တောင်ပိုင်းကKNUကလေလုံးတွေသာကြီးနေပေမယ့်မြောက်ပိုင်းကKIAကတော့တော်လှန်ရေးမှာပုံမှန်လေးဆက်သွားနေတယ်။ဒီရက်ပိုင်းကချင်ပြည်နယ်မှာတိုက်ပွဲတွေခပ်စိတ်စိတ်ဖြစ်ပွားလျက်ရှိတယ်။ကျောက်စိမ်းထွက်ရှိရာဖားကန့်မြို့နယ်ထဲမှာစခန်းတချို့သိမ်းထားနိုင်ပြီးဗန်းမော်မြို့နားကစစ်ကောင်စီရဲ့အရေးပါတဲ့တပ်စခန်းတွေကိုလဲသိမ်းပိုက်လျက်ရှိတယ်။ဒါ့အပြင်မြို့လှမြို့ကိုလဲစစ်ကောင်စီတပ်တွေစွန့်ခွာသွားတာကြောင့်KIAကသိမ်းနိုင်လိုက်တယ်။ဒါ့ကြောင့်ကချင်ပြည်နယ်ထဲမှာမတိုက်ရပဲသိမ်းလိုက်နိုင်တာ၂မြို့ရှိသွားပြီဖြစ်တယ်။
KIAဟာရှမ်းမြောက်မှာတိုက်ပွဲတွေရပ်သွားကတည်းကသူနဲ့သက်ဆိုင်တဲ့နယ်မြေတွေမှာစစ်ကောင်စီကိုဖြေးဖြေးမှန်မှန်ပဲဆက်လက်တိုက်ခိုက်လျက်ရှိတယ်။စစ်ရေးသတင်းတွေကိုလဲတော်ရုံနဲ့ထုတ်ပြန်လေ့မရှိဘူး။စစ်ကိုင်းတိုင်းထဲကPDFတွေကိုလဲလိုအပ်တဲ့အကူအညီတွေပေးနေတယ်။
အောက်တိုဘာ ၂၈၊ ၂၀၂၄။ (တနင်္လာ)
တော်လှန်ရေးဟာအရှိန်အဟုန်ရလာတယ်ဆိုပေမယ့်လဲဘယ်အချိန်ပြီးမလဲဆိုတာတော့မပြောတတ်သေးပါဘူး။ထိုအရှိန်အဟုန်ကိုတားဆီးနေတဲ့အဓိကအချက်၂ချက်ရှိပါတယ်။ ပထမအရာကတော့တရုတ်ပါ။သိကြတဲ့အတိုင်းတရုတ်ဟာစစ်ကောင်စီဘက်ရပ်တည်လိုက်ပြီးတော်လှန်ရေးကိုဖျက်လိုဖျက်စီးလုပ်နေပါပြီ။မြောက်ပိုင်းအဖွဲ့တွေနဲ့KIAကိုစစ်ကောင်စီကိုဆက်မတိုက်ဖို့အတင်းဖိအားပေးနေတယ်။နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကိုပါပိတ်ပစ်နေပြီးစစ်ကောင်စီနဲ့ပေါင်းကာတော်လှန်ရေးထိန်းချုပ်နယ်မြေတွေကိုဖြတ်လေးဖြတ်လုပ်နေပါတယ်။တရုတ်ရဲ့ဖိအားတွေကြောင့်MNDAAဆိုထိုးစစ်တွေအားလုံးရပ်တန့်လိုက်ရပြီးတရုတ်အကြိုက်ကြေညာချက်တွေထုတ်ပြန်နေရတယ်။TLNAလဲရှေ့ဆက်သွားဖို့အခက်အခဲတွေရှိလာတယ်။ရခိုင်ကAAတစ်ဖွဲ့သာတရုတ်နဲ့နယ်မြေမထိစပ်နေတာကြောင့်ဖိအားကိုရှောင်လွဲပြီးစစ်ကောင်စီကိုအရှိန်အဟုန်မပြတ်တိုက်ခိုက်နေနိုင်တာပါ။ အကယ်၍တရုတ်သာဝင်မရှုပ်ခဲ့ဘူးဆိုရင်မြောက်ပိုင်းအဖွဲ့တွေဟာဒီအချိန်မှာပြင်ဦးလွင်ကိုသိမ်းပြီးလောက်ပြီ။ဆက်လက်ပြီးမန္တလေးကိုတိုက်ခိုက်ဖို့ပြင်ဆင်နေလောက်ပြီ။စစ်ရေးအရှိန်သာလျော့မကျသွားခဲ့ရင်ဒီနှစ်ကုန်နောက်နှစ်ဆန်းလာက်မှာစစ်ကောင်စီကိုဖြုတ်ချနိုင်မှာပါ။အခုတော့နောက်လှိုင်းတစ်ခုကိုစောင့်ရဦးမှာပေါ့။