ပြည်သူ့ခုခံစစ်စတင်တုန်းက ဖြစ်တန်ရာခြေ ၄ ခုတွက်ပြခဲ့တယ်။
၁။ စစ်တပ်က အလုံးစုံထိန်းချုပ်နိုင်သွားတာ
၂။ ပြည်သူက အလုံးစုံထိန်းချုပ်နိုင်သွားတာ
၃။ စစ်ပွဲက ကြာရှည်ပြီး နောက်ဆုံးမှာစစ်ကောင်စီ(သို့) ပြည်သူ ကပဲ ထိန်းချုပ်သွားမှာ
၄။ စစ်ပွဲက အခိုက်အတန့်ကာလတစ်ခုအထိကြာပြီး သီးခြားလွတ်လပ်တဲ့ဖက်ဒရယ်/ ကွန်ဖက်ဒရေးရှင်း နိုင်ငံ (သို့မဟုတ်) လွတ်လပ်တဲ့ နိုင်ငံငယ်လေးများစွာပေါ်ပေါက်လာမှာ
အခု လက်နက်ကိုင်တိုက်ပွဲသက်တမ်း ၂ လနီးပါးအကြာမှာတော့ ဖြစ်တန်ရာခြေ ၄ ခုထဲက နှစ်ခုဟာ မဖြစ်နိုင်တော့ဘူးလို့ ပြောလို့ရပြီ။ အဲဒါတွေကတော့ ဖြစ်တန်ခြေ ၁ နဲ့ ၂ ပါပဲ။
အဲဒီတော့
၃။ စစ်ပွဲကကြာရှည်ပြီး နောက်ဆုံးမှာစစ်ကောင်စီ(သို့) ပြည်သူက ထိန်းချုပ်သွားမှာ
၄။ စစ်ပွဲကအခိုက်အတန့်ကာလတစ်ခုအထိကြာပြီး သီးခြားလွတ်လပ်တဲ့ဖက်ဒရယ်/ ကွန်ဖက်ဒရေးရှင်း နိုင်ငံ (သို့မဟုတ်) လွတ်လပ်တဲ့ နိုင်ငံငယ်လေးများစွာပေါ်ပေါက်လာမှာ
အဲဒီနှစ်ခုပဲ ကျန်ပါတော့တယ်။
အဲနှစ်ခုကိုပြန်ခွဲရင်
၁။ စစ်ပွဲကြာရှည်ပြီး စစ်ကောင်စီဘက်က အသာစီးရသွားနိုင်တဲ့အကြောင်းတွေကတော့
(က) NUG/CRPH နဲ့ပြည်သူ သဘောထားကွဲလာတာ
(ခ) NUGနဲ့ NUG အောက်မဟုတ်တဲ့ ဒေသကာကွယ်ရေးတွေ တိုင်းရင်းသားတော်လှန်ရေးတပ်(EROs) တွေ အကြားသဘောထားကွဲလာတာ
(ဂ) နိုင်ငံရေး ဘုံသဘောတူညီချက် ဗစ်ရှင် မစ်ရှင် ကို မတည်ဆောက်နိုင်တာ။
(ဃ) ရေရှည်မှာ ပြည်သူတွေဟာ အကျိုးစီးပွါးထိခိုက်မှုကို မခံနိုင်ဘဲ ထောက်ခံမှု/ထောက်ပံ့မှုတွေ ကျဆင်းကုန်တာ။
အစရှိတာတွေပဲဖြစ်ပါတယ်။
ဒါတွေမဖြစ်အောင်
(က) NUG/CRPH က ပြည်သူ့အသံကို ထောက်ခံတဲ့အသံတင်မက ဝေဖန်တဲ့အသံပါ နားထောင်ပြီး လုပ်စရာရှိတာလုပ်ရမှာပါ။
(ခ) NUG အနေနဲ့ တော်လှန်ရေးလက်နက်ကိုင်အားလုံးကို (မြို့ပြပြောက်ကျားအဖွဲ့ငယ်တွေကအစ )နိုင်ငံရေးအရ အထက်အောက်ဆက်ဆံရေးထက် တန်းတူမဟာမိတ်ဆက်ဆံရေးကိုထူထောင်ရပါမယ်။
(ဂ) CRPH အနေနဲ့ တိုင်းဒေသကြီးတွေရဲ့နိုင်ငံရေးဦးဆောင်မှုကို တစ်စုတစ်ဖွဲ့တည်းထိန်းမထားဘဲ power sharing ပေးပြီး နိုင်ငံရေးမူဝါဒထိန်းကျောင်းနိုင်မယ့် ဘော်ဒီတွေဦးဆောင်တည်ဆောက်ရပါမယ်။
