မြန်မာစစ်တပ်ဟာ ပြိုကွဲဖို့ခဲယဉ်းလှတယ်လို့ ထင်မြင်ခဲ့သူတွေထဲမှာလည်း ကျနော်ပါခဲ့တယ်လို့ ဝန်ခံပါရစေ။ သို့သော်လည်း စစ်အာဏာသိမ်းမှုနောက်ပိုင်းကာလ အတွင်းဖြစ်ပျက်တဲ့ဖြစ်စဉ်ဖြစ်ရပ်တွေကို ကျနော်မပြတ် စောင့်ကြည့်လေ့လာခဲ့ပါတယ်။ အထူးသဖြင့် မြေပြင်သတင်းတွေကို အနီးစပ်ဆုံးရနိုင်အောင် ကျနော်လုပ်ခဲ့ပါ တယ်။ အောက်ခြေကအဖြစ်အပျက်တွေဟာ သတင်းတိုက်ပွဲတွေနဲ့ ဝါဒဖြန့်ချိနေတာတွေလား၊ ဘယ်အရာ ဘယ်လောက်ဖြစ်တန်ခြေရှိတယ်ဆိုတာကိုမပြတ် အကဲခတ်ခဲ့ပါတယ်။ အခုလည်းမပြတ်ကြည့်နေဆဲဖြစ်ပါ တယ်။
ဗမာအမျိုးသားရေးဝါဒ
အမျိုးသားရေးဝါဒကို ဗဟိုပြုပြီးဆွဲစုထားတဲ့ မြန်မာစစ်တပ်အတွင်းမှာ တကယ်စစ်မှန်တဲ့ မျိုးချစ်ဝါဒ (တနည်း) အမျိုးသားရေးဝါဒ ခိုင်မာကျစ်လစ်သလားဆိုတာကိုလည်း စစ်အာဏာမသိမ်းခင် ၂၀၁၉ ခုနှစ်လောက်ကတည်းကကျနော်စဉ်ဆက်မပြတ်လေ့လာခဲ့ပါတယ်။စစ်အာဏာသိမ်းမှုဖြစ်တော့လည်းတပ်အင်စတီကျူးရှင်းရဲ့ သဘောအနက်ကို ဖော့မတွေးခဲ့သူတစ်ယောက်အနေနဲ့၊ “တို့တတွေ တော်ရုံနဲ့တော့ မရဘူးနော်”ဆိုတဲ့သတိပေးမှုမျိုးနဲ့နိုင်ငံရေးဆောင်းပါးတွေမှာတွန်းတွန်းတိုက်တိုက်သတိပေးရေးသားခဲ့ပါတယ်။ တခါတရံ အားလုံး လျော့တွက်မိ မစိုးလို့… စိုးရိမ်ချက်နဲ့ ရေးသားတာကြောင့်လည်း၊ လူတချို့က အထင်အမြင် လွဲတာတွေ ကြုံခဲ့ရပါတယ်။ ဒါကကိစ္စမရှိပါ။ နားလည်ပြီးသား ကိစ္စဖြစ်သလို၊ ကြုံတွေ့နေကျ ဖြစ်လို့မမှုခဲ့ပါ။
တဖြည်းဖြည်း လက်ဝါးကြီးအုပ်
လူမျိုးစုအသီးသီးနဲ့ စတင်စုဖွဲ့ခဲ့တဲ့ မြန်မာ့တပ်မတော်ဟာ ပါလီမန်ဒီမိုကရေစီခေတ်ဦးကာလမှာတင် တတိတိနဲ့ သင်းကွဲသလိုဖြစ်ခဲ့ပါတယ်။ ဒီကြားထဲ ကွန်မြူနစ်နဲ့ဆိုရှယ်လစ်တွေရဲ့ ကေဒါမွေးတဲ့ လုပ်ရပ်တွေကြောင့်၊ တပ်ရင်းအလိုက်တောခိုတာတွေ ဖြစ်ခဲ့ပါတယ်။ တကယ်တော့ မြန်မာစစ်တပ်ဟာ သမိုင်းသင်ခန်းစာကို ကောင်းကောင်းယူပြီး တည်ဆောက်နိုင်ခဲ့တယ်လို့ ပြောနိုင်ပါတယ်။ ဒါ့ကြောင့် ဗိုလ်ချုပ်ကြီးနေဝင်းနဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက်တွေမှာ၊ တပ်တွင်း မှာ ဘာသာခြားတွေကို တဖြည်းဖြည်း