၂၀၂၂ ခုနှစ် နှစ်ကုန်ခါနီး မြန်မာ့အရေးနှင့် ပတ်သက်သည့် သံခင်းတမန်ခင်းသည် လှုပ်လှုပ်ရှားရှား ရှိသည်။
၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်း အရေးပါသည့် ဆုံးဖြတ်ချက်များ၊ ခြေလှမ်းများကို တွေ့ရသကဲ့သို့ တန်ပြန်သည့် လှုပ်ရှား မှုများကိုလည်းတွေ့ရ၏။ တနှစ်လုံး လှုပ်ရှားလာသမျှ ၂၀၂၂ ခုနှစ် နှစ်ကုန်တွင် နှစ်ချုပ်ရလဒ် ပေါ်လာသည်ဟု ဆိုရမည်။
ပထမအချက်မှာ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ၏ မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက် ဖြစ်သည်။
ထိုဆုံးဖြတ်ချက်မှာ အင်္ဂလန်နိုင်ငံက တင်သွင်းပြီး လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ အတွင်း ကန့်ကွက်သူမရှိ (ရုရှား၊ တရုတ်၊ အိန္ဒိယတို့ ကြားနေသည်) အတည်ပြုခဲ့သော ဆုံးဖြတ်ချက် ဖြစ်သည်။
ထိုဆုံးဖြတ်ချက်မှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများကို အမြန်ဆုံး လွှတ်ပေးရန်၊ အာဏာသိမ်း စစ်ကောင်စီက ကျူးလွန်နေသည့် အကြမ်းဖက်မှုများကို အမြန်ဆုံး ရပ်တန့်ပေးရန် စသည်တို့ ပါဝင်သည့် မြန်မာ့အရေး ဆုံးဖြတ်ချက်ဖြစ်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဒီဇင်ဘာ ၂၁ ရက်တွင် မဲခွဲဆုံး ဖြတ်ပြီး အတည်ပြုခဲ့သည်။
လုံခြုံရေးကောင်စီ၏ အဆိုပါ ဆုံးဖြတ်ချက်တွင် စစ်ကောင်စီအနေဖြင့် အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို အမြန်ဆုံး အကောင်အထည်ဖော်ရန်၊ အကြမ်းဖက်တိုက်ခိုက်မှုများ ရပ်တန့်ရန်၊ မြန်မာပြည်သူများ၏ မဲဆန္ဒကို လေးစားလိုက်နာရန်၊ လူ့အခွင့်အရေးနှင့် တာဝန်ခံမှုစံနှုန်းများကို လိုက်နာရန်၊ လူသားချင်းစာနာမှု အကူအညီများ အကန့်အသတ်မရှိ ခွင့်ပြုပေး ရန်၊ မတရား ဖမ်းဆီး ထိန်းသိမ်းထားသူများအား ပြန်လွှတ်ပေးရန်၊ ရိုဟင်ဂျာဒုက္ခသည်များနှင့် ပြည်တွင်းနေရပ်စွန့်ခွာသူ များ အနေဖြင့် ၎င်းတို့၏ ဆန္ဒအလျောက် ဘေးကင်းလုံခြုံစွာ၊ သိက္ခာရှိစွာဖြင့် ရေရှည်တည်တံ့ခိုင်မြဲစွာ နေရပ်ပြန်လည် သွားရောက်နိုင်ရေး လိုအပ်သည့် အခြေအနေများကို ဖန်တီးပေးရန် စသည့် အချက်များ ပါဝင်ကြောင်း သိရသည်။
ကုလသမဂ္ဂတွင် ကိုယ်စားလှယ်နေရာအား ၂၀၂၂ ခုနှစ်ကုန်ခါနီး ဆက်လက်ဆုံးရှုံးခဲ့ပြီး ကမ္ဘာ့ကုလသမဂ္ဂတွင် နေရာပျောက်နေသော စစ်ကောင်စီ အတွက် နိုင်ငံရေးအရ ထပ်မံ ထိုးနှက်ချက်တခု ဖြစ်၏။
