ကရင်နီတော်လှန်ရေးတပ်တွေ လွိုင်ကော်ကနေ ဘာကြောင့် ပြန်ဆုတ်လိုက်ရတာလဲ
ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတွေရဲ့ ၁၁၁၁ စစ်ဆင်ရေးဆိုတဲ့နာမည်နဲ့ နိုဝင်ဘာလ ၁၁ ရက်၊ ၂၀၂၃ ခုနှစ်မှာ စတင်ခဲ့တဲ့ လွိုင်ကော်မြို့သိမ်းတိုက်ပွဲဟာ ခြောက်လကျော်အကြာမှာ ရည်မှန်းချက် မပေါက်ဘဲ တပ်ပြန်ဆုတ်ခဲ့ရပါတယ်။
စစ်ဆင်တိုက်ခိုက်မှု တလကျော်လောက်မှာတော့ လွိုင်ကော်မြို့ရဲ့ ၈၀ရာခိုင်နှုန်းကို ထိန်းချုပ်နိုင်ပြီလို့ ကရင်နီတပ်ပေါင်းစုတွေရဲ့ ကြေညာချက်တွေလည်း ထွက်ပေါ်ခဲ့ပါတယ်။
အဲဒီနောက် ၂၀၂၄ ဇွန်လကုန်ပိုင်းမှာတော့ စစ်ကောင်စီတပ်ဘက်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးပြီး ကရင်နီတပ်ပေါင်းစုတွေ ထိန်းချုပ်ထားတဲ့ လွိုင်ကော်မြို့ အနောက်ခြမ်းမှာ နေရာပြန်ယူခဲ့ပါတယ်။
ဘယ်လိုအချက်တွေကြောင့် စစ်ဆင်ရေး မအောင်မြင်ခဲ့ဘူးလဲဆိုတာကို ဒီဆောင်းပါးမှာ သုံးသပ်သွားမှာ ဖြစ်ပါတယ်။
လွိုင်ကော်မြို့ဟာ ကရင်နီပြည်နယ်ရဲ့မြို့တော်ဖြစ်ပြီး ၂,၄၇၆ ဒသမ ၈ ဧကကျယ်ဝန်းပြီး လူဦးရေ ၈၀,၀၀၀ ကျော်ဟာ ရပ်ကွက် ၃၀ ကျော်မှာ မှီတင်းနေထိုင်ကြပြီး အုပ်ချုပ်ရေး၊ စီးပွားရေးအချက်အချာကျတဲ့ မြို့ဖြစ်ပါတယ်။
စစ်ဆင်ရေးမစခင်အထိ တပြည်နယ်လုံး လုံခြုံရေးနဲ့ စစ်ဆင်ရေးတွေကို တိုက်ရိုက်တာဝန်ယူကွပ်ကဲရတဲ့ အင်အား ၅၀၀ ခန့်ရှိတဲ့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ)ဟာ မြို့လယ်မှာ တပ်စွဲထားပါတယ်။ ဒီ ဒကစကို ရှမ်းပြည်နယ်တောင်ကြီးမှာ အခြေစိုက်တဲ့ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်က ကွပ်ကဲပါတယ်။
မြို့ရဲ့တဝိုက်မှာတော့ ခြေလျင်တပ်ရင်း ခလရ (၂၆၁) ၊ ခလရ (၂၅၀) ၊ခလရ (၅၄) ၊ အမြောက်တပ်ရင်း (အမတ-၃၆၂)၊တပ်မတော်ဆေးရုံ (တဆရ – အမှတ် ၇)၊ ထောက်ပို့နဲ့ ပို့ဆောင်ရေးတပ်ခွဲ ထပခ (၇၂၂) တို့ရှိပြီး မြို့တွင်း၊ မြို့ပြင်တပ်အင်အား စုစုပေါင်း ၁,၅၀၀ ခန့်ရှိပါတယ်။
ဒကစ (လွိုင်ကော်) အောက်ကတပ်တချို့ကတော့ ဖားဆောင်း၊ ဘောလခဲ၊ ဖရူဆို၊ မိုးဗြဲ၊ လောပိတ၊ လွိုင်လင်လေး စတဲ့ဒေသတွေမှာ တပ်ရင်း ၁၁ ရင်းအဖြစ် တပ်စွဲထားပါတယ်။ တနည်းအားဖြင့် ကရင်နီပြည်မှာရှိတဲ့တပ်စခန်းစုစုပေါင်း သုံးပုံနှစ်ပုံလောက်ကို တိုက်ရိုက်အမိန့်ပေးတဲ့ နေရာတခုလည်း ဖြစ်ပါတယ်။
၁၁၁၁ စစ်ဆင်ရေး
စစ်ဆင်ရေးမစခင် တရက်မှာ စစ်ကောင်စီတပ်ဟာ အပေ့ါစားတင့်ကား ငါးစီးကို မြို့ထဲလှည့်ပတ်အင်အားပြပါတယ်။ ဒကစ (လွိုင်ကော်မှာ) တင့်ကားငါးစီး ရှိခဲ့ပါတယ်။