ကန့်လာတယ်။ ဗိုလ်ချုပ်ကြီးနေဝင်းခေတ်ကနေ စတင်ပြီးတော့ လူမျိုးစုတွေကိုတဖြည်းဖြည်း ဖယ်လာတာတွေ့ရပါတယ်။ နောက်ပိုင်းတဖြည်းဖြည်း အသားကျလာပြီး အညာဗမာတောသားတွေချည်းပဲ…. အုပ်စီးမိတဲ့ မြန်မာစစ်တပ်ဖြစ်လာပါတယ်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေခေတ်မှာ၊ ထိပ်ပိုင်းစစ်ဗိုလ်အုပ်စုက တစ်ဦးတည်းလက်ဝါးကြီးအုပ်တာမျိုးမလုပ်ဘဲ၊ “ဝေစားမျှစား” လုပ်ခဲ့လို့စစ်အစိုးရဟာ အာဏာသက်ကိုဆန့်နိုင်ခဲ့တယ် လို့ပြောရမယ်။ အချင်းချင်း မျှဝေစားပြီး ဝိုင်းကြီးချုပ်နဲ့တုပ်နှောင်ထားတဲ့ပုံစံက၊ တပ်တွင်းပြိုကွဲမှုကိုလည်း ထိန်းထားနိုင်သလို၊ ပြင်ပအုပ်စုကိုလည်း စုစုစည်းစည်းခုခံနိုင်တယ်ဆိုတဲ့ ရလဒ်ကိုပေးပါတယ်။ တစ်ဖက်မှာလည်း တပ်အသိုင်းအဝိုင်းထဲဝင်လာသူကို နေပျော်အောင်လုပ်ပေးသလို ဖြစ်တော့၊ တပ်ထောက်ခံတဲ့ အသိုင်းအဝိုင်းကို တဖြည်းဖြည်း ချဲ့ထွင်လာနိုင်တဲ့ သဘောရှိတာကိုလည်းတွေ့ရတယ်။ ထားတော့။
▄ စစ်တပ်အတွက် ဂယ်ပေါက်
ဒီလိုနဲ့တစ်ဖက်မှာလည်းအသက်ရှုပေါက်ချောင်အောင် နိုင်ငံရေးအရဖြေလျော့ရေးလုပ်ပြီး မြန်မာစစ်တပ်က သူရဲ့ဂယ်ပေါက်ကိုဖန်တီးနိုင်ခဲ့တယ်။ခေတ်မီတဲ့ပရော်ဖက်ရှင်နယ်တပ်မတော်ဖြစ်အောင်တည်ဆောက်မယ်ဆိုတဲ့ စကားဟာပြည်မက ဗမာ/မြန်မာ လူထုကိုတစ်စုံတစ်ရာအထိတော့ ဆွဲဆောင်နိုင်ခဲ့ပါတယ်။ ယုတ်စွအဆုံးစစ်အာဏာရှင်ဆန့်ကျင်ရေးကို နှစ်ပေါင်းများစွာ ထောင်ကျတန်းကျခံပြီး လုပ်လာခဲ့တဲ့ ဒီမိုကရေစီအတိုက်အခံအုပ်စုကိုတောင် ဆွဲဆောင်နိုင်ခဲ့တယ်လို့ ပြောနိုင်ပါတယ်။ သို့သော်လည်း “စစ်အာဏာသိမ်းရင် ငါတို့ ထိန်းနိုင်ပါတယ်” လို့ ခပ်ပေါ့ပေါ့ စဉ်းစားပြီး မျက်ကန်းတစ္ဆေမကြောက်၊ ဆင်ကန်းတောတိုးလုပ်ခဲ့တဲ့ လုပ်ရပ်ဟာ အမှားပေါ်အမှားဆင့်ပြီး မြန်မာစစ်တပ်အတွက် တဖြည်းဖြည်း ဘေးထွက်ဆိုးကျိုးများလာပါတယ်။
အရှုံးပေါ် အရှုံးဆင့်လာခဲ့
စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ မြန်မာစစ်တပ်ဟာ နိုင်ငံရေးအရစပြီး အရှုံးပြလာတယ်။ နောက် ဖိနှိပ်ဖြိုခွင်းမှုတွေကိုအကန့်အသတ်နဲ့ ချင့်ချင့်ချိန်ချိန် မလုပ်ဘဲဇွတ်တိုးတော့ လက်နက်ကိုင်လမ်းစဉ် ထိပ်တက်လာတယ်။ ဗမာပြည်မက အုံလိုက်ကျင်းလိုင်းလက်နက်ကိုင်တော်လှန်ရေးကို စတင်လာတဲ့အခါမှာ၊ မြန်မာစစ်တပ်ဟာ အုပ်ချုပ်ရေးအရထပ်ပြီး အရှုံးပေါ်ပြန်တယ်။ လူထုတိုက်ပွဲတွေမှာ အကြမ်းမဖက်တဲ့ သပိတ်တိုက်ပွဲတွေ၊ သပိတ်မှောက်တာတွေ၊ ပြည်သူ့အာဏာဖီဆန်ရေးလှုပ်ရှားမှုတွေ ကြီးကြီးမားမား ပေါ်လာတော့လည်း၊ မြန်မာစစ်တပ်ဟာ စီးပွားရေးအရထပ်ရှုံးပြန်တယ်။ဒီတော့အရှုံးပေါ်အရှုံးဆင့်လာတယ်။
နိုင်ငံတကာရေးရာမှာလည်း စစ်ရေးအရရုရှားနဲ့ စီးပွားရေးနဲ့ နိုင်ငံရေးအရတရုတ်သာ ထောက်ခံရင် မြန်မာစစ်တပ်ဟာ ဘယ်တော့မှမပြိုလဲနိုင်ဘူးလို့ နလပိန်းတုံးအတွေးအခေါ်နဲ့ နိုင်ငံတကာနိုင်ငံရေးကို တိုးဝင်တဲ့အခါမှာလည်း ထပ်ပြီးအရှုံးပြပြန်တယ်။ နိုင်ငံ တကာနိုင်ငံရေးမှာ ဘယ်သူမှသစ္စ မရှိဘူး၊ အားလုံးဟာ အကျိုးစီးပွားနဲ့ကစားနေကြတယ်ဆိုတာကိုမြန်မာစစ်ခေါင်းဆောင်တွေ သိကောင်းသိပေမယ့်၊ တကယ်နားမလည်ဘူး။
လက်နက်ကိုင်ပုန်ကန်မှုနဲ့ ကြုံ
စစ်အာဏာသိမ်းပြီးလက်နက်ကိုင်လမ်းစဉ်နိဒါန်းပိုင်းရောက်လာတဲ့အခါမှာလူမျိုးစုနယ်ပယ်အသီးသီးကလည်း သူတို့ အမျိုးသားရေးလွတ်မြောက်မှုအတွက် အသီးသီးစစ်ပူပေးတာတွေ ရှိလာတယ်။ တဖြည်းဖြည်းနဲ့ ဗမာတော်လှန်ရေးအင်အားစုတွေနဲ့ လူမျိုးစုလက်နက်ကိုင်အဖွဲ့တွေအစေးကပ်လာတယ်။ ဒါဟာ မြန်မာစစ်တပ်အတွက် ကြီးကျယ်သော ရိုက်ခတ်ချက်ပဲဖြစ်တယ်။ လူမျိုးစုလက်နက်ကိုင်အဖွဲ့တွေနဲ့ ဗမာတော်လှန်ရေးအင်အားစုတွေအကြား ပူးကပ်မှုတွေ ထဲထဲဝင်ဝင်မဖြစ်အောင် မြန်မာစစ်တပ်က ကြိုးစားပေမယ့် မအောင်မြင်ဘူး။ အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးဆိုတာကို စစ်ဗျူဟာတစ်ခုလို ကစားတတ်တဲ့မြန်မာစစ်တပ်ရဲ့ စောက်ကျင့်ကိုလူမျိုးစုလက်နက်ကိုင်အဖွဲ့ အားလုံးက သိတယ်။ သို့သော်လည်းမြန်မာစစ်တပ်နဲ့ ပလဲပနံသင့်ပြီး ပေါင်းစားတဲ့ပြည်သူ့စစ်အုပ်စုနဲ့ BGF အုပ်စုကတော့ အကျိုးစီးပွားအထိုင်ပေါ်မှာပဲ ဆက်ကစားတယ်။