ဒုတိယအချက်မှာ မြန်မာနိုင်ငံမှ ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ဖက်ဒရယ် ဒီမိုကရေစီ တည်ဆောက်ရေးအတွက် တိုက် ပွဲ ဝင်နေကြသော တိုင်းရင်းသားလက်နက်ကိုင်များအား နည်းပညာနဲ့ လူကိုသေစေခြင်းမရှိသော အကူအညီမျိုး ထောက်ပံ့ ပေးမည့် အမေရိကန် အမျိုးသား ကာကွယ်ရေး လုပ်ပိုင်ခွင့် အက်ဥပဒေ (NDAA) -၂၀၂၃ ကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလထဲ တွင် အမေရိကန် အောက်နှင့်အထက် လွှတ်တော်နှစ်ရပ်က အတည်ပြုခဲ့ပြီးနောက် ဒီဇင်ဘာ ၂၂ ရက်တွင် အမေရိကန် သမ္မတက လက်မှတ်ထိုး အတည်ပြုလိုက်ပြီ ဖြစ်သည်။
အဆိုပါ ဥပဒေအရ လက်ရှိ NUG ၊ NUCC ၊ CRPH နဲ့ CDM များ၏ လုပ်ဆောင်ချက်များကို ကူညီပေးရမည်ဆိုသည့် အချက်မှာ အမေရိကန်အစိုးရအနေနှင့် NUG ၊ NUCC ၊ CRPH ၊ CDM တို့အပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ EAO များအား တရားဝင်အသိမှတ်ပြု၍ ဆက်ဆံကူညီမည်ဆိုသည့် အဓိပ္ပါယ်ရသည်ဖြစ်ရာ စစ်ကောင်စီအတွက် ထိုးနှက်ချက်တခုဖြစ်သည်။
ထို့ပြင် အမေရိကန်၏ ပေါ်လစီအရ နည်းပညာပိုင်း Technical Assistance များ အကူအညီ ပေးမှာဖြစ်ပြီး EAO နဲ့ PDF များအတွက် Non-lethal support (လူကို သေစေနိုင်ခြင်း မရှိသောအထောက်အပံ့)ဟု ပြောဆိုထားခြင်းသည် အလွန်ကျယ်ပြန့်စွာ အဓိပ္ပါယ်ဖွင့်ဆိုရမည့် ကိစ္စတခုလည်း ဖြစ်သည်။
အမေရိကန်၏ NDAA-၂၀၂၃ တွင် မြန်မာပြည်တဝှမ်းရှိ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများအတွင်း ရုရှား ထုတ် တိုက်လေယာဉ်နှင့် စစ်ရဟတ်ယာဉ်တွေကို အသုံးပြုနေသည့်အတွက် စစ်ကောင်စီအား လက်နက်တင်သွင်းမှု ပိတ်ဆို့ရေး ကို ကြိုးစားသွားမည့် အကြောင်းလည်း ဖော်ပြထားသည်။
ထို့ပြင် စစ်ကောင်စီအား ကူညီထောက်ပံ့နေသော ရုရှားနှင့် တရုတ်နိုင်ငံတို့အား တာဝန်ခံမှု ရှိစေရန် သတိပေးထားပြီး စစ်ကောင်စီကို အရေးယူရာတွင် ရုရှားနဲ့ တရုတ်ကပါ လက်ခံလာအောင် ဖိအားပေးသွားမည်ဟုလည်း ဖော်ပြထားသည်။
