Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

မောက်မာပြီး ဘဝင်မြင့်မှု ကမ်းကုန်နေသော အာဏာသိမ်း စစ်ခေါင်းဆောင်

April 18, 2022
in သုံးသပ်ချက်များ
Reading Time:1 min read
Share on FacebookShare on Twitter

မည်သည့်အာဏာရှင်မျှ ၎င်းတို့ကိုယ်၎င်းတို့ အာဏာရှင်ဟု မခံယူကြပေ။ မြန်မာအာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်လည်း ထိုနည်းတူပင်ဖြစ်သည်။ သို့သော် သူ၏ လုပ်ရပ်များ၊ အများပြည်သူမြင်တွေ့နေရသည့် အပြုအမူများနှင့် လူအများမသိသေးသည့်သူ၏ ပြုမူဆောင်ရွက်ချက်များကို ပေါင်းစပ်ပြီးသုံးသပ်လျှင်မူ မင်းအောင်လှိုင် သည် ယခင် အာဏာရှင်များဖြစ်သော ဗိုလ်ချုပ်ကြီး နေဝင်းနှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ထက်ပင် မိမိကိုကိုယ် ယုံကြည်မှု လွန်ကဲနေသူ၊ ပိုမို မောက်မာသူ ဖြစ်ရုံတင်မက ထိုအာဏာရှင်များထက်ပင် ကြမ်းကြုတ်၊ စဉ်းလဲသူ ဖြစ်နေသည် ကို တွေ့ရမည် ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် သူ့ကို စစ်တပ်အကြီးအကဲ ကာကွယ်ရေး ဦးစီးချုပ် ရာထူး ဆက်ခံရန် ရွေးချယ်ခဲ့သည့် ယခင် ဆရာသမားဟောင်းဖြစ်သော ဦးသန်းရွှေကိုပင် သွားရောက်တွေ့ဆုံခြင်း မရှိတော့ကြောင်းကို စာရေးသူ၏ နေပြည်တော်ရှိ သတင်းရင်းမြစ်တဦး ၏ ပြောကြားချက်အရ လွန်ခဲ့သော ၂ လကပင် သိရှိခဲ့ရသည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အာဏာကို တရားဝင် စွန့်လွှတ် လိုက်သည့် ၂၀၁၁ တွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ရာထူးသည် မြန်မာနိုင်ငံတွင် သြဇာအာဏာ အကြီးမားဆုံးရာထူး ဖြစ်သည်။

ဦးသန်းရွှေကို အခါအားလျော်စွာ သွားရောက်တွေ့ဆုံပြီး ၎င်းတို့၏ ခေါင်းဆောင်ကြီးအဖြစ် အရိုအသေပေးခြင်းသည် လက်ရှိနှင့် လက်ဟောင်း ထိပ်တန်း ဗိုလ်ချုပ်များ၏ လုပ်ရိုးထုံးစံဖြစ်သည်။ သူ၏ အိမ်သို့ ပုံမှန် သွားရောက်လေ့ ရှိသူများတွင် ဗိုလ်ချုပ်ကြီးဟောင်းလည်းဖြစ် သမ္မတဟောင်းလည်းဖြစ်သူ ဦးသိန်းစိန်၊ အခြား ဗိုလ်ချုပ်ကြီးများနှင့် စစ်အုပ်စုက ဖွဲ့စည်းထားသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) မှ လက်ရှိ ထိပ်တန်းခေါင်းဆောင်များ ပါဝင်သည်။

ထိုသို့ သွားရောက်တွေ့ဆုံသူများထဲတွင် လက်ရှိ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လည်း မကြာသေးခင် အချိန်အထိပါဝင်ခဲ့ပြီး ဦးသန်းရွှေ အား၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံအခြေအနေကို အလွတ်သဘော တင်ပြခြင်းများကို ပြုလုပ်ခဲ့သည်။

သို့သော် လွန်ခဲ့သောနှစ်လယ်ပိုင်းမှစကာ သူသည် မြန်မာနိုင်ငံကို ၁၉ နှစ်ကြာဖိနှိပ် အုပ်ချုပ်ခဲ့သည့် စစ်အာဏာရှင်ဟောင်းကြီး ဦးသန်းရွှေကို သွားရောက်တွေ့ဆုံခြင်း မရှိတော့ပေ။ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဦးသန်းရွှေကို မည်သည့်အတွက် သွားရောက်တွေ့ဆုံခြင်း မပြုတော့သနည်း။

