၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့က အရေးပေါ်အခြေအနေ နောက်ဆုံးတကြိမ် သက်တမ်းတိုးပြီးနောက် စစ်ကောင်စီသည် လူများကိုသာ အပြောင်းအလဲလုပ်သည်သာမက ရှေ့လုပ်ငန်းစဉ် ငါးရပ်နှင့် ဦးတည်ချက် ၁၂ ရပ်ဆိုသည့် ၎င်းတို့၏ မူဝါဒနှင့်ပတ်သက်၍လည်း အပြောင်းအလဲ လုပ်လာသည်ကို တွေ့ရ၏။
ပထမအချက်မှာ ရွေးကောက်ပွဲ ကျင်းပရေးနှင့် ပတ်သက်၍ ဖြစ်၏။ ယခင်က ရှေ့လုပ်ငန်းစဉ် ငါးရပ်အနက် နံပါတ် ၅ တွင်ရှိသော ရွေးကောက်ပွဲ ကျင်းပရေးဆိုသည်ကို နံပါတ် ၁ အချက်အဖြစ် ဦးစားပေးလာခဲ့သည်ကို တွေ့ရ၏။
ဒုတိယအချက်မှာ နိုင်ငံခြားရေးမူဝါဒ ဖြစ်၏။ လွတ်လပ်ရေးရခါစကတည်းက ကျင့်သုံးလာသည့်အပြင် စစ်ကောင်စီ အာဏာရစဉ်ကတည်းက အသံကောင်းဟစ်ခဲ့သော ဘက်မလိုက်သည့် ကြားနေရေးမူဝါဒအား ပြောဆိုခြင်း မပြုတော့သည်ကို တွေ့ရ၏။
တတိယအချက်မှာ ဈေးကွက်စီးပွားရေးစနစ်ကို တည်ငြိမ်အောင်ဖော်ဆောင်ပြီး နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်၍ တိုင်းရင်းသားပြည်သူ တရပ်လုံး၏ စီးပွားဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရေးဆိုသည်ကို ဖြုတ်ချထားခဲ့သည်ကို တွေ့ရ၏။ စစ်ကောင်စီ၏ မူဝါဒသုံးခု အပြောင်းအလဲသည် တခုနှင့်တခု ဆက်စပ်ရောယှက်နေ၏။
နိုင်ငံခြားရေးမူဝါဒပြောင်းလဲခြင်းသည် အရေးကြီးဆုံးအချက် ဖြစ်၏။ လွတ်လပ်ရေးရပြီး အနှစ် ၇၀ ကျော် မြန်မာအစိုးရအဆက်ဆက် ကိုင်စွဲခဲ့သော ဘက်မလိုက်မူဝါဒများ စတင်ချမှတ်စဉ်၊ ဘန်ဒေါင်းညီလာခံ ကျင်းပစဉ်ကာလက မြန်မာ ဖဆပလ အစိုးရသည် တက်ကြွစွာ ပါဝင်ခဲ့သည်။
နိုင်ငံငယ်များအနေနှင့် အရှေ့၊ အနောက်နိုင်ငံကြီးများ၏ အုပ်စုဖွဲ့မှုတွင် မပါဝင်ဘဲ ကြားနေရေးဝါဒ ကျင့်သုံးခြင်းသည် တိုင်းပြည်ငယ်များအတွက် သင့်လျော်သည့် မူဝါဒဖြစ်သည့်အပြင် အရှေ့၊ အနောက် အင်အားကြီးနိုင်ငံများ၏ အားပြိုင်မှုကို ထိန်းကျောင်းပေးရန် ရည်ရွယ်သည့် မူဝါဒဖြစ်၏။ ထို့ပြင် တိုင်းပြည်ငယ်များအဖို့ ကိုယ့်ခြေထောက်ပေါ်ရပ်သည့် အမှီခိုကင်းသည့် မူဝါဒဖြစ်၏။ တိုင်းပြည်ကြီးများ၏ ဩဇာခံ၊ လက်ဝေခံအဖြစ်ကို ရှောင်ရှားသည့် မူဝါဒလည်းဖြစ်၏။
