၁၉၆၂ ခုနှစ် မတ်လက မြန်မာစစ်တပ် ပထမဆုံးအကြိမ် အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင် လူထုဆန္ဒပြပွဲများနှင့် အကြမ်းဖက်ဖိနှိပ်မှု၏ ဆိုးရွားသော သံသရာသာ လည်နေပြီး ပြည်သူလူထုက စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တိုင်း စစ်ဗိုလ်ချုပ်များက အာဏာကို ဖက်တွယ်ထားရန် လုပ်ဆောင်နိုင်ခဲ့သည်။
၂၀၂၃ ခုနှစ်တွင် မေးစရာရှိသော မေးခွန်းမှာ လက်ရှိဗိုလ်ချုပ်များ ယခုတကြိမ်တွင် ထိုသို့ အောင်မြင်မည်လားဟူ၍ ဖြစ်သည်။ စစ်တပ်က အမြဲတစေ ထိန်းသိမ်းထားနိုင်သည့် တပ်တွင်းညီညွတ်ရေးကို ယခုတကြိမ်တွင် ဆက်ထိန်းနိုင်မည်လားဆိုသည့် မေးခွန်းဖြစ်သည်။
စစ်တပ်ခေါင်းဆောင်များအကြား ဖြုတ်ထုတ်သတ်ဖြစ်နေပြီး အောက်ခြေရဲဘော်များအကြား သဘောထားကွဲလွဲသည့် လက္ခဏာများ ဖြစ်နေသော်လည်း နောက်ဆုံးတွင် အောက်ခြေအဆင့် စစ်သားများအပါအဝင် စစ်တပ်မှ လူအားလုံးသည် သူတို့ကိုပေးသည့် အမိန့်များ မည်မျှရက်စက်ကြမ်းကြုတ်ပြီး လူမဆန်စေကာမူ ထိုအမိန့်များကို နာခံနေခဲ့ကြသည်။
အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်နှင့် သူ့ပတ်ဝန်းကျင်မှ လူများ၏ လုံးဝမကျွမ်းကျင်မှုကြောင့် ယခုတကြိမ်တွင် ယခင်နှင့်မတူ ကွဲပြားနိုင်သည်ဆိုသည့် ပြောဆိုမှုများ ရှိလာနေသည်။ ရန်ကုန်၊ နေပြည်တော်၊ မန္တလေးနှင့် အခြားမြို့ကြီးများသို့ တင့်ကားများနှင့် တပ်ဖွဲ့များကို စေလွှတ်လိုက်ပြီးနောက် စစ်ကောင်စီသည် ၎င်းတို့ဖြုတ်ချလိုက်သည့် အစိုးရနေရာတွင် အစားထိုးရန် အလုပ်ဖြစ်သောအစိုးရတရပ် ထူထောင်နိုင်ခြင်း မရှိသေးပေ။
စစ်ကောင်စီယာဉ်တန်းများကို ခြုံခိုတိုက်ခိုက်မှုများ၊ အစိုးရအဆောက်အအုံများကို ဗုံးခွဲတိုက်ခိုက်ခြင်း၊ စစ်တပ်ဒလန်များကို လုပ်ကြံသတ်ဖြတ်ခြင်းများသည် အစဉ်အလာအရ ပဋိပက္ခဖြစ်ပွားနေသည့် နယ်စပ်ဒေသများတွင် သာမက ဗမာအများစုနေထိုင်သည့် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွင်ပါ ၁၉၇၀ ပြည့်နှစ်များ နောက်ပိုင်း ပထမဆုံးအကြိမ် နေ့စဉ်ဖြစ်ပွားနေသည်။
ကျပ်ငွေလဲလှယ်နှုန်း ကျဆင်းခြင်း၊ ကုန်စည်ရှားပါးခြင်း၊ နေ့စဉ်သုံးပစ္စည်းများ ဈေးတက်ခြင်းနှင့် ငွေရင်းများ အခြားနိုင်ငံများသို့ စီးဆင်းခြင်းတို့နှင့်အတူ စီးပွားရေးပြိုလဲခြင်းသည် အခြေအနေကို ပိုမိုဆိုးရွားစေသည်။ အသေးစားနှင့် အလတ်စား လုပ်ငန်းရှင်များသည် ပိုင်ဆိုင်မှုများကို ထိုင်းနိုင်ငံသို့ ရွှေ့ပြောင်းပြီး လွန်စွာချမ်းသာသော ခရိုနီများသည် ၎င်းတို့၏ငွေများကို စင်ကာပူနှင့် ဒူဘိုင်းမှ ဘဏ္ဍာရေးအဖွဲ့အစည်းများတွင် အပ်နှံထားကြသည်။
ဆိုးရွားသောစစ်ကောင်စီ၏ မူမမှန်သော စီးပွားရေးမူဝါဒများနှင့် လူထုက အယုံအကြည်မရှိသည့် ဘဏ်များအပေါ် ဗိုလ်ချုပ်များက မဆင်မခြင်ချမှတ်မည့် ညံ့ဖျင်းသော စည်းကမ်းများကို မှီခိုရသည့် အန္တရာယ်ကို မည်သူမျှ မစွန့်စားရဲကြပေ။ ယခင်အကျပ်အတည်းများနှင့် နှိုင်းယှဉ်ပါက ယခုအကျပ်အတည်းသည် တမူထူးခြား ကွဲပြားနေသည်။ ယခုတကြိမ်လောက် မည်သည့်အချိန်တွင်မျှ မဆိုးရွားဖူးသောကြောင့် မြန်မာတွင် ယခုဖြစ်နေသည့် အာဏာကစားပွဲ၏ နောက်ဆုံးရလဒ်ကို ခန့်မှန်းရန် များစွာ ပိုမိုခက်ခဲသည်။