ထိုလုပ်ရပ်သည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဘက်က သူ့ကိုယ်သူ အလွန်အကျွံ ယုံကြည်မှုဖြစ်နေကြောင်း ပြသသည့် လက္ခဏာဖြစ်ကြောင်း စာရေးသူ၏ နေပြည်တော် သတင်းရင်းမြစ်များက ပြောသည်။

မင်းအောင်လှိုင် အနေဖြင့် အာဏာရှင်ဟောင်း ဦးသန်းရွှေကို မကြာသေးမီကအထိ တွေ့ဆုံနေခြင်းသည် အဓိကအားဖြင့် သူ၏ လူကြီးဟောင်းအနေဖြင့် သွားတွေ့ခဲ့ခြင်း ဖြစ်ကြောင်း သတင်းရင်းမြစ် ၂ ခုက အတည်ပြု ပြောကြားသည်။ ယခုအချိန်တွင် သွားရောက်တွေ့ဆုံမှု မပြုတော့ခြင်းသည် မင်းအောင်လှိုင် အနေဖြင့် နိုင်ငံကို သူတဦးတည်း စီမံနိုင်မည်ဟု ယုံကြည်နေကြောင်း ပြသသည့် နောက်ထပ်လက္ခဏာဟု ယူဆနိုင်သည်။

ထိုစရိုက်လက္ခဏာသည် အာဏာရှင်တို့၏ စရိုက်လက္ခဏာများအနက် တခု ဖြစ်သည်။ ၎င်းတို့သည် သူတို့ကို သူတို့ အရာရာကို အမိန့်ပေး ဆုံးဖြတ် စီမံ နိုင်သူ အဖြစ် မြင်တတ်ကြသည်။

မင်းအောင်လှိုင် ဦးသန်းရွှေ ကို သွားမတွေ့တော့သည့် သတင်းကို စာရေးသူ အနေဖြင့် အခြားသူတချို့နှင့် ဖလှယ်ခဲ့သည်။ ၎င်းတို့ အပါအဝင် စာရေးသူ၏ သတင်းရင်းမြစ်များက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လုပ်ရပ်သည် စစ်အာဏာရှင်များအနက် သမိုင်းတွင် ဆိုးဆုံး တဦးအဖြစ် မှတ်တမ်းတင်ခံရသည့် သူ၏ ဆရာသမားကို အာခံခြင်းဖြစ်သည်ဟု မြင်ကြသည်။

အသက် ၆၇ နှစ် ရှိပြီဖြစ်သော ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေဖြင့် ဦးသန်းရွှေ အား မီးစာကုန် ဆီခန်း ဘာမှ အရေးမပါ အရာမရောက်တော့သူဟု ယူဆနေပုံရသည်။ တဖက်တွင်လည်း အာဏာ သိမ်းလိုက်ခြင်းဖြင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို အာဏာမရစေရန် လုပ်ဆောင်နိုင်သူအဖြစ် သူ့ကိုယ်သူ ဦးသန်းရွှေ၊ သမ္မတဟောင်း ဦးသိန်းစိန် အပါအဝင် ယခင်မျိုးဆက် ဗိုလ်ချုပ်များ မလုပ်နိုင်သည်ကို လုပ်ဆောင်ခဲ့သည့် ကယ်တင်ရှင်အဖြစ် တချိန်တည်းတွင် ယူဆလာပုံရသည်။

ထိုသို့ မင်းအောင်လှိုင် ငါတကောကောနေသည်ကို သူတို့အကြား အကွဲအပြဲဖြစ်နေသည်ဟု မယူဆစေလိုပါ။ နိုင်ငံရေးသဘောထားကွဲလွဲမှု သို့မဟုတ် အလားတူကိစ္စမျိုးသည် ယခင် စစ်အာဏာရှင်နှင့် လက်ရှိ အာဏာသိမ်းခေါင်းဆောင်အကြား တခါမှ မရှိခဲ့ဘူးပေ။