လူမျိုးစုလက်နက်ကိုင်အဖွဲ့အားလုံးလိုလိုဟာဗမာတော်လှန်ရေးအင်အားစုတွေရဲ့နွေဦးတော်လှန်ရေးဆိုတာကို ကာယကံမြောက် မကူညီစေအုံးတော့…. မူအားဖြင့်ထောက်ခံတယ်ဆိုတာကို ပြသလာကြတယ်။ ဒီလိုနဲ့ စစ်အာဏာသိမ်းမှုတစ်နှစ်ပြည့်ပြီး ကာလနောက်ပိုင်းမှာ၊ လူမျိုးစုလက်နက်ကိုင်အဖွဲ့ကြီးတွေနဲ့ ဗမာတော်လှန်ရေးတပ်သားတွေတဖြည်းဖြည်း ပေါင်းစည်းမှု အားကြီးလာတာကိုတွေ့ရတယ်။
▄ လှေကြီးထိုးရိုးရိုး
မြန်မာစစ်တပ်ဟာ ခေတ်တွေပြောင်းလာပေမယ့် သူ့ရဲ့ရှေးနည်းဟောင်းဖြစ်တဲ့ လှေကြီးထိုးရိုးရိုးဗျူဟာကိုပဲ ဆက်လက်သုံးစွဲတယ်။ မြန်မာစစ်တပ်ရဲ့အစဉ်အလာအတိုင်းလုပ်ခဲ့တဲ့ လှေကြီးထိုးရိုးရိုးဗျူဟာကပဲ၊ မြန်မာစစ်တပ်ကို ရန်သူတွေပွားသထက်ပွားအောင်၊ တိုးသထက်တိုးအောင် လုပ်နေသလို ဖြစ်ခဲ့တယ်။ အထူးသဖြင့် သတင်းအချက်အလက် နည်းပညာအပြန့်ကျယ်တဲ့ခေတ်မှာ၊ မြန်မာစစ်တပ်လုပ်တဲ့ အကြောက်တရားနဲ့ခြိမ်းခြောက်ပြီး ငြိမ်ဝပ်ပိပြားအောင်လုပ်တဲ့ဗျူဟာဟာ – မြန်မာစစ်တပ်အဖို့ ရန်သူတွေ မွေးနေသလိုသာဖြစ်ခဲ့တယ်။
မြန်မာစစ်တပ်ရဲ့ လုပ်နည်းလုပ်ဟန်တွေကိုကြည့်ရင် – အကြပ်ကိုင်တာ၊ ခြိမ်းခြောက်တာ၊ ဖိနှိပ်တာ၊ အကြောက်တရားသွင်းပေးတာ၊ တိုက်ခိုက်တာ၊ သတ်ဖြတ်တာ၊ မီးရှို့တာ၊ ချိပ်ပိတ်တာ၊ ဖမ်းဆီးတာ…. စတဲ့နည်းကလွဲလို့ သီးခြားနည်းနာတွေသုံးစွဲတာ မတွေ့ရဘူး။ ဒီလိုတွေလုပ်ရင် ကြောက်ပြီးငြိမ်မယ်လို့ ထင်ထားတဲ့အစွဲကို အခုထိမြန်မာစစ်တပ်ဟာ မဖျောက်နိုင်တာကို တွေ့ရတယ်။ သတ်ပြလိုက်မယ်၊ ညှင်းဆဲပြလိုက်မယ် ဒါဆိုရင်ငြိမ်မယ် လို့ထင်နေတယ်။ ဆွေမျိုးနီးစပ်တွေကို အသိုင်းအဝိုင်းနဲ့ဖိအားပေးရင် ဖြစ်မယ်လို့ ထင်ပြီးဒါကိုဆက်လုပ်တယ်။
သိမ်ငယ်စိတ်ဝင်လာတဲ့ စစ်ဗိုလ်တွေ
လူထုဟာ မြန်မာစစ်တပ်ကို ရန်သူလို့ မြင်လာတယ်။ နောက်ဆုံးရန်သူလို့ မြင်တဲ့အဆင့်ကနေ ပိုဆိုးလာတယ်။ ရွံလာတယ်။ မုန်းလာတယ်။ ကိုယ့်တူကိုယ့်သားက စစ်တပ်ထဲမှာရှိနေရင်တောင် လူကြားထဲထုတ်မပြောဝံ့ လောက်အောင်စစ်သားဂုဏ်သိက္ခာပျက်ယွင်းလာတယ်။ “ငါ့အဖေက စစ်သားကြီးကွ” “ငါ့တူ ငါ့သား ငါ့အစ်ကို ငါ့မောင်က စစ်သားကွ၊ စစ်ဗိုလ်ကွ…” ဆိုတာကို