ထို့ပြင် စစ်တပ် အာဏာသိမ်းပြီးတဲ့နောက် ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးရန်၊ ရွေးကောက်ခံ အစိုးရကို အာဏာ ပြန်အပ်ရန်၊ ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရသူများအား တရားစွဲဆိုခြင်းများအား ရုပ်သိမ်းရန်၊ ၂၀၀၈ – အခြေခံဥပဒေအား ပြင်ဆင်ရန်၊ လွှတ်တော်တွင်းရှိ စစ်သား ၂၅ ရာခိုင်နှုန်း ပြန်ထွက်ရန် စသည့်အချက်များကိုလည်း အမေရိကန် အမျိုးသား ကာကွယ်ရေးလုပ်ပိုင်ခွင့် အက်ဥပဒေ ၂၀၂၃ မှာ ထည့်သွင်း တောင်းဆို ပြဌာန်းထားပါသည်။
သို့ဖြစ်ရာ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်သည် နိုင်ငံရေးအရ ထိုးနှက်ချက်ချက် သက်သက်သာ ဖြစ်သည်။
လက်တွေ့ခြေလှမ်းမရှိဟု ယူဆ၍ရသော်လည်း အမေရိကန် အမျိုးသားကာကွယ်ရေး လုပ်ပိုင်ခွင့် ဥပဒေ -၂၀၂၃ ကိုတော့ ထိုသို့ဆို၍ မရတော့ပေ။ စစ်ကောင်စီ၏ ပြင်းထန်ရက်စက်စွာ ဖိနှိပ်ရမ်းကားတိုက်ခိုက်မှုခံနေရသော NUG/PDF/EAO များဘက်မှ ဗြောင်အတိအလင်း လက်တွေ့ကျကျ ပြန်လည်မဲတင်းပေးလိုက်သည့် ခြေလှမ်းဖြစ်သည်ဟု ဆိုရမည်။
ထို့ပြင် ကုလသမဂ္ဂဆုံးဖြတ်ချက်နှင့် အမေရိကန် အက်ဥပဒေတို့သည် အကြောင်းမဲ့ ထွက်ပေါ်လာသည် မဟုတ်ပေ။ ၂၀၂၁ နှင့် ၂၀၂၂ ခုနှစ်များ အတွင်း စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်မှုအား ပြည်သူလူထု၏ ကျားကုပ်ကျားခဲ ကြံ့ကြံ့ခံ တွန်းလှန် တိုက်ခိုက်မှုများမှ ပေါ်ထွက်လာသည့် ရလဒ်များဖြစ်သည်။
ပြည်တွင်းရှိ ပြည်သူလူထု၏ တော်လှန်မှုများက သံခင်းတမန်ခင်းကို အားဖြည့်ပေးလိုက်ခြင်း ဖြစ်သည်။ ကမ္ဘာနှင့် အာဆီယံ တို့တွင် မြန်မာ စစ်ကောင်စီမှာ မျက်နှာမရသော်လည်း စစ်ကောင်စီ၏ နိုင်ငံခြားရေး ဝန်ကြီးဌာနသည် များစွာ အလုပ်များခဲ့ရသည်။ ထုတ်ပြန်ချက်ပေါင်းများစွာဖြင့် နောက်မှ လိုက်လံ၍ ဖြေရှင်းခဲ့ရသည်။
တတိယအချက်အနေနှင့် အာဆီယံ၏ ဆုံးဖြတ်ချက်များ ဖြစ်သည်။ ၂၀၂၂ ခုနှစ် ကမ္ဘောဒီယား ဥက္ကဌ ပြုလုပ်ခဲ့သည့် အာဆီယံ၏ မြန်မာ့အရေးနှင့် ပတ်သက်၍ တနှစ်တာ ဆုံးဖြတ်ချက်များသည် ပြတ်သားသည်။ စစ်ကောင်စီဘက်မှ အသာမရဟု ဆိုမည်ဖြစ်သည်။
အာဆီယံ ဆုံးဖြတ်ချက် ၅ ချက်အား စစ်ကောင်စီမှ လိုက်နာမှုမရှိဟု ဆုံးဖြတ်ထားပြီး အာဆီယံ ဥက္ကဌ၊ နိုင်ငံခြားရေးဝန်ကြီးတို့သာမက ကာကွယ်ရေးဝန်ကြီးအထိပါ အာဆီယံ အစည်းအဝေးတက်ခွင့် ရပ်ဆိုင်းထားခံရသည်။
နှစ်ကုန်ပိုင်း ကမ္ဘောဒီယားကိုယ်စားလှယ် တတိယအကြိမ်လာရောက်မည့် အစီအစဉ်ကိုပင် ဖျက်သိမ်းပြီး ၂၀၂၃ ခုနှစ် အာဆီယံ ဥက္ကဌ ဖြစ်လာမည့် အင်ဒိုနီးရှားမှ ဆက်လက်ကိုင်တွယ်မည်ဟု ကြေညာခဲ့သည်ကို တွေ့ရသည်။
