ဖက်ဆစ်အင်အားက တစ်နိုင်ငံလုံးမှာ ၅သိန်းကျော်ရှိတယ်လို့ အလိုတော်ရိတွေက အမြဲလိုလိုပြောလေ့ရှိတယ်။ သူတို့က ဟိုအရေးဒီအရေးကျွမ်းကျင်သူဆိုတဲ့ ဆိုင်းဘုတ်တွေချိတ်ပြီး ဖက်ဆစ်အတွက် ဈေးပန်း ဖွင့်ပေးတတ်ကြတယ်။ သူတို့ရဲ့ အဓိကရည်ရွယ်ချက်က ငါတို့မှာ သာလွန်အင်အားရှိတယ်၊ ဘယ်တော့မှ လာမယှဉ်နဲ့လို့ ပြောချင်တာပါပဲ။ ဒါ့ကြောင့် ဒီလူတွေရဲ့ လေကြောတွေကိုမိပြီး အရှေ့တောင်အာရှမှာ အင်အားအကြီးမားဆုံး စစ်တပ်ရယ်ဆိုပြီး နိုင်ငံခြားသတင်းတွေထဲပါလာလေ့ရှိတာ သတိထားမိကြလိမ့်မယ်။ လိမ်ပါများရင် ကြာတော့ မှန်သလိုလိုထင်သွားတတ်တာပါပဲ။
ဂျိမ်းကာကွယ်ရေးစာစောင်ကလည်း ကြည်းရေလေအင်အား စုစုပေါင်း ၃သိန်းလောက်ရှိတယ်လို့ဆိုတယ်။ တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်အင်အားစုအားလုံးပေါင်းရင် ၇သောင်းခွဲကနေ ၈သောင်းနီးပါး ရှိတယ်လို့ခန့်မှန်းတယ်။အဲဒီအထဲ(ဝ)တပ်ဖွဲ့က၃သောင်းခွဲလောက်ရှိတာကိုး။၃သိန်းကနေ၅သိန်းလောက်ရှိတဲ့ ဖက်ဆစ်တွေကို ဘယ်တော့မှ မတော်လှန်၊ ပုန်မကန်ရဲအောင် ဟဲဗီးပစ်ထားတဲ့ကိန်းဂဏန်းဆိုတော့ တကယ့် အင်အား ဘယ်လောက်ရှိသလဲဆိုတာ ဖက်ဆစ်တွေတောင် သူတို့စာရင်းအမှန်သူတို့သိနိုင်ဖို့ မလွယ်လှဘူး။
အရင်နေဝင်း၊သန်းရွှေခေတ်ဖက်ဆစ်တပ်တပ်ရင်းတစ်ရင်းရဲ့ဖွဲ့စည်းပုံအရ အင်အား၈၅၇ယောက်ရှိရမှာဖြစ်ပြီး တပ်ရင်းစုစုပေါင်း ၅၂၂ရင်းဆိုရင်တော့ သူတို့ကြွားသလို ၄သိန်း၄သောင်းကျော်ရှိရမှာပါ။ ၂၀၁၃မှာတော့ တပ်ရင်း တစ်ရင်းကို အင်အား ၁၇၀နဲ့ပြောင်းပြီးဖွဲ့ရမယ်ဆိုပေမယ့်လည်း သက်ကြီးရွယ်အို၊ ထိခိုက်ဒဏ်ရာနဲ့ နာမကျန်းတဲ့သူတွေအတွက် ရိက္ခာစာရင်းပြထားတာမို့ မြေပြင်မှာ တပ်ရင်းတစ်ရင်းကို ၇၀ကျော်ရင် ဘုရားစူးလို့သာ မှတ်ရတော့မှာပါပဲ။ ဒါဆို ကြည်းရေလေအင်အားက ၃သောင်းခွဲကနေ ၄သောင်းကြားပဲ ရှိနိုင်တယ်ဆိုရင် ၃သိန်းခွဲ၊ ၄သိန်းဆိုတဲ့ ကိန်းဂဏန်းကြီးနဲ့ ဘယ်လောက်တောင်ကွာနေလဲဆိုတာ မြေပြင် လက်တွေ့အင်အားတွေနဲ့ ချိန်ထိုးကြည့်လိုက်ရင် အထင်းသားမြင်နေရပါတယ်။