လွိုင်ကော်မြို့ကိုသာ တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်နိုင်ခဲ့ရင် ကရင်နီတပြည်နယ်လုံး တော်လှန်ရေးတပ်တွေ ထိန်းချုပ်ဖို့ လွယ်ကူသွားနိုင်သလို ပြန်ပြီးလက်လွှတ်လိုက်ရရင်တော့ စစ်ကောင်စီဘက်က ပြန်ပြီး တော်လှန်ရေးတပ်တွေသိမ်းပိုက်ထားတဲ့ တခြားသောမြို့နယ်မှာရှိတဲ့ နယ်မြေတွေကို ထိုးစစ်ဆင် တိုက်ခိုက်နိုင်တယ်လို့ စစ်ရေးကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။
နိုဝင်ဘာ ၁၁ ရက်၊ ၂၀၂၃ ခုနှစ် မနက် ၅ နာရီမှာ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF)၊ ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသားလွတ်မြောက်ရေးတပ်ဦး (KNPLF)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် LPDF တို့ ပါဝင်ပြီး အင်အား ၄၀၀ ခန့်ဟာ လွိုင်ကော်အနောက်ဘက်ခြမ်းကနေ လျှပ်တပြက်ဝင်ရောက်ခဲ့ပါတယ်။
စစ်ဆင်ရေးရည်မှန်းချက်မှာတော့ ဒကစ (လွိုင်ကော်)ကို အဓိကထားပြီး ပြည်နယ်ရဲစခန်း၊ စစ်ကောင်စီတပ် တပ်စွဲထားတဲ့ လွိုင်ကော် ဝိဇ္ဇာ သိပ္ပံတက္ကသိုလ်၊ အကျဉ်းထောင်နဲ့ ဌာနဆိုင်ရာ ဝန်ထမ်းအိမ်ရာနဲ့ လွှတ်တော်ကိုယ်စားလှယ်အိမ်ရာတို့ဟာ စစ်ရဲ့လမ်းကြောင်းပေါ်မှာ တည်ရှိနေပါတယ်။
စစ်ကောင်စီတပ်တွေဟာ တော်လှန်ရေးတပ်တွေဝင်လာနိုင်တဲ့ လမ်းကြောင်းကိုခန့်မှန်းပြီး ကြိုတင်စောင့်ဆိုင်းခဲ့ကြပါတယ်။ မြို့အစပ်က ဘာဒိုကျေးရွာမှာ စစ်ကောင်စီတပ်က ကြိုတင်စောင့်ဆိုင်းနေခဲ့ပေမယ့် တိုက်ပွဲရှုံးနိမ့်လာတဲ့အခါ နောက်ဆုတ်ပြေးရင်း တက္ကသိုလ်ဝင်းထဲ ဝင်ပြေးကြပါတယ်။
မြို့နဲ့နာရီဝက်ခန့် အဝေးမှာရှိတဲ့ အင်အား ၅၀ ခန့်တပ်စွဲထားခဲ့တဲ့ စစ်ကောင်စီရဲ့ ဘုရားဖြူဂိတ်ကို နာရီအနည်းငယ်အတွင်းမှာ သိမ်းပိုက်နိုင်ခဲ့ပါတယ်။
လွိုင်ကော်မြို့လယ်ပိုင်းမှာရှိတဲ့ နာနတ်တော၊ နောင်ယားစတဲ့ တော်လှန်ရေးတပ်တွေရဲ့ စစ်ကြောင်းတွေ ရောက်လာခဲ့ပါတယ်။ စစ်ကောင်စီတပ်ဟာ တိုက်လေယာဉ်နှစ်စီး၊ ရဟတ်ယာဉ်နဲ့ လက်နက်ကြီးတွေပါ အသုံးပြုပြီး ခုခံခဲ့ပေမယ့် ပထမဆုံးနေ့မှာ တပ်စခန်းနှစ်ခုကို အဲဒီနေ့က သိမ်းနိုင်ခဲ့ပြီး K(8) အမျိုးအစား တိုက်လေယာဉ်တစီးကိုလည်း ပစ်ချနိုင်ခဲ့ပါတယ်။
စစ်ဆင်ရေးထဲ လွိုင်ကော်က္ကသိုလ်၊ ပြည်နယ်ရဲစခန်းနဲ့ အကျဉ်းထောင်တို့မှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။ အကျဉ်းထောင်ကလွဲလို့ ကျန်တဲ့နေရာတွေကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။
