ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ မြန်မာ့အရေးဆုံးဖြတ်ချက်ကို ဒီဇင်ဘာ ၂၁ ရက်တွင် တရုတ်နှင့် ရုရှားတို့ ကန့်ကွက်မှုမရှိဘဲ ချလိုက်နိုင်ခြင်းကြောင့် မြန်မာနိုင်ငံနှင့် ပတ်သက်သည့်ကုလ၏ ပထမဆုံး သမိုင်းဝင်ဆုံးဖြတ်ချက် ဖြစ်လာခဲ့သည်။
ကုလလုံခြုံရေးကောင်စီတွင် မြန်မာစစ်တပ်ကို အစဉ်တစိုက် အကာအကွယ်ပေးခဲ့ကြသည့် တရုတ်နှင့် ရုရှားနိုင်ငံတို့က ယခုတစ်ကြိမ်တွင် ဗီဒိုအာဏာသုံး ကန့်ကွက်ခြင်းမရှိဘဲ ကြားနေခဲ့သဖြင့် ထိုဆုံးဖြတ်ချက်ကို ချမှတ်နိုင်ခဲ့ခြင်း ဖြစ်သည်။
လုံခြုံရေးကောင်စီတွင် မြန်မာ့အရေး ဆုံးဖြတ်ချက်တစ်ခုခု ချမည့်အကြိမ်တိုင်းတွင် တရုတ်နှင့် ရုရှားနိုင်ငံတို့က မြန်မာနိုင်ငံသည် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ခြိမ်းခြောက်နေခြင်း မဟုတ်ဘဲ ပြည်တွင်းရေးသာဖြစ်သည်ဟူသည့် အကြောင်းပြချက်ဖြင့် အစဉ်တစိုက် ကန့်ကွက်ခဲ့ကြသည်။
ယခု ဆုံးဖြတ်လိုက်သည့် ကုလ၏ဆုံးဖြတ်ချက်တွင် စစ်ကောင်စီအနေဖြင့် လူ့အခွင့်အရေးများ လေးစားလိုက်နာရန်၊ ဖမ်းဆီးထားသူများအားလုံး ချက်ချင်းလွှတ်ပေးရန်၊ လူသားချင်းစာနာမှု အကူအညီများ အတားအဆီးမရှိပေးနိုင်ရန်၊ လူနည်းစုတိုင်းရင်းသားများကို အကာအကွယ်ပေးရန်တို့ ပါဝင်သည်။
ထိုဆုံးဖြတ်ချနိုင်ရန် လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် ဗြိတိန်နိုင်ငံ အဓိက ပြင်ဆင်တင်သွင်းခဲ့ပြီး၊ ကောင်စီ၏ဆုံးဖြတ်ချက်အမှတ် S/RES/2669(2022) ကို အဖွဲ့ဝင် ၁၅ နိုင်ငံအနက် ၁၂ နိုင်ငံက ထောက်ခံမဲ ပေးခဲ့ကြသည်။
ကြားနေမဲပေးသည့် နိုင်ငံများတွင် ကုလလုံခြုံရေးကောင်စီ၏ အလှည့်ကျဥက္ကဋ္ဌ မြန်မာ့အိမ်နီးချင်း ဒီမိုကရေစီနိုင်ငံကြီး အိန္ဒိယနိုင်ငံလည်း ပါဝင်သည်။ အိန္ဒိယသည် အာဏာသိမ်းစစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်နေသဖြင့် ၂၀၂၃ ခုနှစ်တွင် အာဆီယံ အလှည့်ကျဥက္ကဋ္ဌဖြစ်လာမည့် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး၏ သတိပေးခြင်းခံထားရသည်။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ နိုင်ငံအတွင်း အကြမ်းဖက်မှုများ၊ နိုင်ငံရေးအကျဉ်းသားအများအပြား ရှိနေခြင်း၊ နိုင်ငံရေးအကျဉ်းသားများကို