စစ်ကောင်စီသည် ထိုအစဉ်အလာ ကောင်းမွန်ခဲ့သည့် နိုင်ငံခြားရေးမူဝါဒကို မြောင်းထဲသို့ စွန့်ပစ်ပြီး ရုရှားအား ဆရာတင်၍ ရုရှားအရိပ်ခိုရန် ဆုံးဖြတ်ခဲ့သည်ကို တွေ့ရ၏။
တရုတ်၊ ရုရှားနှင့် စစ်ကောင်စီ
၁၉၆၂ ခုနှစ် နောက်ပိုင်း ပြည်သူပိုင်အသိမ်းခံရသည့် နောက်မှစ၍ မြန်မာ့အလင်းသတင်းစာသည် အစိုးရအာဘော်သတင်းစာ ဖြစ်လာခဲ့သည်မှာ နှစ်ပေါင်း ၆၀ နီးပါး ရှိခဲ့ပြီဖြစ်၏။ အစိုးရအာဘော် သတင်းစာဆိုသည့်အတိုင်း အစိုးရလုပ်သမျှ အကောင်း၊ အစိုးရဆန့်ကျင်သူမှန်သမျှ အဆိုး၊ တကယ့် အခြေအနေမှန်များ၊ မြေပြင်လက်တွေ့ ဖြစ်ရပ်များကို မျက်ကွယ်ပြုပြီး အစိုးရ ပြောဆိုချင်သည့် ဝါဒဖြန့်ချိချက်မှန်သမျှကို ချဲ့ကားဖော်ပြလေ့ရှိသည်ကို အားလုံးအသိပင် ဖြစ်၏။
လက်ရှိ စစ်ကောင်စီအာဘော် သတင်းစာတစောင်ဖြစ်သည့် မြန်မာ့အလင်းအား မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာ နှစ်ဘာသာဖြင့် ထုတ်ဝေသည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ယခုနှစ်ပိုင်းတွင် မြန်မာ့အလင်းကို တရုတ်ဘာသာ၊ ရုရှားဘာသာတို့ဖြင့်ပါ အွန်လိုင်းမှ ထုတ်ဝေဖြန့်ချိလာသည်ကို တွေ့ရ၏။ စစ်ကောင်စီသည် ၎င်း၏ ဝါဒဖြန့်ချိရေးလုပ်ငန်းအား တရုတ်၊ ရုရှားတို့နှင့် ပူးပေါင်းရန် ဦးတည်လုပ်ဆောင်ရေး ကြိုးစားလာသည်။ စစ်တပ်သည် အနောက်နိုင်ငံများ၏ ဆန့်ကျင်ပိတ်ဆို့မှုများ ခံနေရသည့်အပြင် ဆက်ဆံရေး ပြန်လည်ကောင်းမွန်ရန် မလွယ်ကူသည့် အခြေအနေအောက်တွင် တရုတ်၊ ရုရှားတို့နှင့် ဆက်ဆံရေးကောင်းမွန်ရန်၊ တရုတ်၊ ရုရှားတို့၏ ထီးရိပ်ခိုရန် ဦးတည်ကြိုးစားလာသည့် ခြေလှမ်းဖြစ်သည်ဟု ဆိုရမည်။
တရုတ်ကို ယုံကြည်စိတ်ချခြင်းမရှိသည့် စစ်ကောင်စီသည် ရုရှားကို ပြေးကပ်ခဲ့၏။ ပူတင်ကို ကမ္ဘာခေါင်းဆောင်ကြီးအဖြစ် ဆရာတင်ခဲ့၏။ ယူကရိန်းစစ်ပွဲအပါအဝင် ရုရှားလုပ်သမျှ မျက်စေ့မှိတ် ထောက်ခံခဲ့သည်။
သို့သော် မြန်မာ့အရေးနှင့် ပတ်သက်၍ နိုင်ငံတကာဇာတ်ခုံတွင်လည်းကောင်း၊ ကုလသမဂ္ဂ၌ ဗီတိုအာဏာသုံးရာတွင်လည်းကောင်း ရုရှားသည် တရုတ်ကို မကျော်နိုင်ဘဲ တရုတ်ကို ဦးစားပေးရသည့် အခြေအနေအောက်တွင် မြန်မာစစ်ခေါင်းဆောင်များသည် တရုတ်ဘက်သို့ ပြန်လည် မျက်နှာမူလာရ၏။ တရုတ်ကလည်း မြန်မာအား သူ၏ စီးပွားရေး သေနင်္ဂဗျူဟာအမြင်နှင့် ကြည့်သည့်အပြင် မြန်မာနိုင်ငံ၌ သူ၏ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ရှိနေရာ သမ္မတ ရှီကျင့်ဖျင် တတိယအကြိမ် သမ္မတအဖြစ် ရွေးကောက်ခံရကာ အာဏာခိုင်မြဲပြီးနောက် မြန်မာ့အရေးကို အလေးထား ကိုင်တွယ်လာသည်။