စစ်ဆင်ရေးရဲ့ ပထမလေးရက်တာ ကာလဟာ တော်လှန်ရေးတပ်တွေအတွက် အောင်ပွဲအရဆုံးအချိန်လို့ ပြောလို့ရပါတယ်။ စစ်ကောင်စီတပ်ဟာ လေးရက်တာကာလအတွင်း စစ်သည် ၁၁၀ ဦးသေဆုံးပြီး အရှင်ဖမ်းမိတာ ၃၂ ဦးရှိပါတယ်။ အရှင်ဖမ်းမိသူတွေထဲမှာ တပ်ခွဲမှူး ဗိုလ်ကြီးကောင်းမြတ်ကိုလည်း ပါဝင်ပါတယ်။
ထိုးစစ်ဆင်တိုက်ခိုက်မှု တလကျော်မှာတော့ လွိုင်ကော်မြို့ရဲ့ ၈၀ ရာခိုင်နှုန်းနဲ့ ပြည်နယ်ရဲ့ ၉၀ရာခိုင်နှုန်းအထိ ထိန်းချုပ်နိုင်ပြီလို့ ကရင်နီတပ်ပေါင်းစုတွေက ထုတ်ပြန်ခဲ့တာပါ။
အဲဒီနောက်ပိုင်းမှာတော့ တိုက်ပွဲကြီးကြီးမားမား မရှိတော့ဘဲ နှစ်ဘက် ထိုးစစ်ဆင်တာထက် နယ်မြေထိန်းချုပ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
၂၀၂၄ ဇွန်လကုန်ပိုင်းမှာတော့ လွိုင်ကော်အနောက်ဘက်ခြမ်းက တော်လှန်ရေးတပ်ပေါင်းစုတွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေဘက်ကို စစ်ကောင်စီတပ်က ပြန်ပြီးစစ်ကြောင်းထိုးလာတဲ့အတွက် ကရင်နီတော်လှန်ရေးပူးပေါင်းတပ်တွေဘက်က ပြန်ပြီးဆုတ်ခွာခဲ့ပါတယ်။
ကရင်နီက တော်လှန်ရေးတပ်ဖွဲ့များ
၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်မှာ တော်လှန်ရေးတပ်ဖွဲ့အသစ်တွေလည်း ပေါ်ပေါက်လာခဲ့သလို ရှိရင်းစွဲ တော်လှန်ရေးတပ်တွေကလည်း အင်အားပိုကောင်းလာခဲ့ပါတယ်။ ၁၁၁၁ စစ်ဆင်ရေးမှာတော့ တော်လှန်ရေးတပ်တွေဘက်က “ကရင်နီတော်လှန်ရေးတပ်ပေါင်းစု” အနေနဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီးတော့ အဲဒီအထဲမှာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဟာ အင်အား အတောင့်တင်းဆုံး အဖွဲ့ဖြစ်ပါတယ်။
၂၀၂၄ ခုနှစ်ထုတ်ပြန်ချက်အရ တပ်သားဦးရေ ၁၁,၀၀၀ ရှိပြီး တပ်ရင်းပေါင်း ၂၈ ရင်းနဲ့ဖွဲ့စည်းထားပါတယ်။
ဒုတိယအင်အားအများဆုံးကတော့ သက်တမ်းရင့် လက်နက်ကိုင်တပ်ဖွဲ့ ကရင်နီပြည်တပ်မတော် Karinni Army(KA)ဖြစ်ပြီး အင်အား ၈,၀၀၀လောက် ရှိပါတယ်။
ကျန်အားကောင်းတဲ့အဖွဲ့တွေမှာ KNPLF ခေါ် ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) လည်း ပါဝင်ပါတယ်။ ကလလတဟာ နေပြည်တော်နဲ့ အပစ်ခတ်ရပ်စဲရေး သဘောတူညီချက် ယူခဲ့ပြီး နယ်ခြားစောင့်တပ်အဖြစ်အသွင်ပြောင်းခဲ့တဲ့တပ်ဖြစ်ပေမယ့် ၂၀၂၃ ခုနှစ်အစပိုင်းမှာ စစ်ကောင်စီတပ်ကို ပြန်တိုက်ဖို့ ဆုံးဖြတ်ခဲ့ ကြပါတယ်။
ဒါ့အပြင် ကရင်နီဒေသခံမဟုတ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ံခံ ပြည်သူ့ကာကွယ်ရေးတပ် (PDF)၊ သီးခြားဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် (LPDF) တွေလည်း ပါဝင်ပါတယ်။
တော်လှန်ရေးအင်အားစုအားလုံးပေါင်းရင် လက်ရှိ အင်အားဟာ ၂၅,၀၀၀ လောက်ရှိမယ်လို့ ခန့်မှန်းကြပါတယ်။
