၂၀၀၇ မှာ ရွှေဝါရောင်တော်လှန်ရေးဖြစ်တယ်။၂၀၀၈ မှာ နာဂစ်ဖြစ်တယ်။အဲ့ဒီဖြစ်စဉ်ကြီး၂ခု အပြီးမှာ မြန်မာ့အရေးကို နိုင်ငံတကာက ပြန်လည်စိတ်ဝင်စားလာတယ်။တစ်နည်းအားဖြင့်ပြောရမယ်ဆိုရင် မြန်မာ့အရေးဟာ ကမ္ဘာ့စင်မြင့်ထက်က စကားဝိုင်းတွေမှာ ပြန်လည်အရေးလုပ်ခြင်းခံလာရတယ်။ ဦးသန်းရွှေဦးဆောင်တဲ့စစ်တပ်ကို နိုင်ငံတကာက ဖိအားတွေ ပြန်ပေးလာတယ်။
စစ်တပ်အနေနဲ့လည်း ကြိုတင်ပြင်ဆင်မှုတွေပြန်လုပ်လာတယ်။ ၂၀၀၇ ရွှေဝါရောင်အပြီး နဲ့ ၂၀၀၈ နာဂစ်အပြီးမှာ လူတွေ သိသိသာသာ စားဝတ်နေရေးကျပ်တည်းလာကြတယ်။ အဓိကအားဖြင့် နာဂစ်ဘေးသင့်ခဲ့တဲ့ ဧရာဝတီက ပြည်သူတွေနဲ့ အခြားပြည်နယ်/တိုင်းကသူတွေရော စားဝတ်နေရေးကျပ်တည်းလာတယ်။ စစ်အာဏာသိမ်းခေါင်းဆောင်ဦးသိပ်မကြာခင်မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လူထုဆူပူအုံကြွမှုတွေ ဖြစ်လာတော့မယ်ဆိုတာကို ကြိုသိနေတယ်။
တကယ်တမ်းပြောရမယ်ဆိုရင် အာဏာသိမ်းစစ်ခေါင်းဆောင်တွေထဲမှာ ဦးသန်းရွှေက အတော်ဆုံးလို့ပြောလို့ရတယ်။အကျင့်မကောင်းတာ၊ စိတ်ဓာတ်မကောင်းတာပဲရှိတာ။ ဉာဏ်ရည်ဉာဏ်သွေးနဲ့ အမြော်အမြင်က ဦးနေဝင်းထက်သာသလို၊ လက်ရှိ မအလထက် အများကြီးသာတယ်။ စစ်ခေါင်းဆောင်တွေမှာ ဘုံတူညီတာတွေက ကိုယ့်မိသားစုအကျိုးစီးပွားကိုသာသိပြီး လက်အောက်ငယ်သားရဲဘော်တွေနဲ့ ပြည်သူအပေါ် မကောင်းတာတွေကတော့ အတူတူပဲ။
ဦးသန်းရွှေဟာ သူ့ဆရာဖြစ်တဲ့ ဦးနေဝင်းလုပ်ခဲ့သမျှကို အကုန်ပုံစံတူကူးမချဘူး။ ကောင်းတာကိုယူပြီး အားနည်းချက်တွေကို ပြင်ခဲ့တယ်။ လူထုဆူပူအုံကြွမှုမဖြစ်ခင်မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို သေချာဆွဲခဲ့တယ်။ ၂၀၀၈ ခြေ/ဥ ဟာ စစ်တပ်ကို အထူးအခွင့်အရေးပေးထားတယ်။ (၁) ပြည်သူ့ဆန္ဒနဲ့အညီ ရွေးကောက်ခံစရာမလိုဘဲ အလိုလိုနေရင်း စစ်တပ်က ၂၅% လွှတ်တော်ထဲဝင်ထိုင်နိုင်တာ၊ (၂) အဲဒီ့ အလိုလိုရထားတဲ့ ၂၅% နဲ့ ပေါင်းပြီး နောက်ထပ် ၂၆ % ရရုံနဲ့ ရွေးကောက်ပွဲအနိုင်ရတာမျိုး၊ (၃) စစ်တပ်ကို သမ္မတအပါအဝင် အစိုးရအနေနဲ့ အမိန့်ပေးလို့မရဘဲ ကာ/ချုပ်ကသာ အမိန့်ပေးနိုင်တာ၊ (၄) စစ်တပ်ရဲ့အသုံးစရိတ်ကို ဘယ်သူကမှ စာရင်းစစ်ခွင့်မရှိတာ၊ (၅) စစ်ခေါင်းဆောင်တွေ ဘယ်လိုပြစ်မှုပဲကျူးလွန်ခဲ့ပါစေ နောက်ကြောင်းပြန်အရေးယူလို့မရတာတွေ ပါဝင်တယ်။ နေပြည်တော်ကိုတည်ခဲ့တာလည်း စစ်ရေးအရ ကြိုတင်ပြင်ဆင်ခဲ့တာဖြစ်ပြီး အခုလိုမျိုး အရေးခင်းဖြစ်လာရင် အုပ်ချုပ်ရေးယန္တရား လုံးဝရပ်မသွားအောင် ပြင်ဆင်ခဲ့တာဖြစ်တယ်။
ဘက်စုံထောင့်စုံက သေချာပြင်ဆင်ပြီးတဲ့အခါမှာ ရွေးကောက်ပွဲကျင်းပပေးပြီး အာဏာလွှဲပေးခဲ့တယ်။ အာဏာလွှဲပေးလိုက်ခြင်းဖြင့် နိုင်ငံတကာရဲ့ ဖိအားတွေ လျော့ကျသွားတယ်။စစ်တပ်အပေါ် ယုံကြည်မှုတွေမြင့်မားလာအောင်လုပ်ခဲ့တယ်။၂၀၁၀ရွေးကောက်ပွဲကိုလည်းကြိုတင်အစီအစဉ်ဆွဲထားတဲ့အတိုင်း ဘယ်သူက သမ္မတ၊ ဘယ်သူက ကာ/ချုပ်၊ ဘယ်သူက လွှတ်တော်ဥက္ကဋ္ဌ ဆိုတာ သေချာရွေးပြီး အာဏာလွှဲပေးခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်တာတောင် ရွေးကောက်ပွဲအပြီး အစိုးရအခင်းအကျင်းပြီးတော့မှ လွှတ်ပေးခဲ့တာ။
ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးတာကလည်း စေတနာရှိလွန်းလှလို့ မဟုတ်ဘူး။ အဓိကအချက်(၂)ချက်ကြောင့်။ နံပါတ်(၁)က ဒီအတိုင်းဆက်သွားရင် တိုင်းပြည်ဟာ တရုတ်ကြွေးမြီထောင်ချောက်ထဲဝင်ပြီး လက်ရှိ သီရိလင်္ကာလိုဖြစ်သွားမှာမို့။ တရုတ်ရဲ့ လွှမ်းမိုးမှု၊ ကြီးစိုးမှုဒဏ်တွေကို စိတ်နာလာလို့။ ပြီးတော့ ကမ္ဘာက ပိတ်ဆို့ထားတော့ အထီးကျန်ဆန်နေခဲ့ပြီး လူရာဝင်ချင်တာလည်းပါတယ်။ ဒုတိယအချက်က ကမ္ဘာကြီးနဲ့ ပြန်လည်ချိတ်ဆက်ပြီး နိုင်ငံတကာက အကူအညီအထောက်အပံ့တွေ ပြန်လိုချင်လို့။
ဦးသန်းရွှေဟာ အကျင့်သာမကောင်းတာ ခေါင်းကတော့ ကောင်းတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပြီးတော့မှ နိုင်ငံတကာကနေ အထောက်အပံ့တွေ သိသိသာသာ ရလာတယ်။ မြန်မာနိုင်ငံဟာ ဒီမိုကရေစီအသွင်ကူးပြောင်းတဲ့နိုင်ငံဖြစ်လာပြီဆိုပြီး နိုင်ငံတကာက လက်ခံလာကြတယ်။ ဒေါ်အောင်ဆန်းစုကြည်ကနေတစ်ဆင့် နိုင်ငံတကာချေးငွေရရှိလာတယ်။ နိုင်ငံတကာဆက်ဆံရေးတွေ တိုးတက်လာခဲ့တယ်။ နိုင်ငံတကာက ကြွေးမြီတွေ လျှော်ပစ်တာတွေ၊ လျှော့ပေးတာတွေ အများကြီးပဲ။ ဒါတွေက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ပြီးနောက်ပိုင်း ရရှိခဲ့တဲ့အကျိုးအမြတ်တွေဖြစ်တယ်။ တစ်နည်းအားဖြင့် ဦးသန်းရွှေ ရွှေ့ခဲ့တဲ့ အကွက်တွေပဲ။
