နိုင်ငံတကာအသေးစားချေးငွေလုပ်ငန်းတစ်ခုဖြစ်တဲ့ Pact Myanmar ဟာပြည်တွင်းမှာရှိနေတဲ့ငွေချေးလုပ်ငန်းတွေကိုရပ်တန့်ပြီးထွက်ခွာတော့မယ်လို့ထုတ်ပြန်ကြေငြာလိုက်တယ်။မြန်မာပြည်သူ၈၉၀၀၀ဦးကို ချေးပေးထားတဲ့ ဒေါ်လာ ၁၅၆ သန်းကျော်ဖိုးရှိ ချေးငွေတွေကို ပြန်မတောင်းတော့ဘဲလျှော်ပေးကာထွက်ခွာမှာဖြစ်တယ်လို့သတင်းထုတ်ပြန်ထားတယ်။ထိုအဖွဲ့အစည်းဟာမြန်မာပြည်တွင်းမှာ နှစ်ပေါင်း ၂၅ နှစ်တိုင် အကြီးဆုံးချေးငွေဝန်ဆောင်မှုပေးခဲ့တဲ့ အမေရိကန်အခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်တဲ့ Pact Myanmar လို့ လူသိများတဲ့ ကုမ္ပဏီဖြစ်ပါတယ်။အခုတော့စစ်ကောင်စီဟာ Pact Myanmar ကို မှတ်ပုံတင်ခွင့်ပြုဖို့ ငြင်းဆန်ခဲ့တဲ့အပြင် နိုင်ငံကနေ ထွက်ရင်ထွက် ဒါမှမဟုတ် တရားမဝင် လုပ်ငန်းလည်ပတ်ဖို့ ဖိအားပေးခဲ့တယ်။ အဖွဲ့အစည်းရဲ့ အကျိုးအမြတ်နဲ့ ပိုင်ဆိုင်မှုအားလုံးကို လွှဲပြောင်းပေးဖို့ စစ်ကောင်စီကတောင်းဆိုခဲ့ပြီး လွှဲပြောင်းပေးဖို့ သဘောမတူညီပါက PMGF ကို အသေးစားငွေချေးချေးငွေတွေပေးနိုင်ရန်စီးပွားရေးလုပ်ငန်းအနေနဲ့မှတ်ပုံတင်ခွင့်မပေးတော့ဘူးလို့ခြိမ်းခြောက်ခဲ့တယ်။ ပြီးခဲ့တဲ့နှစ်ကစတင်ပြီး ဖောက်သည်သစ်တွေကို ချေးငွေမပေးဖို့နဲ့ အဖွဲ့အစည်းရဲ့ အကြီးပိုင်း ခေါင်းဆောင်တွေရဲ့ဗီဇာတွေကိုပယ်ချခဲ့သလိုပြည်ပငွေဝင်ငွေထွက်တွေကိုလည်းကြိုတင်အသိပေးခြင်းမရှိဘဲ စစ်ကောင်စီကပိတ်ပင်ခဲ့တယ်။ထိုကဲ့သို့စစ်ကောင်စီရဲ့ယုတ်မာရိုင်းစိုင်းတဲ့လုပ်ရပ်ကြောင့်မလွှဲမရှောင်သာထွက်ခွာခဲ့ရတာလို့အဖွဲ့ဥက္ကဌကပြောထားတယ်။Pact Myanmarထွက်ခွာမှုကြောင့်ပြည်တွင်းမှာအတိုးနည်းနည်းချေးနိုင်တဲ့အကြီးဆုံးငွေကြေးအဖွဲ့အစည်းတစ်ခုကိုဆုံးရှံးလိုက်ရတယ်။
နိုဝင်ဘာ ၂၅၊ ၂၀၂၃။ (စနေ)
တော်လှန်ရေးအဖွဲ့တွေဟာစစ်ကိုင်းတိုင်းထဲကတတိယမြောက်မြို့အဖြစ်ရွှေပြည်အေးမြို့ကိုထပ်မံသိမ်းယူလိုက်နိုင်တယ်။ရွှေပြည်အေးမြို့ဟာစစ်ကိုင်းတိုင်းအထက်ပိုင်းကမြို့ကြီးတစ်ခုဖြစ်တဲ့ဟုမ္မလင်းမြို့အောက်ဘက်မှာတည်ရှိပြီးတော်လှန်ရေးအဖွဲ့တွေဟာပြီးခဲ့တဲ့နှစ်တုန်းကတစ်ခါသိမ်းပိုက်နိုင်ခဲ့ဘူးတယ်။အဲ့ဒီတုန်းကအခုလိုတနိုင်ငံလုံးမှာတိုက်ပွဲတွေမပြင်းထန်သေးတဲ့အတွက်စစ်တပ်ကအလုံးအရင်းနဲ့ပြန်လည်တိုက်ခိုက်လို့ပြန်ပေးလိုက်ရတယ်။အခုတော့အပြီးသိမ်းနိုင်လိုက်ပါပြီ။ ချင်းပြည်နယ်မှာလဲဒုတိယမြောက်မြို့တစ်ခုကိုထပ်မံသိမ်းပိုက်လိုက်နိုင်တယ်။ချင်းပြည်နယ်တောင်ပိုင်ကလိုင်လင်းပီမြို့လေးပါ။လတ်တလောမှာချင်းပြည်နယ်ထဲကဆက်သွယ်ရေးလမ်းကြောင်းတွေအကုန်လုံးကိုချင်းတော်လှန်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားနိုင်နေပြီလို့သိရတယ်။ဟားခါး၊မင်းတပ်မတူပီစတဲ့မြို့ကြီးတွေကိုဝင်ရောက်သိမ်းပိုက်ဖို့ပဲကျန်တော့တယ်။ထိုမြို့တွေကထိန်းချုပ်နိုင်ရင်အရင်ကပြောခဲ့သလိုပဲချင်းပြည်နယ်ဟာပထဝီအနေအထားအရပထမဆုံးလွတ်မြောက်နယ်မြေတစ်ခုဖြစ်လာလိမ့်မယ်။