မြန်မာနောင်းက ဖော်ပြတဲ့သတင်းထဲက အဓိကအချက်အလက်တွေကတော့ တရုတ်ဟာ ဝ(UWSA) ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး၊ MNDAA နှင့် ကိုးကန့်ဒေသကို တရုတ်အစိုးရ၏ အလုံးစုံပိတ်ဆို့အရေးယူမှုတွင် UWSA က အပြည့်အဝ ပူးပေါင်းဆောင်ရွက်ရန် ဖိအားပေး ခဲ့တယ်။ တရုတ်အစိုးရဟာ MNDAA နှင့် ကိုးကန့်ဒေသကို “ဖြတ် ၅ဖြတ်” ဖြစ်သည့် လျှပ်စစ်မီး၊ ရေ၊ အင်တာနက်၊ ထောက်ပံ့ရေးပစ္စည်းများ (လောင်စာဆီ၊ ဆေးဝါး နှင့် ဆန် အပါအဝင် လူသုံးကုန်ပစ္စည်းများ) ပိတ်ဆို့ခြင်းနှင့် နှင့် လူအဝင်အထွက်ကိုတားမြစ်ပိတ်ဆို့ထားပြီး ကိုးကန့်ဒေသနှင့် ထိစပ်နေသော တရုတ်နယ်စပ်ဂိတ်များကို တင်းကျပ်စွာ ပိတ်ဆို့ထားတယ်။ တရုတ်ဟာ နယ်စပ်ဂိတ်များတွင် ပိတ်ဆို့မှုများပြုလုပ်ထားသော်လည်း ကိုးကန့်ဒေသနှင့် နယ်နမိတ်ချင်းစပ်နေသည့် “ဝ” ထိန်းချုပ်ထားတဲ့နယ်မြေဖက်မှ ကုန်ပစ္စည်းများနှင့် လူများ ကိုးကန့်နယ်ထဲသို့ ဖြတ်သန်းမှုများဖြစ်ပေါ်နေခြင်းကြောင့် တရုတ်၏ MNDAA အပေါ် “ဖြတ် ၅ဖြတ်” ဖြင့် အရေးယူမှု ထိရောက်မှုမရှိဖြစ်နေတာကြောင့် ဝအဖွဲ့ကို ဖိအားပေးတာပါ။ တကယ်လို့ တရုတ်အစိုးရနှင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်ခြင်း မရှိပါက “ဝ” ပြည်လည်း အလားတူ ပိတ်ဆို့အရေးယူ ခံရမည် ဖြစ်ကြောင်း တရုတ်အထူး ကိုယ်စားလှယ်က “ဝ” ခေါင်းဆောင်များကို ခြိမ်းခြောက်ခဲ့သေးတယ်။ဒါ့အပြင် တရုတ်နယ်စပ်အခြေစိုက် လက်နက်ကိုင်အဖွဲ့များအနက် အင်အားအကြီးဆုံးနှင့် ညီနောင်အဖွဲ့များကို လက်နက် ခဲယမ်း အဓိကထောက်ပံ့နေသူအဖြစ် တရုတ်အစိုးရက သတ်မှတ်ထားသော “ဝ” ခေါင်းဆောင်များကို MNDAA အား လက်နက်ခဲယမ်း လုံးဝမထောက်ပံ့ရန်၊ ရှမ်းမြောက်စစ်ပွဲထဲ မပါဝင်ရန် ဖိအားပေးခဲ့သေးတယ်။
တရုတ်အစိုးရ၏ သဘောထားကို ဖော်ပြရာမှာ လားရှိုးမြို့ကို MNDAA သိမ်းပိုက်ထားတာကို အသိအမှတ်မပြုကြောင်း၊ လားရှိုးကိုသိမ်းပိုက်ထားတာဟာ ကျူးကျော်မှုဖြစ်ကြောင်း၊ MNDAA က လားရှိုးမြို့မှ ချက်ချင်းဆုတ်ခွာရမည်ဆိုသောတရုတ်သဘောထားကို ဆန့်ကျင်ရင် ကိုးကန့်ခေါင်းဆောင်တွေ ချေမှုန်းခြင်းခံရမယ်လို့ ပြင်းထန်စွာခြိမ်းခြောက်ထားသေးတယ်။ (TNLA) ကိုလည်း တရုတ် အစိုးရက အရေးယူပိတ်ဆို့မှုများ လုပ်ဆောင်မယ်လို့ ပြောထားသေးတယ်။
တရုတ်ဟာ ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီပြိုလဲသွားမှာကို သေမလောက် ကြောက်နေပါပြီ။ ဒါ့ကြောင့် ရှမ်းမြောက်ကအဖွဲ့စုံကို အတင်းအကျပ် ဖိအားတွေပေးနေတာပါ။ တရုတ်က စစ်ကောင်စီဖက်မှာ ပေါ်ပေါ်ထင်ထင် ရပ်တည်လိုက်ပီလို့ ပြောလို့ရပါပြီ။