“သွေးတွေကဆင်းနေတာ၊ လှည်းကဆောင့်တဲ့ အခါကျတော့ မိန်းမကိုယ်က နာတာ။ ဖြစ်သလို စောင်ကို ထူထူ ခင်းထိုင်ပြီးလိုက်ရတာ” လို့ မအေးက ရွာဘက်ကို စစ်ကြောင်းတွေ ဝင်လာလို့ နွားလှည်းနဲ့ ထွက်ပြေးရတဲ့ ဖြစ်ရပ်ကို ပြန်ပြောပြနေတာပါ။
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် ကုန်းတက်ရွာ ဇာတိဖြစ်တဲ့ မအေးဟာ စက်တင်ဘာ ၂၀ ရက်နေ့ ည ၁၀ နာရီမှာပဲ ကလေးမွေးဖွားခဲ့ပြီး မနက် ၃ နာရီမှာတော့ အာဏာသိမ်း စစ်ကြောင်းတွေ ရွာဘက်ကို သေနတ်ဖောက်ပြီး ဝင်လာတာကြောင့် နွားလှည်းနဲ့ ရုတ်တရက်ထွက်ပြေးခဲ့ရတာပါ။
ကလေးမွေးဖွားတာ ၅ နာရီပဲရှိနေသေးတဲ့ သွေးနုသားနုနဲ့ သူမအတွက်တော့ လမ်းကြမ်းကြမ်းမှာ လှည်းဆောင့်တဲ့ ဒဏ်ကိုလည်းခံရသလို နောက်က တဒိုင်းဒိုင်းကြားနေရတဲ့ သေနတ်သံတွေ နီးလာမှာ ကိုလည်းစိုးရိမ်နေခဲ့ရတာပါ။
စစ်ကောင်စီတပ်တွေဟာ မအေးတို့ နေတဲ့ စစ်ကိုင်းတိုင်းကို မြေလှန်မီးတိုက် စနစ်နဲ့ ဖိနှိပ်နေတာဖြစ်ပြီး ကျေးရွာတွေကို မီးတိုက်ရှို့တာ၊ အသက်ရှင်လျှက် ရွာမှာ ကျန်ခဲ့သူမှန်သမျှ သတ်ဖြတ်တာကြောင့် စစ်ကြောင်းတွေ ဝင်လာတဲ့ သတင်းကြားကြားခြင်းမှာဘဲ ခုလို ထွက်ပြေးခဲ့ကြတာဖြစ်ပါတယ်။
ဇနီးနဲ့ ကလေး လွတ်မြောက်ရေးအတွက် လှည်းကို ကိုယ်တိုင် ဒုန်းစိုင်းမောင်းပြေးခဲ့ရတဲ့ မအေးရဲ့ ခင်ပွန်းကလည်း “ရွာနဲ့ ဝေးအောင်လည်း မောင်းရတယ်။ သေနတ်သံကြားလေ၊ လွတ်နိုင်သလောက် လွတ်အောင် တိမ်း (ရှောင်) ရတာ။ သေနတ်သံကြားတော့ ပိုကြောက်လန့်တာပေါ့။ ပြန်လည်း လှည့်မ ကြည့်ရဲဘူး” လို့ ဆိုပါတယ်။
မီးနေသည် အမျိုးသမီးတယောက်အတွက် မီးဖွားတဲ့အချိန်ကနေ မီးနေချိန် ၄၅ ရက်တာကာလ ဟာ သွေးနုနုသားနုနုနဲ့ အမျိုးသမီး တယောက်အတွက် အသက်အန္တရာယ်အများဆုံး ကြုံနိုင်ခြေရှိတဲ့ ကာလတခုလည်း ဖြစ်ပါတယ်။
ရွာဘက်က သေနတ်သံတွေနဲ့ ဝေးအောင် မနက် ၃ နာရီကနေ ၁၁ နာရီထိ ၈ နာရီအကြာ လှည်းစီးသွားရတဲ့ဒဏ်ဟာ သွေးနုသားနုမီးနေသည်တယောက် အတွက်တော့ ကြမ်းတမ်းလွန်း လှပါတယ်။
ကလေးမီးဖွားစဉ်ကလည်း ဆရာဝန်တွေ၊ သူနာပြုတွေ၊ အရပ်လက်သည် တွေနဲ့ သေချာ မီးဖွားနိုင်ခဲ့ခြင်း မဟုတ်ဘဲ ကလေးမွေးဖွားပေးဖူးတဲ့ အတွေ့အကြုံမရှိတဲ့ အိမ်နီးချင်းတွေက ဖြစ်သလို မွေးဖွားပေးခဲ့ကြတာဖြစ်ပါတယ်။