တရုတ်အစိုးရ၏ အထူးသံတမန်၊ ယူနန်ပါတီအတွင်းရေးမှူး၊ တရုတ်ပါတီ နိုင်ငံခြားဆက်ဆံရေးဌာန၊ တရုတ်စစ်တပ် စသည့် ဌာနပေါင်းစုံက မြန်မာပြည်နှင့်ပတ်သက်ပြီး ၂၀၂၂ ခုနှစ် နှစ်ကုန်မှစ၍ လှုပ်ရှားလာကြ၏။
၂၀၂၃ ခုနှစ် မေလဆန်း တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ချင်ကန်း၏ ခရီးစဉ်အတွင်း မြန်မာနိုင်ငံရေး အသွင်ကူးပြောင်းရေးဆိုသည်ကို တွေ့ရ၏။ တိကျစွာပြောရလျင် “ဖွဲ့စည်းပုံအခြေခံဥပဒေ ဘောင်အတွင်းမှ နိုင်ငံရေးအသွင်ကူးပြောင်းရေး” ဟူ၍ဖြစ်၏။ အာဆီယံက တောင်းဆိုနေသော သက်ဆိုင်သူအားလုံး ပါဝင်သည့် တွေ့ဆုံဆွေးနွေးမှုမှသည် ဦးတည်ရမည့်လမ်းကြောင်းအဖြစ်မှ ၂၀၀၈ အခြေခံဥပဒေဘောင်တွင်းမှ နိုင်ငံရေးအသွင်ကူးပြောင်းရေးဟု ထည့်သွင်းဖော်ပြခြင်းသည် စစ်ကောင်စီအကြိုက် လိုက်ပြောသည်လော သို့မဟုတ် မြန်မာစစ်တပ်ကို ဆွဲဆောင်နိုင်ရန် အစပြုသည်လော သို့မဟုတ် မြန်မာစစ်တပ်ကို နိုင်ငံရေးထွက်ပေါက် ပေးလို၍လောဆိုသည်ကို တရုတ်တို့မှသာ သိပေလိမ့်မည်။
တဖက်ကလည်း တရုတ်အစိုးရ ထိန်းချုပ်သည့် CRI မြန်မာကဲ့သို့ တရုတ်သတင်းဌာနကလည်း စစ်ကောင်စီခေတ် အုပ်စိုးသည့်ကာလ မြန်မာပြည်ကြီး သာယာနေသကဲ့သို့ ကူညီဝါဒဖြန့်ပေးနေသည်ကို တွေ့ရ၏။ မြန်မာပြည်တွင်းရှိ ပဋိပက္ခများ၊ တိုက်ပွဲများ၊ နေ့စဉ်နှင့်အမျှ မီးရှို့ဖျက်ဆီးခံနေရသည့် အရပ်သားအိုးအိမ်ထောင်ပေါင်း၊ သောင်းပေါင်းများ၊ အရပ်သား သေဆုံးမှုများကို သတင်းအမှောင်ချ မျက်ကွယ်ပြုပြီး မြန်မာစစ်တပ်အား ကူညီဝါဒဖြန့်ပေးနေသည်ကို တွေ့ရ၏။ ပြောရလျှင် CRI မြန်မာ၏ သတင်းဖော်ပြချက်များအရ တရုတ်အစိုးရသည် စစ်ကောင်စီအား အရောင်တင်၍ အကာကွယ်ပေးရန် ကြိုးစားလာသည်ကို မြင်တွေ့နေရ၏။
ရွေးကောက်ပွဲကို ထိပ်တင်
တရုတ်ကိုခွာ၍ ရုရှားကို ဆရာတင်ရန် ကြံသော်လည်း စစ်ကောင်စီ၏ နိုင်ငံခြားရေးဝါဒ ပြောင်းလဲမှုကြောင့် တရုတ်လက်တွင်းက ပြေးမလွတ်သည့် စစ်ကောင်စီသည် တရုတ်အလိုကျ ရွေးကောက်ပွဲကို ထိပ်တင်၍ ရှေ့ဆက်ရန် စဉ်းစားလာပုံရ၏။