(ဃ) ပြည်သူတွေကိုယ်၌ကတော်လှန်ရေးကာလကြီးဆိုတာ အမြဲသတိပြုဆင်ခြင်ပြီး စစ်ကောင်စီကို အခွန်မပေးတာ၊ ငွေတတ်နိုင်ရင် ငွေထောက်ပံ့တာ/ Click တတ်နိုင်ရင် Click နှိပ်တာ။ တစ်နိုင်ငံလုံးက Clicking Army တွေဖွဲ့ပြီး Support လုပ်တာကို ဇွဲနဲ့လုပ်ဖို့လိုပါတယ်။ တော်လှန်ရေးဟာ တာဝန်တစ်ရပ်လို့သတ်မှတ်ပြီး မနိုင်မချင်းလုပ်ဖို့လိုပါတယ်။
ထပ်ပြီး ခွဲလို့ရတဲ့အဖြေတစ်ခုက စစ်ပွဲကြာပြီး ပြည်သူတွေ ထိန်းချုပ်သွားနိုင်ခြင်းဖြစ်ပါတယ်။
ဒီအခြေအနေဖြစ်လာဖို့ ထောက်ပံ့နေတဲ့အကြောင်းတွေက
၁။ ပြည်သူတွေဟာအချိန်ကြာပေမယ့် အားလျော့သွားတာမရှိဘဲ နည်းလမ်းအသစ်တွေနဲ့ထောက်ပံ့မှုတွေ ဆက်လုပ်နိုင်တာ။
၂။ စစ်ကောင်စီဘက်ကအကျအဆုံး/ဒဏ်ရာရစာရင်းဟာ လတ်တလော ၄ လအတွင်း စစ်တပ်တစ်ခုလုံးရဲ့ ၅ % အထိရှိလာတာ။ ဒါကိုပြန်ဖြည့်ဖို့ လူသားအရင်းအမြစ်လိုအပ်ချက်တွေရှိလာတာ။
၃။ PDF တွေဟာ တဖြည်းဖြည်း အတွေ့အကြုံပိုင်း/လက်နက်ပိုင်း/ထုတ်လုပ်မှုအပိုင်းအပြင် လူအင်အားပိုင်းပါ ပိုတောင့်တင်းလာတာ။
၄။ PDF နဲ့ Ethnic Revolution Arm Orgs (ERAOs) တွေ ပူးပေါင်းပြီး တိုက်ပွဲတွေပုံဖော်လာနိုင်တာ။
၅။ ဘယ်လိုပဲအငြင်းပွါးနေကြပေမယ့် ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ စိုးမိုးနယ်မြေ လှုပ်ရှားနယ်မြေတွေ
အသေအချာတွေ့လာရတာ။အဲဒီနေရာတွေဟာလည်းစကစတပ်မကြီးတွေနဲ့မလှမ်းမကမ်းကိုရောက်လာတာ
၆။ တပ်ကစွန့်ခွါသူတွေ တစ တစ များလာတာ။
၇။ တပ်မပါတဲ့ နိုင်ငံရေးစားပွဲဝိုင်းဟာ ခရီးတစ်ခုရောက်လာတာ။
တို့ဖြစ်ပါတယ်။ ဒီအားသာချက်တွေအဓွန့်ရှည်နိုင်ဖို့ ပြည်သူ့တော်လှန်ရေးသမားတွေလုပ်ဆောင်ရမှာက
(က) စစ်ကောင်စီဘက်က စစ်ရာဇဝတ်မှု ဂျီနိုးဆိုက်လုပ်ဆောင်မှုတွေကျူးလွန်နေတာကို ပေါ်လွင်စေပြီး ပြည်သူ့တပ်ဖွဲ့တွေက အသက်ရှင်သန်ရေးအတွက် ခုခံစစ်ဆင်နွှဲနေကြတယ်ဆိုတာပိုမိုပေါ်လွင်အောင် ဗျူဟာကျကျ စစ်ဆင်ကြဖို့။
(ခ) တိုက်ပွဲကာလမှာ ပျော်သလိုနေနေကြတဲ့ ၂၃% သော ကြားနေတွေကိုကြည့်ပြီး စိတ်ဓာတ်မကျကြဖို့။
