■ တရုတ်က ရွေးကောက်ပွဲနည်းအားဖြင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို power diffusion ဖြစ်ဖို့ စဉ်းစားသလား။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ အာဏာကို တစ်လွှာချင်းစီ ခဝါချဖို့အတွက် တရုတ်ဟာ ရွေးကောက်ပွဲနည်းကို ဖြတ်သန်းဖို့ စစ်ကောင်စီကို တိုက်တွန်းလေသလား။ အာဏာသိမ်းစစ်ခေါင်းဆောင်က ရွေးကောက်ပွဲနည်းကို ဖြတ်ရင် ဘာဖြစ်မလဲ။ အဓိက, အချက် (၂) ခုတွေ့ပါတယ်။ (၁) လက်နက်နည်းနဲ့ သိမ်းထားတဲ့ အာဏာဟာ နိုင်ငံတကာအခင်းအကျင်းထဲမှာ (တနည်း) ဒေသတွင်းနိုင်ငံတွေကြားမှာ တစ်စုံတစ်ရာအားဖြင့် legitimacy (တရားဝင်မှု) ဖြစ်လာမယ့် အကျိုးကို ရလာမယ်။ ပြည်တွင်းက ပြည်သူလူထုတစ်ရပ်လုံးဆီက တရားဝင်မှု ရရှိခြင်း / မရရှိခြင်းကို အပထား။ နိုင်ငံတကာအခင်းအကျင်းမှာ ရွေးကောက်ပွဲနည်းအားဖြင့် အာဏာကိုင်ထားတဲ့ အစိုးရအဖြစ် ရပ်တည်တယ်ဆိုတဲ့အမြင်ရလာမှာဖြစ်လို့၊ legitimacy ဖြစ်မှုရဲ့ နောက်ဆက်တွဲ အကျိုးကျေးဇူးတွေကို စစ်ကောင်စီက ခံစားလာရနိုင်ခြေ ရှိတယ်။ တရုတ်အနေနဲ့လည်း သူ backing ပေးထားတဲ့ အစိုးရဟာ တစ်စုံတစ်ရာအားဖြင့် လူထုကိုယ်စားပြုမှု ရှိတဲ့အစိုးရဖြစ်တယ်လို့ အပြလှတဲ့ အခြေအနေမျိုး ရောက်လာမယ်။ (၂) ရွေးကောက်ပွဲနည်းကို ဖြတ်ပြီးရင်၊ ဖွဲ့စည်းပုံအခြေခံဥပဒေမူဘောင်ထဲကို ပြန်ထည့်လို့ ရပြီလို့ တွက်ဆတာ ရှိနိုင်တယ်။ စစ်အုပ်ချုပ်ရေးစစ်စစ် မဟုတ်တော့ဘဲနဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရာထူး၊ သမ္မတရာထူး ဆိုတာတွေကို structure အရ ပိုင်းခြားနိုင်မယ်ဆိုရင် – တစ်စုံတစ်ရာအားဖြင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အာဏာအကန့်အသတ်ကို မျှော်လင့်နိုင်မယ်လို့ တွက်ဆဟန်ရှိတယ်။
ဒီမှာ ဆွေးနွေးစရာတွေ ရှိတယ်။ ပထမအချက်မှာ – legitimacy ကိစ္စဖြစ်တယ်။ သေချာတာတစ်ခုကတော့ – ပြည်တွင်းမှာ ရွေးကောက်ပွဲကို ဘယ်လိုနည်းနဲ့ပဲ လုပ်သည်ဖြစ်စေ၊ ပြည်သူလူထုတစ်ရပ်လုံးရဲ့ တစ်ခဲနက် ယုံကြည်မှုကို ရဖို့ မလွယ်ဘူး။ ဒါ့ကြောင့် စစ်ကောင်စီရလာမယ့် legitimacy ဆိုတာကလည်း ဒေသတွင်းနိုင်ငံတွေနဲ့ မိတ်ဖက်နိုင်ငံတချို့ဆီကနေ ရမယ့် တခြမ်းပဲ့ legitimacy သဘောမျိုးသာဖြစ်နိုင်မယ်။ ဒါပေမယ့် ဘာပဲပြောပြော၊ အဲသည့်လောက်နဲ့ မဲတင်းပြီး ရှေ့ဆက်တယ်ဆိုရင် တဖြည်းဖြည်းနဲ့ ဒေသတွင်းနိုင်ငံတွေကြားထဲမှာ စစ်ကောင်စီရဲ့ ပြည်တွင်း အာဏာကို ခိုင်မြဲမှုကို ပြသနိုင်မယ့် အခွင့်အရေးမျိုးရလာမယ်လို့ တွက်တယ်။ ရွေးကောက်ပွဲနည်းကို ဖြတ်ပြီးတာဖြစ်တဲ့အတွက် တရုတ်အနေနဲ့ စစ်ကောင်စီနဲ့ ဆက်ဆံရေးတည်ဆောက်တဲ့အခါမှာလည်း – လူမိုက်နဲ့ လူသတ်သမားနဲ့ ဆက်ဆံတာမျိုး မဟုတ်ဘဲနဲ့ ဂုဏ်သိက္ခာရှိတဲ့ အစိုးရတစ်ရပ်နဲ့ အလုပ်တွေဆက်လုပ်နေတာဖြစ်တယ်လို့ ပုံဖော်နိုင်မယ်။ ဒါက ရွေးကောက်ပွဲကို ဖြတ်သန်းခြင်းနဲ့ မဖြတ်သန်းခြင်းကနေ ဖြစ်လာမယ့်အကျိုး။ ဒုတိယအချက်က – Structure အရ အာဏာကန့်သတ်ပိုင်းခြားဖို့၊ အထူးသဖြင့် သမ္မတရာထူးနဲ့ ကာကွယ်ရေးဦးစီးချုပ်ရာထူးကို ပိုင်းခြားထားနိုင်ရင် – Structure အရ တည်ဆဲ အာဏာကို ကန့်ထားနိုင်မလားလို့ တွက်ဆဟန် ရှိတယ်။ ဒါဆိုရင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ထိန်းဖို့ ခွင်တစ်ခု ထပ်ရနိုင်မယ်လို့ တွက်နိုင်တယ်။ ဒါပေမယ့် လက်တွေ့မှာ အာဏာကိုင်ထားသူတိုင်းက ကိုယ့်အာဏာကို ပွန်းပဲ့ခံရမယ့်သဘော ရှိနိုင်မလား။ လက်တွေ့မှာ ဖြစ်နိုင်ခြေနည်းတယ်လို့ ထင်တယ်။
■ Center က ဗဟိုမှာပဲ နေ။ Peripheral area ကလည်း အစွန်အဖျားမှာပဲနေ။
နောက်တစ်ခုကတော့ ပထဝီနိုင်ငံရေးအရ ဗဟိုနဲ့ အစွန်အဖျားနယ်တွေကို ကန့်ထားတဲ့ စဉ်းစားချက်မျိုး။ စစ်ရေးအရ Grid line ကို ဖြတ်ပြီးရင်၊ နိုင်ငံရေးအရ ညှိကြ။ အာဏာအရ ဝေစုခွဲကြ။ ခွဲတမ်းကိုလည်း သတ်သတ်မှတ်မှတ် သတ်မှတ်ကြ။ ဒါဆိုရင်တော့ သူ့နယ် ကိုယ့်နယ် သေချာပိုင်းဖြတ်နိုင်ပြီ။ ကိုယ့်နယ်မှာ ကိုယ် ဘုရင်လုပ်။ တခြားနယ်တွေကို ဝင်မရှုပ်နဲ့။ ဗဟိုရဲ့စီရင်ခွင့်ကို နားလည်လက်ခံပေး။ အစွန်အဖျားနယ်တွေကလည်း ကိုယ့်နယ်မှာ ကိုယ်နေ။ ဗဟိုကို သွားမရှုပ်နဲ့။ ဗဟိုကလည်း အစွန်အဖျားနယ်တွေကို ပေး,စားစရာ ရှိတာကို မနှမြောနဲ့၊ လောဘမကြီးနဲ့။ ကျွေးသင့်သာ ကျွေးထားလိုက်၊ ပေး,စားသင့်တာ ပေး,စားခွင့်ကို လက်ခံထားလိုက်။ ဒါဆိုရင် Power balancing