ရက္ခိုင့်တပ်တော် (AA) ဟာ ရခိုင်ပြည်အတွင်း နယ်မြေထိန်းချုပ်မှု ပိုမိုလုပ်လာနေသလို တစ်နိုင်ငံလုံးအတိုင်းအတာ တော်လှန်ရေးရဲ့ အောင်မြင်မှုဟာလဲ မြန်မာပြည်အလယ်ပိုင်းအပါအဝင် အခြားဒေသတွေမှာ ယှဉ်ပြိုင်အုပ်ချုပ်ရေး ယန္တရားတွေ ဘယ်လောက် တည်ဆောက်နိုင်မလဲ ဆိုတဲ့အပေါ်မှာ မူတည်သွားနိုင်ပါတယ်။ ပြည်သူတွေအတွက် တရားဥပဒေစိုးမိုးရေးနဲ့ အုပ်ချုပ်ရေးလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးစနစ်ကို အစားထိုးမယ့် လက်တွေ့ ယှဉ်ပြိုင်အုပ်ချုပ်ရေး ယန္တရားတွေကို တည်ဆောက်နိုင်ရင် တော်လှန်ရေးဟာ ပိုမိုရင့်ကျက်ခိုင်မာမှု ရှိလာမှာဖြစ်ပါတယ်။
ခုလို စစ်ကောင်စီကို ဆန့်ကျင်တဲ့ လက်နက်ကိုင် တွန်းလှန်မှုတွေ နေရာအနှံ့ ကြီးထွားလာနေချိန်မှာ ရခိုင်ပြည်ကိုတော့ ရခိုင့်တပ်တော် (AA) က အဓိကထိန်းချုပ်ထားပါတယ်။ ရခိုင်ပြည် တစ်ချို့ဒေသတွေမှာတော့ စစ်ကောင်စီနဲ့ အားပြိုင်မှုတွေ ရှိနေတာကြောင့် ယှဉ်ပြိုင်အုပ်ချုပ်မှု စနစ်တွေ ပေါ်ထွက်လာပါတယ်။ လက်ရှိမှာ AA ကတော့ လွှမ်းမိုးမှုအား ပိုကောင်းနေပါတယ်။ AA ဟာ ဒေသန္တရ တရားစီရင်ရေးစနစ်ကို တည်ဆောက်ထားပြီး ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှုလည်း ရှိနေတာကြောင့် စစ်ကောင်စီ တရားစီရင်ရေးစနစ်ရဲ့ အရေးပါမှုကို ထိခိုက်စေလျက် ရှိပါတယ်။ ရခိုင်ပြည်မှာ စစ်ကောင်စီရဲ့ တရားဝင်မှုနဲ့ လက်တွေ့အာဏာသက်ရောက်မှုဟာ ကြီးမားတဲ့ စိန်ခေါ်မှုနဲ့ ရင်ဆိုင်နေရပါတယ်။
ဒီလိုဖြစ်ပေါ်ပြောင်းလဲမှုတွေကို တော်လှန်ရေးအတွက် အလွန်အရေးကြီးတဲ့ အချိုးအကွေ့တစ်ခုအဖြစ် မြင်ကြည့်နိုင်ပါတယ်။ AA ရဲ့ ဒေသန္တရအုပ်ချုပ်ရေး အောင်မြင်မှုတွေဟာ တော်လှန်ရေးတစ်ခုလုံးရဲ့ ရှေ့ပြေးခြေလှမ်းတွေ ဖြစ်လာနိုင်ပါတယ်။ နှစ် (၇၀) ကြာ လက်နက်ကိုင်တော်လှန်ရေး အတွေ့အကြုံအရ လက်နက်တစ်ခုထဲက တော်လှန်ရေးရဲ့ အောင်မြင်မှုကို အဆုံးအဖြတ် မပေးနိုင်ဘူးလို့ ကရင်အမျိုးသားအစည်းအရုံး ခေါင်းဆောင်ဟောင်းတစ်ဦးက မကြာသေးခင်က ပြောခဲ့ပါတယ်။ လက်နက်အင်အား ရှိဖို့လိုသလို တရားဥပဒေစိုးမိုးရေး ၊ ဒေသန္တရအုပ်ချုပ်ရေးနဲ့ လူထုထောက်ခံမှုလဲ ရှိဖို့လိုအပ်ပါတယ်။
