ရခိုင်ပြည်နယ်၊ မြောက်ပိုင်း ဘူးသီးတောင်မြို့မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဧပြီလ ၁၂ ရက်မှစ၍ မြို့လုံးကျွတ်နီးပါး မီးရှို့ခံနေရပြီး ဒေသခံထောင်နှင့်ချီ ဖမ်းဆီးခံထားရတယ်။ဘူးသီးတောင်မြို့မှာ စစ်ကောင်စီတပ်ရင်း ၁၂ ခု နှင့် ရဲတပ်ရင်း ၁၀ ခုကျော်ရှိပြီး တပ်မ ဗျူဟာ အထိုင်ချထားသလို လက်ရှိ အချိန်ထိ ရခိုင်တပ်တော် (AA) နှင့် တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးသော်လည်း မြို့ခံအများစုမှာ ယခုနှစ်ဇန်နဝါရီလခန့် ကတည်းက စစ်တွေ၊ ရန်ကုန်နှင့် အနီးရှိ ရွာများတွင် စစ်ရှောင်ကာ နေထိုင်ကြပြီး မြို့ပေါ်တွင် ရခိုင်လူမျိုးအနည်းငယ်နှင့် မွတ်စလင်များသာကျန်ရှိတော့တယ်။
ထိုအခြေအနေမှာ ဧပြီ ၁၂ရက်က အိမ်များ စတင်မီးရှို့ခံရပြီး ဒေသတွင်း ဆင်းရဲနွမ်းပါး သူများနှင့် စစ်ရှောင်များ ကို အခမဲ့ဆေးကုပေးနေသည့် ဘူးသီးတောင် အခြေစိုက် နယ်စည်းမခြားဆရာဝန်များ အသင်း ရုံးနှင့် ဆေးခန်း လည်း ဧပြီလ ၁၅ ရက်နေ့က မီးရှို့သွားတာကြောင့် ရုံးသုံးပစ္စည်းများနှင့် ဆေးဝါးများ ပျက်စီးဆုံးရှုံးခဲ့ပြီး ပဋိဇီဝဆေးများ၊ နမိုးနီးယားကဲ့သို့ ရောဂါကုသည့် ကိရိယာများ၊ ကာကွယ်ဆေးများ ပါသွားခဲ့ကြောင်း အဆိုပါအဖွဲ့က ထုတ်ပြန်ထားတယ်။
ဘူးသီးတောင်မြို့တွင် ရပ်ကွက် ၇ ခုရှိပြီး အိမ်ခြေ ၁,၄၈၀ ကျော်ရှိပြီး လက်ရှိမှာ အိမ်ခြေ ၁ ထောင်ကျော် မီးလောင်သွားပြီဖြစ်တယ်။ မီးရှို့တာတွေကို စစ်တပ်နဲ့မွတ်စလင်တွေက ပူးပေါင်းလုပ်ဆောင်နေတာပါ။ရိုဟင်ဂျာအရေးတက်ကြွလှုပ်ရှားသူတွေကတော့ “မီးရှို့တဲ့မွတ်စလင်တွေဟာ စစ်တပ်ကခေါ်သွားပြီး အတင်းအဓမ္မလုပ်ခိုင်းတဲ့အတွက် ခိုင်းသမျှလည်း လုပ်ရပါတယ်လို့ဆိုတယ်။
ဒါ့အပြင်အနီးရွာတွေကို ရှောင်တဲ့ စစ်ရှောင်တွေက ကိုယ့်အိမ်ကိုယ် ပြန် ကြည့် ပစ္စည်းယူတဲ့သူတွေလည်း ဖမ်းဆီးခံရတာ သတ်ဖြတ်ခံရတာတွေရှိနေပြီး အလောင်းတွေဆို လမ်းတွေမှာ ပြန့်ကျဲနေတယ်။ စစ်ကောင်စီကတော့ ထိုလုပ်ရပ်တွေအားလုံးကို အေအေက လုပ်ဆောင်နေတယ်လို့ သတင်းထုတ်ပြန်ထားတယ်။စစ်ကောင်စီဟာ ရခိုင်စစ်မျက်နှာတွင် စစ်မနိုင်လို့မွတ်စလင်နဲ့ရခိုင်တွေကြား လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဖြစ်ပွားစေရန် ရည်ရွယ်ချက်ရှိရှိ ဖန်တီးပုံဖော်နေပါတယ်။ ဒီကိစ္စဟာပေါက်ကွဲလွယ်တာကြောင့် AAအနေနဲ့စစ်တိုက်ရုံတင်မဟုတ်ပဲ ပဋိပက္ခမဖြစ်ပွားစေဖို့ အရေးတကြီးကိုင်တွယ်ရန်လိုအပ်နေတယ်။