တကယ်တမ်းတွင် ၂၀၀၈ အခြေခံဥပဒေ ဘောင်အတွင်းမှ မြန်မာ့နိုင်ငံရေး အသွင်ကူးပြောင်းရေး ဆိုသည်မှာ မြန်မာပြည်အတွက် အသစ်အဆန်း မဟုတ်ပေ။ ၂၀၁၁ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ အသွင်ကူးပြောင်းသည့် ကာလတခုရှိခဲ့ဖူးပြီ မဟုတ်ပါလော။ ၂၀၁၀ ရွေးကောက်ပွဲနှင့် ဦးသိန်းစိန်၏ အသွင်ကူးပြောင်းရေးပုံစံ တကျော့ပြန်စေရန် တရုတ်တို့သဘောထားအား စစ်ကောင်စီက ဦးစားပေးလာပုံရ၏။
၂၀၁၁ ခုနှစ်တွင် အာဏာရလာသော သမ္မတ ဦးသိန်းစိန်သည် ၂၀၁၁ ခုနှစ်တွင် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များကို ငြိမ်းချမ်းရေး ကမ်းလှမ်းခြင်း၊ နိုင်ငံရေးအကျဉ်းသားများ စတင်ပြန်လွှတ်ပေးခြင်းဖြင့် သူ၏ နိုင်ငံရေးအသွင်ကူးပြောင်းမှုကို စတင်ခဲ့၏။
ထို့ပြင် ပြန်လည် မှတ်ပုံတင်ရန် ငြင်းဆန်ခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကိုလည်း ပါတီမှတ်ပုံတင် ဖျက်သိမ်းခြင်း မပြုခဲ့ပေ။ ဦးသိန်းစိန် သမ္မတသက် တမ်းကာလအတွင်း ဆန္ဒပြမှုများ ခွင့်ပြုလာခြင်း၊ လွတ်လပ်စွာ ရေးသားပြောဆိုခွင့်များ ခွင့်ပြုလာခြင်း၊ သတင်းမီဒီယာများ လွတ်လပ်ခွင့်ပြုခြင်း၊ ဘဏ်နှင့်ငွေကြေးစနစ်များ ပြုပြင်ပြောင်းလဲခြင်း၊ ကုန်သွယ်ရေးစနစ်များ ပြုပြင်ပြောင်းလဲခြင်း၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးခြင်းများ ပြုလုပ်လာခဲ့ပြီး နဝတ၊ နအဖ အစိုးရခေတ်ကာလနှင့် မတူသည့် နိုင်ငံရေးအသွင်ကူးပြောင်းရေးကို ဆက်တိုက်လုပ်ခဲ့သည်။ ဖြစ်စဉ်တိုင်းသည် ချောချောမွေ့မွေ့တော့ မဟုတ်ပေ။ အထစ်အငေါ့များ၊ ပြဿနာများ ကြုံရ၊ ဖြေရှင်းရသော်လည်း အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်ကမူ ရပ်တန့်မသွားခဲ့။
ဦးသိန်းစိန်၏ နိုင်ငံရေးအသွင်ကူးပြောင်းမှုနှင့် စီးပွားရေး အသွင်ကူးပြောင်းမှုတို့အား နိုင်ငံတကာက အသိအမှတ်ပြုခဲ့ပြီး ကောင်းမွန်သော တုံ့ပြန်မှုများရခဲ့၏။ အနောက်နိုင်ငံများက ပိတ်ဆို့ထားမှုများ ဖျက်သိမ်းပေးခဲ့သည်။ ရင်းနှီးမြှုပ်နှံအသစ်များ ဝင်လာ၏။ ချေးငွေများဟောင်းများ လျှော်ပေးခဲ့၏။ ချေးငွေသစ်များ ရလာ၏။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အပါအဝင် နယ်ပယ်အသီးသီးတွင် နိုင်ငံတကာ၏ ကူညီထောက်ပံ့မှုများရရှိခဲ့၏။