ဗိုလ်ချုပ်ဟောင်းများက စစ်အာဏာသိမ်းမှုကို ထောက်ခံ

သူ အာဏာသိမ်းမည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ မတိုင်ခင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဦးသန်းရွှေထံ သွားရောက်ပြီး ရွေးကောက်ခံ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရကို အာဏာသိမ်းတော့မည် ဖြစ်ကြောင်း အသိပေးခဲ့သည်ဟု သိရသည်။

ဦးသန်းရွှေက သူ့ကို တားဆီးခြင်းမရှိဘဲ သေသေချာချာ စဉ်းစားပြီးရင်တော့ လုပ်ပေါ့ ဟုသာ သတိပေးခဲ့သည်။ ထို့ကြောင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အာဏာသိမ်းမှုနှင့် ပတ်သက်ပြီး အာဏာရှင်ဟောင်းထံမှ သဘောတူသည်ဟု ဆိုနိုင်သည်။ ထိုအာဏာသိမ်းမှုကြောင့် လူပေါင်း ၁,၅၀၀ ကျော် အသတ်ခံရပြီး အခြားသူ ထောင်ပေါင်းများစွာ ဖမ်းဆီးခံထားရသည်။

၁၉၈၈ ခုနှစ်က အာဏာသိမ်းခဲ့သော ဦးသန်းရွှေ စစ်အုပ်စုမှ အခြားထိပ်တန်း ဗိုလ်ချုပ် ၂ ဦးကလည်း မင်းအောင်လှိုင် စစ်အာဏာသိမ်းခြင်းကို ထောက်ခံကြသည်။ ဦးသန်းရွှေ၏ လက်ထောက် အသက် ၈၄ နှစ်ရှိပြီဖြစ်သော ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးက လုပ်သင့်တာကြာပြီ၊ .နောက်ကျနေပြီ ဖြစ်ကြောင်း အဆိုပါ ဗိုလ်ချုပ်ဟောင်းများ၏ အတွင်းသတင်းများကို ရရှိနေသော သတင်းရင်းမြစ်များ၏ အဆိုအရ သိရသည်။

ယခုနောက်ဆုံးအကြိမ် စစ်အာဏာသိမ်းမှုကို ထောက်ခံသည့် အခြားသူတဦးမှာ ယခင်စစ်ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်ဖြစ်သည်။ ထိုစစ်ထောက်လှမ်းရေး အကြီးအကဲဟောင်းသည် ၁၉၈၈ ခုနှစ်နောက်ပိုင်း အတိုက်အခံများအားလုံးကို ဖြိုခွဲမှုများအတွက် တာဝန်ရှိသူ ဖြစ်သည်။ လွန်ခဲ့သောနှစ် ဒီဇင်ဘာလ လဆန်းတွင် စစ်အာဏာသိမ်း ခေါင်းဆောင်သည် ဦးခင်ညွန့်ကို ရန်ကုန်ရှိ နေအိမ်တွင် သွားရောက်တွေ့ဆုံပြီး ထိုစဉ်က ရိုက်ကူးထားသော ဓာတ်ပုံအရ ၎င်းတို့ ၂ ဦးအကြား နွေးထွေးသော ဆက်ဆံရေး ရှိသည်မှာ သိသာသည်။

နိုင်ငံတကာ အသိုက်အဝန်းက ပြုပြင်ပြောင်းလဲရေးသမားအဖြစ် မြင်ခဲ့သည့် သမ္မတဟောင်း ဦးသိန်းစိန် အပါအဝင် အခြား ဗိုလ်ချုပ်များက စစ်အာဏာသိမ်းမှုကို တိတ်ဆိတ်စွာ ထောက်ခံကြသည်။

ရေတပ်ဗိုလ်ချုပ်လည်းဖြစ်၊ ဦးသိန်းစိန်အစိုးရ ထိပ်တန်းဝန်ကြီးဟောင်းလည်း ဖြစ်သူ ဦးစိုးသိန်းက စစ်အာဏာသိမ်းခြင်းကို သူ၏ စာအုပ်တအုပ်တွင် လူသိရှင်ကြားထောက်ခံသည်။
ထိုဗိုလ်ချုပ်များအားလုံးသည် ၎င်းတို့၏ပါတီဖြစ်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ကို ရွေးကောက်ပွဲတိုင်းတွင် အနိုင်ရခဲ့သည့် NLD အစိုးရကို ဖယ်ရှားရနဆိုသည့်် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဆုံးဖြတ်ချက်ကို ထောက်ခံကြသည်။

