ဒီနေ့ဟာစစ်တပ်ကနိုင်ငံတော်အာဏာကိုအဓ္ဓမသိမ်းယူသွားတာလေးနှစ်ပြည့်သွားတဲ့နေ့ပါ။ဒီလေးနှစ်အတွင်းမှာနိုင်ငံသားတစ်ယောက်အနေနဲ့တစ်ရက်မှစိတ်မချမ်းသာရပါဘူး။နိုင်ငံရဲ့နိုင်ငံရေး၊စီးပွားရေး၊လူမှုရေးစတဲ့ကဏ္ဏပေါင်းစုံမှာတစ်နှစ်ကိုဆယ်နှစ်နှုန်းနဲ့နှစ်သုံးဆယ်စာလောက်နောက်ပြန်ရောက်သွားပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်းစစ်ကောင်စီဟာ၆လတ်ကြိမ်ပုံမှန်သက်တမ်းတိုးနေတဲ့အတွက်နိုင်ငံရေးပိုင်းမှာဘာတိုးတက်မှုမှမရှိပါဘူး။ရွေးကောက်ပွဲကျင်းပပေးမယ်လို့ပြောခဲ့တာကလဲ၂၀၂၃ခုနှစ်ကတည်းကပြောလာခဲ့တာပါပဲ။အခု၂၀၂၅ခုနှစ်ရောက်လာပေမယ့်လဲရွေးကောက်ပွဲလုပ်နိုင်မယ့်ပုံမပေါ်ပါဘူး။လုပ်နိုင်လဲဘယ်သူမှစိတ်မဝင်စားပါဘူး။စစ်ကောင်စီဟာသူတို့အာဏာတည်မြဲဖို့အတွက်ဒီလိုပဲသက်တမ်းတိုးနေဦးမှာပါ။
စီးပွားရေးကတော့လုံးဝပျက်စီးလုနီးပါးဖြစ်နေပါပြီ။ပြည်ပရင်းနှီးမြုပ်နှံမှုတွေအကုန်နီးပါးထွက်ခွာသွားပြီ။ပြည်တွင်းကလုပ်ငန်းတွေလဲအခက်အခဲတွေကြားမှယဲ့ယဲ့ပဲကျန်ပါတော့တယ်။သွင်းကုန်တွေအကုန်ပိတ်ပင်ထားတဲ့အတွက်ကုန်စျေးနှုန်းတွေအဆမတန်တက်နေပါတယ်။ကုန်စျေးနှုန်းဟာအာဏာမသိမ်းမှီကထပ်၃ဆကနေ၆ဆအထိတက်သွားပါတယ်။ခရိုနီတွေကအစရပ်ကွက်ထဲကကုန်စုံဆိုင်လေးတွေအထိရပ်တည်နိုင်ဖို့ခက်ခဲလာအောင်စစ်ကောင်စီကဒုက္ခမျိုးစုံပေးနေပါတယ်။
လူမှုရေးပိုင်းမှာလဲကုန်စျေးနှုန်းတွေအဆမတန်တက်လာမှု၊လျှပ်စစ်မီးဆိုးရွားစွာပြတ်တောက်မှု၊စစ်မှုထမ်းဥပဒေစတာတွေကြောင့်ပြည်သူတွေအကုန်ဒုက္ခရောက်နေကြတယ်။ဒါတောင်နယ်ဘက်ကကျေးရွာတွေကိုစစ်ကောင်စီကမီးရှို့ဖျက်စီးနေတာကြောင့်နယ်ရပ်စွန့်ခွာထွက်ပြေးနေရတဲ့ပြည်သူသန်းကျော်ရဲ့ဒုက္ခတွေပိုမိုဆိုးရွားလှပါတယ်။မင်းအောင်လှိုင်ရဲ့အာဏာရူးမှုကြောင့်တိုင်းပြည်ဟာတနှစ်ထပ်တနှစ်ပိုပိုပြီးချောက်ထဲထိုးဆင်းနေပါတယ်။