ဒါပေမယ့် ရခိုင်ပြည်အတွက် အဆုံးသတ်တိုက်ပွဲဟာ ဘယ်လိုပုံစံ ဖြစ်လာမလဲဆိုတာ ပြောလို့မရသေးပါဘူး။ စစ်ကောင်စီအနေနဲ့ နောက်ထက် ထိုးစစ်ဆင်မှုတွေ လုပ်လာမလား AA ကိုအာဏာပေးလိုက်ပြီး သူတို့မကြာခဏ ပြောနေတဲ့ ကွန်ဖက်ဒရိတ် ဒါမှမဟုတ် ‘ဝ’ ပြည်ပုံစံ ကိုယ်ပိုင်ပြဌာန်းခွင့်ကို ရခိုင်ပြည်မှာ တည်ဆောက်ခွင့် ပြုလိုက်လေမလား။ ‘ဝ’ ပြည်နယ်ဟာ ဗဟိုအစိုးရရဲ့ အုပ်ချုပ်ရေးယန္တရား အောက်ကနေ အတော်အတန် လွတ်လပ်တဲ့ နေရာဖြစ်ပြီး ရခိုင်ပြည်နဲ့လည်း မတူပါဘူး။ ‘ဝ’ ပြည်မှာ တရုတ်ငွေကြေးဖြစ်တဲ့ ‘ယွမ်’ ကို အသုံးပြုပြီး ဆက်သွယ်ရေး အတွက်လဲ တရုတ်တယ်လီကွန်း ဝန်ဆောင်မှုတွေကို အဓိက အသုံးပြုပါတယ်။ ရခိုင်ပြည်အနေနဲ့ အလားတူ လုပ်ဆောင်နိုင်ဖို့ ခက်ခဲပါတယ်။ ‘ဝ’ ပြည်ဟာ ၁၉၅၀ ခုနှစ်ကတည်းက နိုင်ငံရေး၊ စီးပွားရေး၊ နယ်စပ်ကုန်သွယ်ရေးနဲ့ တရားမဝင် လုပ်ငန်းတွေကအစ တရုတ်ရဲ့ လွှမ်းမိုးမှုအောက်ကနေ လည်ပတ်နေခဲ့တာဖြစ်ပြီး ရခိုင်ပြည်မှာတော့ နှစ်ဖက်အားပြိုင်မှုမှာ ခုလို ပြင်ပအင်အားစု ပါဝင်နေတာမရှိပါဘူး။
မြန်မာပြည်အလယ်ပိုင်းဒေသတွေမှာ ယှဉ်ပြိုင် ဒေသန္တရ အုပ်ချုပ်ရေးယန္တရားတွေ အောင်မြင်စွာ တည်ဆောက်နိုင်ခြင်းဟာ နိုင်ငံရေးအရ ကြီးမားတဲ့ သက်ရောက်မှုတွေ ဖြစ်စေမှာပါ။
မြန်မာပြည်အလယ်ပိုင်း ဒေသတွေဟာ AA လိုမျိုး မြေပြင်ပေါ်မှာ ဒေသန္တရအုပ်ချုပ်ရေးအာဏာ တည်ဆောက်နိုင်မလား ဆိုတာတော့ မေးခွန်းတစ်ခုအဖြစ် ရှိနေဆဲပါ။ ဒီမေးခွန်းကို ဖြေဖို့ဆိုရင် AA အုပ်ချုပ်ရေးရဲ့ ကြင်အင်လက္ခဏာတစ်ချို့ကို နားလည်ဖို့ အရေးကြီးပါတယ်။ ပထမဆုံးအနေနဲ့ AA ရဲ့ တရားစီရင်ရေးလုပ်ငန်းကိုကြည့်ရင်အများပြည်သူပါဝင်မှုနဲ့အောင်မြင်အောင်တည်ဆောက်ထားတာဖြစ်တယ်။ ရခိုင်ပြည်က ရိုဟင်ဂျာတွေအပါအဝင် ဒေသခံ အများအပြားဟာ စစ်ကောင်စီရဲ့ အာဏာအောက်မှာရှိတဲ့ တရားရုံးတွေထက်စာရင် AA ရဲ့ တရားစီရင်ရေး ယန္တရားကို ရွေးချယ်ကြပါတယ်။ ဒီလို အများပြည်သူထောက်ခံမှုကို အတိုက်အခံလုပ်ဖို့ စစ်ကောင်စီအတွက် အလွန်မှ ခက်ခဲပါတယ်။
ဒုတိယ အရေးကြီးတဲ့ ယန္တရားကတော့ AA ရဲ့အခွန်စနစ်ဖြစ်ပါတယ်။ AA ဟာ ၂၀၁၉ ခုနှစ်ကတည်းက စစ်ရေး ၊ နိုင်ငံရေးနဲ့ အုပ်ချုပ်ရေး လုပ်ငန်းတွေအတွက် လိုအပ်တဲ့ ရန်ပုံငွေတွေရရှိဖို့ ‘ရက္ခိုင့်ပြည်သူ့အာဏာပိုင်အဖွဲ့’ ကနေတစ်ဆင့် အခွန်ကောက်ခံခဲ့တာ ဖြစ်ပါတယ်။ ပြည်သူ အများအပြားဟာ တော်လှန်ရေးကို ထောက်ပံ့ဖို့နဲ့ ပိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေရဖို့ မျှော်လင့်ချက်နဲ့ အခွန်ကို လိုလိုလားလား ပေးကြပါတယ်။ ဒါပေမယ့် AA နဲ့ စစ်ကောင်စီ နှစ်ဖက်လုံး ယှဉ်ပြိုင်ထိန်းချုပ်မှုရှိတဲ့ နေရာတစ်ချို့မှာတော့ ပြည်သူတွေဟာ နှစ်ဖက်လုံးကို အခွန်ဆောင်နေရပါတယ်။