လွိုင်ကော်အကျဉ်းထောင်ကို မသိမ်းပိုက်နိုင်
လွိုင်ကော်ထောင်ဟာ ကရင်နီ(ကယား)ပြည်မှာ တခုတည်းသော အကျဉ်းထောင်ဖြစ်ပြီးတော့ ဒေါဥခူရပ်ကွက်မှာပြီး အကျယ်အဝန်းအားဖြင့် ငါးဧကလောက်ရှိပါတယ်။
အကျဉ်းထောင်အပြင်ဘက် ပတ်ပတ်လည်မှာရှိတဲ့ ဝန်ထမ်းအိမ်ယာတွေနဲ့ ဘန်ကာတွေဟာ အကျဉ်းထောင်လုံခြုံရေး ပထမစည်းဖြစ်ပြီး စစ်ကောင်စီတပ်သားတွေ ရာဂဏန်းတပ်စွဲ ခုခံထားပါတယ်။
ဒုတိယစည်းကတော့ ပေ ၃၀ လောက်မြင့်ပြီး အောက်ခြေအထူ ငါးပေလောက်အထူရှိတဲ့ အကျဉ်းထောင်နံရံ အုတ်တံတိုင်းကို အကာကွယ်ယူထားတဲ့ အတွင်းစည်းပဲ ဖြစ်ပါတယ်။
၁၁၁၁ စစ်ဆင်ရေးထဲမှာတော့ နိုင်ငံရေးအကျဉ်းသားတွေ ကယ်ထုတ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အကျဉ်းထောင်ကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။
တော်လှန်ရေးတပ်တွေရဲ့ ထိုးစစ်ဟာ အကျဉ်းထောင်လုံခြုံရေး ပထမစည်းကျော်လာပြီး ဒုတိယစည်းကို ဖြိုချဖို့ လုပ်ခဲ့ပါတယ်။ အစကတော့ အကျဉ်းထောင်တံခါးကနေ ဖောက်ဝင်ဖို့ကြိုးစားခဲ့ပေမယ့် အကျဉ်းထောင်ထဲကနေ သေနတ်ပြောင်းထုတ်ပြီး တရစပ်ပစ်ခတ်နေလို့ ထောင်တံခါးနားကပ်ဖို့ ခက်ခဲခဲ့ပါတယ်။
ဒါကြောင့်အကျဉ်းထောင်နံရံကိုဖြိုချဖို့ နည်းလမ်းသာရှိတော့ပေမယ့် ထင်သလောက်လည်း မလွယ်ကူခဲ့ပါဘူး။
“ဖောက်လို့မရဘူးဆိုလည်း မဟုတ်ပြန်ဘူး၊ ဖောက်လို့တော့ရတယ်၊ အဲဒီကိစ္စကိုဆောင်ရွက်တဲ့အခါမှာ တော်တော်ကြီး ပြင်းပြင်းထန်ထန်တိုက်ခိုက်ရမယ့်အခြေအနေ ရှိတဲ့အတွက် မလိုအပ်တဲ့ ဆုံးရှုံးမှုတွေ အရမ်းများသွားနိုင်တယ်ပေါ့နော်၊ နှစ်ဘက်လုံးရော အကျဉ်းသားတွေရော လူအစုလိုက်အပြုံလိုက် သေဆုံးသွားတဲ့ပုံစံ ဖြစ်သွားနိုင်တယ်” လို့ အကျဉ်းထောင်နဲ့နီးစပ်သူတယောက်က ပြောပါတယ်။
“မျော်လင့်ချက်ကတော့ ဂိတ်ဆုံးပဲပေါ့နော်၊ တော်လှန်ရေးဘက်ကနိုင်ရင် ကျွန်တော်တို့ လွတ်သွားနိုင်တယ် ၊ အသက်သေဆုံးသွားသည့်တိုင်အောင် ကျွန်တော်တို့ အဲဒီအတွက် ဝမ်းနည်းပြီး အပြစ်တင်နေမှာ မဟုတ်ဘူး” လို့ အကျဉ်းထောင်နားတိုက်ပွဲဖြစ်နေချိန်မှာ အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသားတဦးက သူကြုံခဲ့တဲ့ အတွေ့ကြုံကို ပြန်ပြောပြပါတယ်။
သူဟာ နှစ်ဖက်စစ်ရေးတင်းမာနေချိန် အခုနှစ်ဆန်းပိုင်းမှာပဲ လွိုင်ကော်အကျဉ်းထောင်ကနေ လွတ်ရက်စေ့နဲ့ ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားတဦးလည်း ဖြစ်ပါတယ်။