အကုန်သိ အကုန်တတ်

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် သူ့ကိုယ်သူ အရာရာကို သိမြင်သည့် ခေါင်းဆောင်ကြီးသဖွယ် ပြုမူနေကြောင်း စစ်ကောင်စီ ရုပ်သံကို ပုံမှန်ကြည့်သူတိုင်း သတိထားမိမည်ဖြစ်သည်။

သူသည် ပါမောက္ခချုပ်များ တက်ရောက်သည့် အစည်းဝေးတွင် ပညာရေး အရေးကြီးကြောင်းကို ပြောကြားတတ်သူဖြစ်သည်။

ကျန်းမာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် တွေ့သောအခါ လမ်းလျှောက်ခြင်းသည် အကောင်းဆုံး လေ့ကျင့်ခန်းဖြစ်ကြောင်း သူက ဆို၏။ ထိုအစည်းအဝေးများမှ သူ၏ ရှည်လျားပြီး ဟိုမရောက်ဒီမရောက် ဗလုံးဗထွေး မိန့်ခွန်းများသည် မြန်မာပြည်သူများကို ၁၉၆၂ ခုနှစ်တွင် အာဏာသိမ်းခဲ့သည့် အာဏာရှင်ဟောင်း ဦးနေဝင်းကို ပြန်လည်သတိရစရာ ဖြစ်စေသည်။

ဦးနေဝင်း သည် မြန်မာစာလုံးပေါင်းသတ်ပုံ မှန်ကန်ရေး အရေးပါပုံကို အဘိဓာန်ပြုစုသူများအား ပြောကြားခဲ့ဖူးသလို တိုင်းရင်း ဆေးပညာရှင်များကိုလည်း တိုင်းရင်းဆေး အရေးပါကြောင်း ပြောတတ်သူ ဖြစ်သည်။

အခြား အာဏာရှင်များကဲ့သို့ပင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် သူတပါးထံမှ အကြံဉာဏ် ယူခဲလှပြီး သူထက် ဝါရင့်သူများဖြစ်သည့် ဦးသိန်းစိန် သို့မဟုတ် ယာယီသမ္မတ ဗိုလ်ချုပ်ကြီးဟောင်း မြင့်ဆွေထံမှပင် အကြံဉာဏ်မယူပေ။

သူသည် ဗိုလ်ချုပ်များထောက်ခံသည့် USDP ခေါင်းဆောင်ပိုင်းကိုလည်း အရေး မလုပ်သူဖြစ်သည်။ မင်းအောင်လှိုင် သည် သူများ စကား နားထောင်တတ်သူ မဟုတ်သည် ကို သူနှင့်တွေ့ဖူးသည့် လူတိုင်းသိသည်။

စစ်ဗိုလ်ချုပ် နှင့် နိုင်ငံရေးသမားများ ပါဝင်သော သူ၏ စစ်ကောင်စီအဖွဲ့ဝင် အားလုံးလုပ်သည့် တခုတည်းသောကိစ္စမှာ သူပြောသမျှကို နားထောင်ခြင်းသာ ဖြစ်သည်။