အသက်အန္တရာယ်ပါ ထိခိုက်သွားနိုင်တယ်ဆိုတာ သိကြပေမယ့် နိုင်ငံရေး အခြေအနေ၊ နယ်မြေ မတည်ငြိမ်မှုတွေကြောင့် ဆေးရုံ၊ ဆေးခန်းတွေသွားဖို့ ခက်ခဲသလို အရပ်လက်သည် လာဖို့တောင် ခက်ခဲနေတဲ့ အနေအထားမှာ ရွေးချယ်စရာ တခြားလမ်းမရှိတော့ပါဘူး။
“အရပ်မွေး၊ ဝိုင်းမွေးလိုက်တာ။ ဆရာမတွေလည်း မရှိဘူး။ သယ်လည်း မပေးနိုင်တော့ ဝိုင်းမွေးလိုက်တယ်”လို့ မအေးက ဆိုပါတယ်။
စစ်တပ်ကအာဏာ သိမ်းပြီးတဲ့ နောက်ပိုင်းဖြစ်ပေါ်လာခဲ့တဲ့ နိုင်ငံရေး အကျပ်အတည်းနဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြားမှာ မအေးလို အသက်လုထွက်ပြေးရတဲ့ မီးနေသည်တွေ၊ တိုက်ပွဲကြားမှာ ကလေး မွေးဖွားခဲ့ရတဲ့ မိခင်တွေနဲ့ စစ်ကောင်စီ စစ်သားတွေလက်ကနေ မလွတ်မြောက်ဘဲ အချို့ အသက် ဆုံးရှုံးခဲ့ရသလို၊ အချို့လည်း နှိပ်စက်ခံရတာတွေ အများအပြားရှိနေခဲ့ပါတယ်။
စစ်ကောင်စီနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ နေရာတိုင်းမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ၊ ကလေးမိခင်တွေ၊ ကလေးငယ်တွေဟာ တိုက်ပွဲကြားမှာ ပစ်သတ်ခံရ၊ လက်နက်ကြီးမှန် ခံရတာကနေ သွေးလန့်သေဆုံးတဲ့ အခြေအနေမျိုးတွေပါ ရှိခဲ့ပါတယ်။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ထဲက ရင်ပေါင်တိုင်ရွာကို ရဟတ်ယာဉ်တွေနဲ့ လာရောက် ပစ်ခတ်ခဲ့တာကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတဦး သေဆုံးခဲ့သလို
ရခိုင်ပြည်နယ်၊ ကျောက်တော်၊ ခေါင်းတုတ် ကျေးရွာက ကိုယ်ဝန်ဆောင်အမျိုးသမီး တဦးဟာ စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်သံတွေကြောင့် သွေးလန့်သေဆုံးခဲ့ရပါတယ်။
ပြီးခဲ့တဲ့ နှစ်တုန်းကလည်း ချင်းပြည်နယ် တီးတိန်မြို့ အပ်လွယ်ကျေးရွာကို ဝင်လာတဲ့ စစ်ကောင်စီ တပ်ဖွဲ့တွေဟာ ကိုယ်ဝန် ၇ လ ရှိပြီဖြစ်တဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီး တဦးနဲ့ ကလေးမီးဖွားပြီးတာ ၁ လပဲ ရှိသေးတဲ့ မီးနေသည် တဦးကို အုပ်စုဖွဲ့ပြီး မုဒိမ်းကျင့်ခဲ့ဖူးပါတယ်။
စစ်တပ်ရဲ့ မုဒိမ်းမှုတွေဟာ အာဏာမသိမ်းခင် အရပ်သား အစိုးရလက်ထက်မှာတောင် အမှုပေါင်း ၈၀ ထက် မနည်း ရှိခဲ့ပြီး အရေးယူခံရတယ်ဆိုတာ ရှားပါးလွန်းလှတဲ့အပြင် အာဏာသိမ်းပြီး နောက် အခြေအနေတွေဟာ အဲဒီထက် အဆပေါင်းများစွာ ဆိုးရွားလာခဲ့တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) အဖွဲ့ရဲ့ အကြံပေး ဒေါ်တင်တင်ညိုက ဆိုပါတယ်။