ဒါကိုမသိတဲ့သူတွေက ဦးသိန်းစိန်တော်လို့၊ ဦးသိန်းစိန်အစိုးရကြောင့်ဆိုတာမျိုး ထင်မှတ်ခဲ့ကြတယ်။ အမှန်တော့ ဦးသိန်းစိန်ဟာ ရုပ်သေးရုပ်သမ္မတသာသာပဲ။ အောက်က ဒီအတိုင်းရေးပေးတဲ့မိန့်ခွန်းကို ကြည့်ဖတ်ရုံပဲတတ်သလို၊ အောက်က စာရင်းလိမ်ထားတာတွေကို အမှန်ထင်တယ်။ အောက်က မြှောက်ပေးသမျှကို လိုက်လုပ်ရုံပဲတတ်တယ်။ ” ပညာရေးဆိုတာ ပြန်မရနိုင်တဲ့ ရင်းနှီးမြှုပ်နှံမှု ဖြစ်တယ်” ဆိုတဲ့ မိန့်ခွန်းတွေ ပြောသွားတာ၊ နိုင်ငံတကာကချေးငွေတွေကို အချိုးကျခွဲယူတာ၊ နိုင်ငံတကာစီမံကိန်းတွေကနေ ရာခိုင်နှုန်းနဲ့ ခွဲယူတာမျိုးလောက်ပဲ စိတ်ဝင်စားတယ်။ မဲရှုံးသွားတော့ လွှတ်တော်မှာထားထားရတဲ့ ပိုင်ဆိုင်မှုစာရင်းကို တိတ်တိတ်လေး ပြန်ယူသွားတယ်။
ဒါတွေကို ဘယ်လိုလုပ်ပြီးသိသလဲဆိုရင် အဲဒီ့စာချုပ်တွေ၊ စီမံကိန်းတွေကို ကျွန်တော်ကိုယ်တိုင်ဖတ်ခဲ့ရပြီး သူတို့လုပ်ပုံကိုင်ပုံတွေကို အနီးကပ်လေ့လာခွင့်ရခဲ့လို့။ အဲဒီ့အချိန်က ဘာမှမပြောခဲ့တာဟာ ဝန်ထမ်းတစ်ယောက်အနေနဲ့ ကျင့်ဝတ်စောင့်ရတာမို့၊ အခုမှဘာလို့ ပြန်ပြောသလဲဆိုရင် ဦးသိန်းစိန်အစိုးရ တော်တယ်/ကောင်းတယ်ဆိုပြီး စုံလုံးကန်းငြင်းနေကြလို့ ရှင်းပြတာဖြစ်တယ်။
ဦးသိန်းစိန်အစိုးရ စေတနာမမှန်တာ၊ စစ်တပ်ဟာ ဘယ်သောအခါမှ တိုင်းပြည်အပေါ် မကောင်းခဲ့တာကို ထောက်ပြနိုင်တဲ့အချက်(၁)ချက်ရှိသေးတယ်။ အဲဒါက ဒေါ်အောင်ဆန်းစုကြည်က လေးပွင့်ဆိုင်တွေ့ဆုံခွင့်တောင်းတာကို မတွေ့ခဲ့တာဘဲ။ ” သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌ၊ ကာ/ချုပ်၊ လူထုကိုယ်စားပြုခေါင်းဆောင် လေးပွင့်ဆိုင်တွေ့ဆုံပါရစေ” ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်က ခွင့်တောင်းတာကို ခွင့်မပြုခဲ့ဘူး။ အဲ့အချိန်တုန်းက လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစုကြည် ၂ ဦးက တွေ့ဆုံဖို့ စိတ်အားထက်သန်ခဲ့ပြီး၊ ဦးသိန်းစိန်နဲ့ မအလက မတွေ့ချင်ခဲ့တာ။ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူ့အကျိုးစီးပွားကိုရှေ့ရှုပြီး အားလုံးပေါင်းလုပ်ကြဖို့ ကမ်းလှမ်းခဲ့တာ။ ဒါပေမယ့် ဒင်းတို့က အစကတည်းက တိုင်းပြည်အပေါ် စေတနာမရှိ၊ ဒေါ်အောင်ဆန်းစုကြည်ကို မနာလိုတော့ လက်မခံခဲ့ကြဘူး။
အတိုချုပ်ပြောရရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စေတနာ၊ အရည်အချင်းနဲ့ ပါဝါကြောင့် ဘယ်လိုမှဖြစ်နိုင်ဖို့မလွယ်ကူတဲ့/ နိုင်ဖို့ခက်ခဲတဲ့ ရွေးကောက်ပွဲကို ၂ ကြိမ်တိုင်တိုင် အနိုင်ရခဲ့တယ်။ ဘယ်သူတွေ ဘယ်လိုပဲ အပုပ်ချချ သေချာတာတစ်ခုက ဒေါ်အောင်ဆန်းစုကြည်သာမပါရင် ၂၀၁၅ ရော၊ ၂၀၂၀ ရွေးကောက်ပွဲရော NLD အနေနဲ့ အနိုင်ရစရာ အကြောင်းမရှိဘူး။ တန်ဖိုးမသိတဲ့သူတွေ၊ စေတနာကို နားမလည်ကြသူတွေ၊ မနာလိုစိတ်အားကြီးသူတွေကသာ ဒေါ်အောင်ဆန်းစုကြည်ကို ကျေးဇူးကန်းနေကြတာ။ ဒီလိုပြောလို့ ဒေါ်အောင်ဆန်းစုကြည် လုပ်သမျှ အကုန်မှန်တယ်လို့ ဆိုလိုတာမဟုတ်။သူလည်းမှားခဲ့တာတွေရှိတယ်။သူမှားခဲ့တာတွေကကိုယ်ကျိုးစီးပွားအတွက်မဟုတ်တာတော့ သေချာတယ်။
အဲဒါတွေကြောင့်ပဲ မအလဟာ ဒေါ်အောင်ဆန်းစုကြည်ကို အမုန်းကြီးမုန်းတာ။ ဟန်တောင်မဆောင်နိုင်ဘဲ ခွင်ထဲဝင်တာနဲ့ အပြတ်အသတ်နှိပ်ကွပ်တာ၊ ယုတ်မာတာ။ ပြည်သူက သူမကိုချစ်လေ၊ သူက မနာလိုလေဘဲ။ ၂၀၁၅ ရော၊ ၂၀၂၀ ရော မနိုင်ခဲ့သလို နောက်ထပ် ထပ်ပြိုင်ရင်လည်း ရှုံးမှာသိနေတော့ မထူးဇာတ်ခင်းပြီး အာဏာသိမ်းခဲ့တာ။ အာဏာမသိမ်းဘဲ ၂၀၀၈ ခြေ/ဥ ကို အကာအကွယ်ယူပြီး အေးဆေးထိုင်ခိုးလို့ရပေမယ့် ကိုယ်လုပ်ချင်သလိုလုပ်ခွင့်မရတာကြောင့်ရော၊ ပုဂ္ဂိုလ်ရေးအာဃာတတွေကြောင့်ရော၊ ပြည်ဖျက်ပါတီခေါင်းဆောင်တွေက ကြပ်ပေးလိုက်တာကြောင့်ရော အာဏာသိမ်းခဲ့တာ။
