၁၀၂၇စစ်ဆင်ရေးစတင်ခဲ့တာနှစ်လတိတိရှိခဲ့ပါပြီ။ဒီ၂လအတွင်းမှာစစ်ရေးအရှိန်လျော့ကျသွားခြင်းမရှိပဲစစ်ကောင်စီကိုဆက်လက်ထိုးနှက်တိုက်ခိုက်လျက်ရှိတယ်။ရခိုင်ပြည်နယ်အပါအဝင်တနိုင်ငံလုံးမှာစစ်တပ်စခန်းပေါင်း၄၀၀ကျော်သိမ်းပိုက်ထားပြီးမြို့ပေါင်း၂၄မြို့အထိရရှိထားတယ်။ရှမ်းမြောက်မှာဆိုစစ်တပ်စခန်းတွေကုန်သလောက်ဖြစ်သွားပြီးအခြေစိုက်တပ်ရင်းစခန်းတွေလောက်သာကျန်တော့တယ်။တချို့စစ်ကောင်စီတပ်ရင်းတွေတပ်ရင်းလိုက်ပြုတ်ကုန်လို့တပ်ရင်းနံပါတ်တွေတောင်ပျောက်ကုန်ပြီ။လက်နက်ချအလင်းဝင်တဲ့စစ်ကောင်စီတပ်သားအရေအတွက်ဟာလဲငါးရာကျော်ရှိလာခဲ့ပြီ။ ဒီလထဲမှာတရုတ်ရဲ့ဖိအားပေးမှုကြောင့်ကိုးကန့်အဖွဲ့နဲ့စစ်ကောင်စီတို့တွေ့ဆုံခဲ့ပေမယ့်ဘာမှမထူးခြားခဲ့ပါဘူး။အခုဆိုရင်MNDAAဟာသူတို့ရဲ့အဓိကပန်းတိုင်ဖြစ်တဲ့လောက်ကိုင်မြို့ကိုအပြင်းအထန်တိုက်ခိုက်နေပါပြီ။TNLAကလဲဒီလထဲမှာပဲရှမ်းမြောက်ကမြို့၃ခုကိုဆက်တိုက်သိမ်းပိုက်နိုင်ခဲ့တယ်။
ရခိုင်ပြည်နယ်မှာလဲAAကသူတို့အခြေစိုက်ဒေသတခုရဖို့အတွက်ရခိုင်မြောက်ပိုင်းမှာအပြင်းအထန်ထိုးစစ်ဆင်နေတယ်။ပလက်ဝမြို့တဝိုက်ကိုထိန်းချုပ်ထားပြီးမကြာခင်မှာပဲမြို့ကိုရရှိဖို့ရှိမယ်။ကရင်နီပြည်နယ်မှာတော့မြို့တော်လွိုင်ကော်ကိုရရှိရေးကြိုးစားနေပြီးတပြိုင်နက်ပြည်နယ်အတွင်းဝင်ရောက်နိုင်တဲ့စစ်ကောင်စီထောက်ပို့လမ်းကြောင်းအားလုံးနီးပါးကိုထိန်းချုပ်နိုင်နေပြီ။
ပြည်မဖြစ်တဲ့စစ်ကိုင်းတိုင်းဘက်မှာတော့တိုးတက်မှုတွေနှေးကွေးသွားတယ်။ဒီလထဲမှာမော်လူးမြို့ကိုသာထပ်မံရရှိထားပြီးမဟာဗျူဟာကျတဲ့ထီးချိုင့်မြို့ကိုအခုချိန်ထိမသိမ်းနိုင်သေးပါဘူး။အရင်အတိုင်းမပြောင်းလဲပဲရှိနေတာကတော့တောင်ပိုင်းပါပဲ။အခုချိန်ထိမြို့တစ်မြို့မှမသိမ်းနိုင်သေးပါဘူး။ဘာပဲဖြစ်ဖြစ်တော်လှန်ရေးအရှိန်ကတော့နောက်လမှာလဲမလျော့ပဲဒီထပ်ပိုတိုးလာဖို့ရှိမယ်။