အကျဉ်းထောင်သိမ်းတိုက်ပွဲမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ KNDF ရဲ့ စစ်ကြောင်းမှုးတဦးကတော့ လုံခြုံရေး ဒုတိယစည်းကို ဖြိုချဖို့ကြိုးစားခဲကြပြီး အရမ်းလည်း နီးစပ်ခဲ့တယ်လို့ ပြောပါတယ်။
“ထောင်ထဲမှာရောက်နေတဲ့ နိုင်ငံရေးအကျဉ်းသားတွေက ပျော်ကြမှာပေါ့၊ သူတို့အော်တဲ့အသံကိုကြားရတယ်၊ အဲလိုမျိုးအခြေနေတွေဖြစ်လာတဲ့အချိန်မှာ ကျွန်တော်တို့အားအရမ်းရှိတယ်” လို့ သူက ပြောပါတယ်။
အဲဒီချိန်မှာပဲ တဖက်က လေကြောင်းပစ်ကူနဲ့ လက်နက်ကြီးတွေက တရစပ် ပစ်ခတ်ခဲ့တဲ့ အတွက် ရှေ့ဆက်တိုးဖို့ ခက်ခဲခဲ့ပါတယ်။
တိုက်ရည်ခိုက်ရည်နဲ့အတွေ့ကြုံတွေ ဘယ်လောက်ရှိပါစေ၊ အဓိကကတော့ လက်နက်ခဲယမ်းလုံလောက်ဖို့ အရေးကြီးတယ်လို့ သူက ဆက်ပြောပါတယ်။
“လေယဉ်လာတိုင်း နောက်ပြန်ဆုတ်တာမဟုတ်ဘူး၊ သူတို့ဗုံးကြဲတိုင်းလည်း ကျွန်တော်တို့ကို ထိချင်မှ ထိတာပါ။အဲဒါတွေကတော့ ရဲဘော်တွေအတွက်ကတော့ ပြဿနာမဟုတ်ဘူးပေါ့၊ နောက်ပိုင်း ဘယ်လိုဖြစ်လာလဲဆိုတော့ အခက်ခဲက ကျည်ဆန်ပါပဲ၊ ကျည်ဆန်မလောက်တဲ့အခက်ခဲ အဲတခု ပြီးရင် ၇၉ ဗုံးသီးတွေ RPG တွေ မလောက်ဘူး”လို့ သူက ပြောပါတယ်။
ကရင်နီတပ်ပေါင်းစုတွေ အကျဉ်းထောင်ကိုမသိမ်းနိုင်ခဲ့တာဟာ ခဲယမ်းမီးကျောက်မလုံလောက်မှုက အကြောင်းရင်းတခု ဖြစ်ပါတယ်။ လေးကြိမ်ကြိုးစားပေမဲ့ မအောင်မြင်ခဲ့ပါဘူး။
အဲဒီနောက်ပိုင်းတိုက်ပွဲတွေကြီးကြီးမားမားမရှိတော့ဘဲ ခြောက်လကျော်ကြာတဲ့အထိ သိမ်းနိုင်ခဲ့တဲ့ နေရာတွေကို ကရင်နီတပ်ပေါင်းစုတွေက ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။
ခဲယမ်းလိုအပ်ချက်
ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ကိုတော့ ရက္ခိုင့်တပ်တော်(AA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ ညီနောင်မဟာမိတ်သုံးဖွဲ့က လက်နက်ခဲယမ်းတွေနဲ့ စစ်ရေးအကူအညီများ ပေးထားတယ်လို့ ၂၀၂၃ ခုနှစ် မေလ ၃၁ ရက်နေ့ KNDF တည်ထောင်ခြင်း နှစ်နှစ်ပြည့် မိန့်ခွန်းမှာ ဥက္ကဋ္ဌခွန်းဘီထူးက ထည့်သွင်းပြော ကြားထားတာကို တွေ့ရပါတယ်။
တဘက်မှာလည်း ကရင်နီဒေသကိုရောက်မယ့် လက်နက်ခဲယမ်းတွေ လမ်းမှာမိသွားတာက အခက်အခဲတခု ဖြစ်ပါတယ်။ ၁၁၁၁ စစ်ဆင်ရေး နှစ်လကျော်လာပြီး ဇန်နဝါရီ ၂၀ ရက်ရက်နေ့မှာတော့ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဟိုပုံးမြို့နယ်၊ စံဖူးကျေးရွာမှာ PNLO ယူနီဖောင်းဝတ်ဆင်ထားသူတွေဆီက လက်နက်ခဲယမ်းအများအပြားကို ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားတာရှိပါတယ်။
