မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ မြင်းခြံ – ဆီမီးခုံ ကားလမ်းပေါ်က ဆင်းဂွတ်ကျေးရွာကို ဒီမနက်ပိုင်း စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးကြဲပြီး ရဟတ်ယာဉ်နဲ့ နာရီဝက်နီးပါးကြာ ပစ်ခတ်ခဲ့ပါတယ်။ ထိုကျေးရွာက ပြည်သူ့ ကာကွယ်ရေး အဖွဲ့ – ပကဖ ရုံးနဲ့ ဆေးခန်းဖွင့်ထားတဲ့ စာသင်ကျောင်းတို့ အဓိက ပစ်မှတ်ထားတာဖြစ်တယ်။ စစ်သူပုန်တွေဟာ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲပြီး ရဟတ်ယဉ်နဲ့ စိတ်ကြိုက် ပတ်ပစ်ခဲ့တာကြောင့် သေဆုံးသူ ၁၉ ဦး ရှိပြီး စာရင်းပျောက်နေသူတွေနဲ့ ဒဏ်ရာရသူတွေလည်း အများအပြား ရှိပါတယ်။ သေဆုံးသူ ၁၉ ဦးအနက် ၁၈ ဦးဟာ ပွဲချင်းပြီး သေဆုံးတာ ဖြစ်ပြီးအများစုဟာ ဗုံးနဲ့ ကျည်ထိမှန်လို့ ခန္ဓာကိုယ် အပိုင်းပိုင်းပြတ်ကာ အလောင်းတောင်ရှာမရပါဘူး။သေဆုံးသူတွေထဲက ကလေးသူငယ် အပါအဝင် ပြည်သူ သုံးဦးဟာ မိသားစုတွေဖြစ်ပြီး လှည်းနဲ့ ယာတောကို အသွားမှာ ရဟတ်ယာဉ်နဲ့ ပစ်သတ်ခံရလို့ နွားတွေရော၊ မိသားစု သုံးယောက်လုံး သေဆုံးသွားတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက စစ်အုပ်စု လက်သပ်မွေးထားတဲ့ မြင်းခြံနယ်က ပျူစောထီးတချို့ သုတ်သင် ရှင်းလင်းခံရတာ၊ မြင်းခြံနယ်က စစ်အုပ်စု ငွေညှစ်ဂိတ်နဲ့ အထိုင်စခန်းတွေ တော်လှန်ရေးတပ်တွေရဲ့ ထိုးစစ်ဆင် တိုက်ခိုက်တာ ခံရပြီးနောက် စစ်အုပ်စုက အငြိုးထားကာ မြင်းခြံနယ်ထဲ လေကြောင်း ဗုံးကြဲ သတ်ဖြတ်တာတွေ ကျူးလွန်နေတာဖြစ်တယ်။