လက်တွေ့တိုင်းပြည်အခြေအနေကတော့ မြင်တဲ့အတိုင်းပါပဲ။ မအလတွေ သဘောမပေါက်ခဲ့တာက ၂၁ ရာစုမှာ ၈၈ တုန်းကလိုမျိုး လုပ်လို့မရတော့ဘူးဆိုတာကိုဘဲ။ နည်းပညာခေတ်ကြီးမှာ လူတွေကို ဂျင်းထည့်လို့မလွယ်တော့တာကို သူတို့မသိခဲ့ကြဘူး။ ဒီမိုကရေစီအရသာကို မြည်းစမ်းခွင့်ရသွားတဲ့ လူငယ်တွေရဲ့ အရည်အချင်းတွေကို လျှော့တွက်ခဲ့ကြတယ်။ အဲဒါကြောင့်လည်း လက်ရှိမှာ ထွက်ပေါက်ပိတ်သွားတာ။
ဘာကြောင့် ထွက်ပေါက်ပိတ်နေတာ သေချာသလဲဆိုရင် ပြည်တွင်းမှာ သူ့ကိုထောက်ခံသူတွေ အနည်းငယ်ပဲရှိတော့တယ်။ မျက်စိစုံလုံးပိတ် ထောက်ခံသူတွေလောက်ပဲ ကျန်တော့တယ်။ ပြည်သူလူထုက မယုံကြည်တော့ဘူး။သူတို့ကို အမာခံ ထောက်ခံခဲ့တဲ့သူတွေတောင် စစ်တပ်ရဲ့ယုတ်မာမှု၊ရက်စက်မှု၊ ညံ့ဖျင်းမှုတွေကို နားလည်သဘောပေါက်လာပြီး လက်မခံတော့ဘဲ ထောက်ခံမှုတွေ လျော့ကျလာပြီ။ဒါက ပြည်တွင်းထောက်ခံမှုအပိုင်း။ပြည်ပထောက်ခံမှုက ပိုဆိုးတယ်။နိုင်ငံတကာမှာရော၊ နိုင်ငံရေးဇာတ်ခုံမှာလည်း လမ်းဆုံးသွားပြီ။ဘယ်လိုနည်းနဲ့မှ ဒီတစ်သက် အသိအမှတ်ပြုခံရစရာ လမ်းမရှိတော့ဘူး။
စစ်ရေးအရ ပြောရမယ်ဆိုရင်လည်း အဓိကကျတဲ့တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်း(EROs) တွေက လုံးဝလက်မခံတော့ဘူး။ အုပ်ချုပ်ရေးယန္တရားကိုကြည့်မယ်ဆိုရင်လည်းကောင်းကောင်းမွန်မွန်လည်ပတ်နိုင်မှု မရှိသေးဘူး။ အထူးသဖြင့် ကျန်းမာရေး။ နောက်တစ်ခုကပညာရေး။ အဓိကကျတဲ့ ကဏ္ဍကြီး ၂ ခုကို ပုံမှန်မလည်ပတ်နိုင်သေးဘူး။
အဲဒါတွေကြောင့် CDM တွေကို အနုနည်းနဲ့ ပြန်ဆွယ်လိုက်၊အကြမ်းနည်းနဲ့ ခြိမ်းခြောက်လိုက် လုပ်နေတာ။ PDF တွေကိုလည်း ဒီအတိုင်းပဲ။ ချော့လိုက်၊ ခြောက်လိုက်နဲ့ ပြန်ခေါ်နေရတယ်။ ERO တွေကိုလည်း အရှက်မရှိ မျက်နှာပြောင်တိုက်ပြီး ငြိမ်းချမ်းရေးဆွေးနွေးဖို့ ကမ်းလှမ်းနေဆဲပဲ။ နယ်မြေတွေကိုလည်း မစိုးမိုးနိုင်တော့ဘူး။ လေယာဉ်သုံးပြီး ဗုံးကြဲတာ၊ ရွာလုံးကျွတ်မီးရှို့တာ၊ ထင်ရာမြင်ရာ ဖမ်းဆီးသတ်ဖြတ်တာပဲလုပ်နိုင်တယ်။