ဆိုင်းဘုတ်ပဲရှိတဲ့ ဖက်ဆစ်တပ် အင်အား ၃သိန်းခွဲ တကယ်မရှိဘူးလို့ အနီးကပ်လေ့လာတဲ့သူတွေက အခိုင်အမာပြောပါတယ်။ တစ်ချို့ကတော့ အနည်းဆုံး ၇သောင်းခွဲကနေ တစ်သိန်း၂သောင်းလောက်တော့ ရှိနိုင်တယ်လို့ အကြမ်းဖျင်းတွက်ပါတယ်။ ဒီကနေ့ စနစ်တကျလေ့ကျင့်ထားတဲ့ PDF အင်အားက ၅သောင်းလောက်ခန့်မှန်းတယ်ဆိုရင် တစ်နိုင်ငံအနှံ့က (ပကဖ)အဖွဲ့ပေါင်းက ၃၀၀ကနေ ၅၀၀ကြားရှိနေတာမို့ တစ်ဖွဲ့ကို လူ ၁၀၀နဲ့တွက်ရင်တောင် ၅သောင်းကတော့ အသာလေးလို့ပြောနိုင်တာပေါ့။ တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်အင်အား ၇သောင်းခွဲထည့်မပေါင်းရသေးတဲ့စာရင်းအရပဲ တစ်သိန်းလောက်က ပျော့ပျော့ပဲဆိုရမလိုပါ။
ဒီနေရာမှာ လက်နက်အင်အားကွာခြားမှုထက် ဖက်ဆစ်တွေရဲ့အင်အားဟာ Paper Tiger ဖြစ်နေသလားလို့ ဆန်းစစ်ကြည့်လိုပါတယ်။ မေလကစလို့ စက်တင်ဘာအထိ ဖက်ဆစ်အင်အား ၄ထောင်နီးပါး မုန့်ဟင်းခါးပွဲတွေထွက်ပါတယ်။ အောက်တိုဘာတစ်လတည်း နောက်ထပ် ပွဲတစ်ထောင်ကျော်ထွက်တာ ထည့်မထွက်ရသေးဘူးဆိုတော့ ပြည်သူ့ဘက်ကို ခိုလှုံလာတဲ့ အင်အားက ၃ထောင်နီးပါး၊ မြေသြဇာဖြစ်တာက ၃ထောင်နီးပါးဆိုတော့ တကယ့်တိုက်ပွဲတောင်မစရသေးဘူး အင်အား ၆ထောင်ကျော် ပြုန်းတီးသွားခဲ့ပြီ။ ပလက်ဝမှာ ၂နှစ်လောက် အေအေနဲ့တိုက်လို့ ဖက်ဆစ် ၂ထောင် မြေသြဇာဖြစ်သွားလို့ အတော်လေး သွက်သွက်ခါသွားခဲ့တယ်။ ဒါ့ကြောင့် အေအေနဲ့ဆက်မတိုက်ဖို့ လုပ်လိုက်ရတာ။
ရန်သူ့အင်အားများများကို သတ်ဖြတ်နိုင်ခြင်းဟာ နိုင်ငံရေးရည်မှန်းချက်တွေကို မြန်မြန်ရနိုင်တဲ့ အပေးအယူ လုပ်နိုင်တဲ့ အာဏာရှိပါတယ်။ ဒီတော့ ချင်းတောင်ပေါ်ကို စက်တင်ဘာမှာကျော့ကျော့လေးတက်သွားတဲ့ အနော်ရထာဟာ နိုဝင်ဘာလဆန်းမှာပဲ တောင်ပိုင်းနဲ့မြောက်ပိုင်း နှစ်ခုစလုံးမှာ ကျွဲခတ်ခံရလို့ ကယ်ပါယူပါ တစာစာနဲ့ အလူးအလဲဖြစ်ခဲ့ပါတယ်။ ချင်းတောင်ကိုပို့လွှတ်တဲ့ ဖက်ဆစ်အင်အားဟာ ၃ထောင်ရှိတယ်လို့ မှန်းနိုင်ပါတယ်။ မုံရွာမှာ ဒီဖက်ဆစ် ၃ထောင်ကိုစုပြီး တောင်ပိုင်းနဲ့မြောက်ပိုင်းကို ခြေကားယားနဲ့တက်သွားတဲ့ အနော်ရထာဟာ ယင်းမာပင်၊ ဂန့်ဂေါနဲ့ကလေးမှာ မိုင်းထိလို့ အလောင်းစည်သူဘွဲ့ကို ယူရတယ်။ တောင်ပိုင်းမှာလည်း မတူပီသွားချင်လို့ လမ်းရှင်းတာပါ၊ မပစ်ပါနဲ့လို့ ငိုယိုတောင်းပန်ခဲ့သူတွေ ၆နာရီကြာတဲ့ ခရီးကို တစ်ပတ်လောက်သွားယူရတယ်။ မတူပီကနေ မင်းတပ်အပြန် အနော်ရထာခြေတစ်ဖက် ကျွဲခတ်ခံရပြန်တယ်။ ချင်းတောင်ပေါ်မရောက်ရောက်အောင် တက်သွားတဲ့အခါကျမှ ရွှေဘိုလွင်ပြင်က လက်ခမောင်း ထခတ်တော့ တောင်အောက်ပဲပြေးဆင်းရမလို ဘာလိုလိုဖြစ်သွားတယ်။ နောက်မှ နယ်ပေါင်းစုံက ဖက်ဆစ်တွေကို တံဆိပ်ပေါင်းစုံကပ်ပြီး ကောလင်း၊ ဝန်းသိုဘက် ချပ်သင်းဘေးမဲ့တောကြီးထဲ အင်အား ၇၀၀ကို အလောင်းဘုရားဆိုပြီး လွှတ်ထည့်လိုက်တယ်။ နောက်ထပ်အင်အားကို ကုန်းကြောင်းကမပို့ရဲတော့လို့ ရဟတ်ယာဉ်နဲ့ပို့တယ်။ တစ်နေ့ ၄၀လောက် မြေသြဇာဖြစ်ရင် ၁၀ရက်ဆို အလောင်းဘုရားလည်း လူ ၃၀၀လောက်နဲ့ ငှက်ဖျားမိတော့တာပဲ။
ဒီနေရာမှာပြောချင်တာက ဖက်ဆစ်တပ်ရဲ့ အင်အား ၃သိန်းကြီး ဘယ်နားသွားပုန်းနေသလဲဆိုတာပါပဲ။ တစ်နိုင်ငံလုံးအနှံ့ကမြို့တွေကို ပတ်ပတ်လည် ပိုက်စိတ်တိုက်လိုက်စစ်ကြည့်ရင် ၂၀၀-၃၀၀ထက်မပိုတဲ့ ဖက်ဆစ်တွေပဲရှိတယ်။ တစ်မြို့မှာ ဖက်ဆစ် ၂၀၀ကို နောက်ချန်အင်အားထားရင် သူရင်ဆိုင်နေရတာက တစ်နိုင်ငံလုံးဆိုတော့ အဲဒီမှာတင် ၅သောင်းကျော် ၆သောင်းပဲ။ ကျေးရွာတွေကို မီးတင်ရှို့နေတဲ့အင်အားက ၁၀၀-၁၄၀က မိုင်ကုန်ဆိုတော့ တပ်မကြီးတွေရှိတဲ့နောက်တန်းစခန်းတွေမှာပဲ လခထုတ်ပြီး တူတူပုန်းတိုင်း ကစားနေတယ်လို့ ပြောဖို့ကခက်ပါတယ်။ ၃သိန်းကျော်တောင် အင်အားရှိတယ်ဆို ဘာလို့ ရဲနဲ့မီးသတ်၊ ပျူစောထီးနဲ့ စစ်မှုထမ်းဟောင်းတွေ၊ စစ်သားမိန်းမနဲ့သားသမီးတွေကို သေနတ်ကိုင်ခိုင်းထားတာလဲ။ ရဲတပ်ရင်းတွေကို ဘာလို့ရှေ့တန်းလွှတ်တာလဲလို့ စဉ်းစားကြည့်လို့ကောင်းပါတယ်။ သေချာတာကတော့ ဂျင်အကြီးကြီး ထည့်ခံထားရတာပဲ။ အချင်းချင်းလည်း ဂျင်းထည့်ထားပုံပဲ။ လက်တွေ့ ကျေးလက်နဲ့မြို့ပြတွေမှာ တိုက်ပွဲတွေပေါ်လာမှ ဒီဂျင်းကိုသိသိကြီးနဲ့စားနေပုံပဲ။ တကယ်တော့ စစ်ပွဲတစ်ပွဲမှာ လူအင်အား၊ လက်နက်အင်အားက အရေးပါတယ်လို့ဆိုပေမယ့် တကယ့်အဆုံးအဖြတ်ကတော့ စိတ်ဓါတ်အင်အားက အဓိကကျပါတယ်။ ဒီကနေ့ ဖက်ဆစ်တပ်ရဲ့ စိတ်ဓါတ်ရေးရာအခြေအနေကိုပြန်ကြည့်လိုက်ရင် ကျနော်တို့ပြည်သူတွေကို ခေါင်းကိုချည်းရွေးပစ်သတ်ခဲ့၊ အလောင်းလာကောက်လှည့်လို့ ပြောခဲ့တဲ့သူတွေ ဇွန်၊ ဇူလိုင်ရောက်တော့ သဲအိတ်တွေအထပ်ထပ်ကာထားတဲ့အနောက်မှာ ကြောက်ရွံ့သိမ်ငယ်စိတ်နဲ့ ပြည်သူတွေကို ကြည့်ခဲ့ကြတာမဟုတ်လား။ မြို့ထဲမှာတောင် စစ်ကား၊ ရဲကားနဲ့သွားတာ မလုံခြုံတော့လို့ ကျောင်းကားနဲ့ ဘတ်စ်ကားတွေ ပြောင်းစီး၊ အရပ်သုံးကားတွေနဲ့ အတင်းမောင်းပြေးနေကြရတာမဟုတ်လား။