၁၉၆၂ ခုနှစ် မတ်လတွင် အဖွဲ့ဝင် ၁၇ ဦးပါပြီး ဗိုလ်ချုပ်နေဝင်း ဦးဆောင်ကာ တော်လှန်ရေးကောင်စီဟုခေါ်သော စစ်အုပ်စု အာဏာသိမ်းခဲ့သော်လည်း ဇူလိုင်လမတိုင်မီအထိ ကြီးမားသော ဆန့်ကျင်ကန့်ကွက်မှု မရှိခဲ့ပေ။ ထို အာဏာသိမ်းမှုသည် ၁၉၅၈ က အာဏာသိမ်းသကဲ့သို့သာ ဖြစ်သည်ဟု လူအများအပြားက ယူဆခဲ့သည်။ ၁၉၅၈ ခုနှစ်တွင် စစ်တပ်သည် နိုင်ငံရေးတွင် ကြားဝင်ပြီး ရွေးကောက်ပွဲမတိုင်မီအထိ အိမ်စောင့်အစိုးရကို ဖွဲ့စည်းခဲ့သည်။
ထို့နောက် စစ်တပ်သည် အာဏာကို ဆက်လက်ချုပ်ကိုင်ထားတော့မည်ကို လူထုက သိလာသောအခါ ရန်ကုန်တက္ကသိုလ်ကျောင်းသား ထောင်ပေါင်းများစွာ ဆန္ဒပြကြရာမှ စစ်တပ်က ပစ်ခတ်သတ်ဖြတ်ခဲ့သည်။ တရားဝင် စာရင်းအရ ကျောင်းသား ၁၅ ဦး သေဆုံးသည်ဆိုသော်လည်း မျက်မြင်သက်သေများနှင့် လေ့လာသူများကမူ ထိုစဉ်က သေဆုံးသူ ရာချီရှိကြောင်း ပြောသည်။
ဇူလိုင်လ ၈ ရက်နေ့ နံနက်စောစောတွင် တမြို့လုံး ပဲ့တင်ထပ်သွားသည့် ပေါက်ကွဲသံက ရန်ကုန်မြို့သူမြို့သားများကို လှုပ်နှိုးလိုက်သည်။ စစ်တပ်သည် ၁၉၃၀ ပြည့်နှစ်များက ကိုလိုနီခေတ်အတွင်း အမျိုးသားရေးဝါဒီများ စုဝေးခဲ့သည့် သမိုင်းဝင် ကျောင်းသားသမဂ္ဂ အဆောက်အအုံကို ဒိုင်းနမိုက်ဖြင့် ဖောက်ခွဲလိုက်သောကြောင့် အုတ်ကျိုးအုတ်ပဲ့များသာ ကျန်ရစ်တော့သည်။
တိုင်းပြည်စီးပွားရေး လုံးဝပျက်စီးစေသည့် ဗိုလ်ချုပ်နေဝင်း၏ ဆိုးရွားလှသော ဆိုရှယ်လစ်မူဝါဒသစ်များနှင့် စစ်တပ်က နိုင်ငံရေးတွင် ပါဝင်သည့် အခန်းကဏ္ဍအပေါ် သဘောထားကွဲလွဲမှုများကြောင့် ဗိုလ်မှူးချုပ် အောင်ကြီး နုတ်ထွက်ခြင်းနှင့် ဗိုလ်မှူးကြီး ကြည်မောင်ကို ရာထူးမှ ထုတ်ပယ်ခြင်းတို့ ဖြစ်လာသည်။ ထိုသူ နှစ်ဦးလုံးသည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံတွင် ထင်ရှားစွာ ပါဝင်သူများ ဖြစ်လာသည်။
ထိုစစ်အုပ်စုအဖွဲ့ဝင် နောက်ထပ် နှစ်ဦးဖြစ်သော ဗိုလ်မှူးကြီး ချစ်မြိုင်နှင့် ဗိုလ်မှူးကြီး ခင်ညိုတို့ကို ၁၉၆၄ ခုနှစ်နှင့် ၁၉၆၅ ခုနှစ်တွင် ရာထူးမှ ထုတ်ပယ်သည်။ ကျောင်းသားခေါင်းဆောင်များက တောတောင်များသို့ သွားရောက်ပြီး ဗမာပြည်ကွန်မြူနစ်ပါတီနှင့် ပူးပေါင်းကြသလို ထိုကျောင်းသားများအနက် ဗမာမဟုတ်သော ကျောင်းသားများက တိုင်းရင်းသားလက်နက်ကိုင် တပ်မတော်အသီးသီးသို့ ပူးပေါင်းကြသည်။
သို့သော် ဗိုလ်ချုပ်နေဝင်းသည် သူ၏အာဏာကို ခိုင်မာအောင် လုပ်နိုင်ခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကို အလိမ်အညာ ဆန္ဒခံယူပွဲ ကျင်းပကာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) က ဦးဆောင်ပြီး စစ်ဗိုလ်များလွှမ်းမိုးထားသည့် အရပ်သားအစိုးရအတုကို ၁၉၇၄ ခုနှစ်တွင် ထူထောင်လိုက်သည်။