တဆက်တည်း ပြည်တွင်းတွင် နိုင်ငံရေးအရ ပွင့်လင်းစွာပြောဆို၍ ရရှိလာခဲ့ပြီး နိုင်ငံရေးယုံကြည်မှုလည်း တစတစ ရရှိလာခဲ့၏။ ပြည်တွင်း၌ တင်းမာမှု တစထက်တစ လျော့ကျလာပြီး မြန်မာနိုင်ငံရေး အသွင်ကူးပြောင်းရေးသည် မြန်မာပြည်နိုင်ငံရေး အကြပ်အတည်း၏ ထွက်ပေါက်ဖြစ်နိုင်သည်ဟု စဉ်းစားမှုများ ပေါ်ပေါက်လာစေခဲ့၏။ ဤလမ်းကြောင်းသည် တကယ့်နိုင်ငံရေး အသွင်ကူးပြောင်းမှုလော၊ နိုင်ငံရေးထွက်ပေါက်လော ဆိုသည်ကို မယုံရဲ၊ ယုံရဲ တဖြည်းဖြည်း စဉ်းစားလာကြ၏။
၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရပြီးနောက် အနိုင်ရသည့် NLD ပါတီအား ဦးသိန်းစိန်အစိုးရက ချောမွေ့စွာ အာဏာလွှဲပြောင်းပေးခဲ့ခြင်းသည် ဦးသိန်းစိန်အစိုးရ ပြုလုပ်သည့် နိုင်ငံရေးအသွင်ကူးပြောင်းရေး၏ အထွတ်အထိပ်ကဏ္ဍဖြစ်၏။ အတိုက်ခံ ဒီမိုကရက်များ၊ လူထုများကြားနှင့် နိုင်ငံတကာတွင် ဦးသိန်းစိန်အစိုးရ၊ မြန်မာစစ်တပ်နှင့် နိုင်ငံရေးအသွင်ကူးပြောင်းမှုတို့ကို ယုံကြည်မှုမြင့်တက်စေခဲ့၏။ NLD အစိုးရကို အာဏာလွှဲပြောင်းပေးခြင်းကြောင့် ပြည်တွင်းပြည်ပမှ မြန်မာ့နိုင်ငံရေးအသွင်ကူးပြောင်းမှုအပေါ် ပိုမို ယုံကြည်လာစေခဲ့သည်။
လွတ်လပ်စွာပြောဆိုခွင့်သည် နိုင်ငံရေးအသွင်ပြောင်းမှုတွင် အရေးပါသည်။ မိမိအမြင်၊ သဘောထားများ လွတ်လပ်စွာပြောဆိုခွင့်ရခြင်းသည် လူတို့အား စိတ်ထွက်ပေါက်ပေးစေသည်။ သို့ဖြစ်ရာ ၂၀၁၁ မှ ၂၀၂၀ ကြား နိုင်ငံရေးအသွင်ကူးပြောင်းရေး ကာလတွင် ပြည်သူလူထုကြားတွင် နိုင်ငံရေးအရ ပွင့်လင်းလွတ်လပ်မှု၊ စီးပွားရေးအရ ပွင့်လင်းမှုများကို မြင်လာရသည်။ လူထုကြားတွင် တိုင်းပြည်အနာဂတ်နှင့် ပတ်သက်၍ ယုံကြည်မှု ရှိလာကြ၏။
၁၉၆၂ ခုနှစ် စစ်တပ်အာဏာ သိမ်းကတည်းက ၂၀၁၀ အထိ နှစ် ၅၀ နီးပါး မွန်းကြပ်ခဲ့ရသည့် အချိန်ကာလများမှ လွတ်မြောက်ခဲ့ရသည့်အတွက် လူအများစိတ်တွင် လွတ်လပ်ပေါ့ပါးနေခဲ့ကြ၏။