လုပ်နိုင်ပြီ။ တရုတ်က ဗဟိုကိုလည်း စစ်ရေး – နိုင်ငံရေးအရ ထောက်ပံ့ကူညီတာတွေ ဆက်လုပ်မယ်။ အစွန်အဖျားနယ်တွေက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကိုလည်း စစ်ရေး – နိုင်ငံရေးအရ ဆက်ဆံရေးတွေကို အစဉ်အလာမပြတ် ဆက်ဆံနေမယ်။ တိုင်းရင်းသားနယ်တွေက တရုတ်စီးပွားရေးလုပ်ငန်းတွေကိုလည်း ကြည့်ရှုစောင့်ရှောက်ပေး။ ဗဟိုအစိုးရနဲ့လည်း နိုင်ငံတော်အဆင့် စီမံကိန်းတွေ – အထူးသဖြင့် BRI ထီးရိပ်အောက်က စီမံကိန်းတွေနဲ့ CMEC စီမံကိန်းတွေကို ဆက်လက်တိုးချဲ့ အကောင်အထည်ဖော်နေမယ်။ အဲသည့်ထဲက တရုတ်ဆန့်ကျင်ရေးလေထု သိပ်ကြီးလာအောင် လုပ်တဲ့ တော်လှန်ရေးအဖွဲ့တွေကို ဒဏ်ပေးတဲ့နည်းနဲ့ ဆုံးမမယ်။ တိုင်းရင်းသား EROs တွေထဲမှာ တရုတ်အလိုကျ ဆက်ဆံရေးကို ထိန်းထားနိုင်ရင်၊ ဆုချမယ်။ ကလန်ကဆန် လုပ်ရင် ဒဏ်ပေးမယ်။ ဒါဟာ တရုတ်နည်းပဲ။ တရုတ်စဉ်းစားချက်ပဲ။ အဓိကကတော့ တရုတ်က မြန်မာနိုင်ငံအတွင်းက သူ့အကျိုးစီးပွားအားလုံးကို စစ်ရေးအရ၊ နိုင်ငံရေးအရ၊ လုံခြုံရေးအရ၊ စီးပွားရေးအရ ဖြန့်ကျက်နိုင်သလောက် ဖြန့်ကျက်မယ်။ တရုတ်ပိုင် – မလိမ်မိုးမလိမ္မာပြည်နယ်တစ်ခုကို ရှုမြင်သလို – ဆုပေးဒဏ်ပေးနည်းနဲ့ ဆက်လက်ကိုင်တွယ်မယ်။ ဒါဟာ တရုတ် လုပ်နေတဲ့ကိစ္စတွေပဲ။
■ သူတလူ ငါတစ်မင်း မိုဒယ် (Process တစ်ခုစီ – ဝလည်း ဝဖြစ်စဉ်၊ ရက္ခိုင်လည်း ရက္ခိုင်ဖြစ်စဉ်၊) ရွေးကောက်ပွဲကလည်း ပြည်မရဲ့ process ဖြစ်လာမယ်။
တရုတ်က မြန်မာနိုင်ငံအတွင်းက ဒေသတွေကို ပုံစံတစ်မျိုးစီ ပိုင်းခြားရှုမြင်တာတွေ့ရတယ်။ ဒါကို သူတစ်လူ ငါတစ်မင်း မိုဒယ်လို့ ကျနော်က ဝိဂြိုဟ်ပြုချင်တယ်။ Process တွေက တစ်ခုစီဖြစ်မယ်။ ဝကလည်း ဝမိုဒယ်ရှိမယ်။ ရက္ခိုင်ကလည်း ရက္ခိုင်မိုဒယ်နဲ့ သွားမယ်။ ကချင်၊ တအာင်းနဲ့ ကိုးကန့်တို့ကလည်း အသီးသီးအသသသော မိုဒယ်ကိုယ်စီ ရှိနေမယ်။ ပြည်မမှာ စစ်ကောင်စီက ထိန်းထားတဲ့ မြို့ကြီးတွေနဲ့ နယ်တွေမှာလည်း စစ်ကောင်စီက ဆက်လက်အုပ်ချုပ်မယ့် မိုဒယ်နည်းနာတစ်မျိုး ရှိနေမယ်။ အဲသည့်မှာ ပြည်မဗဟိုပြု ရွေးကောက်ပွဲကိုတော့ တရုတ်က တွန်းမယ်။ ရွေးကောက်ပွဲဟာ ပြည်မရဲ့ Process ဖြစ်တယ်လို့ တွက်ဆဟန်ရှိတယ်။