“လူသားတန်ဖိုး လေးစားလိုက်နာမှုဆိုတာ စစ်တပ်အောက်မှာ ရှိတဲ့ စစ်သားတွေမှာ လုံးဝမရှိဘူး” လို့ သူမက ဆိုပါတယ်။
စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်ထဲက မိခင်တဦးဆိုရင်လည်း စစ်ဘေးကနေ တရွာပြီး တရွာ ပြေးရှောင်ရရင်းက သူ့ရဲ့ ၁ လသားကလေးငယ်လေး မျက်စိကွယ်ရတော့မယ့် အခြေအနေကို ရင်ဆိုင်နေရပါတယ်။
“ကလေးလေးက မျက်စိတဖက်မှိတ်ပြီး အတွင်းတက်တွေတက်လို့ ရွှေဘိုဆေးရုံမယ် ၁၁ ရက်ကြာခဲ့တယ်။ တခြားရွာ အိပ်နေတုန်း ညတွင်းချင်းတက်လို့ ဆေးရုံပြေးရတာ” ကလေးငယ်ရဲ့ အဘွားဖြစ်သူက ဆိုပါတယ်။
ညကြီးအချိန်မတော်တွေပါ မအိပ်ရ၊ မနားရနဲ့ ခြေကျင်ပြေးလွှား ကြုံရာမှာနားခဲ့ရတဲ့အတွက် ကလေးငယ်ဟာ သုံးရက်လောက် သတိလစ်သွားခဲ့ပြီးနောက်တော့ ဦးနှောက်ထဲ သွေးရောက်သွားတဲ့အတွက်ကြောင့် အမြင်အာရုံ ကွယ်လုလု အခြေအနေကို ရောက်ခဲ့ရပါတယ်။
“ဒီကလေးကတော့ ဆက်မပါတော့ဘူး။ ပစ်ခဲ့ရပြီလို့ မှတ်တာ သွေးတွေ ချိတ်ပြီးတော့ ၃ ရက်လောက်နေတော့ သတိရလာတာ”လို့ အဘွားဖြစ်သူက ရှင်းပြပါတယ်။
ခင်ဦးမြို့နယ်ထဲက ပေါင်းလဲကုန်းရွာကို စစ်တပ်က ဝင်လာချိန်မှာ ခါးဝတ်ခါးစားကလွဲလို့ ဘာဆိုဘာမှ မပါဘဲ ရွာ ၄၊ ၅ ရွာကို ရွာစဉ်လှည့်ပြီး တရွာဝင် တရွာ ထွက်ပြေးလွှားခဲ့ကြရတာပါ။
လသားအရွယ်ကလေးဇောကပ်နေတဲ့ မိခင်ဟာလည်း ပုဆိုးကို ရှေ့မှာ စလွယ်သိုင်း ကလေးကို ချီပြီး ဖိနပ်ဗလာချင်းနဲ့ ၅ ရွာလောက်ကို ခြေကျင်လျှောက် ထွက်ပြေးခဲ့ရတာပဲ ဖြစ်ပါတယ်။
ခုတော့ ကလေးငယ် ဆေးကုနိုင်ဖို့အတွက် တခြားဒေသတခုက ဆေးရုံကို ထွက်ခွာသွားခဲ့ကြရပါတယ်။ ဒါပေမယ့် နေရပ်ရင်းက နေအိမ်ကလေးကတော့ စစ်တပ်မီးရှို့လို ပြာကျသွားခဲ့ရပါပြီ။
ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများရန်ပုံငွေအဖွဲ့ UNICEF က လက်ရှိ ပဋိပက္ခ အခြေအနေတွေကြောင့် မြန်မာနိုင်ငံမှာ လစဉ်ဆိုသလို မိခင် ၇၇ ဦးနဲ့ ကလေးငယ် ၁,၄၁၀ ဦးတို့မှာ မရှိမဖြစ်လိုအပ်တဲ့ ဝန်ဆောင်မှုတွေ မရရှိတာကြောင့် သေဆုံးနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
