်ရင် စစ်တပ်ဟာ အခုချိန်ထိအောက်ခြေကနင်းပြားလူတန်းစားမျိုးကိုသာ ရွေးချယ်စုဆောင်းနေတာပါ။ထိုလူတန်းစားဟာ အသက်မသေရုံရုန်းကန်နေရတဲ့ သေမထူးနေမထူးလူတန်းစားမျိုးဖြစ်ပြီးပြည်ပကိုလဲ ထွက်မပြေးနိုင်ကြပါဘူး။
ဒါ့အပြင်စစ်တပ်ထဲမှာ လူသစ်တွေကို ပျော်အောင်နိုင်တဲ့နည်းလမ်းတွေရှိနေတယ်။မြို့ရွာတွေကို စစ်ကြောင်းထိုးရင်ပြည်သူပိုင်ပစ္စည်းတွေကို ဖောက်ထွင်းခိုးယူခွင့်ပေးထားသလိုမူးယစ်ဆေးကိုလဲ လွတ်လပ်စွာသုံးစွဲခွင့်ပေးထားတယ်။ထိုအခြေအနေမျိုးမှာ အောက်ခြေလူတန်းစားက စစ်မှုထမ်းလူသစ်လေးတွေဟာ ရှေ့တန်းမှာသေမယ်မှန်းသိတာတောင်တော်ရုံဘယ်သူမှထွက်ပြေးဖို့ မကြိုးစားကြတော့ဘူး။
ပြီးတော့စစ်အုပ်စုဟာ အခုချိန်ထိပညာတတ်လူတန်းစားလူငယ်လေးတွေကို အတင်းအကြပ်စစ်သားစုဆောင်းတာမျိုး မလုပ်သေးပါဘူး။ပညာတတ်တွေများလာရင် သူတို့စစ်တပ်အတွက်အန္တရာယ်ရှိလာနိုင်တယ်လေ။ဒါတွေဟာ စစ်တပ်ရဲ့လူသစ်စုဆောင်းရေးနည်းဗျူဟာတွေပါပဲ။