ဤအရာအားလုံးသည် ရွေးကောက်ပွဲကြောင့် ဖြစ်ပေါ်လာခြင်း မဟုတ်ဘဲ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကြောင့် ပေါ်ပေါက်လာခြင်းဖြစ်၏။ ရွေးကောက်ပွဲဆိုသည်က နိုင်ငံရေးအသွင်ကူးပြောင်းမှု၏ အစိတ်အပိုင်းတရပ်သာ ဖြစ်၏။
ပြုပြင်ပြောင်းလဲရေး ပျက်စီးခြင်း
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်တပ်က အာဏာသိမ်းလိုက်ခြင်းသည် ၂၀၁၁ မှ စတင်ခဲ့သည့် ၁၀ နှစ်တာ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ကို ဖျက်ဆီးပစ်ခဲ့၏။ လူမှန်းသိတတ်စကတည်းက ပြုပြင်ပြောင်းရေး ကာလနှင့် ထိတွေ့ကြီးပြင်းခဲ့သော မျိုးဆက်သစ်များက စစ်အာဏာသိမ်းမှုကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ကြ၏။ စစ်တပ်အာဏာသိမ်းပြီးနောက် နှစ်နှစ်တာကာလတွင် မြင်ရသည့် မြန်မာပြည်အခြေအနေကို ကြည့်ပါက ၁၀ နှစ်တာ မြန်မာ့နိုင်ငံရေး အသွင်ကူးပြောင်းရေးသည် အဖတ်ဆယ်၍ မရလောက်အောင် ပျက်စီးသွားသည်ကို တွေ့ရ၏။
အဓိက အတိုက်အခံ နိုင်ငံရေးပါတီကြီးများ အသက်မဝင်တော့။ မြေပေါ်ဥပဒေတွင်း နိုင်ငံရေးလှုပ်ရှားမှုများ ရပ်တန့်သွား၏။ နိုင်ငံရေးသမားများ၊ တက်ကြွလှုပ်ရှားသူများ သောင်းနှင့်ချီ၍ ထောင်သွင်းအကျဉ်းချခြင်း ခံရ၏။ သတင်းမီဒီယာများ ရပ်တန့်သွား၏။ ဖိနှိပ်ခံရ၏။ လွတ်လပ်စွာ ပြောဆိုခွင့်၊ စည်းရုံးခွင့်၊ ဆန္ဒပြခွင့်များ ရပ်ဆိုင်းသွား၏။ နိုင်ငံတကာ၏ ပိတ်ဆို့မှုများ ပြန်လည်မြင်ရ၏။ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ ပြန်လည် ထွက်ခွာသွား၏။ ရင်းနှီမြှုပ်နှံအသစ်များ တုံ့ဆိုင်းသွား၏။
လွတ်လပ်သည့် ငွေကြေးစနစ်၊ ကုန်သွယ်ရေးစနစ်များ ပျက်စီးသွား၏။ အရာရာကို စစ်တပ်က ထိန်းချုပ်ခဲ့ပြီး ငွေကြေးဈေးကွက်၊ ကုန်ပစ္စည်းဈေးကွက်၊ ကုန်သွယ်ရေးဈေးကွက်များ ကမောက်ကမ ဖြစ်ကုန်၏။ မြန်မာငွေတန်ဖိုးများ ထိုးကျ၏။ လောင်စာဆီ၊ စားသုံးဆီ၊ ဆေးဝါးမှအစ အခြေခံလိုအပ်သည့် ကုန်စည်များ ရှားပါး၍ ဈေးတက်သွား၏။ ကားတင်သွင်းခွင့် ပိတ်ပင်၍ ကားအို ကားဟောင်းများ ဈေးမတန်တဆ တက်ကုန်သည်။ ကုန်ဈေးနှုန်းများ ထိုးတက်ပြီး ကုန်းကောက်စရာမရှိအောင် ဆင်းရဲသူများ ပေါ်လာသကဲ့သို့ စစ်တပ်နှင့်ပေါင်းပြီး ထားစရာမရှိအောင် ချမ်းသာသူများလည်း ပေါ်လာ၏။