ပဋိပက္ခတွေကြောင့် တနိုင်ငံလုံးမှာရှိတဲ့ ကျန်မာရေးစောင့်ရှောက်မှုလုပ်ငန်းတွေဆောင်ရွက်နေတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ၊နိုင်ငံတကာ အဖွဲ့အစည်းတွေ နဲ့ အစိုးရရဲ့ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍ လုပ်ငန်းလည်ပတ်မှုတွေ ပြတ်တောက်ခဲ့ပါတယ်။
နိုင်ငံရဲ့စီးပွားရေး ရိုက်ခတ်ကျဆင်းမှု၊ ပြိုကျလုနီးနီး ကျန်းမာရေးစနစ်၊ ကိုဗစ်-၁၉ ကပ်ရောဂါနှင့် ပဋိပက္ခများ ရောပြွမ်းပေါင်းစပ်မှုတွေဟာ အခြေခံ ကျန်းမာရေးစောင့်ရှောက်မှုစနစ်နဲ့ ဘေးကင်းလုံခြုံမှုဆိုင်ရာ ကိစ္စရပ်တွေကို ဆိုးဆိုးရွားရွားပျက်စီးမှု ဖြစ်စေတာကြောင့် မိခင်နဲ့ ကလေးသူငယ်တွေမှာ သန့်ရှင်းတဲ့ရေနဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေကို လက်လှမ်းမမီတော့ဘူးလို့ UNICEF က ဆိုပါတယ်။
အမျိုးသမီးများအဖွဲ့ချုပ်-မြန်မာနိုင်ငံ(WLB) ရဲ့ ပြောရေးဆိုခွင့်ရှိသူ မနန်းမို့မို့က “တကယ့် ဒုက္ခပေါင်းများစွာကို ခံစားနေရတယ်။ ဒါအမှန်ပဲ။ ဒီတိုင်း စစ်ဘေးတိမ်းရှောင်နေရတာမျိုးတွေ ဆိုရင် ပိုဆိုးတယ်။ မီးဖွားဖို့ အခြေခံ အခွင့်အရေးတွေကအစ ရ မနေဘူး” လို့ ရှင်းပြပါတယ်။
စစ်ပဋိပက္ခဖြစ်ပွားရာဒေသတွေမှာ ဆေးဝါးကုသခွင့်၊ ကျန်းမာရေး စောင့်လျှောက်မှု ခံယူခွင့်တွေ ဆုံးရှုံးနေပြီး မွေးကင်းစမိခင်တွေသာ မကဘဲ ကိုယ်ဝန်ဆောင်မိခင်တွေ၊ နေ့စေ့လစေ့ မိခင်တွေအတွက်ပါ အခက်အခဲတွေ ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။
စစ်ကိုင်းတိုင်း၊ မြောင်ဒေသနဲ့ နီးစပ်တဲ့ ရေလယ်ကျွန်းက အသက် ၄၀ ကျော်အရွယ် ကလေးမိခင် တဦးဟာ ဆိုရင် ခွဲစိတ်ကုသနိုင်စွမ်း မရှိတဲ့အခြေအနေမှာ ကလေးမွေးခဲ့ရတာကြောင့် ကလေးကို ဆုံးရှုံးခဲ့ရပါတယ်။
အသက် ၄၀ ကျော် ရေမွှာအိမ် အားမကောင်းတဲ့အချိန် ကလေးဟာ မွေးချိန်ကြန့်ကြာရုံမက မွေးဖွားချိန်မှာ လည်ပင်းကို ချက်ကြိုးသုံးပတ်ရစ်ပြီး မွေးလာတာကြောင့် ကလေးရဲ့ အသက်ဆုံးရှုံးခဲ့ရတာပါ။
ဒီလိုမွေးလူနာမျိုးကို မဖြစ်မနေ ခွဲစိတ်မွေးသင့်တာဆိုပေမယ့် လက်နက်ကိုင်တိုက်ပွဲတွေကြားမှာ ကျန်းမာရေးဝန်ထမ်းကစလို့ ပစ္စည်းကိရိယာအားလုံး ချို့တဲ့နေတဲ့ ဒီလိုဒေသတွေမှာတော့ ခွဲမွေးဖို့ဆိုတာ လုံးဝ မဖြစ်နိုင်တော့ပါ။
စစ်ကောင်စီဟာ တော်လှန်ရေး နယ်မြေတွေက ဆေးခန်းတွေကို ဝင်ရောက်စီးနင်း၊ သူနာပြုဆရာ၊ ဆရာမတွေကို ဖမ်းဆီးတာ၊ သတ်ဖြတ်တာတွေကအစ သယ်ဆောင်လာတဲ့ ဆေးဝါးတွေကို သိမ်းဆည်းပစ်တာမျိုး အထိ ပြုလုပ်ခဲ့ပါတယ်။