■ NCA ခေတ်ကောင်းစဉ်ကတောင် မြောက်ပိုင်းအဖွဲ့က မပါဘူး။
၂၀၁၀ နောက်ပိုင်း အခင်းအကျင်းကို ပြန်ကြည့်ပါ။ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးလုပ်ပြီး၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်အဖြစ် လုပ်ခိုင်းတဲ့ ဖြစ်စဉ် ရှိတယ်။ အဲသည့်မှာ မြောက်ပိုင်းအဖွဲ့တွေ မပါဘူး။ တိတိကျကျ ပြောရရင်၊ NCA ဖြစ်စဉ်ကို ငြင်းဆန်တဲ့ မြောက်ပိုင်းမဟာမိတ် (၇) ဖွဲ့က ဘေးထွက်ထိုင်နေတယ်။ အဲဒါကလည်း တရုတ်နဲ့ နီးတဲ့အဖွဲ့တွေဖြစ်တယ်။ ပြည်မမှာ ဒီမိုကရေစီအသွင်ကူးပြောင်းရေး၊ လွှတ်တော်နိုင်ငံရေးနဲ့ ရွေးကောက်ပွဲတွေနဲ့ ခင်းကျင်းနေချိန်မှာ မြောက်ပိုင်းမဟာမိတ် (၇) ဖွဲ့ဖြစ်တဲ့ ဝ၊ ကိုးကန့်၊ မိုင်းလား၊ ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း)၊ ရက္ခိုင်၊ ကချင်၊ တအာင်းတို့က မပါဘူး။ အခု ပြောင်းပြန်ဖြစ်သွားမယ်။ မြောက်ပိုင်းမဟာမိတ် (၇) ဖွဲ့မှာ အသီးသီးအသသက ကိုယ်စီ စစ်ရေးထိန်းချုပ်ဧရိယာတွေကို အကြမ်းဖျင်း တွက်ချက်ထားပြီးကြပြီ။ ရက္ခိုင်ကလည်း လိုချင်သလောက် အကုန်နီးပါး ရတဲ့သဘောဖြစ်လာမယ်။ ဝကလည်း မတိုက်ဘဲနဲ့ ရတဲ့ နယ်တွေ ရှိလာပြီ။ ကချင်ကလည်း အရင်ကထက် အများကြီး စီရင်ခွင့်ရှိတဲ့ ဧရိယာကို ပိုင်ဆိုင်ထားပြီ။ တအာင်းတွေမှာလည်း စစ်ရေးအောင်နိုင်ဒေသတွေ အများအပြား ရှိပြီ။ ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) SSPP ကတော့ လောလောဆယ် ခဏလေး အသာထား။ မိုင်းလားလည်း သူ့အထာနဲ့သူ ရှိတယ်။ ကိုးကန့်က လောဘကြီးလွန်းလို့၊ နည်းနည်း လျော့ခိုင်းထားတယ်။ ဒီတော့ အခု တရုတ်အလိုကျ တည်ငြိမ်ရေးကို မဖြစ်မနေ လုပ်ရတော့မယ့်အချိန်မှာ၊ အရင်ဆုံး စစ်ငြိမ်မှာက မြောက်ပိုင်းမဟာမိတ် (၇) ဖွဲ့ ထိန်းချုပ်ဧရိယာတွေက အရင်ဆုံး ရပ်မယ်။ အဲသည့်ထဲမှာ တရုတ်ရင်းနှီးမြှုပ်နှံမှုစီမံကိန်းတွေနဲ့ နီးတဲ့ ဧရိယာတွေကတော့ မဖြစ်တော့သလောက်ရှိမယ်။ ကျန်နေရာလေးတွေကတော့ နည်းနည်း အုံးဒိုင်းအုံးဒိုင်းရှိနေမယ်။ ဒါပေမယ့် အကျယ်ပြန့်ဆုံးသော စစ်ပူမီးတွေ တောက်လောင်မှာ မဟုတ်ဘူး။ ဒါဆိုရင် တောင်ပိုင်း ကရင်နီနဲ့ ကရင်အုပ်စုတွေ ဘာဆက်လုပ်မလဲ။ တောင်ပိုင်းအဖွဲ့တွေမှာလည်း လက်နက်မပေါဘူး၊ ကျည်မပေါဘူး။ ကရင်နီတောင် တရုတ်ဆီက လက်နက်မျှော်၊ ကျည်မျှော်နေရတဲ့သဘောရှိလို့၊ မြောက်ပိုင်း (၇) ဖွဲ့ စစ်ငြိမ်ရင်၊ ကရင်နီနဲ့ ကရင်လည်း ထောင်ထောင်ထောင်ထောင် လုပ်လို့ မရ။ ဒီတော့ စစ်အတွက် မျှော်စရာက ပြည်မနဲ့ ဗမာအညာပဲ ရှိတယ်။ ဗမာအညာကတော့ ဗြုတ်စဗျင်းတောင်းတွေ အများကြီး ရှိနေလို့ ထိန်းရ ခက်အုံးမယ်။ ဒါပေမယ့် တရုတ်ကို မျက်စိဆံပင်မွှေးစူးအောင် လုပ်မယ်ဆိုရင်တော့၊ စစ်ကောင်စီတုတ်နဲ့ ရိုက်ပြီး အညာလည်း အကြီးအကျယ် ဖျက်စီးခံရပြီး တရုတ်ဒဏ်ပေးခြင်းခံရမယ်။ ဒါဆိုရင်တော့ ပြည်မမှာကတော့ စိတ်အနာတွေက ပိုပြီး ပြင်းလာအုံးမှာပါ။
■ Mainstream ဖြစ်ကောင်းဖြစ်ပေမယ့်လည်း – တခြားအဖွဲ့တွေကို ဖြည်းဖြည်းချင်း ရှင်းမယ်လို့ ယူဆနိုင်ဖွယ်ရှိ။
၂၀၂၅ မှာ ဖြစ်လာမယ့် အခင်းအကျင်းက ယခု တွေ့နေကျ စစ်ရေးအခင်းအကျင်းတော့ မဟုတ်ဘူး။ ပုံစံ တစ်မျိုးမျိုး ပြောင်းလာမယ်။ mainstream ကတော့ တရုတ်အလိုကျ တည်ငြိမ်ရေးကို လုပ်နိုင်မယ့် အခင်းအကျင်းဖြစ်မယ်။ ရွေးကောက်ပွဲလည်း နည်းနည်းပါလာမယ်။ အပစ်အခတ်ရပ်စဲရေးကလည်း အုပ်စုလိုက်ညှိတန်ညှိ၊ bilateral တစ်ဖွဲ့ချင်း ညှိတန်ညှိ ဖြစ်မယ်။ တချို့က နိုင်ငံရေးကစားချင်လို့ အသံထုတ်ပြတာ ရှိမယ်။ တချို့က သိုသိုသိပ်သိပ်နဲ့ အတွင်းထဲမှာ ကြိတ်ညှိနေမယ်။ Mainstream ဖြစ်လာမယ့် တရုတ်အလိုကျ တည်ငြိမ်ရေးနဲ့ စေ့စပ်ရေး၊ အပစ်အခတ်ရပ်စဲရေးဆိုတာတွေကို ကလန်ကဆန်လုပ်တဲ့ အဖွဲ့တွေကို ဖဲ့ထုတ်ပြီး တဖြည်းဖြည်း အရှင်းခံရမယ်။ အဲသည့်အချိန်မှာ တချို့နေရာတွေက စစ်ပူပြီးတော့ ပူပူဆူဆူတွေ – ပြိုပြိုလဲလဲတွေ ဆက်ဖြစ်နေအုံးမယ်။ ၂၀၂၅ မှာဖြစ်လာမယ့် mainstream က ဘာလဲဆိုတာကို မကြည့်နိုင်တဲ့သူတွေက ချွန်,ထွက်လိမ့်မယ်။ အဲသည့်လို ချွန်,ထွက်တဲ့သူတွေက သီးသီးသန့်သန့် နေရာတွေမှာဆိုရင် ဘာမှ မဖြစ်သေးဘူး။ အဓိက နေရာတွေမှာ ဝင်ရှုပ်တယ် – အထူးသဖြင့် တရုတ်အကျိုးစီးပွားတိုက်ရိုက်ရှိတဲ့နေရာတွေမှာ ဝင်ရှုပ်တယ်ဆိုရင် အပြတ်နွှာခံရမယ်။ ဒါဟာ ပထဝီနိုင်ငံရေးလေထုလည်းဖြစ်သလို၊ လက်တွေ့စစ်ရေး နိုင်ငံရေးဒိုင်းနမစ်လည်းဖြစ်တယ်။