၁၉၇၀ ပြည့်နှစ်များအလယ်တွင် ကျောင်းသား ဆန္ဒပြပွဲများသာမက အလုပ်သမားသပိတ်များလည်း ဖြစ်ပေါ်လာပြီး အရပ်သားများကို ပိုမို အစုလိုက်အပြုံလိုက် သတ်ဖြတ်သော်လည်း မြန်မာကို မည်သို့ စီမံအုပ်ချုပ်သည်ဆိုသည့် ကိစ္စအပေါ် သက်ရောက်မှု မရှိဖြစ်နေသည်။ ထိုအုပ်ချုပ်ရေးသည် ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သည့် အာဏာရှင်စနစ်သာ ဖြစ်နေသည်။
စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှုများကြောင့် ငယ်ရွယ်သောစစ်အရာရှိ ဗိုလ်ကြီး အုန်းကျော်မြင့် ဦးဆောင်ပြီး သူ့ပတ်ဝန်းကျင်မှ သဘောထားကွဲလွဲသော အရာရှိများကို စည်းရုံးထားသည့် အာဏာသိမ်းရန် အားထုတ်မှု ဖြစ်လာသည်။ သို့သော် ထိုအကြံအစည်သည် စစ်အာဏာပိုင်များထံ ပေါက်ကြားပြီး ဗိုလ်ကြီး အုန်းကျော်မြင့်ကို ဖမ်းဆီးကာ ၁၉၇၇ ခုနှစ် ဇူလိုင်လတွင် ကွပ်မျက်လိုက်သည်။ ဗိုလ်ကြီး အုန်းကျော်မြင့် ကိစ္စအတွက် စစ်တပ်အတွင်းတွင် အကြီးအကျယ် ထုတ်ပယ်မှုများပြုလုပ်သည်။
ဗိုလ်ကြီး အုန်းကျော်မြင့်နှင့် အမှန်တကယ် ပူးပေါင်းသူများ၊ သံသယရှိသူများကို ဖမ်းဆီးပြီး ထိုစဉ်က ဖမ်းဆီးခံရသူများတွင် လူကြိုက်များသော စစ်တပ်အကြီးအကဲနှင့် ကာကွယ်ရေး ဝန်ကြီးဟောင်း ဗိုလ်ချုပ်ကြီး တင်ဦးလည်း ပါဝင်သည်။ အာဏာသိမ်းမည့် အကြံအစည်ကို ကြိုတင်သိသည်ဟု စွပ်စွဲကာ သူ့ကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၇ နှစ်ချသည်။ ထိုအချက်ကို မည်သည့်အခါကမျှ သက်သေပြခြင်း မရှိခဲ့ဘဲ နိုင်ငံရေးပယောဂ မကင်းသည့် လုပ်ဆောင်မှုဖြစ်သည်ကို သံသယ ဖြစ်စရာမလိုပေ။
ဆန္ဒပြသူများက ဗိုလ်ချုပ်ကြီး နေဝင်း၏ ဖိနှိပ်သေ ာအုပ်ချုပ်ရေးကို ဆန့်ကျင်သောအခါ ‘ဗိုလ်ချုပ်ကြီးတင်ဦး အသက်ရှည်ပါစေ’ ဟု အော်ဟစ်ခဲ့ကြသည်။ စစ်သားများက ထိုဆန္ဒပြသူများကို ပစ်ခတ်ခဲ့ရာ လူငယ်ရာပေါင်းများစွာ သေဆုံးသည်။ ဗိုလ်ချုပ်ကြီး တင်ဦးအပြင် အခြားအဆင့်မြင့် အရာရှိအများအပြားလည်း ဖမ်းဆီးထောင်ချခံရသည်။ ၁၉၈၀ ခုနှစ် အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် ပေးသောအခါ ဦးတင်ဦး ပြန်လွတ်လာပြီး ၁၉၈၈ အရေးတော်ပုံတွင် ခေါင်းဆောင်တဦးဖြစ်လာကာ နောင်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဖြစ်လာသည်။
၁၉၈၃ ခုနှစ်တွင် တင်ဦးဟုပင်ခေါ်သည့် အခြားစစ်ဗိုလ်တဦး အဖမ်းခံရသောအခါ စစ်တပ်တွင် ပိုမိုကြီးမားကျယ်ပြန့်သည့် ထုတ်ပယ်မှုများ ပြုလုပ်သည်။ ထိုဖမ်းဆီးခံရသော တင်ဦးသည် ပစိဖိတ်သမုဒ္ဒရာမှ အမေရိကန် ပြည်ထောင်စုက ချုပ်ကိုင်ထားသည့် ဆိုင်ပန်ကျွန်းတွင် အမေရိကန် ဗဟိုထောက်လှမ်းရေးဌာန (CIA) က လေ့ကျင့်ပေးထားသော အရာရှိဖြစ်သည်။
သူသည် သြဇာကြီးမားသော စစ်ထောက်လှမ်းရေး အကြီးအကဲဖြစ်ပြီး တချိန်တွင် နေဝင်းကို ဆက်ခံမည့်သူဟု ယူဆကြသည်။ အခြားထောက်လှမ်းရေးအရာရှိ အများအပြားလည်း ထုတ်ပယ်ခံရပြီး ထိုသူများတွင် တင်ဦးနှင့်အတူ ဆိုင်ပန်တွင် လေ့ကျင့်ထားသည့် ဗိုလ်မှူးကြီး ဘိုနီလည်း ပါဝင်သည်။