ထုတ်ဖော်မပြောရဲတော့ဘူး။ နောက်ဆုံး တပ်ထဲမှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်ဗိုလ်တွေတောင် လူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာ စစ်ယူနီဖောင်းဝတ်ပြီး သူတို့ ဓာတ်ပုံကိုမတင်ရဲတော့ဘူး။ အခုအချိန်ထိ အဲသည်လိုတင်ရဲသေးတယ်ဆိုရင်တော့ အဲသည့်ကောင် တကယ့်အကောင်ပဲ။ ဘာအကောင်လဲတော့ မသိဘူး။ သေနာကောင်ဖြစ်မယ် ထင်တယ်။
အာရုံတွေ များ / အင်အားတွေ ပြယ်
မြန်မာစစ်ခေါင်းဆောင်တွေဟာ သူတို့ လုပ်ရပ်မှားကြောင်း ဝန်မခံလိုဘူး။ အမှားကို ဖာထေးဖို့လည်း မကြိုးစားဘူး။ငါတို့လုပ်ရင်ဖြစ်ရမပေါ့လို့ထင်မြင်တဲ့အထင်ဟာတဖြည်းဖြည်းနဲ့ကြီးသထက်ကြီးလာနေတယ်။ ဒီလို အထင် အမြင် ကြီးလာလေလေ၊ အမှားတွေကို ပိုလုပ်မိလာလေလေ ဖြစ်လာတယ်။ တပ်တွင်းမှာ ပြောရေးဆိုခွင့် ဝေဖန်ထောက်ပြခွင့်ကို ပိတ်ပင်ထားတော့၊ တဖြည်းဖြည်းနဲ့ အထက်နဲ့ အောက်ခြေစစ်သားတွေအကြား ဖြစ်ရပ်မှန်သိရှိမှုကင်းပျောက်လာတယ်။ ဒါက တဖြည်းဖြည်းနဲ့ အမှားတွေကိုကြီးထွားလာစေတဲ့အကြောင်းတရားဖြစ်လာတယ်။ မြန်မာစစ်တပ်ဟာ အာဏာသိမ်းပြီးကာလနောက်ပိုင်းကတည်းက တစ်ရက်မှ မနားရသေးဘူး။ အနေချောင်တဲ့ ကောင်တွေကတော့ နားရသပေါ့။ သို့သော်လည်းစစ်ခေါင်းဆောင်တွေနဲ့အောက်ခြေစစ်သားတွေက နေ့တိုင်းလိုလို အပူတွေနဲ့ဖြတ်သန်းနေရတယ်။
မြန်မာစစ်တပ်ဟာ နေရာတိုင်း ဒေသတိုင်း ကဏ္ဍတိုင်းကို အာရုံစိုက်နေရလို့ နေရာတိုင်း ဒေသတိုင်း ကဏ္ဍတိုင်းမှာ အားနည်းနေတယ်။ ဘာကိုမှဖိဖိစီးစီး မလုပ်နိုင်သေးဘူး။ ဘယ်နေရာမှ ဖိဖိစီးစီးနဲ့ အာရုံမစိုက်နိုင်ခြင်းဟာ မြန်မာစစ်ခေါင်းဆောင်တွေရဲ့ အားနည်းမှုကို ထပ်အားနည်းအောင်၊ တတိတိပွန်း ပြတ်ပြတ်အောင် လုပ်ပေးသလိုဖြစ်နေတယ်။
ဒါကိုလည်း အထက်အမိန့်အရပဲ လုပ်ခွင့်ရတဲ့ တပ်အင်စတီကျူးရှင်းမှာ မပြောင်းနိုင်ဘူး မပြင်နိုင်ဘူး။ ပြောခွင့်ဆိုခွင့်အကြံပြုခွင့်လည်းမရှိဘူး။လက်ရှိမြန်မာစစ်အာဏာသိမ်းခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ နံဘေးမှာ – ဗောင်းတော်ငြိမ့် စိတ်တော်သိတွေပဲရှိတယ်။ အားလုံးက မှန်ပါ့ဘုရား…နဲ့ စခန်းသွားနေတယ်။ ခေါင်းဆောင်တစ်ယောက်ရဲ့နံဘေးမှာ ဝေဖန်ထောက်ပြမယ့်သူမရှိခြင်း ဟာ အဲသည့်ခေါင်းဆောင်ရဲ့ ကျရှုံးခန်းအစပဲ။ အခုတော့ ကျရှုံးခန်းဟာတဖြည်းဖြည်းနဲ့ နီးလာပြီ။