ရခိုင်ပြည်အတွင်းက AA အုပ်ချုပ်ရေးရဲ့ တတိယ ကြင်အင်လက္ခဏာ တစ်ခုကတော့ အများပြည်သူဝန်ဆောင်မှု တွေဖြစ်တယ်။ AA ဟာ စစ်ကောင်စီနဲ့ အလွတ်တမ်း အပစ်အခတ်ရပ်စဲရေး လုပ်ထားတုန်း ကျောင်းသူ/သားတွေကို စစ်ကောင်စီရဲ့ကျောင်းတွေမှာ ဆက်လက်တက်ရောက်ခွင့် ပြုထားပါတယ်။ တော်လှန်ရေးခရီး ဆက်နေတုန်း သူတို့အနေနဲ့ ပညာရေးဝန်ဆောင်မှု မပေးနိုင်သေးခင်မှာလည်း မျိုးဆက်သစ်တွေဟာ ပညာတက်ဖို့ လိုအပ်တယ်လို့ သူတို့က လက်တွေ့ကျကျ စဉ်းစားကြတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် AA ဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဒါမှမဟုတ် လွတ်လပ်ရေး ရရှိရေးဆိုတဲ့ သူတို့ရဲ့ ပင်မနိုင်ငံရေး ရည်မှန်းချက်အတွက် လူထုထောက်ခံမှုကို ကောင်းကောင်း အကျိုးရှိရှိ အသုံးချနေတယ်လို့ သုံးသပ်နိုင်တယ်။
အများပြည်သူထောက်ခံမှုကို အသုံးပြုနေတဲ့ AA ရဲ့ နည်းလမ်းဟာ စစ်ကောင်စီကို ဆန့်ကျင်နေတဲ့ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) အတွက် သင်ခန်းစာကောင်းတစ်ခုဖြစ်တယ်။ NUG အနေနဲ့ မြန်မာနိုင်ငံနယ်နမိတ် တစ်ဝက်လောက်ကို ထိန်းချုပ်ထားကြောင်း ၊ ဗမာ-ဗုဒ္ဓ အများစုနေထိုင်ရာ မြန်မာနိုင်ငံအလယ်ပိုင်း ဒေသတွေမှာ ဒေသန္တရအုပ်ချုပ်ရေးနဲ့ နယ်မြေစိုးမိုးရေး အတိုင်းအတာတစ်ခုထိ ရှိနေပြီဖြစ်ကြောင်း မကြာသေးခင်က ပြောကြားခဲ့ပါတယ်။
ဒါပေမယ့် NUG အနေနဲ့ အများပြည်သူထောက်ခံမှုကို ထိထိရောက်ရောက်အသုံးပြုပြီး ဒီဒေသတွေမှာ ယှဉ်ပြိုင် ဒေသန္တရအုပ်ချုပ်ရေး ယန္တရားတွေ ဘယ်လိုတည်ဆောက်သွားမှာလဲဆိုတာ စဉ်းစားစရာဖြစ်တယ်။ သူတို့အနေနဲ့ ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့တွေဖွဲ့ပြီး စစ်ကိုင်းနဲ့မကွေးတိုင်းမှာတော့ ရှေ့ပြေးစီမံကိန်းသဘော စမ်းသပ်မှုတွေ လုပ်နေပါတယ်။ ၂၀၂၂ ခုနှစ် ၊ ဧပရယ်လ ၊ (၁၈) ရက်နေ့က ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ဗဟိုကော်မတီ အစည်းအဝေးတစ်ခုမှာ NUG ဝန်ကြီးဦးလွင်ကိုလတ်က NUG ဟာ တရားစီရင်ရေးနဲ့ ရဲဌာနလုပ်ငန်းတွေအတွက် ယာယီဒေသန္တရ အုပ်ချုပ်ရေးကို မြို့နယ် (၃၇) ခုမှာ စမ်းသပ်လုပ်ဆောင်နေပြီး နောက်ထပ် (၁၉) မြို့နယ်မှာလည်း