သေဒဏ်ပေးခြင်းတို့အတွက် ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းအသီးသီးက အခြေအနေကို စိုးရိမ်ကြောင်းသာ အကြိမ်ကြိမ် ကြေညာချက်ထုတ်နိုင်ခဲ့ကြသည်။ သို့သော် ယခု ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ၉၂၃၁ ကြိမ်မြောက် အစည်းအဝေးကမူ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်ကို သမိုင်းဝင် ချမှတ်နိုင်ခဲ့သည်။
ဗြိတိန်သံအမတ်၏ မြန်မာ့အရေးရပ်တည်ချက်
မြန်မာအရေးဆုံးဖြတ်ချက်မူကြမ်း တင်သွင်းခဲ့သည့် ဗြိတိန်သံအမတ်ကြီးက ဗြိတိန်နိုင်ငံ၏ ရပ်တည်ချက်ကို ပထမဆုံး ပြောရာတွင် “ဒီနေ့ မြန်မာနိုင်ငံဆိုင်ရာ လုံခြုံရေးကောင်စီ၏ ပထမဆုံး ဆုံးဖြတ်ချက်ကို ချမှတ်နိုင်ခဲ့ပါတယ်။ ဒါဟာဆိုလို့ရှိရင် ကောင်စီ၏အဖွဲ့ဝင်နိုင်ငံများ၊ အာဆီယံနိုင်ငံများ၊ အခြားအဓိကကျတဲ့ ဒေသဆိုင်ရာမိတ်ဖက်များနှင့် ရက်သတ္တပတ်ပေါင်းများစွာ ဂရုတစိုက် ဆွေးနွေးပြင်ဆင်ခဲ့မှုများ၏ ရလဒ် ဖြစ်ပါတယ်” ဟု ပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၁၁ ရက်က ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပခဲ့သည့် အာဆီယံ ထိပ်သီးအစည်းအဝေးတွင်လည်း မြန်မာ့အရေးနှင့် ပတ်သက်၍ အာဆီယံ၏ ကြားဝင်ဖြေရှင်းမှုကို ကုလသမဂ္ဂနှင့် မိတ်ဖက်နိုင်ငံများကကူညီရန် ဆုံးဖြတ်ခဲ့ကြသည်။ ယခု ကုလလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်သည် အာဆီယံခေါင်းဆောင်များ၏ တောင်းဆိုချက်ကို တုန့်ပြန်ခြင်းဟု ကုလအဖွဲ့ဝင်နိုင်ငံအချို့က ထုတ်ဖော်ပြောကြားခဲ့ကြသည်။
ထို့ကြောင့် လုံခြုံရေးကောင်စီသည် ဒေသတွင် တည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေးကိစ္စများတွင် ဒေသဆိုင်ရာ အဖွဲ့အစည်းများ၏ အခန်းကဏ္ဍကို ဦးစားပေးပြီး၊ ထိုအဖွဲ့အစည်းများက ဖြေရှင်းဆောင်ရွက်နိုင်စွမ်း မရှိတော့မှသာ လုံခြုံရေးကောင်စီက အရေးယူဆောင်ရွက်သည့် ပုံသဏ္ဌာန်ကို ကမ္ဘာ့ရေးရာများ ကိုင်တွယ်ဖြေရှင်းရာတွင် ကျင့်သုံးလာသည်ကို တွေ့ရသည်။
တရုတ်သံအမတ်၏ မြန်မာ့အရေးရပ်တည်ချက်
လုံခြုံရေးကောင်စီ၏ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်ကို ယခုတစ်ကြိမ်တွင် အစဥ်အလာမှ ခွဲထွက်ပြီး ကြားနေမဲပေးခဲ့သော တရုတ်နှင့်ရုရှား နိုင်ငံတို့၏ ရပ်တည်များက စိတ်ဝင်စားစရာကောင်းခဲ့သည်။ သို့သော် ဆုံးဖြတ်ချက်မချနိုင်ရန်နှင့် မဲခွဲဆုံးဖြတ်မည် ဆိုပါကလည်း စစ်ကောင်စီကို အရေးယူမည့်အချက်များ မပါဝင်ဘဲ အပျော့ပြောင်းဆုံး ဆုံးဖြတ်ချက်များ ဖြစ်စေရန် နောက်ဆုံးအချိန်ထိ ကြိုးပမ်းခဲ့ကြောင်း တွေ့ရှိရသည်။
တရုတ်သံအမတ်က ယခုဆုံးဖြတ်ချက်နှင့် ပတ်သက်ပြီး တရုတ်နိုင်ငံ၏ရပ်တည်ချက်ကို ပြောရာတွင် “ဆုံးဖြတ်ချက်မူကြမ်းကို မဲခွဲဆုံးဖြတ်ဖို့ တင်သွင်းခဲ့မှုအပေါ် စိုးရိမ်ခဲ့ပါတယ်။ ဆုံးဖြတ်ချက်အစား ကောင်စီဥက္ကဋ္ဌရဲ့ ကြေညာချက်က ပိုပြီးသင့်လျော်တယ်လို့ ယုံကြည်ပါတယ်။ ဆုံးဖြတ်ချက်ကို ပြင်ဆင်ထားပေမယ့် အသုံးအနှုန်းတွေက ဘက်ညီမှု မရှိတဲ့အတွက် ကြားနေခဲ့ခြင်း ဖြစ်ပါတယ်” ဟု ပြောသည်။
သူ၏ ပြောကြားချက်အရ တရုတ်နိုင်ငံသည် မြန်မာစစ်ကောင်စီကို ယခင်ကကဲ့သို့ ဗီတိုအာဏာသုံး ကာကွယ်ပေးခဲ့ခြင်း မရှိသော်လည်း လုံခြုံရေးကောင်စီတွင် ဆုံးဖြတ်ချက်အဖြစ် မချမှတ်နိုင်ရန် စစ်ကောင်စီဘက်ရပ်ကာ သံတမန်ရေးအရ နောက်ဆုံးအချိန်အထိ ကြိုးပမ်းခဲ့သည်ကို အထင်အရှား တွေ့မြင်ရသည်။
ထို့အပြင် စစ်ကောင်စီ၏ နိုဝင်ဘာလအတွင်းက အကျဉ်းသားအချို့ လွှတ်ပေးမှုကို အသိအမှတ်ပြုပေးရန် တရုတ်သံအမတ်က တောင်းဆိုခဲ့ပြီး၊ မြန်မာ့အရေးကို မြန်မာကိုယ်တိုင် ဖြေရှင်းသင့်ကြောင်းဆိုပြီး အချိန်တိုအတွင်း အောင်မြင်မှုမရနိုင်ဟုလည်း ထည့်ပြောသွားခဲ့သည်။
“မြန်မာ့အရေးက အလျင်အမြန်ဖြေရှင်းနိုင်မည့် နည်းလမ်းမရှိပါဘူး၊ ပြင်ပနိုင်ငံများက ဝင်ရောက် ဖြေရှင်းတာထက် မြန်မာကိုယ်တိုင်က ဖြေရှင်းရမှာပါ။ ဒီမိုကရေစီအသွင်ကူးပြောင်းရေနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဘယ်အရာကမှ အချိန်တိုအတွင်း အောင်မြင်ရရှိနိုင်မှာ မဟုတ်ပါဘူး။ ဒီနှစ်ခုစလုံး အောင်မြင်ဖို့ အချိန်၊ စိတ်ရှည်မှုနဲ့ လက်တွေ့ကျမှုတို့ လိုအပ်ပါတယ်။”
