လက်ရှိအခြေအနေအရ တော်လှန်ရေးဟာ ၂၀၂၅ – ၂၆ ဖေဖော်ဝါရီအထိ ၆ လအတွင်းမှာအပြောင်းအလဲကြီးကြီးမားမား မလုပ်ပြနိုင်ရင် တော်လှန်ရေးဟာ အနည်းဆုံး ၃ နှစ်ကနေ ၅ နှစ်အတွင်းမှာစစ်တပ် အမြစ်ပြတ်ဖို့ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး။လာမယ့် ၆ လအတွင်း တိုက်ပွဲကြီးတွေ မလုပ်နိုင်ရင် စစ်ကောင်စီရွေးကောက်ပွဲကို မတားနိုင်ရင် စစ်မှုထမ်းခေါ်နေတာကို ရပ်တန့်အောင် မလုပ်နိုင်ရင်တော့ တော်လှန်ရေးဟာ တကယ်ပိုပြီးခက်ခဲကြပ်တည်းပြီး အချိန်တွေပိုကြာတော့မှာပါ။
လက်ရှိစစ်ရေးအခြေအနေကို ပြီးခဲ့တဲ့ ၆ လအတွင်းမှာ တော်လှန်ရေးအင်အားစုတွေရဲ့အရွေ့က ပိုသာနေလား၊ စစ်ကောင်စီအရွေ့က ပိုသာနေလား ဟိုဖက် ဒီဖက် လော်ဘီမျက်လုံးနဲ့မကြည့်ပဲ အလယ်ကနေ တွက်ချက် သုံးသပ်ကြည့်လိုက်ပါ။ လွန်ခဲ့တဲ့ ၆ လအတွင်း စစ်ကောင်စီအရွေ့က တော်လှန်ရေးအရွေ့ထက် ထင်ထားတာထက် ပိုသာခဲ့တယ်ဆိုတာမြင်သာနေတယ်။ ဒါအပြင် စစ်ကောင်စီဟာ သူလုပ်စရာရှိတာ တစိုက်မတ်မတ် ဆက်လုပ်နေပြီး တလကို အနည်းဆုံးစစ်သားသစ် ၅၀၀၀ အထက် စုဆောင်းရရှိနေတယ်။ တရုတ် ရုရှားတို့က စစ်ကောင်စီကို နိုင်ငံရေး စီးပွားရေးအထောက်အပံ့အပြင် စစ်လက်နက်ရင်းမြစ်လိုအပ်ချက်နဲ့ နည်းပညာတွေ ပံ့ပိုးပေးနေတယ်။ အိန္ဒိယနဲ့ ထိုင်းက စစ်ကောင်စီဘက် ယိမ်းနေတယ်။ သံတမန်ဆက်ဆံရေးမှာ စစ်ကောင်စီဟာ တဖြည်းဖြည်းခေါင်းတိုးဝင်လာနေတယ်။ဒါကြောင့် ဒီ ၆ လအတွင်းအပြောင်းအလဲ ကြီးကြီးမားမား မလုပ်နိုင်ရင် တော်လှန်ရေးက ကြာရုံမကပဲ ရှုံးတောင်ရှုံးသွားနိုင်ပါတယ်။