နေဝင်းက “အမ်အိုင် တင်ဦး” ဟု ခေါ်သောသူနှင့် သူ့လူယုံများသည် နိုင်ငံတော်အတွင်းတွင် သီးခြားနိုင်ငံတော်တခု ထပ်မံတည်ဆောက်နေပြီး ထိုသို့လုပ်ခြင်းသည် သူ၏ အထွတ်အထိပ်ခေါင်းဆောင်မှုကို ခြိမ်းခြောက်မှုဖြစ်သည်ဟု နေဝင်းက ယုံကြည်သည်။ ၁၉၈၈ ခုနှစ်တွင် ဒီမိုကရေစီ အရေးတော်ပုံဖြစ်သောအခါ အမ်အိုင် တင်ဦးကို အင်းစိန်ထောင်မှ ရေကြည်အိုင် စစ်ထောက်လှမ်းရေး အကျဉ်းစခန်းသို့ ရွှေ့ပြောင်းထားသည်။ ဒီမိုကရေစီ အရေးတော်ပုံကို နှိမ်နင်းပြီးနောက် သူ့ကို အင်းစိန်ထောင်သို့ ပြန်ပို့ပေးပြီး ၁၉၈၉ ခုနှစ် အောက်တိုဘာလတွင် ပြန်လွှတ်ပေးသည်။
၁၉၈၈ ခုနှစ် သြဂုတ်နှင့် စက်တင်ဘာလတွင် ဖြစ်ပွားသည့် အုံကြွမှုလောက် မည်သည့် အုံကြွမှုမျှ နိုင်ငံတဝန်း ကျယ်ပြန့်ခြင်းမရှိသလို ထိုလှုပ်ရှားမှုကို မကြုံစဖူး ရက်စက်ကြမ်းကြုတ်မှုဖြင့် နှိမ်နင်းသည်။ ဆန္ဒပြလူအုပ်များအတွင်းသို့ အော်တိုမက်တစ် ရိုင်ဖယ်များဖြင့် ပစ်ခတ်သောကြောင့် အချို့ပညာရှင်များနှင့် သမိုင်းဆရာများ ပြောသကဲ့သို့ လူ ရာပေါင်းများစွာမဟုတ်ဘဲ ထောင်ပေါင်းများစွာ သေဆုံးသည်။
စက်တင်ဘာလ ၁၈ ရက်နေ့တွင် မဆလ အစိုးရကို နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) အမည်ရှိ စစ်အုပ်စုဖြင့် အစားထိုးသော်လည်း စစ်တပ်သည် အာဏာကို ရရှိထားပြီးဖြစ်သောကြောင့် အမှန်တကယ်တွင် အာဏာသိမ်းခြင်း မဟုတ်ပေ။ လူထုဆန္ဒပြပွဲများနှင့် ရင်ဆိုင်နေရသော ဒေဝါလီခံအစိုးရကို အတင်းအကျပ် ကြားဝင်ကျားကန်ပေးရန် လိုအပ်သည်ဟု စစ်တပ်က ယူဆသည်။
ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ ထောင်ပေါင်းများစွာသည် ထိုင်း၊ တရုတ်နှင့် အိန္ဒိယ နယ်စပ်များသို့ ထွက်ပြေးကြပြီး လက်နက်ကိုင်ခုခံမှုကို တည်ထောင်ကြသည်။ ၁၉၉၀ ပြည့်နှစ် မေလ ရွေးကောက်ပွဲတွင် အနိုင်ရသော်လည်း ထိုရွေးကောက်ပွဲရလဒ်ကို လျစ်လျူရှုထားသောကြောင့် မည်သည့်အခါမျှ လွှတ်တော်မခေါ်ရသည့်သူများ အပါအဝင် အဝေးရောက် နိုင်ငံရေးသမားများက ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB) ကို တည်ထောင်ကြသည်။ သို့သော် ထိရောက်သော လက်နက်ကိုင်ပုန်ကန်မှု ပေါ်ပေါက်လာခြင်း မရှိဘဲ NCGUB ကို မည်သည့် အင်အားကြီး နိုင်ငံကမျှ အသိအမှတ်ပြုခြင်း မရှိပေ။
၁၉၉၇ ခုနှစ်သို့ ရောက်သောအခါ နဝတသည် ပိုမိုကောင်းမွန်သော အမည်ဖြစ်သည့် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) အမည်ပြောင်းလိုက်ပြီး စိန်ခေါ်မှုအများအပြား ရင်ဆိုင်ရသော်လည်း စစ်တပ်သည် မှတ်သားစရာကောင်းလောက်အောင် ညီညွတ်နေပြီး အပြစ်ဒဏ်ကင်းလွတ်ကာ တိုင်းပြည်ကို ဆက်လက် အုပ်ချုပ်သည်။
စစ်တပ် အာဏာတည်မြဲနေခြင်းမှာ တနိုင်ငံလုံးတွင် သူလျှိုများနှင့် ဒလန်များ မွေးထားသည့် ကာကွယ်ရေးဝန်ကြီးဌာန ထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံး (DDSI) ဟုခေါ်သည့် လျှို့ဝှက် ပုလိပ်များ၏ လှုပ်ရှားမှုများအပေါ် မှီခိုနေရသည်။ အတိုက်အခံများနှင့် အဆက်အသွယ်ရှိသည်ဟု သံသယရှိသူ မည်သူကိုမဆို ဖမ်းဆီးနှိပ်စက်သည်။ DDSI သည် စစ်တပ်၏ နိုင်ငံရေးလမ်းကြောင်းကို မလိုက်သည့် စစ်အရာရှိများနှင့် ထိုင်း၊ ဥရောပ၊ မြောက်အမေရိကနှင့် သြစတြေးလျတွင် နေထိုင်နေသည့် အဝေးရောက် မြန်မာများကိုလည်း စောင့်ကြည့်နေသည်။