“လက်ရှိအကျပ်အတည်းက လွန်မြောက်ဖို့ဆိုရင် မြန်မာနိုင်ငံအတွင်း ဘက်အသီးသီးက ပြည်သူတွေရဲ့ အခြေခံအကျဆုံး အကျိုးစီးပွားကို ဖော်ဆောင်ဖို့လိုပြီး၊ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဥပဒေဘောင်အတွင်း ညှိနှိုင်းဆွေးနွေးမှုတွေကို တိုးမြှင့်လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ နိုင်ငံရေးပြန်လည်သင့်မြတ်ရေးအတွက် အကျဥ်းသား အမြောက်အများလွှတ်ပေးခဲ့မှုကို အသိအမှတ်ပြု အားပေးသင့်ပါတယ်” ဟု ပြောဆိုခဲ့သည်။
တရုတ်သံအမတ်ကြီး၏ ပြောဆိုချက်ထဲမှ နောက်ဆုံးအချက်သည် စစ်ကောင်စီ၏ အကျဥ်းသားလွှတ်ပြပြီး နိုင်ငံတကာ ထောက်ခံမှုရယူရန် ကြိုးပမ်းမှုကို ကောင်စီ၏ဆုံးဖြတ်ချက်တွင် ထည့်သွင်းနိုင်ရန် တရုတ်နိုင်ငံက ကြိုးပမ်းခဲ့ပုံရသည်။ ဆုံးဖြတ်ချက်တွင် ထိုအချက် ပါဝင်မလာသည့်အတွက် ဘက်ညီမှုမရှိဟုဆိုကာ ကြားနေမဲပေးခဲ့ခြင်းဟု လေ့လာသူတချို့က သုံးသပ်နိုင်ပါသည်။
ထိုအချက်ကို ထောက်ရှုခြင်းအားဖြင့် မြန်မာစစ်ဗိုလ်ချုပ်များ၏ တစ်ချိန်က ကမ္ဘာကိုလှည့်စားခဲ့သော အကျဉ်းသားအနည်းအကျဉ်းလွှတ်ပေးသည့် နည်းကဲ့သို့သော နည်းလမ်းဟောင်းများသည် ယခုအခါ ကုလသမဂ္ဂနှင့် အာဆီယံအဖွဲ့အစည်းများကို လှည့်စား၍မရနိုင်တော့ကြောင်း သိသာထင်ရှား သွားစေသည်။
ရုရှားသံအမတ်၏ မြန်မာ့အရေးရပ်တည်ချက်
ကုလသမဂ္ဂတွင် မြန်မာ့အရေးဆုံးဖြတ်ချက် တစ်ခုခု ချသည့်အခါတိုင်း ကန့်ကွက်မဲပေးခဲ့ပြီး ယခု ပထမဆုံး ကြားနေမဲပေးခဲ့သည့် ရုရှားသံအမတ်ကမူ မြန်မာ့အရေးသည် လုံခြုံရေးကောင်စီတွင် ဆွေးနွေးရမည့်ကိစ္စမဟုတ်ဘဲ မြန်မာသည် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို မထိပါးဟု ရုရှားနိုင်ငံ၏ ရပ်တည်ချက်ကို ပြောသည်။
“(မြန်မာ့အရေးကို) အထွေထွေညီလာခံ၏ တတိယကော်မတီတွင်သာ ဆွေးနွေးသင့်ပြီး၊ လုံခြုံရေးကောင်စီတွင် ဆွေးနွေးရမည့်အရေး မဟုတ်ကြောင်း၊ တပြိုင်နက်တည်းမှာပင် လူ့အခွင့်အရေး ကိစ္စများကို နိုင်ငံရေးအသွင်ဆောင်ရန် မလုပ်ဆောင်သင့်ကြောင်း၊ အဆိုမူကြမ်းကို ဆွေးနွေးရာတွင်လည်း အပြုသဘောမဆောင်ခဲ့ကြောင်း” ရုရှားသံအမတ်က ဝေဖန်သည်။
အဖွဲ့ဝင်အချို့သည် မြန်မာ့အရေးကို လုံခြုံရေးကောင်စီတွင် နိုင်ငံရေးအသွင်ဆောင်ရန် ကြိုးပမ်းနေကြပြီး၊ ထိုအပြူအမူများက အာဆီယံ၏ ကြားဝင်စေ့စပ်မှုကို နှောက်ယှက်နေခြင်းသာ ဖြစ်သည်။