အဲဒီ့တော့စစ်တပ်ဟာထွက်ပေါက်ပိတ်သွားတာသေချာပြီ။ဒီအခြေနေကိုဆက်ပြီးထိန်းထားနိုင်ရင်သိပ်မကြာဘူး ထူးလိမ့်မယ်။ဘယ်လိုထူးမှာလဲဆိုတော့ စစ်တပ်ဘက်ကနေ တွေ့ဆုံညှိနှိုင်းဖို့အတွက် စကားပြောတာမျိုးတွေလုပ်လာနိုင်တယ်။တရုတ်သော်လည်းကောင်း၊အာဆီယံသော်လည်းကောင်းကြားခံပြီးတော့ NUG နဲ့ တွေ့ဆုံဆွေးနွေးမှုလုပ်ဖို့ဖြစ်လာနိုင်တယ်။ ဒါကတော့ နံပါတ် (၁) ဖြစ်နိုင်ခြေ။ နံပတ် (၂)က အဲ့လိုမှမဟုတ်ရင် တပ်ပိုင်း အပြောင်းအလဲဖြစ်လာနိုင်တယ်။ ဥပမာ- မအလ လုပ်ကြံခံရတာမျိုး (သို့မဟုတ်) ထိပ်ပိုင်းခေါင်းဆောင်တွေ အပြောင်းအလဲလုပ်တာမျိုးတွေ။ မအလ ကျန်းမာရေးမကောင်းလို့ အနားပေးခံရတာမျိုး အပြောင်းအလဲလုပ်ပြီး တပ်မတော်ရဲ့ ဂုဏ်သိက္ခာဆယ်တဲ့လုပ်ရပ်တွေ လုပ်လာနိုင်တယ်။
ဒါကတော့ ဖြစ်နိုင်ခြေကို သုံးသပ်ပြတာပါ။ မတရားစိတ်ဓာတ်ကျနေတဲ့ ပြည်သူတွေအနေနဲ့ စိတ်ဓာတ်မကျဖို့၊ တော်လှန်ရေးက ကြာဦးမှာလားဆိုပြီးတော့ အားပြတ်နေသူတွေအတွက် ရေးပေးတာပါ။ တော်လှန်ရေးက အရမ်းကြာဦးမှာလားမေးရင် မကြာတော့ဘူးလို့ဘဲ ဖြေချင်တယ်။ ဒါပေမယ့် ဒီလိုအခြေအနေကောင်းတွေကို ဆက်ထိန်းသိမ်းထားဖို့တော့လိုမယ်။ဥုံဖွဆိုတာနဲ့တော့အောင်စရာအကြောင်းမရှိဘူးပေါ့။ကိုယ့်အခန်းကဏ္ဍကိုတော့ သေချာနားလည်ဖို့လိုတယ်။ တော်လှန်ရေးအလုပ်တွေကို စိတ်ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ယုံယုံကြည်ကြည်နဲ့ ဆက်လုပ်နေရမယ်။ ကလစ်နေရမယ်။ နိုင်သလောက်လှူနေရမယ်။
စစ်တပ်က ထွက်ပေါက်ပိတ်နေပြီ။ ပိတ်နေတာကို တရစပ်ဖိအားပေးဖို့ လိုတယ်။ လည်ပင်းအစ်နေပြီးသားကို လည်မျိုကိုပါ ဖိနင်းထားဖို့ လိုတယ်။ CDM တွေကလည်း ရှိစုမဲ့စုခွန်အားနဲ့ အရှိုက်ကို ဆက်ထိုးထားရမယ်။ PDF တွေ၊ Local PDF တွေ၊ UG တွေကလည်း အကြမ်းဖက်စစ်တပ် အမြန်လဲကျအောင် နေရာအစုံကို ဆက်ထိုးနေဖို့လိုမယ်။ ပြည်သူတွေဘက်ကလည်း သူရဲကောင်းတွေ ခွန်အားရှိအောင် ထောက်ပံ့နေဖို့လိုတယ်။ ပါးစပ်ကပဲ တော်လှန်ရေးအောင်ချင်နေလို့တော့ မရဘူးပေါ့။ တကယ်လှူနေ၊ ကူနေ၊ ကလစ်နေသူတွေ များမှဖြစ်မယ်။
ဒီလိုအခြေအနေကောင်းတွေကို ဆက်ထိန်းထားနိုင်ရင် စစ်တပ်ဟာ အပေါ်မှာပြောခဲ့သလို ထွက်ပေါက် ၂ မျိုးအနက် တစ်ခုခုကို ၂၀၂၃ နှစ်အစလောက်မှာ လုပ်လာဖို့ ရှိပါတယ်။
ဆိုရှယ်မီဒီယာများမှကူးယူဖော်ပြခြင်းဖြစ်ပါသည်၊မူရင်းရေးသားသူအားခရက်ဒစ်ပေးပါသည်။