ဒီနေ့ဟာမြန်မာပြည်ရဲ့လွတ်လပ်ရေးနေ့ပါ။ ဒီနေ့မှာတော့ ရန်ကုန်မြို့ထဲ လွတ်လွတ်လပ်လပ် သွားကြည့်မယ်လို့ စိတ်ဆုံးဖြတ်မိတယ်။၏အမှန်တော့ ဒီအခြေအနေမှာ ဘယ်လိုမှ မလွတ်လပ်နိုင်ဘူးဆိုတာ သိနှင့်ပြီးသားပါ။ ဒါပေမဲ့ ဟိုးအရင်က လွတ်လပ်ရေးနေ့တွေလို ရန်ကုန်မြို့ကို လျှောက်ပတ်ကြည့်ချင်မိတယ်။
ဘာလို့ဆို လွတ်လပ်ရေးနေ့ဆိုတဲ့အတိုင်း လူထုရွေးကောက်ခံ အရပ်သားအစိုးရလက်ထက်ရန်ကုန်ဟာ တကယ်ကို လွတ်လွတ်လပ်လပ်ရှိခဲ့တာကြောင့်ပါ။ အထူးသဖြင့် ရန်ကုန်သူ၊ ရန်ကုန်သားတွေ၊ သူတို့ရဲ့ ကလေးငယ်တွေပေါ့။
အရင်က ဒီလိုနေ့မျိုးဆိုရင် ရပ်ကွက်ထဲဝင်လိုက်တာနဲ့ “ခေတ္တ လမ်းပိတ်ထားပါတယ်”၊ “ပျော်ပွဲရွှင်ပွဲရှိ၍ လမ်းလွှဲမှ မောင်းနှင်ပါရန်”စတဲ့ ဆိုင်း ဘုတ်တွေကို လမ်းထိပ်တော်တော်များများမှာ တွေ့ရလေ့ရှိတယ်။ ပြီးရင် ဒီကနေ့ ဘယ်နှစ်နာရီမှာတော့ဖြင့် လွတ်လပ် ရေးနေ့အထိမ်း အမှတ် စတုဒိသာကြွေးပါမယ်လို့ ကြေညာထားတဲ့ ဝိုက်ဘုတ်တွေလည်း တွေ့ရပါသေးတယ်။ခုရော အရင်အတိုင်းပဲလားဆိုတာ သိချင်နေမိတယ်။ ဒါကြောင့် ရန်ကုန်မြို့ရဲ့ မြို့ နယ်လေးငါးခုလောက်ကို လှည့်ပတ်ကြည့်ဖြစ်တယ်။ ပန်းဘဲတန်း၊ ကျောက်တံတား၊ ဗိုလ်တထောင်၊ လသာ၊ လမ်းမတော်၊ အင်းစိန်၊ ကမာရွတ် စသဖြင့် မြို့နယ်တွေ လျှောက်သွားပစ်လိုက်တယ်။မနက်ထဲက စိတ်ကူးမိရာ ပတ်သွားလိုက်တာ ညနေစောင်းတဲ့ အထိပဲ။ မြို့နယ်တွေ၊ ရပ်ကွက်တွေ၊ လမ်းတွေ တော်တော်များများ လျှောက်ကြည့်ခဲ့ပေမယ့် ဘာပျော်ပွဲရွှင်ပွဲမှ မတွေ့ရဘူး။
ဒါနဲ့ ကမာရွတ်ရောက်တဲ့အခါ ရပ်ကွက်ထိပ်က ဆိုက္ကားဆရာကို မေးကြည့်ဖြစ်တယ်။ “ရပ်ကွက်ထဲ ကလေးတွေ ပျော်ပွဲရွှင်ပွဲလုပ်လို့ လမ်းပိတ်ထားတာတွေ ရှိလားဗျ”ဆိုတော့ “တစ်လမ်းမှ မပိတ်ဘူး အစ်ကိုရေ၊ အကုန်ရှင်းလို့”တဲ့။ဆိုက္ကားပေါ်တက်ထိုင်ပြီးရပ်ကွက်ထဲသူနဲ့အတူလှည့်ကြည့်တော့ပြောတဲ့အတိုင်းမှန်နေတယ်။လွတ်လပ်ရေးနေ့ကိုအကြောင်းပြုပြီးကလေးတွေရောလူကြီးတွေပါလမ်းပေါ်ထွက်ပျော်ပွဲရွှင်ပွဲလုပ်နေတာ မတွေ့ရဘူး။ ရပ် ကွက်တွေထဲ သီချင်းသံ၊ စောင်းဘောက်စ်သံ၊ ဝီစီမှုတ်သံ၊ လော်သံတွေပါ ဆိတ်သုဉ်းနေတယ်။ဒါကိုပဲဆိုက္ကားဆရာက ခုလို မှတ်ချက်ပေးတယ်။ “ခုခေတ်ကလေးတွေ သနားစရာပါဗျာ။ လွတ်လပ်ရေးနေ့မှာတောင် လွတ် လွတ်လပ်လပ် မပျော်ရရှာဘူး”တဲ့။အမှန်ဆိုသူ့ရဲ့ စကားဟာ ဒီက နေ့အခြေအနေမှာ လွန်တယ်မထင်ဘူး။ ကိုယ်တိုင်လည်း ခါတိုင်းလို လွတ်လပ် ရေးနေ့ ပျော်ပွဲရွှင်ပွဲတွေ ရှိလေမလားဆိုပြီးမြို့နယ်တွေ၊ရပ်ကွက်တွေလျှောက်ပတ်ကြည့်ပေမယ့်မတွေ့ခဲ့ရဘူး။လွတ်လပ်ရေးနေ့မှာလဲမလွတ်လပ်ကြတော့ဘူးလေ။