သို့ဖြစ်ရာ ၂၀၂၂ ခုနှစ် သံခင်းတမန်ခင်းတွင် ကမ္ဘာစင်မြင့်တွင်လည်းကောင်း၊ အာဆီယံစင်မြင့်တွင်လည်းကောင်း စစ်ကောင်စီသည် နေရာမရဘဲ ဘေးဖယ်ထုတ်ထားခံရသည်ကို မြင်တွေ့နေရသည်။ သို့သော်လည်း ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်နေ့တွင် သံတမန်ရေးအရ ထူးခြားဖြစ်စဉ်တခုကို မြင်တွေ့ရသည်။
၎င်းမှာ ထိုင်းနိုင်ငံက ဦးဆောင်ပြုလုပ်သည့် အလွတ်သဘော တွေ့ဆုံ ဆွေးနွေးပွဲတခု ဖြစ်သည်။
ယင်းဆွေးနွေးပွဲသို့ ထိုင်းနိုင်ငံ ဒုဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမွတ်ဝီနိုင်း၊ ကမ္ဘောဒီးယား ဒုဝန်ကြီးချုပ်နှင့် နိုင် ငံခြားရေးဝန်ကြီး ပရက်ဆွတ်ခွန်း၊ လာအိုနိုင်ငံခြားရေးဝန်ကြီး ဆလုံး ဆေးကိုမာဆစ်နှင့် ဗီယက်နမ်နိုင်ငံ နိုင်ငံခြားရေး ဒု ဝန်ကြီး ဒိုဟုန်ဗီယက်တို့ တက်ရောက်ခဲ့သည့် ဆွေးနွေးပွဲတခုဖြစ်ပြီး ထိုင်းနိုင်ငံတွင် ပြုလုပ်ခဲ့၏။
ထိုဆွေးနွေးပွဲသို့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီး ဒေါက်တာ ကံဇော်နှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ကိုကိုလှိုင်တို့ တက်ရောက်ခဲ့ကြောင်း စစ် ကောင်စီဘက်က သတင်းထုတ်ပြန်သည်။
သို့သော် ယင်းအစည်းအဝေးတွင် မြန်မာစစ်ကောင်စီကို ဝေဖန်နေသည့် အင်ဒိုနီးရှား၊ မလေးရှား၊ စင်္ကာပူနိုင်ငံနှင့် ဖိလစ်ပိုင် နိုင်ငံတို့မှ ကိုယ်စားလှယ်များ တက်ရောက်ခြင်း မရှိပေ။
ထိုင်းနိုင်ငံက ကမကထပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Kanchana Patarachoke က ဆွေးနွေးပွဲသည် အာဆီယံ အစည်းအဝေး မဟုတ်သော်လည်း မြန်မာ့အရေး ငြိမ်းချမ်းသည့် နိုင်ငံရေးဆုံးဖြတ်ချက် ရှာဖွေနိုင်ရန် အာဆီယံ၏ လက်ရှိ စုပေါင်းကြိုးပမ်းမှုကို အားဖြည့်နိုင်ရေး ရည်ရွယ်ကြောင်း ကြေညာချက် ထုတ်ပြန် ပြောဆိုသည်။
ထိုဆွေးနွေးပွဲမှ ထူးခြားသည့် ရလဒ်ထွက်ပေါ်ခြင်းမရှိဟု ရိုက်တာသတင်းဌာနက ဖော်ပြသည်ကို တွေ့ရ၏။
မည်သို့ဖြစ်စေ ထိုအစည်းအဝေးသည် မြန်မာ့အရေးနှင့် ပတ်သက်၍ ၂၀၂၂ ကုန်ပိုင်းတွင် တွေ့ရသည့် ထူးခြားချက် ဖြစ် သည်။ ဤအစည်းအဝေးကို ခေါ်ဆိုသည်က ထိုင်းနိုင်ငံဖြစ်၏။