၁၉၈၃ ခုနှစ်မှ ၂၀၀၄ ခုနှစ်အထိ DDSI အကြီးအကဲ ဗိုလ်ချုပ်ခင်ညွန့်သည် နိုင်ငံရေးအကျဉ်းသားများကို အလွန် ရက်စက်ကြမ်းကြုတ်စွာ ပြုမူလိုသည့် စိတ်အားထက်သန်မှုကြောင့် ကျော်ကြားလာပြီး သူနှင့် အပေါင်းပါ လေတပ်ဗိုလ်မှူးကြီး သိန်းဆွေကို ဘန်ကောက်ရှိ မြန်မာသံရုံးတွင် စစ်သံမှူးခန့်သည်။ စစ်သံမှူး ဗိုလ်မှူးကြီး သိန်းဆွေသည် အဝေးရောက် မြန်မာ ဒီမိုကရေစီတက်ကြွလှုပ်ရှားသူများကို ရိုက်နှက်ရန် လူမိုက်များကို စေလွှတ်ပြီး နိုင်ငံတော်၏ရန်သူအဖြစ် သတ်မှတ်သူများကို သတ်ဖြတ်ရန် အမိန့်ပေးသည်ဆိုသည့် စွပ်စွဲချက်များလည်း ရှိလာသည်။
သူ့ယခင် စစ်ထောက်လှမ်းရေးများဖြစ်သည့် အမ်အိုင် တင်ဦးနှင့် နောက်လိုက်များကဲ့သို့ပင် ဗိုလ်ချုပ်ကြီး ခင်ညွန့်နှင့်အုပ်စုသည် သူတို့ကိုယ်ကျိုးအတွက် ဆောင်ရွက်ရန် အင်အားလွန်စွာ ကြီးမားလာသည်။ ၂၀၀၃ ခုနှစ်၊ သြဂုတ်လတွင် သူသည် နအဖ ဦးဆောင်သောအစိုးရ၌ ဝန်ကြီးချုပ်ဖြစ်လာပြီး ချမ်းသာကြွယ်ဝမှုများ စတင်စုဆောင်းကာ ဒေသတွင်းတွင် လူသိများသော ခေါင်းဆောင်အဖြစ် သူ့ပုံရိပ်ကို မြှင့်တင်သည်။
၂၀၀၄ ခုနှစ် အောက်တိုဘာလတွင် သူ့ကို ကျန်းမာရေးအရ အငြိမ်းစားယူခွင့် ပြုလိုက်သည်။ ကျန်းမာရေးအရ အငြိမ်းစားယူခွင့် ပြုလိုက်သည် ဆိုသည့်စကားမှာ ရာထူးမှ ထုတ်ပယ်ခြင်းအတွက် မြန်မာစစ်တပ်က အထူးအသုံးပြုသော စကားလုံးဖြစ်သည်။ သူ့ကို နေအိမ်တွင် အကျယ်ချုပ်ထားပြီး ညာလက်ရုံး ဗိုလ်မှူးချုပ် သိန်းဆွေ၊ လက်ရှိနှင့် လက်ဟောင်း ထောက်လှမ်းရေး အရာရှိများစွာကို ထောင်ချထားလိုက်သည်။
နအဖ အတွင်းရေးမှူး ၁ အဖြစ် သူ့ရာထူးကို ဆက်ခံပြီး နောက်ပိုင်းတွင် ဝန်ကြီးချုပ်ဖြစ်လာသည့် ဗိုလ်ချုပ်ကြီး သိန်းစိန် ၂၀၁၁ ခုနှစ်တွင် သမ္မတဖြစ်လာသောအခါ ထိုသူများအားလုံးကို ပြန်လွှတ်ပေးသည်။ DDSI ကိုလည်း ဖျက်သိမ်းလိုက်ပြီး စစ်တပ်အကြီးအကဲက ပိုမိုတိုက်ရိုက်ထိန်းချုပ်သော စရဖဟု ခေါ်သည့် စစ်ဘက်ရေးရာ လုံခြုံရေးအကြီးအကဲရုံးဖြင့် အစားထိုးလိုက်သည်။
နဝတ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမောင်သည် ၁၉၉၂ ခုနှစ်၊ ဧပြီလတွင် နုတ်ထွက်ပြီး ဗိုလ်ချုပ်ကြီး သန်းရွှေက သူ့နေရာတွင် အစားထိုးဝင်ရောက်သည်။ သို့သော် ထိုသို့ဖယ်ရှားခြင်းသည် နိုင်ငံရေးသဘော မဆောင်ပေ။ စောမောင်သည် တစတစ ပိုမိုစိတ်ဖောက်ပြန်လာပြီး အချို့က ရူးသွားသည်ဟု ပြောသည်။ အများပြည်သူသို့ ပြောသော မိန့်ခွန်းများသည် ရှေ့နောက်မညီ ဗလုံးဗထွေးဖြစ်လာသည်။ နောက်တနေ့တွင် သေဆုံးပြီး ယေရှုကို တိဘက်တွင် တွေ့သည်ဆိုသည့် စကားများပြောလာသည်။ သူ့ကို ရန်ကုန်ရှိ စစ်တပ်ဂေါက်ကွင်းတွင် “ငါက ကျန်စစ်သား” ဟု အော်ဟစ်သည်ကို တွေ့လာရသည်။ ၁၉၉၇ ခုနှစ်၊ ဇူလိုင်လတွင် စောမောင်သည် မထင်မရှားဘဝဖြင့် သေသွားသည်။
