အာဆီယံထိပ်သီးညီလာခံကျင်းပတဲ့အချိန် ပြန်လည်ရောက်ရှိလာပြန်ပါပြီ။ အာဏာသိမ်းပြီး ၄ နှစ်ကျော် ကြာလာတဲ့အထိ အာဆီယံ အဖွဲ့ဝင် နိုင်ငံခေါင်းဆောင်တွေဟာ မြန်မာနိုင်ငံရဲ့ ယိုယွင်းပျက်စီးနေတဲ့ အခြေအနေတွေ၊ ကြမ်းတမ်းခက်ထန်တဲ့ ပဋိပက္ခတွေအတွက် အလေးအနက် စိုးရိမ်ကြောင်း ကြေညာရုံကလွဲပြီး လူထုအပေါ် အကြမ်းဖက် သတ်ဖြတ်နေတဲ့ စစ်ကောင်စီကို ဘယ်လို အရေးယူ တုံ့ပြန်မလဲ ဆိုတာကိုတော့ စုပေါင်း ဆုံးဖြတ်နိုင်ခြင်း မရှိခဲ့ပါဘူး။ စစ်ကောင်စီဟာ ငလျင်ကြီးအပြီး လူသားချင်းစာနာမှု လုပ်ငန်းတွေ ဆောင်ရွက်ဖို့ဆိုတဲ့အကြောင်းပြချက်နဲ့ အပစ်အခတ်ရပ်စဲရေးကိုလူကြားကောင်းအောင် ကြေညာထားပေမယ့် လက်တွေ့မှာတော့ နိုင်ငံအနှံ့ လေကြောင်းတိုက်ခိုက်မှုတွေကို အရှိန်မြှင့် လုပ်ဆောင်နေပြီးအရပ်သားပြည်သူတွေရာနဲ့ချီ သေဆုံးနေရပါတယ်။
အခုတပတ်ထဲမှာတော့အာဆီယံခေါင်းဆောင်တွေဟာ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ မြို့တော်မှာ တွေ့ဆုံခဲ့ကြပြီး မြန်မာနိုင်ငံရဲ့ အကျပ်အတည်းတွေကို ဆွေးနွေး အဖြေရှာခဲ့ပေမယ့် ထိရောက်တဲ့ ဘာတိုးတက်မှုမျိုးကိုမှ မရှိခဲ့ပါဘူး။
စစ်ကောင်စီကို ပြင်းပြင်းထန်ထန်ဝေဖန်တတ်တဲ့ မလေးရှားအစိုးရ အာဆီယံရဲ့ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူရတဲ့အခါ စစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ရော NUGနဲ့ပါ တွေ့ဆုံခဲ့ပါသေးတယ်။ ဒါပေမယ့်မလေးရှားဟာ စစ်ကောင်စီနဲ့NUGကို တွေဆုံဆွေးနွေးဖို့ကိုပဲ အဓိကထားပြောနေတယ်။ မဖြစ်နိုင်တာကိုပြောနေပြီး မြန်မာ့အရေးဖြေရှင်းပေးနေသလိုနဲ့ နာမည်ကောင်းဝင်ယူတာပါပဲ။ စစ်ကောင်စီကိုဝေဖန်လေ့ရှိတဲ့ မလေးရှားတို့၊အင်ဒိုနီးရှားတို့ အာဆီယံဥက္ကဌဖြစ်ချိန်မှာတောင် မြန်မာ့အရေးတိုးတက်မှုမရှိရင် အာဆီယံဟာဒီအတိုင်းဆက်သွားနေဦးမှာပါပဲ။