တအိအိနဲ့ ပြိုဆင်းလာ
မြန်မာစစ်တပ်ဟာ ချက်ချင်း ဝုန်းဒိုင်းကြီးပြိုကွဲဖို့ ခက်ခဲလှပါတယ်။ သို့သော်လည်းယခုတွေ့နေရတာကတော့ တဖြည်းဖြည်းပွန်းပြတ် ပြတ်လာတယ်။ တအိအိပဲ့ယွင်းပြီး ကျဆင်းလာတာတွေ့ရတယ်။ အတွင်းလှိုက် ယိုယွင်းမှုတွေကလည်း ထိန်းမနိုင်သိမ်းမရ ဖြစ်လာတယ်။ ဒါကိုတပ်တွင်းအသိုင်းအဝိုင်းက စစ်ဗိုလ်အများစု သိတယ်။သို့သော်လည်းချွန်မထွက်အောင်နေနေကြတယ်။မြန်မာစစ်တပ်ထဲမှာလည်းအုပ်စုအားသိပ်ကြီးတယ်။ ဒီတော့တစ်ယောက်ယောက်က ချွန်ထွက်လာရင်၊ ချက်ချင်း ဆွဲစေ့ခံရလို့ ဘယ်သူမှ မပြောဝံ့ဘူး။ ဒါပေမယ့် အချင်းချင်း ကြိတ်ဝိုင်းတွေတော့ ရှိတတ်တယ်။ အတော်များများတော့ အတွင်းကြိတ်ပုန်းပဲ ဖြစ်ကြတယ်။ ပေါ်ပေါ်ထင်ထင် ထွက်မလာဘူး။ သို့သော်လည်း သူတို့အချင်းချင်းတော့ သိနေတယ်။ “ငါတို့တော့ သွားပြီ” ဆိုတာမျိုး။ ဒါပေမယ့် စစ်ဗိုလ်ဆိုတာလည်း မာန်နဲ့ပါ။ အရှုံးဆိုရင်တောင်ဝန်ခံမှာ မဟုတ်ပါဘူး။ မတတ်သာလို့တပ်ဆုတ်ရင်တောင် အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ပြီ… ဆိုတဲ့ဖြေတွေးနဲ့ ကိုယ့်ကိုယ်ကို လီဆယ်တတ်ပါတယ်။
မြန်မာစစ်တပ်ဟာ တဖြည်းဖြည်းတအိအိနဲ့ အဆင်းလမ်းကို ပြိုဆင်းလာတာတွေ့နေရတယ်။ နောက်ဆုံး ဇာတ်သိမ်းတော့ မကြုံသေးပါ။ ဘယ်တော့ကြုံမလဲတော့ မသိပါ။
ယခု မြန်မာစစ်တပ်ကိုယ်တိုင် အရေးပေါ်အခြေအနေဖြစ်ကြောင်း တပ်လှန့်တယ်ဆိုတာကတော့ – ကိုယ့်တပ်ရင်းမှာ ကိုယ့်အားကိုယ်ကိုးသာလုပ်ကြတော့ လို့ အချက်ပေးသလို ဖြစ်တာ တွေ့ရပါတယ်။
မြန်မာစစ်တပ်ရဲ့ နိဂုံးပိုင်းဟာ မကြာခင်ရောက်လာတော့မှာပါ။ ဒါဆိုရင်တော့ “The Rise and Fall of Tatmadaw” ဆိုတဲ့ စာအုပ်ကို မြန်မာလူထုက မိန့်မိန့်ကြီး ဖတ်ခွင့်ရတော့ မပေါ့။
ဆိုရှယ်မီဒီယာများမှကူးယူဖော်ပြခြင်းဖြစ်ပါသည်၊မူရင်းရေးသားသူအားခရက်ဒစ်ပေးပါသည်။