ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ညီနောင်သုံးဖွဲ့နဲ့ အပစ်အခတ်ရပ်စဲပြီးတဲ့နောက် စစ်ကောင်စီတပ်ဟာ စစ်ကိုင်းတိုင်းဘက်မှာ စစ်ဆင်ရေး ပြန်ပြီးလုပ်ဆောင်လာပါတယ်။ဒီပဲယင်း၊ ရေဦး၊ ခင်ဦး၊ ဆားလင်းကြီး၊ ဘုတလင်၊ အရာတော်၊ ကန့်ဘလူ စတဲ့မြို့နယ်က ရွာတွေကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး အိမ်တွေ မီးရှို့၊ ရွာသားတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ ပြန်လုပ်လာတယ်။
ဒီလထဲမှာပဲ ဒီပဲယင်းမြို့နယ် မဲအိုးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး ဒေသခံ ငါးယောက်ကို သတ်ဖြတ်လိုက်တယ်။တစ်လောင်းကိုလည်လှီးသတ်ထားပြီးကျန်တဲ့နှစ်လောင်းကတော့တော်တော်လေးကိုရုပ်ပျက်ဆင်းပျက်ရိုက်နှက်ပြီးနှိပ်စက်ပြီးသတ်ထားတယ်။ဆားလင်းကြီးမြို့နယ်ထဲမှာလဲရွာတွေကို ဝင်ရောက်စီနင်းနေတဲ့ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ကလေးတစ်ယောက် အပါအဝင် အရပ်သား သုံးယောက်သေဆုံးပြီး ခုနစ်ယောက်ဒဏ်ရာရရှိခဲ့တယ်။စစ်ကောင်စီက ရွာတွေထဲ ဝင်ရောက်စီးနင်းတာကြောင့် ဇန်နဝါရီလ ၁၆ ရက်ကနေ ၂၄ ရက်နေ့အတွင်း ဆားလင်းကြီး၊ ဒီပဲယင်း၊ ရေဦး၊ ခင်ဦး စတဲ့မြို့နယ်တွေက ဒေသခံ နှစ်သောင်းနီးပါးလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်။
စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်းတဲ့အခါမှာ အရင်လို ပစ်ပြီးဝင်တာမဟုတ်ဘဲ တိတ်တိတ်ဆိတ်ဆိတ်ဝင်တဲ့ စနစ်ကို အသုံးပြုလာတယ်။ ဟိုတုန်းကတော့ ရွာတစ်ရွာဝင်တယ် မီးရှို့တယ်။ ရွာထဲဝင်တော့မယ်ဆိုရင် တစ်ဒိုင်းဒိုင်းပစ်ပြီးတော့ဝင်ပြီး တွေ့သမျှအိမ်တွေမီးရှို့တယ်။ အဲဒီ ရွာကနေ တခြားရွာတစ်ခါဆက်တယ်။ အဲလိုမျိုးတွေ မဟုတ်တော့ဘူး။အပျောက်နေပြီး ရွာထဲမှာဖျောက်ထားပြီး အဲဒီရွာနဲ့ လေးငါးဆယ်မိုင်လောက်ဝေးတဲ့ မထင်မှတ်တဲ့ရွာကို ပြောက်ကျား အပြောက်သွားပြီးတော့ ဝင်ကုပ်တာတွေ အဲလိုမျိုး တောက်လျှောက်လုပ်လာတယ်။
ညီနောင်သုံးဖော် စတိုက်ပြီးနောက်ပိုင်း စစ်တပ်ကစစ်ကိုင်းတိုင်းထဲမှာစစ်ကြောင်းမထိုးတာတော်တော်လေး ကြာပြီ။အခုရှမ်းမြောက်မှာအပစ်ရပ်ပြီးနောက်မှာစစ်တပ်ရဲ့စစ်ရာဇဝတ်မှုတွေဟာစစ်ကိုင်းတိုင်းဘက်ပြန်လှည့်လာတယ်။အထူးသဖြင့်၁၀၂၇စစ်ဆင်ရေးနောက်ပိုင်းမှာဆိုရင်အကြီးကျယ်ကျရှုံးနေတဲ့စစ်တပ်ဟာသူတို့စိတ်ဓာတ်ကိုပြန်လည်မြင့်တင်ဖို့အင်အားနည်းနေသေးတဲ့စစ်ကိုင်းတိုင်းကိုအသုံးချလာတဲ့သဘောပဲ။