၁၉၈၅ခုနှစ်ကတည်းက ဖက်ဆစ်တပ်ရဲ့အခြေအနေကို လေ့လာခဲ့သူ ဝါရင့်သတင်းစာဆရာကြီး ဘာတေးလစ်တနာကတော့ ဒီကနေ့ ဖက်ဆစ်တပ်ရဲ့ စိတ်ဓါတ်နဲ့ စာရိတ္တပိုင်းချွတ်ခြုံကျနေတဲ့အပေါ် အတော်ကလေး အံ့အားသင့်ခဲ့ပုံရပါတယ်။ မကြာသေးခင်က ဧရာဝတီမှာရေးခဲ့တဲ့ သူ့ဆောင်းပါးတစ်ခုမှာ အခုလို နိဂုံးချုပ်ရေးခဲ့ပါတယ်။ “အဓိကပြဿနာက အရာရှိတွေကနေ အောက်ခြေစစ်သားတွေအထိ သူတို့ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေကို တကယ်သိမြင်လာနေပြီလားဆိုတာပါပဲ။ လက်ရှိမြန်မာစစ်တပ်ကတောရောမြို့မှာပါကြိုတင်တွက်ဆလို့မရနိုင်တဲ့ရက်ရက်စက်စက်သတ်ဖြတ်နေတာတွေနဲ့ သူတို့ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေအတွက် တစ်ချိန်မှာ တာဝန်ခံရမယ်ဆိုတဲ့အပေါ် ကြောက်ရွံ့စိုးထိတ်လာမယ့် အပြောင်းအလဲတွေ ဖြစ်လာနိုင်ပါတယ်။ လူပေါင်း သိန်းနဲ့ချီ လမ်းမတွေပေါ်ထွက်ပြီး ဝတ်စုံပြည့်နဲ့ ဆန္ဒပြတဲ့လှုပ်ရှားမှုကနေ စစ်သားနဲ့ရဲတွေရဲ့ ရက်စက်တဲ့ သတ်ဖြတ်မှုတွေဟာ တော်လှန်ရေးကို မွေးထုတ်ပေးလိုက်ပါတယ်။ အနာဂတ်မှာ ဘယ်လိုပဲဖြစ်လာပါစေ တွေ့ဆုံဆွေးနွေးရေးဆိုတာ မေ့ပစ်လိုက်ပါ။ နှစ်ဖက်စလုံးက အကြမ်းဖက်မှုတွေ ရှောင်ကြပါလို့ တိုက်တွန်းတာတွေကို မေ့ပစ်လိုက်ပါ”
တူမီးသေနတ်ကနေ လက်လုပ်ဗုံး၊ အဲဒီကမှ မောင်းပြန်ရိုင်ဖယ်နဲ့ စစ်မြေပြင်သုံး ဖောက်ခွဲ၊ ပစ်ခတ်တဲ့ လက်နက်ကိရိယာတွေ တပ်ဆင်တဲ့အဆင့်ဆင့်ကို ပြီးခဲ့တဲ့ လတွေအတွင်း တစတစကူးပြောင်းလာခဲ့တာကို ပြန်ပြီးလေ့လာသုံးသပ်ကြည့်ရင် မြင်နိုင်ပါတယ်။ တစ်နိုင်ငံလုံးပြန့်ကြဲနေတဲ့ ဒေသခံ ကာကွယ်ရေးအဖွဲ့တွေကို Chain of Command တစ်ခုတည်းအောက်ကို စနစ်တကျစုစည်းနေတာ အခုဆို ၃ပုံ၂ပုံကျော်ရှိလာပြီ၊ C3C ရဲ့ယန္တရားကလည်း လည်ပတ်နေပြီဆိုတာဟာ လက်နက်ကိုင်တော်လှန်ရေးရဲ့နောက်တစ်ဆင့်အတွက် အသင့်ဖြစ်နေပြီလို့ ယူနိုင်ပါတယ်။ ဒီအခြေအနေတွေအားလုံးဟာ ပြည်သူလူထုကဖန်တီးပံ့ပိုးပေးနေလို့ ရှင်သန်ကြီးထွားလာနေတဲ့ လူထုတော်လှန်ရေးကြီးပဲဖြစ်ပါတယ်။ ဖက်ဆစ်တွေ အင်အား ၃သိန်းတကယ်ရှိရင်လည်း “သေရဲတဲ့ကောင်ထွက်ခဲ့”လို့ စိန်ခေါ်ရမယ့်အချိန်၊ ကျနော်တို့အလှည့် ရောက်ပါတော့မယ်။ ။
Nathan Maung