Canter ယာဉ် နှစ်စီးပေါ်မှာ လက်နက်ငယ်မျိုးစုံ ၅၀၄ လက်၊ RPG ၁၀ လက်၊ ၁၀၇ မမ ရှော့တိုက်ဒုံး ခြောက်လုံးနှင့် ခဲယမ်းတွေ၊ မီးလောင်ပျက်စီးသွားတာဟာ ကရင်နီပြည် လွိုင်ကော် မြို့သိမ်းတိုက်ပွဲဖော်ဆောင်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဆီပို့ဆောင်မယ့် လက်နက်ခဲယမ်းတွေလို့ စစ်ကောင်စီဘက်က ပြောပေမယ့် ကရင်နီတပ်ပေါင်းစုတွေဘက်ကတော့ ဒါနဲ့ပတ်သက်လို့ တုန့်ပြန်တာမျိုး မတွေ့ခဲ့ရပါဘူး။
ကရင်နီတော်လှန်ရေးအင်အားစုတွေဟာ “ဝ” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) နဲ့သာမက မြောက်ပိုင်းသုံးဖွဲ့နဲ့လည်း မဟာမိတ်ဆက်ဆံရေး ထူထောင်ထားပါတယ်။
အလားတူ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLO)၊ ပအိုဝ်းဖက်ဒရယ်ကောင်စီ၊ ရှမ်းတောင် PDF တွေနဲ့လည်း မဟာမိတ်ဆက်ဆံရေးရှိပြီး ဆီဆိုင်တိုက်ပွဲတွေမှာ စစ်ရေးပူးပေါင်းဆောင် ရွက်မှုတွေလည်း ရှိခဲ့ပါတယ်။
ထိုးစစ်ပြန်ဆင်လာတဲ့ စစ်ကောင်စီတပ်
စစ်ကောင်စီနဲ့ ပအိုဝ့်ပြည်သူ့စစ် PNO/PNAတို့ ပူးပေါင်းပြီး မေလ ဒုတိယအပတ်ကစလို့ ဆီဆိုင်- မိုးဗြဲ- လွိုင်ကော်လမ်းအတိုင်း လွိုင်ကော်ကို အင်အား ၂,၀၀၀ လောက်နဲ့ ပြန်ပြီးထိုးစစ်ဆင်ခဲ့ပါတယ်။
ဒီစစ်ကြောင်းတွေကို ကရင်နီတော်လှန်ရေးတပ်တွေက လမ်းတလျှောက် ဟန့်တားဖို့ကြိုးစားခဲ့ပေမယ့် စစ်ကောင်စီဘက်က လူအင်အား လက်နက်အင်အားအပြင် ခေတ်မီဒရုန်းတွေအပါဝင် သာလွန်အင်အားနဲ့ ထိုးစစ်ဆင်လာလို့ ဆုတ်ခွာပေးခဲ့ရတာတွေရှိခဲ့တယ်လို့ တော်လှန်ရေးတပ်တွေဘက်က ပြောပါတယ်။
ဇွန်လအစောပိုင်းမှာတော့ စစ်ကောင်စီနဲ့ PNO/PNA တပ်တို့ဟာ လွိုင်ကော်မြို့ထဲကို ဝင်ရောက်နိုင်ခဲ့ပါတယ်။
အဲဒီနောက် ကရင်နီတပ်ပေါင်းစုတွေ တပ်စွဲထားတဲ့ လွိုင်ကော်အနောက်ဘက်ခြမ်းက ရပ်ကွက်တွေကို စစ်ကောင်စီတပ်ဘက်က ပြန်ပြီးထိုးစစ်ဆင်တိုက်ခိုက်တာတွေလုပ်ခဲ့ပြီး နယ်မြေစိုးမိုးမှုပြန်ယူနိုင်ခဲ့တယ်လို့ စစ်ကောင်စီရဲ့ တယ်လီဂရမ် ချန်နယ်တွေက ဆိုပါတယ်။
ဒါနဲ့ပ်တ်သက်လို့ ကရင်နီတပ်မတော် KA စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်ကတော့
“ကျည်အခက်အခဲကြောင့် ခဏဆုတ်တဲ့ သဘောပါ၊ အခုထိလည်း တခြားနေရာတွေမှာ ကျနော်တို့ ရှိနေပါတယ်။ ဒါပေမယ့် လောလောဆယ်က ကျနော်တို့လည်း အင်အားဖြည့်ဖို့ထက် ကျည်မလောက်လို့ ဆုတ်ပေးလိုက် တဲ့သဘောပါ “လို့ ဇူလိုင်လ ၆ ရက်နေ့တုန်းက ဧရာဝတီသတင်းဌာနကို ဖြေကြားခဲ့ပါတယ်။
လွိုင်ကော်အနောက်ဖက်ခြမ်းက ကရင်နီတပ်ပေါင်းစုတွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့ လွိုင်ကော်တက္ကသိုလ်နဲ့ အကျဉ်းထောင်အနီးတဝိုက်ကို လက်လွှတ်လိုက်ရတယ်ဆိုတဲ့ အခြေနေပါ။