ထို့အတူ အာဏာသိမ်းပြီး နှစ်နှစ်တာကာအတွင်း မြန်မာပြည်အနှံ့အပြား တပြည်လုံးအနှံ့ လက်နက်ကိုင် တိုက်ခိုက်မှုများ ပေါ်ပေါက်ခဲ့၏။ လက်နက်ကိုင်ခုခံသည့် အင်အားများမှာလည်း ယခင်ကထက် အင်အားနှစ်ဆ တိုးလာသည်။
စစ်ကောင်စီတပ်ကလည်း ဆန္ဒပြပွဲများအား အကြမ်းဖက် ပစ်ခတ်နှိမ်နင်းမှုများ ပြင်းပြင်းထန်ထန် ပြုလုပ်သည်။ ပစ်ခတ်သတ်ဖြတ်၏။ စစ်တပ်က ဖမ်းဆီးရမိသူများကို စစ်ကြောရေးတွင် စစ်ဆေးရင်း ရိုက်သတ်၍ အသက်ဆုံးရှုံးသည်မှာ ရာဂဏန်းရှိ၏။ တပြည်လုံးအနှံ့ရှိ မြို့ရွာများမှ ဘာသာရေး အဆောက်အအုံများပါမကျန် အိုးအိမ်များကို မီးရှို့ဖျက်ဆီးသည်မှာ ၇၀,၀၀၀ ကျော်ခဲ့ပြီဖြစ်၏။ အရပ်သားများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများစွာလည်း ကျူးလွန်ခဲ့၏။
လက်နက်ကြီးများ၊ လေယာဉ်များကို အသုံးပြု၍ အရပ်သားပစ်မှတ်များစွာကို တိုက်ခိုက်ခဲ့ပြီး စစ်ရာဇဝတ်မှုများစွာ ကျူးလွန်ခဲ့သည်။ တဖက်ကလည်း စစ်အာဏာသိမ်းမှု ဆန့်ကျင်သူများက စစ်ကောင်စီ ထောက်ခံသူများ၊ ဘက်တော်သားများအား ပြန်လည် ရှင်းလင်းသုတ်သင်၏။ သို့နှင့် တဖက်နှင့်တဖက်ကြား တင်းမာမှု ပိုမိုမြင့်တက်လာ၏။
တရုတ်၏ အသွင်ကူးပြောင်းရေး
တရုတ်တို့ တိုက်တွန်းနေသည့် အခြေခံဥပဒေဘောင်အတွင်းက အသွင်ကူးပြောင်းရေးဆိုသည်မှာ ရွေးကောက်ပွဲကျင်းပပြီး ရွေးကောက်ပွဲနိုင်သည့်ပါတီကို (ကြံ့ခိုင်ရေးပါတီပင်ဖြစ်စေ) အာဏာလွှဲပေးရေး ဖြစ်၏။ ထို့ကြောင့်လည်း စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်အား တရုတ်သံအမတ်က အမြဲတွေ့ဆုံနေသကဲ့သို့ ၂၀၂၃ ခုနှစ်တွင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များကိုလည်း တရုတ်ပြည်သို့ ဖိတ်ခေါ်နေသည်ကို တွေ့ရ၏။
သို့သော် အထက်တွင် ဖော်ပြထားသကဲ့သို့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု မရှိဘဲ ရွေးကောက်ပွဲလုပ်ပါက အကျိုးရှိနိုင်မည် မဟုတ်ပေ။ သို့သော် တရုတ်တို့ ရွေးကောက်ပွဲကို အတင်းတိုက်တွန်းနေသည်က ရုပ်ပြရွေးကောက်ပွဲဖြစ်ပြီး ရွေးကောက်ပွဲက တက်လာသည့် အစိုးရဆိုသည်က ပို၍ ရုပ်ပြကောင်းလိမ့်မည်ဟု ယူဆပုံရ၏။