ပဋိပက္ခနယ်မြေတွေက ဆရာဝန်တွေ၊ သူနာပြုတွေဟာ CDM တွေ၊ ဆေးကုသခံနေတာဟာ တော်လှန်ရေး အဖွဲ့တွေဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ဖျက်ဆီးပစ်တာဖြစ်ပါတယ်။
ဒေါက်တာဖီးနစ်က ပဋိပက္ခဒေသတွေမှာရှိတဲ့ သားသည်မိခင်တွေ၊ ကိုယ်ဝန်ဆောင်တွေဟာ ဆေးဝါးကုသခွင့် မရရုံတင်မကဘဲ အာဟာရနဲ့ ဖြည့်စွက်စာရရှိဖို့လည်း ခက်ခဲလွန်းတယ်လို့ ကျန်းမာရေးရှုဒေါင့်ကနေ ထောက်ပြပါတယ်။
မအေးတို့လို မီးနေသည်တွေနဲ့ ကိုယ်ဝန်ဆောင်တွေအဖို့ ပြေးတဲ့လွှားတဲ့ တလျောက်ရရာ အသီးအရွက်ကို ဟင်းတခွက်အဖြစ်ချက်ရုံကလွဲလို့ အခြားရွေးချယ်စရာ မရှိပါ။
မအေးက “တရက်၊ တရက် ချဉ်ပေါင်နဲ့ ပဲ စားနေရတယ်။ ဈေးသည်လည်း ဘယ်လာမတုန်း”လို့ သူမ ကြုံတွေ့ရတဲ့အခြေအနေကို ပြောပြပါတယ်။
စစ်ရှောင်တွေဆီကို နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ အကူအညီတွေ ရောက်ရှိဖို့နဲ့ သွားရောက် ကူညီဖို့ဆိုရင် အာဏာသိမ်းထားတဲ့ စစ်ကောင်စီနဲ့ သဘောတူညီချက်ရမှ၊ စစ်ကောင်စီက တဆင့်ဖြတ်သန်းမှသာ ဖြစ်နိုင်မယ့်အခြေအနေပါ။
ဒေါ်တင်တင်ညိုက “မြေပြန့်လိုနေရာမျိုးက ကူညီကယ်ဆယ်နိုင်ဖို့က အခက်ခဲဆုံးနဲ့ အဆိုးဆုံးပဲ။ မရှိသလောက်ဖြစ်တယ်။ အခုထိက အသေးစိတ် လမ်းစရှာလို့ မရဘူး” လို့ ဆိုပါတယ်။
အမျိုးသမီးတွေနဲ့ ကလေးငယ်တွေဟာ စစ်ပွဲရဲ့ ဓားစာခံတွေ ဖြစ်တာကြောင့် စစ်ပွဲကြားမှာ ထိခိုက်နစ်နာမှု မရှိအောင် ကာကွယ်ရမယ်လို့ နိုင်ငံတကာက သဘောတူညီ သတ်မှတ်ထားသလို
လူတိုင်း အသက်ရှင်သန်ပိုင်ခွင့်၊ ဆေးကုသခံယူခွင့်၊ ကျန်းမာရေးစောင့်ရှောက်မှုကို အပြည့်အဝ ရပိုင်ခွင့်ရှိတယ် ဆိုတာတွေကလည်း လူတိုင်းရဲ့ အခြေခံ လူ့အခွင့်အရေးတွေဖြစ်ပါတယ်။
ဒါတွေအားလုံးကို လျစ်လျူရှုထားတဲ့ စစ်ကောင်စီရဲ့ ကြမ်းကြုတ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ အမျိုးသမီးနဲ့ ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်တွေနဲ့ သားသည်မိခင်တွေအတွက်တော့ စစ်ဘေးပဋိပက္ခတွေဟာ ငရဲလိုပါပဲ။
ဒီအခက်အခဲတွေကို ကိုယ်တိုင် ရင်ဆုံကြုံတွေ့နေရတဲ့ မအေး ကတော့ “သားဇောနဲ့ အားတင်းထားရတာပဲ” လို့ သူမရဲ့ ခံစားချက်ကို ဖွင့်ဟပါတယ်။ ။