ဗိုလ်ချုပ်မှူးကြီး စောမောင်နှင့် ဗိုလ်ချုပ်ကြီး ခင်ညွန့်ကို ဖယ်ရှားပြီးနောက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် စစ်ခေါင်းဆောင်မှုသစ်ကို တည်ဆောက်ရာတွင် ပိုမိုအောင်မြင်လာသည်။ အာဏာရှင်ဟောင်း နေဝင်းသည် ၂၀၀၂ ခုနှစ်တွင် သေဆုံးပြီး မည်သူမှ သူ့အတွက် ဝမ်းမနည်းကြပေ။ သူ့တပည့် စစ်ဗိုလ်တယောက်မှ သူ့နာရေးသို့ မလာကြပေ။
သူ့ယခင် အာဏာရှင်များဖြစ်သည့် ဗိုလ်နေဝင်းနှင့် ဗိုလ်စောမောင်တို့ကဲ့သို့သော ကံကြမ္မာကို ရှောင်လွှဲနိုင်ရန် ဗိုလ်သန်းရွှေသည် သူ့ကိုဆက်ခံမည့်သူကို တဦးတည်းမခန့်ဘဲ သုံးဦးခန့်သည်။ သူ၏ဝန်ကြီးချုပ် ဦးသိန်းစိန်သည် ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလ ရွေးကောက်ပွဲအတုပြီးလျှင် သမ္မတ ဖြစ်လာသည်။ နောက်ထပ် ဗိုလ်ချုပ်ကြီးတဦးဖြစ်သော သူရရွှေမန်းသည် စစ်တပ်၏ နိုင်ငံရေးပါတီဖြစ်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ဥက္ကဋ္ဌ ဖြစ်လာသည်။ ထိုပါတီကို ၁၉၈၈ ခုနှစ်အရေးတော်ပုံ အပြီး မဆလပါတီ ပြိုကွဲပြီးနောက် ၁၂ နှစ်ကြာမှ ဖွဲ့စည်းခဲ့သော ပါတီဖြစ်သည်။ အားနည်းပြီး ကျွမ်းကျင်မှုမရှိသော ဗိုလ်ချုပ်ဖြစ်သည့် မင်းအောင်လှိုင်ကို စစ်တပ်အကြီးအကဲ ရာထူးယူရန် သတ်မှတ်ခဲ့သည်။
သို့သော် သူရရွှေမန်းသည် ကိုယ့်လမ်းကိုယ်လျှောက်ပြီး NLD ပါတီ၊ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့နှင့် ဆက်သွယ်လိုက်သောကြောင့် ထိုအစီအစဉ်သည် အောင်မြင်ခြင်း မရှိပေ။ သူ့ကို ၂၀၁၅ ခုနှစ်၊ သြဂုတ်လတွင် USDP ဥက္ကဋ္ဌရာထူးမှ ဖယ်ရှားလိုက်ပြီး ၂၀၁၆ ခုနှစ်၊ ဧပြီလတွင် ပါတီထိပ်တန်းခေါင်းဆောင် ၁၇ ဦးနှင့်အတူ ပါတီမှ ထုတ်ပယ်လိုက်သည်။
ဦးသိန်းစိန်သည် ၂၀၁၁ ခုနှစ်တွင် သမ္မတဖြစ်လာပြီးနောက် ပိုမိုပွင့်လင်း လွတ်လပ်သော လူ့အဖွဲ့အစည်း ဖြစ်စေမည့် အစီအစဉ်များကို ဦးဆောင်ခဲ့သော်လည်း သူသည် စစ်တပ်ထိပ်တန်း ခေါင်းဆောင်များ မျှော်လင့်ထားသကဲ့သို့ လူထုထောက်ခံမှု မရပေ။ သူနှင့် USDP သည် ၂၀၁၅ နှင့် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲများတွင် တောင်ပြိုကမ်းပြိုနိုင်သည့် NLD ကို ရှုံးနိမ့်သည်။ စစ်တပ်သည် ထိုသို့ NLD တောင်ပြိုကမ်းပြိုနိုင်မည်ကို ကြိုတင် ခန့်မှန်းနိုင်ခြင်း မရှိခဲ့ပေ။
၂၀၁၆ ခုနှစ်တွင် အစိုးရသစ်တက်လာပြီး အရေးပါသော ဝန်ကြီးဌာနများဖြစ်သည့် ကာကွယ်ရေး၊ ပြည်ထဲရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာနများမှအပ တာဝန်အများစုကို ရယူလိုက်ပြီး ထိုဝန်ကြီးဌာနများသည် စစ်တပ်လက်အောက်တွင်သာ ကျန်ရစ်သည်။ အလားတူစွာပင် စစ်တပ်သည်လည်း လွှတ်တော်၏ ထိန်းချုပ်မှု သို့မဟုတ် ကြီးကြပ်မှုပင်မရှိသည့် သီးခြားလွတ်လပ်သော အဖွဲ့အစည်းဖြစ်သည်။
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလတွင် NLD ၏ ဒုတိယမြောက် ဆက်တိုက် ရွေးကောက်ပွဲ အောင်နိုင်ခြင်းသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းမှုသို့ ဦးတည်စေပြီး စစ်တပ်ကို နောက်တကြိမ် တွက်ကိန်းမှားစေသည်။ ၂၀၁၁ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ နှိုင်းယှဉ်ချက်အားဖြင့် ပွင့်လင်းသည့် ကာလသည် နိုင်ငံရေးအရ နိုးကြားတက်ကြွသည့် လူမှုအခြေပြု အဖွဲ့အစည်းသစ် ပေါ်ပေါက်စေခဲ့သည်။