(ဂ)ကြားကာလ တရားစီရင်ရေး စနစ်တစ်ခုကို ပီပီပြင်ပြင် အကောင်အထည်ဖော်ဖို့။
(ဃ) NUCC နဲ့ ဖက်ဒရယ်ယူနစ် နိုင်ငံရေးဦးဆောင်အဖွဲ့တွေ ပီပီပြင်ပြင်ဖြစ်လာဖို့။
(င) သဘောထားကွဲလုပ်ဆောင်မှုကွဲပေမယ့် စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်မှန်သမျှ အမြစ်ဖြတ်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီရေးဆိုတဲ့ နိုင်ငံရေး ဗစ်ရှင်မစ်ရှင်ကိုပဲဦးတည်ကြဖို့။
စတာတွေပဲဖြစ်ပါတယ်။
ဖြစ်တန်ရာခြေ နောက်တစ်ခုကတော့
စစ်ပွဲက အခိုက်အတန့်ကာလတစ်ခုအထိကြာပြီး သီးခြားလွတ်လပ်တဲ့ ဖက်ဒရယ်/ ကွန်ဖက်ဒရေးရှင်း နိုင်ငံ (သို့မဟုတ်) လွတ်လပ်တဲ့နိုင်ငံငယ်လေးများစွာပေါ်ပေါက်လာမှာ ဆိုတဲ့အချက်ပါပဲ။
တစ်ကိုယ်ရေအမြင်အရပြောရရင်တော့ဒီဖြစ်တန်ရာခြေကိုပဲ ဧကံသ လို့ လက်ညိုးထောင်ပြောဖြစ်မှာပါ။
ဒီအခြေအနေကိုတွန်းပို့နေတဲ့အချက်တွေကတော့
(က)ပြည်သူလူထုရဲ့ရုန်းကန်မှုအားဟာတစ်နေရာနဲ့တစ်နေရာမတူညီကြတာ(လူထုသပိတ်တိုက်ပွဲ/လက်နက်ကိုင်ခုခံစစ် အားကောင်းတဲ့နယ်မြေတွေရှိသလို လုံးဝမရုန်းကန်တော့ဘဲ အလိုက်သင့်နေကြတဲ့ ဒေသတွေရှိလာတာ)
(ခ) အဲ့ဒါတွေရဲ့အကျိုးဆက်အဖြစ် ခုခံအားကောင်းတဲ့နေရာတွေမှာ ပြည်သူ့တပ်တွေ တစ တစ စိုးမိုးမှုရလာပြီး စစ်ကောင်စီအုပ်ချုပ်ရေးလုံးဝနီးပါး ပျက်ပြားနေသလို ခုခံမှုအားမကောင်းတဲ့နယ်မြေတွေမှာ တော်လှန်ရေးလှုပ်ရှားမှုတွေ လုံးဝလုပ်မရအောင်အထိ စကစ အုပ်ချုပ်ရေး ယန္တယား တည်ဆောက်သွားနိုင်တာ။
(ဂ) တော်လှန်ရေးနဲ့ သီးခြားစီရှိနေတဲ့ ပြည်နယ်ကြီးနှစ်ခုမှာ ဖြစ်လာနိုင်တဲ့ သွေးချောင်းစီးစစ်ပွဲကြီးတွေရဲ့ အလားအလာဟာလည်း နောင် ဆယ်စုနှစ်နှစ်ခုလောက်ထိဖြေရှင်းမရတဲ့ အရှုပ်တွေအဖြစ်ရှိနေမှာ။
( လက်ရှိနွေဦးတော်လှန်ရေးမှာစတေးခံပြီး ပါဝင်ကြတဲ့ပြည်သူတွေရဲ့ဝန်ကို လက်ရှိအဲ့ဒီပြည်နယ်ကြီးတွေက ကူထမ်းမပေးနိုင်ကြသလိုပဲ အဲဒီပြည်နယ်တွေမှာဖြစ်လာမယ့် သွေးချောင်းစီးစစ်ပွဲတွေကိုလည်း ပြည်သူစိုးမိုးဒေသတွေက ကူထမ်းပေးနိုင်ကြတော့မှာမဟုတ်ဘူး၊ ဂျင်းစိမ်းနဲ့ မိတ်သလင်လို ဖြစ်ကြတော့မှာ )