ယခုဆုံးဖြတ်ချက်သည် အားလုံးသဘောတူညီသော ဆုံးဖြတ်ချက်မဟုတ် သို့သော် ရုရှားသည် ဆုံးဖြတ်ချက်ကို ပိတ်ဆို့မှုမပြုလုပ်ခဲ့ကြောင်းလည်း ရုရှားသံအမတ်က ထည့်ပြောသွားသည်။ ထို့အပြင် ၂၀၂၃ ခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲသည်သာ မြန်မာအတွက် အဖြေ ဖြစ်ကြောင်း ရုရှားသံအမတ်ကြီးက ကာကွယ်ပြောဆိုခဲ့သည်။
အမေရိကန်သံအမတ်၏ မြန်မာ့အရေးရပ်တည်ချက်
မြန်မာ့ဒီမိုကရေစီအရေးကို ထောက်ခံအားပေးပြီး စစ်ဗိုလ်ချုပ်များကို အဘက်ဘက်က ပိတ်ဆို့အရေးယူထားသည့် အမေရိကန်ပြည်ထောင်စုက ၎င်း၏ရပ်တည်ချက်ကို ထုတ်ဖော်ပြောဆိုရာတွင်
“ယခု ဆုံးဖြတ်ချက်ဟာ ပိုမိုပြင်းထန်တဲ့ နောက်ထပ်ဆုံးဖြတ်ချက်တွေရဲ့ ပထမခြေလှမ်း ဖြစ်ပါတယ်။ မြန်မာစစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ အကြမ်းဖက်မှုတွေက နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ခြိမ်းခြောက်နေတာ ရှင်းပါတယ်။ စစ်ကောင်စီရဲ့ လုပ်ရပ်တွေဟာ ဒေသတွင်းတည်ငြိမ်းရေးနဲ့ ဒုက္ခသည်များ ပြည်ပဆက်တိုက်ထွက်လာနေတာဟာ ဒေသတွင်းနိုင်ငံများကို သက်ရောက်မှုများရှိနေသလို၊ မြန်မာပြည်သူတွေ အလွန်အမင်း ခုက္ခခံစားနေရပါတယ်” ဟု ပြောကြားသွားခဲ့သည်။
ထို့အပြင် အရပ်သားများနှင့် အရပ်ဘက်အခြေခံဆောက်အအုံများကို (စစ်ကောင်စီက) တိုက်ခိုက်နေခြင်းကြောင့် ကလေးငယ်များနှင့် အမျိုးသမီးများအပါအဝင် အပြစ်မဲ့အရပ်သား ပြည်သူအများအပြား သတ်ဖြတ်ခံနေရခြင်းအပေါ် စိုးရိမ်ကြောင်း အမေရိကန်ကိုယ်စားလှယ်က ထောက်ပြပြောဆိုခဲ့သည်။
စစ်ကောင်စီကို လက်နက်ပိတ်ဆို့အရေးယူရေး ကုလသမဂ္ဂအထွေထွေညီလာခံက ချမှတ်ထားသည့် ဆုံးဖြတ်ချက်ကို လုံခြုံရေးကောင်စီက လစ်လျှူမရှုသင့်ကြောင်း၊ စစ်ကောင်စီထံ ဘဏ္ဍာရေး အရင်းအမြစ်များ မစီးဆင်းနိုင်ရန် ပိတ်ဆို့အရေးယူခြင်းက စစ်တပ်၏အကြမ်းဖက်မှုများ ရပ်တန့်ရေး အတွက် အရေးကြီးသော အချက်များဖြစ်ကြောင်း အမေရိကန်ကိုယ်စားလှယ်က ထောက်ပြပြောဆိုခဲ့ သည်။ မြန်မာနိုင်ငံတွင်း လက်နက်စီးဝင်မှုပိတ်ဆို့ရေး ဆုံးဖြတ်ချက်တွင် ပါဝင်သင့်ကြောင်း မက္ကဆီကိုနိုင်ငံကလည်း ဝေဖန်ထောက်ပြပြောဆိုခဲ့သည်။
ကုလကောင်စီ၏ အလှည့်ကျအဖွဲ့ဝင် ဘရာဇီးနိုင်ငံ ကိုယ်စားလှယ်ကမူ ၂၀၂၂ နှစ်ကုန်လုအချိန်တွင် ထွက်ပေါ်လာသော မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်သည် ကောင်စီ၏တစ်နှစ်ပတ်လုံး ချမှတ်ခဲ့သော ဆုံး ဖြတ်ချက်များထဲတွင် အခက်ခဲဆုံး ဆုံးဖြတ်ချက်တစ်ခုဖြစ်သည်ဟု ဆိုသည်။