သဘောထားတင်းမာသည့် အာဆီယံနိုင်ငံများနှင့် မတူသည့် သဘောထား ထိုင်းတွင် ရှိပုံရသည်။ ဤသည်မှာ နိုင်ငံခြား ရေးနှင့် ပတ်သက်၌ ထိုင်းတို့ တလျှောက်လုံး ကျင့်သုံးလာခဲ့သည့် ပျော့ပြောင်းသည့် ပေါ်လစီ၏ တစိတ်တပိုင်း ဖြစ်သကဲ့သို့ မြန်မာနှင့် နယ်စပ်ချင်း မိုင်ပေါင်းများစွာ ဆက်စပ်နေသည့် နိုင်ငံတနိုင်ငံ၏ စဉ်းစားမှုလည်း ဖြစ်သည်။
ထိုင်းနိုင်ငံ၏ နယ်စပ်တလျောက်တွင် မြန်မာပြည်မှ လက်နက်ကိုင်အဖွဲ့များစွာရှိသည်။ မြောက်ဖက်မှ တောင်ဖက်အထိ UWSA ၊ KNPP – KA ၊ KNDF ၊ KNU-KNLA ၊ DKBA ၊ KNU-PC ၊ NMSP ၊ NUG-PDF တို့အပြင် ဒေသခံ ကာကွယ်ရေး အဖွဲ့များ လှုပ်ရှားနေကြသည်။
သို့ဖြစ်ရာ နယ်စပ်တလျောက် စစ်ရေးအရှိန် မြင့်မားလာပါက စစ်ရေးအရ လည်းကောင်း၊ စီးပွားရေးအရ လည်းကောင်း ထိခိုက်မည်ကို ထိုင်းတို့ သတိထားပုံရသည်။ ဤအချက်နှင့် ပတ်သက်၍ ထိုင်းသာမက တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် စသည့် မြန်မာနိုင်ငံနှင့် နယ်စပ်ခြင်း ဆက်စပ်နေသည့် နိုင်ငံများသည်လည်း အလားတူ သတိထားကြသည်။
နယ်နမိတ်ဆက်စပ်မှုနည်းသော လာအိုတနိုင်ငံသာ သိပ်မသိသာဟု ဆိုရမည်။ သို့သော်လည်း ထိုင်း မြန်မာ နယ်စပ်တလျောက် လက်နက်ကိုင်ပုန်ကန်မှုများ ရှိနေ၍ ထိုင်း စီးပွါးရေးကို ထိခိုက်သည်တော့ မဟုတ်ပေ။
၁၉၇၀ ခုနှစ်ပိုင်းများကစ၍ ထိုင်းပစ္စည်းများ မြန်မာပြည်သို့ အလုံးအရင်းနှင့်မှောင်ခိုဝင်သည့်ကာလတွင် ထိုင်း-မြန်မာ နယ်စပ်တလျောက် တိုင်းရင်းသားလက်နက်ကိုင်များက စိုးမိုးထားနိုင်ပြီး မြန်မာစစ်တပ်က ထိန်းချုပ်ထားနိုင်ခြင်း မရှိသေးသော ကာလက ဖြစ်သည်။
လက်ရှိတွင်လည်း စစ်ကောင်စီ အာဏာသိမ်းပြီး ၂ နှစ်အတွင်း ထိခိုက်မှုထက် အကျိုးအမြတ်အရှိဆုံးမှာ ထိုင်းနိုင်ငံ ဖြစ်သည်။
ပထမအချက် ၂၀၂၁ ခုနှစ်မှစ၍ စစ်ကောင်စီအား ဆန့်ကျင်သည့် မြန်မာပြည်တွင်းမှ အင်အားစုများ ထိုင်းနိုင်ငံ နယ်စပ်နှင့် ထိုင်းနိုင်ငံတွင်းသို့ ရောက်ရှိလာကြသော်လည်း ၁၉၈၈ ခုနှစ်ကာလနှင့် ကွာခြားသည်။
၁၉၈၈ ခုနှစ်ကကဲ့သို့ ဒုက္ခသည်စခန်းများ ဖွင့်လှစ်တာဝန်ယူစရာမလိုပေ။ ယခုခေတ်ကာလ ခိုလှုံလာသူ တဦးချင်းအရ သော်လည်းကောင်း၊ အဖွဲ့အစည်းအရသော်လည်းကောင်း တစုံတရာ ငွေကြေးသုံးစွဲနိုင်သည့်၊ တတ်နိုင်သည်ဖြစ်ရာ ထိုင်း နိုင်ငံအတွက် ဝန်မပိပေ။