သူ၏ ဝန်ကြီးအဖွဲ့သည်လည်း ထိုအတိုင်းသာ ဖြစ်သည်။ အစည်းအဝေးများတွင် သူပြောသမျှ လိုက်မှတ်နေရသော ထိုကောင်စီဝင်များနှင့် အစိုးရအဖွဲ့ဝင်များသည် ကျောင်းသား၊ ကျောင်းသူ နှင့် တူနေပြီး မြင်ရသည်မှာ သနားစရာကောင်းလှသည်။ ၎င်းတို့ခေါင်းဆောင်က မည်မျှအဓိပ္ပာယ် ကင်းမဲ့သည့်ကိစ္စကို ပြောသည်ဖြစ်စေ မည်သူမျှ ဆင်ခြေတက်ရန် ပါးစပ် မဟရဲကြပေ။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မစဉ်းစား မလေ့လာဘဲ သူထင်သလို အမိန့်များ ထုတ်တတ်ကြောင်း သတင်းရင်းမြစ်များက ပြောသည်။ သူ၏ လက်တွေ့မကျသည့် စိတ်ကူးများကို မီးထိုးပေးနေသည့် သူကို့ ကြည်ညိုသည့် လူတစုကလည်းရှိနေသေးသည်။ ထိုသူများအထဲတွင် ဗုဒ္ဓဘာသာ ဘုန်းကြီးများ၊ စစ်တပ်လိုလားသည့် လူများပါဝင်သည်။

ထို့ကြောင့်ပင် မီးမမှန်သည့် မြန်မာနိုင်ငံတွင် လျှပ်စစ်ဘတ်စ်ကားနှင့် ရထားပြေးဆွဲရေးကဲ့သို့သော လက်တွေ့မကျသည့် စိတ်ကူးများ မင်းအောင်လှိုင် ရလာခြင်းဖြစ်သည်။

အားလုံးထက် ပိုမိုက်မဲ

လက်ရှိအချိန်အထိ မြန်မာနိုင်ငံကြုံခဲ့ ရသည့် အာဏာရှင်များအနက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယုတ်မာရိုင်းစိုင်းမှုနှင့် ရက်စက်ကြမ်းကြုတ်မှုအရ ဦးနေဝင်းနှင့် ဦးသန်းရွှေတို့ထက် သာလွန် ကမ်းကုန်ပြီး ပြိုင်ဘက်ကင်းသူ ဖြစ်သည်။ ထိုသို့ဆိုခြင်းကြောင့် ယခင် အာဏာရှင်များ လူမသတ်ခဲ့ဟု ဆိုလိုခြင်း မဟုတ်ပါ။ သို့သော် အတိုက်အခံများကို ခြေမှုန်းရာတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ပိုမို ဆိုးရွားကြောင်းကို ယနေ့မြန်မာနိုင်ငံက လူတိုင်းပြောပြနိုင်ကြသည်။

သူ၏ စစ်ကောင်စီသည် ၎င်းတို့ကို ဆန့်ကျင်သည်ဟု သံသယရှိသူကို ဖမ်းမမိပါက ထိုမိသားစုမှ ကလေးအပါအဝင် မည်သူ့ကိုမဆို ဖမ်းဆီးသည်။ သူ၏ ပြန်ကြားရေးမှ ထုတ်လွှင့်သည့် သတင်းမှားများ အတိုင်း မရေးဘဲ အမှန်ကို ပြောသည့် သတင်းသမားများကို ပစ်မှတ်ထားသည်။

ဖြုတ်ချခံ NLD လွှတ်တော်ကိုယ်စားလှယ်ဖြစ်လျှင် သို့မဟုတ် စစ်ကောင်စီကို မဆန့်ကျင်ရန် လက်မှတ် မထိုးထားသည့် အဖွဲ့ဝင်ဖြစ်လျှင် သို့မဟုတ် စင်ပြိုင် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) နှင့် ခုခံရေးလှုပ်ရှားမှုတွင် ကိုယ်တိုင် မပါဝင်သည့်တိုင် ကူညီထောက်ခံသူဖြစ်ပါက အဖမ်းမခံရအောင် ရှောင်တိမ်းနေနိုင်သည့်တိုင် ပိုင်ဆိုင်မှုများကတော့ သိမ်းဆည်းခံရမည် ဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်သည့် စာရင်းများအရ ဇန်နဝါရီလ ၂၀ ရက်နေ့အထိ ပုဂ္ဂလိကပိုင် နေအိမ်အနည်းဆုံး ၂၆၇ လုံးနှင့် အခြားပိုင်ဆိုင်မှုများကို စစ်ကောင်စီက သိမ်းယူကြောင်း၊ ၎င်းတို့အနက် ထက်ဝက်နီးပါးသည် NLD လွှတ်တော် ကိုယ်စားလှယ်များနှင့် အဖွဲ့ဝင်များ ပိုင်ဆိုင်သော ပစ္စည်းများဖြစ်ကြောင်း သိရသည်။