ဆုံးဖြတ်ချက်မူကြမ်းကို ဆွေးနွေးကြစဥ် အားလုံးပါဝင်မှုကို အသေအချာလုပ်ဆောင်နိုင်ခဲ့ခြင်း၊ အာဆီယံ၏ ဦးဆောင်မှုကို အလေးထားသည့်အလျောက် အာဆီယံခေါင်းဆောင်များနှင့် ဆွေးနွေးညှိနှိုင်းမှုများ လုပ်ဆောင်နိုင်ခဲ့ခြင်းကို ချီးကျူးခဲ့သည်။
အဖွဲ့ဝင် အာရပ်စော်ဘွားများနိုင်ငံ (UAE) ကမူ ရခိုင်ပြည်နယ်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခိုလှုံနေကြရသော ရိုဟင်ဂျာလူမျိုးများ လုံခြုံစွာနှင့် လူ့ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်နိုင်ရေးကို အလေးထားဆွေးနွေးခဲ့ပြီး ဆုံးဖြတ်ချက်ကို ထောက်ခံခဲ့သည်။ နော်ဝေး၊ အိုင်ယာလန်၊ ဂါနာ၊ အယ်ဘေးနီးယားနှင့် ဂွါဘွန်န်နိုင်ငံတို့ကလည်း ဆုံးဖြတ်ချက်ကို ထောက်ခံဆွေးနွေးခဲ့ကြသည်။
အိန္ဒိယသံအမတ်၏ မြန်မာ့အရေးရပ်တည်ချက်
လုံခြုံရေးကောင်စီ၏ အလှည့်ကျဥက္ကဋ္ဌ အိန္ဒိယသံအမတ်ကြီးက နောက်ဆုံးအနေဖြင့် အိန္ဒိယနိုင်ငံ၏ ရပ်တည်ချက်ကို ပြောကြားရာတွင် ဗြိတိန်သံအမတ်ကြီး၏ ပွင့်လင်းမြင်သာပြီး ဆွေးနွေးညှိနှိုင်းတိုင်ပင်သော အပြုအမူနှင့် အထူးသဖြင့် အာဆီယံနိုင်ငံများ၏ စိုးရိမ်မှုများကို ဆွေးနွေးညှိနှိုင်း ထည့်သွင်းနိုင်ခဲ့သော ကြိုးပမ်းချက်ကို ချီးမွမ်း ပြောကြားသွားခဲ့သည်။
“အိန္ဒိယဟာ မြန်မာနဲ့ ကီလိုမီတာပေါင်း ၁,၇၀၀ နီးပါး နယ်နမိတ်ချင်းထိစပ်နေပြီး၊ သမိုင်းကြောင်းနဲ့ ယဥ်ကျေးမှုချင်းလည်း ဆက်စပ်နေပါတယ်။ မြန်မာနိုင်ငံက မတည်ငြိမ်မှုတိုင်း အိန္ဒိယကို တိုက်ရိုက် သက်ရောက်စေပြီး၊ လတ်တလောဖြစ်ပွားနေတဲ့ မြန်မာ့အကြပ်အတည်းဖြေရှင်းရန် ကြိုးပမ်းမှုတိုင်းဟာ အိန္ဒိယ အမျိုးသားလုံခြုံရေးနှင့် တိုက်ရိုက်သက်ဆိုင်လျက်ရှိပါတယ်။ မြန်မာ့အရေး သိမ်မွေ့ ရှုပ်ထွေးမှုက တိတ်ဆိတ်ပြီး စိတ်ရှည်တဲ့ သံတမန်နည်းလမ်းနဲ့သာ ဆောင်ရွက်သင့်ပြီး၊ အခြား နည်းလမ်းတွေနဲ့ ဆောင်ရွက်ခြင်းက ရေရှည်တည်မြဲတဲ့ ရလဒ်မရရှိနိုင်ကြောင်း အိန္ဒိယက ယုံကြည် ပါတယ်” ဟု ပြောကြားခဲ့သည်။
