စစ်အုပ်စုဟာ တော်လှန်ရေးအင်အားစုတွေထိန်းချုပ်ထားတဲ့ဒေသတွေကို ကုန်စည်ဖြတ်တောက်မှုတွေအပြင်းအထန်ပြုလုပ်နေပါပြီ။ မန္တလေးမှ အထက်မြန်မာပြည်နဲ့စစ်ကိုင်းတိုင်းဘက်ကို သွားမည့် ကုန်တင်ကားများသည် မန္တလေးစွယ်တော်ကားဝင်းတွင် တင်းကျပ်စွာ စစ်ဆေးခံနေရတယ်။ စစ်ဆေးရေး အဖွဲ့များက ကုန်ပစ္စည်းမှန်သမျှကို နှိုက်ချွတ်ဖောက် စစ်နေပြီး သူတို့ စိတ်ကျေနပ်မှသာ ဖြတ်သန်းခွင့် လတ်မှတ်ကိုထုတ်ပေးနေလို့ စွယ်တော်ကားဝင်းအတွင်း ကုန်တင်ကားများ တန်းစီ၍ ညအိပ် စောင့်ဆိုင်းနေရတယ်။ စစ်အုပ်စုက သယ်ဆောင်ခွင့် ကန့်သတ်ထားသော ပစ္စည်းများထဲတွင် လုပ်ငန်းသုံး၊ လျှပ်စစ်၊ ဆောက်လုပ်ရေးပစ္စည်းများ အပြင် မဖြစ်မနေလိုအပ်သည့် ဆေးဝါးနှင့် လူသုံးကုန်များ ပါဝင်နေတယ်။ ပါရာစီတမော၊ အမျိုးသမီး လစဉ်သုံးပစ္စည်း ဒိုင်ဘာနှင့် စားအုန်းဆီ တစ်ဗူးပင် လွတ်လပ်စွာ သယ်ဆောင် မရတော့ပါ။
စစ်အာဏာသိမ်းပြီးနောက် စစ်ပွဲများ ဖြစ်ပွားမှုနှင့် နယ်မြေအေးချမ်းမှု မရှိခြင်းကြောင့် မန္တလေး – ရွှေဘို – မြစ်ကြီးနား ရထားလမ်းကို အသုံးပြုနိုင်ခြင်း မရှိတော့သလို မန္တလေး -ဗန်းမော် ကားလမ်း သည်လည်း ၂၀၂၃ ကတည်းက ပိတ်ဆို့သွားခဲ့တယ်။ စစ်ကိုင်း၊ ချင်း၊ ကချင်နှင့် မကွေးစသည့် အထက် မြန်မာပြည် မြို့၊ရွာများသည် ရထားလမ်း၊ ရေလမ်းများမှတဆင့် ကုန်သွယ်နိုင်မှု မရှိတော့ဘဲ မန္တလေး မြို့မှတဆင့် စစ်ကိုင်းတံတားကို ဖြတ်သန်းလာမည့် ကုန်စည်များကိုသာ အဓိကမှီခိုအားထားနေခဲ့ရတယ်။ ထိုအခြေအနေတွင် စစ်အုပ်စုက တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး ခေါင်းစဉ်ဖြင့် သူတို့ တင်းပြည့်ကြပ်ပြည့် စီးမိုးထားဆဲ ဖြစ်သော မန္တလေးမြို့၏ ကုန်စည် အဝင်အထွက်ကို ထိန်းချုပ်ကာ တော်လှန်ရေး အားကောင်းသည့်ဒေသတွေကို ဖြတ်တောက်ပိတ်ဆို့ရန် အရှိန်မြှင့် ကြိုးပမ်းလာတာဖြစ်တယ်။