စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်ခဲ့တာ ဒီနေ့ဆို နှစ်လတင်းတင်း ပြည့်ပါပြီ။ နှစ်လအကြာမှာကော မန္တလေးက ဘာတွေများ ပြောင်းလဲသွားပါပြီလဲ။
စက်ယန္တရားမလုံလောက်မှု၊ ငွေကြေးအခက်အခဲရှိမှုတွေကြောင့် ငလျင်ကြောင့် ပြိုကျသွားတဲ့ အဆောက်အဦးတွေဟာ နှစ်လပြည့်သည်အထိ ရှင်းလင်းနေရတုန်းပါ။ အိမ်တလုံးဖြိုချ ရှင်းလင်းမယ်ဆိုရင်ကျပ်သိန်းရာဂဏန်းအထိ ကုန်ကျမှာဖြစ်တဲ့အတွက် အိမ်ပြိုမိသားစုတွေဟာ အတော်အကျပ်ရိုက်နေကြပါတယ်။ ပြန်ဆောက်ဖို့မပြောနဲ့ ဒီအပြိုတွေရှင်းဖို့ကို တစ်ရာကျော်လောက်ကုန်မှာမို့ မနည်းရှာနေရတယ်။
ငလျင်ကြီးကြောင့် သေဆုံးခဲ့တဲ့ ရုပ်အလောင်းတွေ ထုတ်ယူလို့ မပြီးသေးပါဘူး။ ဒီကနေ့ မနက်ပိုင်းကတင် Sky Villa အဆောက်အဦး (B) အောက်က အမျိုးသမီး ရုပ်အလောင်း (၃)လောင်း ထုတ်ယူခဲ့သေးတယ်။ ဒါ့အပြင် နောက်ဆက်တွဲငလျင်နဲ့ မိုးရွာသွန်းမှုတွေကြောင့် အိမ်ပြို၊ သစ်ပင်ပြိုတာတွေရှိပြီး လူသေဆုံးမှုတွေပါ ရှိနေတာကြောင့် မန္တလေးမြို့ခံတွေဟာ စိုးရိမ်မှုတွေနဲ့ ဖြတ်သန်းနေရပါတယ်။
ဒီလိုအချိန်မှာ စစ်ကောင်စီဆီက အလှူငွေဆိုတာ မမြင်ရသေးပါဘူး။ စစ်ကောင်စီဟာ နိုင်ငံတကာက လှူဒါန်းငွေတွေ အများအပြား ရရှိထားပေမဲ့ သူ့ကိုထောက်ခံပြီး စစ်အုပ်စုဝင်အများအပြားနေထိုင်တဲ့ နေပြည်တော်၊ မိတ္ထီလာတို့လောက်သာ ဦးစားပေး လှုပေးနေတယ်။ ငလျင်ဘေးကို ၂လ ကျော်ဖြတ်သန်းပြီးနောက်မှာလဲ မန္တလေးမြို့ဟာ ဒဏ်ရာတွေနဲ့ရှင်သန်နေရတုန်းပါပဲ။