ပြည်သူလူထုသည် ၁၉၆၂ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ တိုက်ရိုက်နှင့် သွယ်ဝိုက်စစ်အုပ်ချုပ်ရေးကို စိတ်ကုန်နေကြပြီ ဖြစ်သောကြောင့် NLD အတွက် ကြီးမားသော အောင်ပွဲများ ဖြစ်လာသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ရာထူး ပထမသက်တမ်း ၂၀၁၆ ခုနှစ်မှ ၂၀၂၁ ခုနှစ် အထိ စစ်တပ်၏ နိုင်ငံရေးနှင့် စီးပွားရေးအာဏာကို စိန်ခေါ်ခြင်းမှ ရှောင်ရှားခဲ့သည်။ သို့သော် ၂၀၂၀ ရွေးကောက်ပွဲတွင် ပြတ်ပြတ်သားသား နိုင်လိုက်ခြင်းကြောင့် သူ့အနေဖြင့် စစ်မှန်သော ဒီမိုကရေစီ အပြောင်းအလဲသို့ တွန်းအားပေးရန် လုပ်ပိုင်ခွင့် ပိုမိုရစေသည်။
ထိုသို့ဖြစ်လျှင် ဗိုလ်ချုပ်များ ဆယ်စုနှစ်ပေါင်းများစွာ အာဏာရနေစဉ် ကျူးလွန်ခဲ့သော ရာဇဝတ်မှုများအတွက် အရေးယူမှုအန္တရာယ် ရှိလာသည်။ ရှေ့တန်း စစ်မျက်နှာများတွင်သာမက ယခုအခါ လူလတ်တန်းစားတရပ် ကြီးထွားပေါ်ပေါက်လာသည့် မြို့ပြများတွင် အတိတ်က ရက်စက် ကြမ်းကြုတ်မှု အရိုးစုများ မည်သည့်နေရာတွင် မြှုပ်နှံထားသည်ကို စစ်အရာရှိတိုင်းသိသည်။
အာဏာသိမ်းကာလအလွန် ရက်စက်ကြမ်းကြုတ်မှုများနှင့် သတ်ဖြတ်မှုများအတွက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ပြည်သူများက ကျယ်ကျယ်ပြန့်ပြန့် မုန်းတီးကြသည်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ထိုကဲ့သို့သောသူများသည် အာဏာကို မည်သည့်နည်းဖြင့်မဆို ချုပ်ကိုင်မထားပါက ၎င်းတို့ထောင်ထဲရောက်မည် သို့မဟုတ် ထိုထက်ပင် အခြေအနေ ပိုမိုဆိုးရွားသွားမည်ကို ကောင်းစွာသိကြသည်။ ဆိုရိုးစကားအတိုင်းဆိုရပါက ၎င်းတို့သည် ‘အတူတကွ ကြိုးပေး မခံရလျှင်လည်း တဦးစီ ကြိုးပေးခံရမည်’ ကို စစ်အရာရှိများ သိသည်။
စစ်တပ်ကို အတူတကွ တင်းကျပ်စွာ ချည်နှောင်ထားပေးသည်မှာ ထိုအကြောက်တရားနှင့် နက်ရှိုင်းစွာ ချည်နှောင်ထားသည့် စီးပွားရေး အကျိုးစီးပွားသာဖြစ်ပြီး အနောက်တိုင်း လေ့လာသူများ ပြောသည့် မျိုးချစ်စိတ် သို့မဟုတ် စစ်မြေပြင်တွင် တိုက်ခိုက်ခြင်းကြောင့် မာကြောနေခြင်း မဟုတ်ပေ။ ထို့ကြောင့်ပင် အကြမ်းဖက်ကာ စိတ်မမှန်ဘဲ ကိုယ်ကိုယ်ကို ချေမှုန်းသည့် အမိန့်များကို အရာရှိများကပေးပြီး မတွန့်မဆုတ် အမိန့်နာခံပုံရသည့် ခြေလျင်စစ်သားများက အကောင်အထည်ဖော်နေသည့်တိုင် စစ်တပ်တွင် ယခုတိုင် အက်ကြောင်း မပေါ်ခြင်းဖြစ်သည်။
ယနေ့ မိမိတို့မြင်တွေ့နေရသည့် ဖြစ်ရပ်များသည် ၁၉၆၂၊ ၁၉၇၆ နှင့် ၁၉၈၈ တို့နှင့် တူညီသည်များ ရှိသော်လည်း ထိုစဉ်ကာလများကအတိုင်း ထပ်မံတကျော့လည်ခြင်း မဟုတ်ပေ။ စစ်တပ်သည် စစ်မြေပြင်တွင် အကြီးအကျယ် ရှုံးနိမ့်နေပြီး စစ်သားများကို တိုင်းရင်းသား လက်နက်ကိုင်များက သာမက ဗမာပြည်သူများကပါ သတ်ဖြတ်နေသည်။ စစ်သားများ၏ ဆွေမျိုးများသည် ခုခံတော်လှန်ရေး၏ အစိတ်အပိုင်းများ ဖြစ်နေနိုင်သလို အာဏာသိမ်းပြီးပြီးချင်း ပေါ်ပေါက်လာသည့် လူထုအာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) ၏ အစိတ်အပိုင်းများ ဖြစ်နိုင်သည်။