ယာယီသမ္မတနေရာကိုရယူထားတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကတော့ လွိုင်ကော်အခြေနေနဲ့ ပတ်သက်လို့ KNPP/KNDFကို အပြစ်တင်ပြောဆိုတာတွေလုပ်ခဲ့ပြီးတော့ လွိုင်ကော်ကို ပြန်ပြီးထိန်းချုပ်နိုင်ခဲ့ပြီလို့ ပြောခဲ့ပါတယ်။
“လက်ရှိအချိန်မှာ ဆီဆိုင်နဲ့လွိုင်ကော်ဒေသတို့မှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို စတင်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ ကယားပြည်နယ်တခုလုံး ယခုလိုတည်ငြိမ်အေးချမ်းမှုရအောင် ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”လို့ ဩဂုတ်လ ၅ ရက်နေ့ မိန်းခွန်းမှာ ထည့်ပြောခဲ့ပါတယ်။
စစ်ကောင်စီဘက်က နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေပြီး လွိုင်ကော်မြို့ရဲ့ အုပ်ချူပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ကြိုးစားလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဆေးရုံပြန်ဖွင့်တာတွေ၊ စာသင်ကျောင်း တချို့ပြန်ဖွင့်တာတွေ၊ ကားလိုင်းတွေပြန်ပြီးပြေးဆွဲတာတွေကို ဆက်တိုက်လုပ်ဆောင်နေတယ် လို့ ဒေသခံတွေဆီက သိရပါတယ်။
တိုက်ပွဲကာလအတွင်း မီးလောင်ပျက်စီးသွားတဲ့ လောဓမ္မရပ်ကွက်ရှိ အထင်ကရ သီရိမင်္ဂလာဈေးကြီးကိုလည်း ပြန်ပြီးတည်ဆောက်နေတယ်လို့ သိရပါတယ်။
ဒါပေမယ့်အလုံးစုံတော့ပြန်ပြီးထိန်းချုပ်နိုင်တဲ့အခြေနေမျိုး မဟုတ်သေးဘဲနဲ့ တိုက်ပွဲတွေ ဆက်ပြီးဖြစ်ပွားနေဆဲပါ။
ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဥက္ကဋ္ဌလည်းဖြစ်သလို ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (Interim Executive Council of Karenni State -IEC) မှာ ဒုတိယဥက္ကဋ္ဌ တာဝန်လည်း ယူထားတဲ့ ခွန်ဘီထူးက တော့
“လွိုင်ကော်မြို့ရဲ့ အနောက်ဖက်ခြမ်းမှာရှိတဲ့ ကျွန်တော်တို့ရဲတပ်တွေကိုဆုတ်လိုက်ပြီးမှ မြို့ရဲ့ အရှေ့ဖက်ခြမ်းကနေ တစ်ခါဝင်ပြီးတိုက်တယ်ပေါ့နော” ဆိုပြီး ဇူလိုင်၂၇ရက်နေ့ BBCနဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။
ဇူလိုင်လ ၄ ရက်နေ့ကတော့ လွိုင်ကော်မြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ နမ့်ဘောဝမ်၊ ကြည်သာယာနဲ့ မိုင်းလုံးရပ်ကွက်တွေထဲကို စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်တွေကို ကရင်နီပူးပေါင်းတပ်ဖွဲ့တွေက မနက် ၅ နာရီအချိန်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်လို့ ဩဂုတ်လ ၁ ရက်နေ့က ထုတ်ပြန်တဲ့ ကရင်နီလူမှုအသင်းဖွဲ့များကွန်ယက် KCSN ရဲ့ နှစ်ပါတ်တကြိမ် ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