ထိုခိုလှုံလာသူများသည် ငွေကြေးအရင်းအနှီးရှိသူများ၊ အတတ်ပညာရှိသူများဖြစ်ရာ ထိုင်း လူ့အဖွဲ့အစည်းအတွင်း စီးပွားရေး လုပ်ကိုင်နိုင်သူများဖြစ်သဖြင့် ထိုင်းအတွက် အကျိုးရှိသော အခြေအနေဖြစ်သည်။
ဒုတိယအချက်အနေနှင့် စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာပြည်မှ စီးပွားရေးသမားများ၊ ပညာတတ်များစွာ တိုင်းပြည်ကို စွန့်ခွာကြသည်။ အတော်များများသည် ထိုင်းသို့ တရားဝင်လမ်းမှ ပြောင်းရွှေ့ကြ၏။ ထိုင်းတွင် ကွန်ဒိုများဝယ်ကြ၏။ ကုမ္ပဏီများဖွင့်ကြသည်။ အရင်းအနှီးများ ထိုင်းသို့ရွှေ့ကြ၏။ ထိုင်းသို့ တက္ကသိုလ်လာတက်သူများသာမက မူလတန်းမှ အလယ်တန်း၊ အထက်တန်း လာတက်ကြသည်။
ထိုင်းသို့ မြန်မာပြည်မှ ငွေကြေးအရင်းအနှီးနှင့် ပညာတတ်များစီးဝင်၏။ ယခင်ကဲ့သို့ လုပ်အားစိုက် ထုတ်သော မြန်မာလုပ်သားများ ဝင်လာသည်နှင့် ကွာခြားသည်။
ထို့ပြင် မြန်မာပြည်တွင်း၌ ဆက်လက်နေထိုင်ကြသောသူများသည်လည်း ထိုင်းနိုင်ငံဘဏ်များတွင် ဘဏ်စာရင်းများ သွားရောက်ဖွင့်လှစ်ထားကြသည်။ စစ်ကောင်စီနှင့် မြန်မာပြည်ဘဏ်များကို အယုံအကြည်မရှိသဖြင့် ထိုင်းဘဏ်များသို့ မြန်မာပြည်မှ စုဆောင်းငွေများ လှိမ့်ဝင်နေသည်။
ယုတ်စွအဆုံး မြန်မာပြည်သားတို့ မြန်မာထီ မထိုးကြဘဲ ထိုင်းထီထိုးကြပြီး ထိုင်းဘဏ္ဍာကို ဖြည့်တင်းပေးနေသည်။
တတိယအချက်အနေနှင့် ကုန်သွယ်မှု ဖြစ်သည်။ ၂၀၂၁/၂၂ အတွင်း တရုတ်က ကိုဗစ်ကန့်သတ်ချက်များ မဖြုတ်ခင် အချိန်ထိ မြန်မာ့လယ်ယာထွက်သီးနှံများ ထိုင်းနယ်စပ်ကိုဖြတ်၍ ပင်လယ်လမ်းမှ တရုတ်ပြည်ကို ပို့ကြသည်။
ထို့ပြင် စစ်ကောင်စီ လက်ထက် နိုင်ငံခြားငွေ ကန့်သတ်မှုများကြောင့် တရုတ်မှ တင်သွင်းလိုသော ကုန်များကို တရားဝင် သွင်းခွင့်မရကြတော့သဖြင့် ပင်လယ်လမ်းဖြင့် ထိုင်းသို့ သယ်သည်။ ထိုင်းဆိပ်ကမ်းမှဆင့် နယ်ခြားလမ်းများမှ မြန်မာပြည်သို့ မှောင်ခိုပြန်သယ်ကြသည်။
ယခုအခါ သံလွင်တံတား၊ စစ်တောင်းတံတားတို့တွင် စစ်တပ်မှ ဗျူဟာမှူးအဆင့်များ ကိုယ်တိုင်ထိုင်ပြီး လိုင်းကြေး တောင်း နေကြ၏။ လက်နက်စစ်သည့် အိပ်စရေးစက်ကို ဖြတ်ရန်ကြာသည်ဟု အကြောင်းပြနေကြသော်လည်း တကယ်တမ်းအားဖြင့် ထိုင်းကဝင်သည့် ကုန်များအား လိုင်းကြေးတောင်းနေသည်က အဓိကဖြစ်၏။