ထိုစစ်သားများသည် စစ်တပ်ကို ထာဝရ သစ္စာခံနေမည်လား။ စစ်တပ်က မှီခိုအားထားနေရသည့် ခရိုနီများ၏ ထောက်ခံမှုသည် ၎င်းတို့ စီးပွားရေးများကို ဖျက်ဆီးနေသည့် စစ်ကောင်စီကို မည်မျှကြာကြာ ဆက်လက် ထောက်ခံနိုင်မည်နည်း။
နိုင်ငံမှ ထွက်ခွာသွားသည့် ငွေပမာဏကို အတိအကျ မသိရသော်လည်း လွန်စွာများပြားသည်ဟု ယုံကြည်ရပြီး ထိုမျှသော ငွေရင်းများ ထွက်သွားခြင်းသည် စီးပွားရေးလုပ်ငန်း အသိုက်အဝန်းက လိုလားသော အရာမဟုတ်ပေ။ အာဏာမသိမ်းမီက မြန်မာ့စီးပွားရေး အလားအလာသည် လွန်စွာကြီးမားပြီး စီးပွားရေးတိုးတက်မှု မျှော်လင့်ချက်များ ရှိခဲ့သည်။ နိုင်ငံခြား ကုမ္ပဏီများသည် မြန်မာတွင် ရင်းနှီးမြှုပ်နှံနေကြပြီး ယခု သူတို့ ထွက်ခွာသွားကြကာ ရင်းနှီးမြှုပ်နှံသူသစ် အနည်းငယ်သာရှိသည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် သူ၏ မိသားစုသည် အဆင်ပြေကောင်းပြေနိုင်ပြီး ၎င်းတို့၏ အသုံးအဖြုန်းကြီးသော လူနေမှုပုံစံကို ဆက်လက်ထိန်းသိမ်းရန် ရာဇဝတ်ကောင်များနှင့် ပူးပေါင်းကြမည် ဖြစ်သည်။ လွန်ခဲ့သောနှစ် စက်တင်ဘာလက ထိုင်းနိုင်ငံတွင် အဖမ်းခံထားရသော မူးယစ်ရာဇာ ထွန်းမင်းလတ်နှင့် မင်းအောင်လှိုင် မိသားစုအကြား အဆက်အသွယ်များကို ယခုအခါ လူတိုင်းသိနေပြီ ဖြစ်သည်။
အခြားတဘက်တွင်လည်း စစ်အရာရှိများအကြားတွင်ပင် အာဏာသိမ်းကာလအလွန် အခြေအနေမှ အကျိုးမခံစားရသည့်သူ အများအပြားရှိနေသေးပြီး ၎င်းတို့ကို (ခုခံတော်လှန်ရေး အင်အားစုက) လွတ်ငြိမ်းခွင့်ပေးရန် အာမခံပါက အုန်းကျော်မြင့်နှင့် သူ၏ ရဲဘော်များအခန်းမှ ပါဝင်လာနိုင်သည်။ သို့သော် ထိုသို့သော ဖြစ်ပေါ်တိုးတက်မှုများသည် စစ်အာဏာရှင် ခုခံတော်လှန်ရေး အင်အားစု၏ မူဝါဒများနှင့် လုပ်ဆောင်မှုများအပေါ် မူတည်သည်။ စစ်ကောင်စီကို ခုခံတော်လှန်သည့် အင်အားစုများသည် စစ်ကောင်စီကို ချေမှုန်းနိုင်လောက်အောင် အင်အားတောင့်တင်းလာရန် မလွယ်ကူလှပေ။
စစ်ကောင်စီခုခံတော်လှန်ရေး အင်အားစုများဘက်က ထိုသို့သော စစ်အရာရှိများ ယုံကြည်လက်ခံနိုင်သည့် လွတ်ငြိမ်းသက်သာခွင့် မပေးပါက စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် အပေါင်းပါများကို အာခံမည့်သူ မရှိနိုင်ပေ။ အခြားရွေးစရာတခုမှာ မြန်မာသည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ချောက်ကမ်းပါးအတွင်း ပြန်လမ်းမရှိ ကျဆင်းသွားရန်သာဖြစ်သည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းမှ Bertil Lintner ၏ Will Myanmar’s Brutal Military Remain United? ကို ဘာသာပြန် ဖော်ပြသည်။ ဘာတေးလ် လင့်တနာသည် အာရှအကြောင်း ဆယ်စုနှစ် ၄ ခုနီးပါး ရေးသားခဲ့သည့် ဆွီဒင် သတင်းစာဆရာ၊ စာရေးဆရာနှင့် သေနင်္ဂဗျူဟာ အတိုင်ပင်ခံဖြစ်သည်။)
Credit to – Irrawaddy News