သို့သော် နိုင်ငံရေးခေါင်းဆောင်များကို ပြန်လွှတ်ပေးပြီး၊ ၎င်းတို့၏ နိုင်ငံ တာဝန်များကို ပြန်လည်စတင် ထမ်းဆောင်ခွင့်ပေးသင့်ကြောင်းနှင့် အားလုံးပါဝင်သော စေ့စပ်ညှိနှိုင်း ဖြေရှင်းရေးကိုလည်း အိန္ဒိယသံအမတ်ကြီးက တောင်းဆိုသွားသည်။ မြန်မာနိုင်ငံက မတည်ငြိမ်မှုများကြောင့် အိမ်နီး ချင်းနိုင်ငံများကို တိုက်ရိုက်ထိခိုက်စေသဖြင့် ထိုနိုင်ငံများ၏ အမြင်သဘောထားများကို အလေးအနက် ထည့်သွင်းစဥ်းစားသင့်ကြောင်းလည်း ပြောဆိုသွားသည်။
အိန္ဒိယသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်လျှောက်လှမ်းနိုင်ရေး အခိုင်အမာ ထောက်ခံပြီး၊ မြန်မာပြည်သူများ၏ လူမှုဘဝကောင်းမွန်တိုးတက်ရေးသည် အိန္ဒိယ၏ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒ၏ ကျောရိုးဖြစ်ကြောင်း၊ ထို့ကြောင့် ကြားနေမဲပေးခဲ့ကြောင်းလည်း အိန္ဒိယ သံအမတ်က ဆိုသည်။
လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်နှင့် အဖွဲ့ဝင်များ၏ ရပ်တည်ချက်များကို ခြုံငုံလေ့လာကြည့်လျှင် ယခု ဆုံးဖြတ်ချက်ကို တရုတ်နှင့် ရုရှားတို့က ကြားနေခဲ့ခြင်း၏ အဓိကအကြောင်းရင်းမှာ စစ်ကောင်စီအပေါ် သဘောထားပြောင်းလဲခြင်းထက် အာဆီယံ၏ ဆုံးဖြတ်ချက်ကို ပူးပေါင်းဆောင်ရွက်မှုအပေါ် မလွန်ဆန် နိုင်ခြင်းကြောင့် ဖြစ်သည်။
တစ်နည်းဆိုရလျှင် တရုတ်နှင့် ရုရှားက ဗီတိုအာဏာသုံး ပိတ်ဆို့မည်ဆိုပါက အာဆီယံ ဗဟိုပြု ချည်းကပ်မှုကို အဟန့်အတားပြုရာရောက်ပြီး၊ ၎င်းတို့ လူသိရှင်ကြားထောက်ခံထားသော မူဝါဒကို ပြန်လည်ဆန့်ကျင်ရာ ရောက်ပေလိမ့်မည်။ ထိုအပြင် တရုတ်နှင့် ရုရှားတို့ ဗီတိုမသုံးနိုင်သော နည်းလမ်းကို ရှာဖွေကြိုးပမ်းခဲ့သော ဗြိတိန်နိုင်ငံ၏ လိမ္မာပါးနပ်မှုကိုလည်း တွေ့မြင်ရသည်။
လုံခြုံရေးကောင်စီ၏ ယခုဆုံးဖြတ်ချက်က စစ်ကောင်စီကို ချက်ချင်းအရေးမယူနိုင်သော်လည်း၊ နိုင်ငံတကာဖိအား တိုးမြှင့်ရာတွင် အခြေခံတစ်ခု ရရှိသွားပြီ ဖြစ်သည်။ ထိုအခြေခံကို အကျိုးရှိစွာ အသုံးချ နိုင်ရန်မှာမူ NUG/CRPH/PDFs နှင့် EROs တို့၏ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုဖြင့် ပြည်တွင်း နိုင်ငံရေး စွမ်းဆောင်ချက်များပေါ်တွင် မူတည်နေသည်။
ဆိုရှယ်မီဒီယာများမှကူးယူဖော်ပြခြင်းဖြစ်ပါသည်။မူရင်းရေးသားသူအားခရက်ဒစ်ပေးပါသည်။