သို့ဖြစ်ရာ ဤအကြိမ် မြန်မာ့ပြည် ပဋိပက္ခတွင် ထိုင်းက နစ်နာသည်ထက် အကျိုးအမြတ်ပိုများသည်။ သို့သော်လည်း နယ်စပ်ခြင်း ဆက်စပ်နေသော အိမ်နီးချင်းနိုင်ငံတခု၏ စဉ်းစားမှုမှာ အဝေးရှိနိုင်ငံများနှင့် စဉ်းစားမှုတချို့တော့ ကွာပေလိမ့်မည်။ အကြောင်းမှာ တိုက်ရိုက်သက်ရောက်မှု အချို့အား ၎င်းတို့ရင်ဆိုင်ဖြေရှင်းရ၍ ဖြစ်သည်။
သို့သော် ထိုင်း၏ သဘောထားကို အင်ဒိုနီးရှား၊ မလေးရှား၊ စင်္ကာပူ၊ ဖီလစ်ပိုင်၊ ဘရူနိုင်းတို့ လက်ခံရန် ခက်ခဲသည်။ အာဆီယံ၏ သဘောထားပြောင်းရန် ခက်ခဲသည်။ တဖက်ကလည်း လက်တွေ့တွင် ထိုင်းသည် မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားသူများကို ခေတ်အဆက်ဆက်လက်ခံထားသည်။ ၎င်းနိုင်ငံမှတဆင့် တတိယနိုင်ငံသို့ ထွက်ခွာခွင့်ပေးသည်။
သို့သော် ယခုအခါ အထူးသဖြင့် မြန်မာအရေးနှင့်ပတ်သက်၍ အမေရိကန်အက်ဥပဒေ ထွက်လာပြီးနောက် ထိုင်းတို့ ပို သတိထားမည်ဖြစ်၏။ ထိုင်းအပြင် မြန်မာနှင့် နယ်နမိတ်ချင်း မိုင်ပေါင်းများစွာ ဆက်စပ်နေသည့် တရုတ်တို့သည်လည်း အထူး သံတမန်အသစ်တဦး ခန့်ထားပြီး မြန်မာ့အရေးကိုပို၍ အာရုံစိုက်လာနိုင်သည်။
မည်သို့ပင်ဖြစ်စေ ၂၀၂၂ ခုနှစ် ကုန် သံခင်းတမန်ခင်းကို သုံးသပ်ရပါက ၂၀၂၃ ခုနှစ်သည် စစ်ကောင်စီ အတွက် သံတမန် အကြပ်အတည်းထဲတွင်ရှိသည်။ ထွက်ပေါက်ပိတ်နေသည်။
မြန်မာ့ဒီမိုကရေစီ အင်အားစုများဘက်က သံခင်းတမန်ခင်း အသာရနေသည်။ မြန်မာ့ဒီမိုကစီရေး သံခင်းတမန်ခင်း ကိုင် တွယ်သူများအနေနှင့် အိမ်နီးချင်းနိုင်ငံများ၏ စိတ်ပူပန်မှုကို နားလည်ရန် လိုသည်။
မိမိတို့ကို အပြည့်အဝထောက်ခံသူများအား လှိုက်လှဲစွာ ကြိုဆိုသကဲ့သို့ အိမ်နီးချင်းနိုင်ငံများ၏ ပူပန်များကိုလည်း နားလည်ပေးရန်၊ ဖြေသိမ့်ပေးရန် လိုသည်။ သံခင်းတမန်ခင်း ဆိုသည်မှာ သိမ်မွေ့သည့် အနုပညာတရပ် ဖြစ်သည်။
ထို့ပြင် မြန်မာ့ဒီမိုကရေစီရေး အင်အားစုများ၏ သံခင်းတမန်ခင်းအောင်မြင်မှုသည် ပြည်တွင်းရှိလူထု၏ ကြံ့ကြံ့ခံ တိုက်ပွဲဝင်မှုအပေါ်က အောင်မြင်မှုရခြင်း ဖြစ်သည်ကို စွဲမြဲစွာ မှတ်ယူထားရန် လိုပါသည်။
မြန်မာ့အရေးကို သံခင်းတမန်ခင်းနှင့် သွားလျှင်ရပြီ၊ ပြည်တွင်း၌ တိုက်ခိုက်နေစရာမလိုဟု ယူဆပါက ထိုသံခင်း တမန်ခင်း သည် အချိန်မရွေး ကျဆုံးသွားနိုင်သည်ကို သတိပြုရန်လိုသည်။
ဆိုရှယ်မီဒီယာများမှကူးယူဖော်ပြခြင်းဖြစ်ပါသည်။မူရင်းရေးသားသူအားခရက်ဒစ်ပေးပါသည်။