၂၀၂၅ ဩဂုတ် ၈ ရက်နေ့ကနေ စတင်ပြီး မြန်မာနိုင်ငံတွင်း HIV/AIDS လူနာတွေ အတွက် မရှိမဖြစ်လိုအပ်တဲ့ ART ဆေးတွေကို NGO/INGO တွေကနေ တဆင့် ဆေးပေးခွင့် ရပ်ဆိုင်းလိုက်ပြီး စစ်ကော်မရှင်ရဲ့ ကျန်းမာရေးဝန်ကြီးဌာန မှာပဲ လူနာတွေ ဆေးထုတ်ရတော့မှာပါ။ ၂၀၂၄-၂၀၂၆ ကာလအတွင်း မြန်မာပြည် HIV တိုက်ဖျက်ရေးအတွက်ရည်ရွယ်ပြီး Global Fund ကနေ အမေရိကန်ဒေါ်လာ 68 သန်း ကျော် ပေးသွားမယ်လို့ ကြေငြာထားတယ်။ Global Fund ကရတဲ့ အလှူငွေတွေကို စစ်ကော်မရှင်ဆီကိုပဲ တိုက်ရိုက်စီးဆင်းစေပြီး သူ့တို့ပဲ ထိန်းချုပ်ချင်တဲ့ အတွက် ယခုလို NGO တွေကို ART ဆေးပေးခွင့် မပြုတော့တာလို့ ယူဆထားကြပါတယ်။
ဒါက HIV/AIDS လူနာတွေအတွက် သတင်းကောင်းမဟုတ်တဲ့အပြင် မြန်မာပြည်တွင်း HIV တိုက်ဖျက်ရေးအတွက် ကြီးကြီးမားမား ဆုတ်ယုတ်မှုတွေ ဖြစ်လာနိုင်ပါတယ်။ HIV လို ကူးစက်ရောဂါ တိုက်ဖျက်ရေးဆိုတာ ဆရာဝန်ကနေ လူနာကို ဆေးပေးလိုက်တာနဲ့တင် ပြီးသွားတာမျိုး မဟုတ်ပဲ လူနာအဆင်ပြေပြေ နဲ့ ရေရှည် ဆေးသောက်နိုင်ဖို့ ကျန်းမာရေး၊ လူမှုရေး ကဏ္ဍပေါင်းစုံကနေ စောင့်ရှောက်မှု ပေးဖို့လိုအပ်တာ ဖြစ်တယ်။ NLD အစိုးရလက်ထက်ကတောင် အစိုးရဆေးရုံတွေက ကျန်းမာရေးဝန်ထမ်း အရေအတွက်၊ လူနာ အရေအတွက် မမျှတတာကြောင့် အစိုးရဆေးရုံဝန်ဆောင်မှုတွေမှာ လိုအပ်ချက်တွေ အများကြီးရှိနေခဲ့တာပါ။ မင်းအောင်လှိုင်လက်ထက် ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဝန်ဆောင်မှုကတော့ ဘယ်သူမှ ဆေးရုံမတက်ရဲအောင်ကို စုတ်ပြတ်နေတာပါ။ ပြီးတော့ လက်ရှိနိုင်ငံရေး စစ်ရေး အခြေအနေတွေအရ စစ်ကော်မရှင်ရဲ့ကျန်းမာရေးစောင့်ရှောက်မှုဟာ ဝေးလံခေါင်ဖျားဒေသတွေကိုရောက်နိုင်ဖို့ခဲယဥ်းပါတယ်။ ချင်းပြည်နယ် ဟားခါးမြို့၊အိန္ဒိယနယ်စပ် တမူးမြို့လိုမြို့တွေမှာ NON CDM ဝန်ထမ်းတွေကို လစာတောင်ပို့မပေးနိုင်တဲ့အခြေအနေမှာ ဝေးလံခေါင်ဖျားဒေသတွေကို ART ဆေးဖြန်ဖြူးနိုင်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ ဒါကိုမှ ART ဆေးအတွက် funding ကို သူတို့ပဲယူမယ်၊ သူတို့ပဲ ဆေးပေးမယ်ဆိုတာက HIV လူနာတွေကို အခက်အခဲတွေ အများကြီး ဖြစ်လာစေတော့မှာ ဖြစ်ပြီး လိုအပ်တဲ့ ကုသမှုတွေမရတာကြောင့် အသက်ဆုံးရှုံးတွေ ဖြစ်လာဦးမှာ အသေအချာပါပဲ။