ထိုလုပ်ရပ်များသည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ယုတ်မာရက်စက်မှုများ၏ အဖျားအနားသာ ဖြစ်သည်။ စစ်ကောင်စီဆန့်ကျင်ရေး အမာခံဒေသဖြစ်သည့် အထက်မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းမှ တောင်သူ အများအပြားသည် စစ်ကောင်စီ၏ လေကြောင်းမှ သိမ်းကြုံး တိုက်ခိုက်မှုများကြောင့် ၎င်းတို့နေအိမ်များ ပျက်စီးသွားပြီး ဘဝများ မည်သို့တစစီ ပြိုကွဲ ရသည်ကို ပြောပြနိုင်ပါလိမ့်မည်။

သို့သော် ရက်စက်ယုတ်မာမှုများ ကျူးလွန်နေသော်လည်း မင်းအောင်လှိုင် အနေဖြင့် အာဏာသိမ်းပြီး တနှစ်ကျော်ကြာသည့်တိုင် နိုင်ငံကို အပြည့်အဝ ထိန်းချုပ်နိုင်ခြင်း မရှိသေးပေ။

သူ၏ အင်အားကြီးလှသည်ဆိုသည့် စစ်တပ်သည် သူတို့ထက် လက်နက် အင်အားနည်းသော်လည်း သူတို့ကို တော်လှန်လိုသည့် စိတ်ဓာတ်မြင့်မားလှ သည့် PDF များကို မနှိမ်နှင်းနိုင်ပေ။ အောင်ပွဲအလျင်အမြန် မရသောကြောင့် မင်းအောင်လှိုင် သည် ပြည်သူများအကြားတွင် အကြောက်တရား ဖြစ်စေရန် နည်းလမ်းပေါင်းစုံဖြင့် လုပ်နေသည်။

စစ်အာဏာရှင်မှန်သမျှ နောက်ဆုံးတွင် ကျဆုံးရသည်သာ ဖြစ်သည်။ သို့သော် မေးစရာ ရှိသည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေဖြင့် အာဏာကို မည်မျှကြာကြာ ဖက်တွယ် နေနိုင်မည်နည်းနှင့် မြန်မာပြည်သူများသည် ၎င်းတို့ကြုံဖူးသမျှ အဆိုးရွားဆုံး အာဏာရှင်၏ လက်တွင် ဒုက္ခများကို မည်မျှ အထိ ဆက်လက် ဆက်လက်ခံစားနေရဦး မည်နည်းဆိုသည့် မေးခွန်းပင်ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကဲ့သို့သော အာဏာရှင်တဦး ကျဆုံးခြင်းသည် မြန်မာနိုင်ငံနှင့် ပြည်သူတရပ်လုံးကို လွတ်မြောက်စေခြင်းပင် ဖြစ်သည်။

Source – Ayarwaddy

Related Posts

“စစ်တပ်ကို ဘယ်လို အလဲထိုးမလဲ”
သုံးသပ်ချက်များ

“စစ်တပ်ကို ဘယ်လို အလဲထိုးမလဲ”

June 3, 2025

"စစ်တပ်ကို ဘယ်လို အလဲထိုးမလဲ"   အထွေထွေထိုးစစ်ကြီး...

သုံးသပ်ချက်များ

အပစ်မရပ်ကြသူများ

April 30, 2025

အပစ်မရပ်ကြသူများ ခုရက်ပိုင်း ပွဲသတင်းတွေ တော်တော်လေး စိတ်နေတယ်။...

ဧပြီ ၀၁၊ ၂၀၂၅။ (အင်္ဂါ)
သုံးသပ်ချက်များ

ဘယ်သူ့​ကြောင့်လဲ

April 19, 2025

မန္တလေးငလျင်ကြီးလှုပ်ပြီးသွားတဲ့အခါ နိုင်ငံတကာကအကူအညီပေးတဲ့အဖွဲ့တွေအလျှင်အမြန်ရောက်လာပြီး နည်းပညာအကူအညီနှင့် ဒေသခံတွေပူးပေါင်းပြီး ကယ်တင်ကြတဲ့အတွက်...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English