တိုးချဲ့စမ်းသပ် လုပ်ဆောင်သွားဖို့ ရှိတယ်လို့ ဆိုပါတယ်။ မကွေးတိုင်းမှာတော့ ရှေ့ပြေးစမ်းသပ်မှု (၆) ခုရှိပါတယ်။ NUG အနေနဲ့ ဒီလုပ်ငန်းတွေမှာ လိုအပ်တဲ့ အများပြည်သူ ပူးပေါင်းပါဝင်မှုရှိအောင် ဘယ်လောက်လုပ်နိုင်မလဲ ၊ AA လိုမျိုး အောင်မြင်မှုတွေ ရရှိလာမလားဆိုတာတော့ စောင့်ကြည့်ရမှာ ဖြစ်တယ်။
မြန်မာပြည်အလယ်ပိုင်း ဒေသတွေမှာ ယှဉ်ပြိုင်ဒေသန္တရ အုပ်ချုပ်ရေးယန္တရားတွေ အောင်မြင်စွာ တည်ဆောက်နိုင်ခြင်းဟာ နိုင်ငံရေးအရ ကြီးမားတဲ့ သက်ရောက်မှုတွေ ဖြစ်စေမှာဖြစ်တယ်။ ဒီလိုယန္တရားတွေကို နိုင်ငံတစ်ဝှမ်းကပြည်သူတွေက ထောက်ခံကြပြီး လက်နက်ကိုင်ပဋိပက္ခ မရှိတဲ့ဒေသတွေမှာတောင် ထောက်ခံမှုတွေ ရှိနေပါတယ်။ မတူညီတဲ့ အခြေအနေတွေရှိသည့်တိုင် ဒီဒေသတွေမှာလဲ အလားတူ ဒေသန္တရအုပ်ချုပ်ရေးပုံစံတွေ တည်ဆောက်နိုင်မယ်ဆိုရင် စစ်ကောင်စီရဲ့ နိုင်ငံရေးယန္တရားကို အကြီးအကျယ် အားနည်းသွားစေမှာဖြစ်တယ်။
မြန်မာပြည်အလယ်ပိုင်းမှာ ဒေသန္တရအုပ်ချုပ်ရေး တည်ဆောက်နိုင်ခြင်းဟာ ပြင်ပကိုလည်း သက်ရောက်မှုတွေ ရှိစေမှာဖြစ်ပြီး အထူးသဖြင့် တရုတ်နိုင်ငံအပေါ် သက်ရောက်မှု ရှိနိုင်ပါတယ်။ ကြေးနီတူးဖော်ရေး စီမံကိန်းတွေ အပါအဝင် တရုတ်ရဲ့ ရင်းနီးမြုပ်နံမှုလုပ်ငန်းတွေဟာ ခုလိုအားပြိုင်မှုတွေ ဖြစ်ပေါ်နေတဲ့ ဒေသတွေမှာ တည်ရှိနေတာဖြစ်တယ်။ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးကို ဆန့်ကျင်တဲ့ ဒေသန္တရအင်အားစုတွေ ပေါ်ထွက်လာခြင်းဟာ တရုတ်ရင်းနှီးမြှုပ်နှံ သူတွေအတွက် ပိုမိုရှုပ်ထွေးတဲ့ အခြေအနေကို ဖန်တီးနိုင်တာကြောင့် ဘေကျင်းအစိုးရအတွက် စိုးရိမ်စရာ ဖြစ်စေမှာဖြစ်တယ်။
လက်တွေ့နိုင်ငံရေး အပြောင်းအလဲတွေဟာ ဖြေးဖြေးနဲ့မှန်မှန် ဖြစ်သွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒီဖြစ်ပေါ်တိုးတက်မှုတွေဟာ ကြီးမားတဲ့ ဒါမှမဟုတ် ပြင်းထန်တဲ့ ရိုက်ခတ်မှုတွေ ရှိတယ်လို မထင်ရပေမယ့် မြန်မာနိုင်ငံရဲ့ ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးဟာ ယှဉ်ပြိုင် ဒေသန္တရအုပ်ချုပ်ရေး ယန္တရားတွေက စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးအာဏာကို တိတ်တဆိတ် ဘယ်လောက်အစားထိုးသွားနိုင်မလဲ ဆိုတဲ့အပေါ်မှာ မူတည်သွားနိုင်ပါတယ်။
ဆိုရှယ်မီဒီယာများမှကူးယူဖော်ပြခြင်းဖြစ်ပါသည်၊မူရင်းရေးသားသူအားခရက်ဒစ်ပေးပါသည်။