အမေရိကန်ကစစ်ကောင်စီရဲ့အဓိကဝင်ငွေရလမ်းတစ်ခုဖြစ်တဲ့MOGEကိုမနေ့ညကစတင်ပိတ်ဆို့အရေးယူလိုက်ပြီဖြစ်ပါတယ်။ထိုအရေးယူမှုဟာလာမယ့်ဒီဇင်ဘာလ၁၅ရက်နေ့စပြီးအသက်ဝင်မှာပါ။ဒါပေမယ့်ဒီပိတ်ဆို့မှုဟာMOGEရဲ့ဘဏ္ဌာရေးပိုင်းကိုသာအဓိကထားတာဖြစ်လို့အလုံးစုံပိတ်ဆို့အရေးယူမှုတော့မဟုတ်သေးဘူး။ဘာပဲဖြစ်ဖြစ်မြန်မာ့အရေးလှုပ်ရှားသူတွေအားလုံးတစိုက်မတ်မတ်တောင်းဆိုနေတဲ့ကိစ္စတစ်ခုကတော့စတင်အကောင်အထည်ပေါ်လာပါပြီ။စစ်ကောင်စီအတွက်တော့ရှမ်းမြောက်ကတိုက်ပွဲတွေမှာအလူးအလဲရှုံးနိမ့်နေတဲ့အချိန်လည်ပင်းကိုနောက်တရစ်ထပ်ရစ်ခံလိုက်ရတာပဲ။
ရှမ်းမြောက်ကတိုက်ပွဲတွေအကြောင်းဆက်ပြောရရင်ပြင်ဦးလွင်နားမှာခံစစ်ပြင်ထားတဲ့စစ်ကောင်စီတပ်တွေဟာအင်အားဖြည့်တင်းပြီးနောင်ချိုမြို့ကိုပြန်လည်တိုက်ခိုက်ဖို့ဒီနေ့မှာချီတက်လာခဲ့ပေမယ့်လဲလမ်းတဝက်မှာတင်တော်လှန်ရေးအဖွဲ့ရဲ့တိုက်ခိုက်ခြင်းကိုခံရလို့သံချပ်ကာကားတစ်စီးပျက်စီးသွားပြီးပြင်ဦးလွင်ဘက်ကိုပြန်လည်ဆုတ်ခွာသွားရတယ်။စစ်ကောင်စီဟာရှမ်းပြည်မြောက်ပိုင်းတစ်ခုလုံးကိုပြန်လည်သိမ်းပိုက်ဖို့နေနေသာသာသူတို့ရဲ့တပ်မြို့ဖြစ်တဲ့ပြင်ဦးလွင်အကျော်ကနောင်ချိုမြို့ကိုတောင်ပြန်လည်ထိန်းချုပ်နိုင်ဖို့မလွယ်တော့ပါဘူး။အင်အားအလုံးအရင်းဖြည့်တင်းဖို့ကလဲမြန်မာတနိုင်ငံလုံးနီးပါးစစ်မျက်နှာဖွင့်ထားရတဲ့အတွက်ဘယ်ဒေသကမှအင်အားခပ်များများထုတ်နုတ်လို့မရနိုင်ဘူး။စစ်ကောင်စီကတော့မြောက်ပိုင်းညီနောင်၃ဖွဲ့ရဲ့၁၀၂၇စစ်ဆင်ရေးတစ်ခုနဲ့တင်အတော်အကြပ်ရိုက်နေပြီ။ဒီအချိန်ပြည်မဘက်မှာစစ်မျက်နှာအသစ်တွေထပ်ဖွင့်နိုင်ရင်ပိုဆိုးမယ်။တော်လှန်ရေးအင်အားစုတွေကတော့တလှိုင်းပီးတလှိုင်းလာမယ်လို့ကြွေးကြော်ထားကြလေရဲ့။
အောက်တိုဘာ ၀၆၊ ၂၀၂၄။ (တနင်္ဂနွေ)
ဒီရက်ပိုင်းမှာတော့စစ်ကောင်စီဟာအသက်ရှူချောင်နေပါတယ်။စစ်ရေးပိုင်းမှာတရုတ်ဖိအားကြောင့်မြောက်ပိုင်းထိုးစစ်တွေကြီးကြီးမားမားမလုပ်တော့ပဲရပ်တန့်ထားရတယ်။ဒါ့အပြင်ရေဘေးကြောင့်နိုင်ငံရဲ့နေရာဒေသအနှံအပြားမှာလဲတော်လှန်ရေးထက်ကယ်ဆယ်ရေးကိုဦးစားပေးလုပ်နေရတယ်။ နိုင်ငံရေးပိုင်းမှာတော့စစ်ကောင်စီဟာလောလောဆယ်မှာသန်းခေါင်စာရင်းကိုတွန်းကောက်နေတယ်။ပြီးရင်လာမယ့်နှစ်ဒီအချိန်မှာအတုအယောင်ရွေးကောက်ပွဲတစ်ခုပြန်လုပ်ပေးမယ်လို့လေသံပစ်ထားတယ်။ စီးပွားရေးဘက်မှာလဲတရုတ်ကပေးထားတဲ့ယွမ်ငွေတစ်ဘီလီယံကြောင့်လတ်တလောကြုံတွေ့နေရတဲ့ငွေကြေးအကြပ်အတည်းကစစ်ကောင်စီဟာလွတ်မြောက်သွားတယ်။ဒေါ်လာစျေးတွေသိသိသာသာကျလာတယ်။စက်သုံးဆီပြတ်လတ်မှုတွေမရှိသလောက်ဖြစ်သွားတယ်။ဒါပေမယ့်စစ်ကောင်စီပဲအသက်ရှူချောင်တာပါ။သာမာန်ပြည်သူတွေကတော့အရင်အတိုင်းကုန်စျေးနှုန်းကြီးမြင့်မှုတွေနဲ့စီးပွားရေးအကြပ်အတည်းတွေကိုရင်ဆိုင်နေရဆဲပါပဲ။