(ဃ) လက်ရှိ NUG/CRPH အစိုးရဟာ နိုင်ငံအနှံ့အပြားကိုအာရုံစိုက်ရတာကြောင့် သူ့မှာရှိတဲ့ ငွေအင်အား လူအင်အားနဲ့မနိုင်မနင်းဖြစ်မှာမို့ ဒေသခံတော်လှန်ရေးအင်အားစုတွေနဲ့ မဖြစ်မနေ power sharing လုပ်ကိုလုပ်ရမယ့်အနေအထားဖြစ်နေတာ။EROs တွေနဲ့လည်း တန်းတူမဟာမိတ်ချိတ်ဆက်ရေးကို အခြေခံတဲ့ဘုံနိုင်ငံရေးသဘောတူညီချက်ရဖို့ခက်နေတာ။
(င) ပြည်ပနိုင်ငံတချို့ရဲ့ဝင်ရောက်ဖြေရှင်းမှုမှာ ဘေးထွက်ဆိုးကျိုးတွေရှိလို့ ဩဇာသက်ရောက်ရာအလိုက် ကွဲလွဲတဲ့ဖော်ဆောင်မှုတွေပေါ်လာမှာ။အဲဒီအချိန်လွတ်မြောက်နယ်မြေအချို့ဟာအလျင်အမြန်လူလားမြောက်လာပြီး ကိုယ်ပိုင်အုပ်ချုပ်ရခြင်းရဲ့အရသာကို တွေ့သွားမှာ။
အစရှိတဲ့အချက်တွေအပြင် နောက်ထပ်အချက်ပေါင်းများစွာရှိနေပါသေးတယ်။
ဒီလိုဖြစ်ပေါ်လာမယ့်အခြေအနေကို ပြောင်းလဲနိုင်စေတာက နှစ်ခုပဲရှိပါတယ်။ အဲဒါကတော့
၁။ စစ်တပ်မှာမင်းအောင်လှိုင်ကို အန်တုနိုင်မယ့် Reformer ပေါ်လာဖို့။ ( ဒါက မဖြစ်နိုင်သလောက်ပါပဲ)
၂။ ကမ္ဘာက စစ်တပ်ကိုအရေးယူပြီး ကြားဝင်ဖြေရှင်းဖို့ ( လုံးဝမဖြစ်နိုင်ပါ)
အဲဒီနှစ်ချက်ဟာလည်း မိုးနဲ့မြေက အပ်တစ်စင်းမို့ မြန်မာနိုင်ငံ ဆိုတာကြီးဟာ အစိတ်စိတ်အမွှာမွှာပြိုကွဲ၊ အစောဆုံးလွတ်မြောက်တဲ့နယ်မြေတွေက ဖွံ့ဖြိုးပြီး တချို့နယ်မြေတွေမှာ proxy war တွေဖြစ်နေရင်း ဆယ်စုနှစ်များစွာ ဒုက္ခ ရောက်နေကြရဦးမယ့်အနေအထားကို လက်ရှိအခြေအနေတွေက တွန်းပို့နေပါပြီ။
စစ်ကောင်စီဟာ နိုင်ငံတစ်ခုလုံးကို တသွေးတသံ တမိန့်နဲ့ အုပ်ချုပ်ဖို့ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး/ အင်အားနောက်ခံလည်းမရှိတော့ဘူးဆိုတာ ၉ လတာ အုပ်ချုပ်ရေးတည်ဆောက်မရတာက သက်သေပြနေပါပြီ။ မင်းအောင်လှိုင်ရဲ့ အာဏာစက်ဟာ နောက်လာမယ့် ၃ နှစ်အတွင်းမှာ တဖြည်းဖြည်း ပါးလျားပျောက်ကွယ်သွားပါလိမ့်မယ်။ဒါပေမယ့်သူထားခဲ့တဲ့ဆိုးမွေတွေကြောင့်အငြိုးအတေးစစ်ပွဲတွေဟာဆက်ဖြစ်နေကြဦးမှာပါ။
၂၀၃၀/၄၀ ကာလတွေမှာတော့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုတာ သမိုင်းဖတ်စာအုပ်ထဲမှာပဲရှိနေတော့မယ့်အနေအထား လို့ ခန့်မှန်းရင်း ဇီးကွက်ပို့စ်ကို အဆုံးသတ်ပါရစေ။
Kyaw Wai Phyo