ထိုသို့သော အခြေအနေအောက်တွင် ပြည်တွင်း၌ အကြားအလပ်မရှိ ရွေးကောက်ပွဲပြုလုပ်ရန် အခြေအနေမရှိဟု ဝန်ခံနေရသည့်တိုင် ရွေးကောက်ပွဲလုပ်ရေးအား စစ်ကောင်စီ ရှေ့တန်းတင်လာခြင်းသည် တရုတ်၏ထောက်ခံမှု၊ တရုတ်ဩဇာနှင့် တရုတ်သဘောထားကြောင့် မဖြစ်မနေ ရွေးချယ်လာရခြင်း ဖြစ်ပုံရ၏။ နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှု မရှိသည့် ရွေးကောက်ပွဲသည် အနှစ်သာရ ရှိမည်မဟုတ်ပေ။ မြန်မာပြည်ပြဿနာကို ဖြေရှင်းနိုင်မည် မဟုတ်ပေ။
စစ်ကောင်စီရှေ့အလားအလာ
ပြည်တွင်းပဋိပက္ခအား နိုင်ငံရေးအရ ဖြေရှင်းရေးကို ငြင်းပယ်ထားသည့် စစ်ကောင်စီသည် ၎င်း၏ အာဏာတည်မြဲရေးအတွက် ကြားနေရေးမူဝါဒကို စွန့်လွှတ်ပြီးသကာလ နိုင်ငံရေးအရ ထိုနိုင်ငံကြီးနှစ်ခုက ထောက်ခံမည့် နိုင်ငံရေးလမ်းကြောင်းကို ရွေးချယ်လိုက်ပြီဖြစ်၏။ ထိုလမ်းကြောင်းမှာ တွေ့ဆုံဆွေးနွေး အဖြေရှာရေးအား ငြင်းပယ်ပြီး သူ့စိတ်ကြိုက် ရွေးကောက်ပွဲ ပြုလုပ်ခြင်းဖြစ်၏။
ယခင်က ကြွေးကြော်ခဲ့သည့် “စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံ ဒီမိုကရေစီစနစ်ကို တရားမျှတမှု အပြည့်ကျင့်သုံးပြီး ဒီမိုကရေစီစနစ်နှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်ရေး” ဆိုသည်ကိုပင် “တရားမျှတမှု အပြည့်ကျင့်သုံးပြီး” ဆိုသည်ကို ဖြုတ်ချထားခဲ့ပြန်ရာ လာမည့် ရွေးကောက်ပွဲတွင် တရားမျှတမှုကိုပင် အာမခံနိုင်တော့သည့် စစ်ကောင်စီအတွင်းစိတ်ကို မြင်နေရ၏။
ထိုသို့ နိုင်ငံခြားရေးမူဝါဒတွင် ရုရှား၊ တရုတ်တို့၏ ဘက်တော်သားအဖြစ် ပြောင်းလဲရပ်တည်ခဲ့သော စစ်ကောင်စီသည် ဈေးကွက်စီးပွားရေးစနစ်နှင့် ရှေ့ဆက်ရန် မဖြစ်နိုင်တော့သဖြင့် ဈေးကွက်စီးပွားရေး ဆိုသည်ကိုလည်း ဖယ်ရှားခဲ့ခြင်းဖြစ်ပြီး ဗဟိုက ချုပ်ကိုင်သည့် စီးပွားရေးစနစ်ကို လက်တွေ့တွင်လည်း ပြောင်းလဲ ကျင့်သုံးနေပြီဖြစ်၏။
စစ်ကောင်စီ၏ ဤသို့ မူဝါဒ ပြောင်းလဲကျင့်သုံးသည်မှာ ၎င်းတို့ အာဏာတည်မြဲစေရေးအတွက် ရုရှားနှင့်တရုတ်တို့၏ ထီးရိပ်ခိုရန် ရည်ရွယ်ပုံရသည်။ သို့သော် ဤသို့ ပြုမူဆောင်ရွက်ခြင်းကြောင့် စစ်ကောင်စီ အာဏာတည်မြဲရန် ပိုမိုခက်ခဲစေပြီး မြန်မာပြည်နိုင်ငံရေး၊ စစ်ရေးပဋိပက္ခများ ပိုမိုပြင်းထန်လာမည်၊ စီးပွားရေးအရ ပိုမိုကြပ်တည်းလာစေမည်သာ ဖြစ်၏။
Source – IRRAWADDY