ပြီးခဲ့တဲ့ မေ(၁၄)နဲ့(၁၅)ရက်မှာ တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းကြောင့် စစ်ကိုင်းတိုင်းအတွင်း မြို့နယ် (၁၀)မြို့နယ်ကျော်မှာ ထောင်သောင်းချီတဲ့ စိုက်ပျိုးသီးနှံတွေ ရေနစ်မြုပ် ပျက်စီးခဲ့ပြီး နေအိမ်တွေထဲ ရေဝင်လို့ ရိတ်သိမ်း သိုလှောင်ထားတဲ့ ကောက်ပဲသီးနှံနဲ့ စားနပ်ရိက္ခာတွေပါ ပျက်စီးဆုံးရှုံးမှု ကြုံခဲ့ရတယ်။
မုန်တိုင်းတိုက်ခတ်ပြီး မိုးရွာ ရေကြီးတာကြောင့် စစ်ကိုင်းတိုင်း မြောင်၊ မြင်းမူ၊ ခင်ဦး၊ ရေဦး၊ တန့်ဆည်၊ ယင်းမာပင်၊ ပုလဲ၊ ဆားလင်းကြီး၊ ကန့်ဘလူ စတဲ့ မြို့နယ်တွေက မြစ်၊ချောင်းနဲ့ နီးတဲ့ သီးနှံစိုက်ခင်းတွေ၊ နေအိမ်တွေမှာ သိုလောင်ထားတဲ့ ကောက်ပဲသီးနှံနဲ့ စားနပ်ရိက္ခာတွေ၊ ကွမ်းခြံတွေ ရေနစ်မြုပ် ပျက်စီးမှု ကြုံခဲ့ရတယ်။ ၁၀၀ မှာ ၂၀ ရာခိုင်နှုန်းလောက်ပဲ ရိတ်သိမ်းနိုင်ပြီး ကျန်တဲ့ဟာတွေက ပျက်စီးသွားတယ်။ လယ်တွေထဲမှာ ရေပြည့်သွားတော့ သီးနှံတွေအကုန် ရေနစ်ကုန်တာပဲ။
ဆုံးရှုံးမှုကို အနီးစပ်ဆုံး တွက်ချက်နိုင်ဖို့ ယင်းမာပင်မြို့နယ်မှာ ကျေးရွာ သုံးရွာတင်ပဲ ရေမြုပ်ပျက်စီးတဲ့ သီးနှံစိုက်ဧက ထောင်ချီ ရှိပြီး ယင်းမာပင်၊ ပုလဲနဲ့ ဆားလင်းကြီး သုံးမြို့နယ်မှာ ယမားချောင်းတချှောက် ရေဘေးသင့်တဲ့ ကျေးရွာ (၅၀)ခန့်ရှိကာ ပျက်စီးမှု အလွန်များပြားတယ်။ထိုမြို့နယ်တွေမှာ သီးနှံစိုက်ခင်းနဲ့ နေအိမ်တွေ ရေမြုပ်သလို လမ်းတံတားတွေ ပျက်စီးတာ၊ အိမ်မွေးတိရိစ္ဆာန်တွေပါ ရေထဲပါသွားတာတွေ ကြုံရတယ်။အခုချိန်ဟာထွန်ယက်စိုက်ပျိုးရမယ့်အချိန်ဖြစ်ပြီးမုန်တိုင်းကြောင့်ထွန်ယက်စိုက်ပျိုးခြင်းကိုမလုပ်နိုင်ကြတော့ဘူး။
လက်ရှိမှာ စစ်အုပ်စုက မုံရွာမြို့ ချင်းတွင်းတံတားကို ဖြတ်ပြီး စားနပ်ရိက္ခာ သယ်ယူခွင့်မပြုသလို စစ်ကိုင်းတိုင်းအနှံ့ လက်နက်အားကိုးနဲ့ ရွာမီးရှို့၊ လူသတ်၊ လုယက်တာတွေ နေ့စဉ်ကျူးလွန်ပြီး ဒေသခံတွေကို ဖိနှိပ်နေရာ သဘာဝဘေးနဲ့ စစ်ဘေးကြား စားနပ်ရိက္ခာ အခက်အခဲဖြစ်မှာကို စစ်ကိုင်းတိုင်းက ဒေသခံတွေ စိုးရိမ်နေကြပါတယ်။စစ်အုပ်စုဟာ စစ်ကိုင်းတိုင်းက မုန်တိုင်းဒဏ်သင့် ပြည်သူတွေကို ကူညီတာ မရှိဘဲ မုန်တိုင်းကာလကိုပင် မရပ်နားဘဲ စစ်အာဏာသိမ်းပြီးချိန်ကနေ ယနေ့အချိန်ထိ စစ်ကိုင်းတိုင်းထဲ ရွာစဉ်ပတ်မွှေကာ လူသတ်၊ လုယက်၊ မီးရှို့တာတွေ ဆက်လက် ကျူးလွန်နေဆဲ ဖြစ်တယ်။