အဲဒီနေ့မှာပဲ စစ်ကောင်စီတပ်တွေဟာ လက်တုန့်ပြန်တဲ့ အနေနဲ့ လက်နက်ကြီး ပစ်ခတ်တာတွေ၊ နေအိမ်တွေ မီးရှို့တာတွေကြောင့် အဲဒီရပ်ကွက်တွေက နေအိမ်အလုံး ၆၀ ကျော် ပျက်စီးသွားခဲ့တယ်လို့ ဆက်ပြီးဖော်ပြထားပါတယ်။
လက်ရှိချိန်မှာတော့ လွိုင်ကော်အရှေ့ဖက်ခြမ်းဖြစ်တဲ့ ရွာတန်းရှည်၊ မိုင်းလုံးနဲ့ နည်းပညာသက္ကသိုလ် ဘက်ခြမ်းမှာ တိုက်ပွဲတွေရှိနေဆဲပါ။
မြို့ရဲ့အရှေ့ဖက်ခြမ်း တောင်ကွဲစေတီရဲ့ အနောက်ဘက်တကြောမှာရှိတဲ့ ရပ်ကွက်တွေနဲ့ နည်းပညာတက္ကသိုလ်ဖက်ခြမ်းအပြင် လွိုင်ကော် – ဒီးမော့ဆို ကိုဆက်သွယ်ထားတဲ့ ပြည်ထောင်စု လမ်းမကြီးနဲ့ ဆက်စပ်တဲ့ လမ်းပိုင်းမှာ နှစ်ဖက်တိုက်ပွဲတွေ နေ့တိုင်းဖြစ်နေတဲ့အတွက် ပြည်သူတွေအနေနဲ့ အဲဒီလမ်းတွေကို အသုံးပြုသွားလာတာ မလုပ်ဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)က ဩဂုတ်လ ၇ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
၁၁၁၁ စစ်ဆင်ရေးအောင်မြင်ခဲ့လား
“စစ်ဆင်ရေးရဲ့ အဓိကရည်ရွယ်ချက်ကတော့ ကရင်နီပြည်ထဲမှာ စစ်ကောင်စီရဲ့အုပ်ချုပ်ရေး အပြီးသတ်ရပ်တန့်နိုင်ဖို့ ဖြစ်ပါတယ်” လို့ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDFဥက္ကဋ္ဌ လည်းဖြစ်၊ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (Interim Executive Council of Karenni State -IEC) ဒုတိယဥက္ကဋ္ဌလည်းဖြစ်တဲ့ ခွန်ဘီထူးက ဇူလိုင်၂၇ရက်နေ့ BBCနဲ့ အင်တာဗျူးမှာ ပြောသွားခဲ့ပါတယ်။
စစ်ဆင်ရေးနောက်ဆက်တွဲအကျိုးဆက်များ
စစ်ကောင်စီရဲ့အုပ်ချုပ်ရေးယန္တရားတွေရပ်တပ်သွားပေမယ့် တဖက်မှာလည်း မြို့ထဲနဲ့ ပြည်နယ်ထဲမှာရှိတဲ့ တပ်စခန်းတခုမှမသိမ်းပိုက်နိုင်ခြင်းနဲ့အတူ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု၊ ဒရုန်းဗုံးကြဲချမှု ၊လက်နက်ကြီးပစ်ခတ်မှု ၊နေအိမ်မီးရှို့မှုတွေကြောင့် လွိုင်ကော်မြို့နယ်ထဲကပြည်သူတွေရဲ့ နေအိမ်ပျက်စီးမှု ၁,၅၄၅ လုံးရှိခဲ့ပြီး လူပေါင်း ၇,၅၀၀ ကျော် အိုးအိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။
ဒါ့အပြင် ပြည်သူတွေ ထိခိုက်သေဆုံးမှု ၇၀ နဲ့ စစ်ဘေးတိမ်းရှောင်မှု ၁၀,၀၀၀ ဝန်းကျင် ရှိခဲ့ပါတယ်။ ဒီအချက်လက်တွေဟာ ကရင်နီလူမှုအသင်းဖွဲ့များကွန်ယက် (KCSN) ရဲ့ နှစ်ပတ်တကြိမ် ထုတ်ပြန်ချက်နဲ့ သီးခြားပြုစုထားတဲ့ အရင်းအမြစ်တွေဆီက သိရတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။