ဖေဖော်ဝါရီလ အာဏာသိမ်းမှုသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ၏ ကိုဗစ်-၁၉ အလွန် မြန်မာ့စီးပွားရေးပြန်လည်ကုစားရန်နှင့် လှုပ်နှိုးရန် ပြင်ဆင်ထားသော ကြီးမားကျယ်ပြန့်သည့် စီးပွားရေး အစီအမံတစ်ခုလုံးကို နင်းချေဖျက်ဆီးပစ်ခဲ့သည်။ ထိုစီးပွားရေးအစီအမံသည် မြန်မာ့ရေရှည် ဖွံဖြိုးတိုးတက်ရေးအစီအစဉ်(MSDP) နှင့် ချိတ်ဆက်ထားကာ လက်တွေ့ကျသည့် လုပ်ငန်းများ၊ ဗဟိုချုပ်ကိုင်မှု ဖြေလျော့ခြင်းများအပါအဝင် စီးပွားရေးဆိုင်ရာ တခွင်လုံးကို အကြီးအကျယ်တွန်းတင်မည့် အစီအစဉ် မြောက်မြားစွာ ပါဝင်ပေသည်။
မြန်မာ့စီးပွားရေး ပြန်လည်ထူထောင်ရေးနှင့် ပြုပြင်ပြောင်းလဲရေးစီမံချက်(MERRP) ဟု အမည်ပေးထားသော ထိုအစီအမံသည် စွမ်းအင်ကဏ္ဍ၊ အိမ်ရာအဆောက်အဦ တည်ဆောက်ဖွံ့ဖြိုးရေးကဏ္ဍ၊ စက်မှုကဏ္ဍနှင့် ဝန်ဆောင်မှုလုပ်ငန်းကဏ္ဍတို့ကို ဝင်ရောက်ရင်းနှီးမြှပ်နှံရန် ဖိတ်ခေါ်ထားပြီး ကိုဗစ်-၁၉ အလွန် စီးပွားရေးပြန်လည်ကုစားရေးအစီအစဉ်(CERP)နှင့် ချိတ်ဆက်ထားပြီး MSDP ၏ စီးပွားရေး တည်ငြိမ်ရေးနှင့် ပုဂ္ဂလိကကဏ္ဍ ဦးဆောင်သော ဖွံဖြိုးတိုးတက်ရေးပန်းတိုင်များနှင့်ပါ အဓိကဦးတည် ချိတ်ဆက် ထားပေသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်တွင် ကာလတို CERP စီမံချက်၊ ကာလလတ် MERRP၊ ကာလရှည် MSDP အစီအစဉ်များသည် တစ်ခုနှင့်တစ်ခု အပြန်အလှန် ချိတ်ဆက် ထားပြီး မြန်မာ့စီးပွားရေးအနာဂတ်ကို လက်တွေ့ကျကျ တပြိုင်တည်း အကောင်အထည်ဖော်မည်ဖြစ်ရာ ထိုစီမံချက်များကို နိုင်ငံတကာဖွံဖြိုးရေးမိတ်ဖက်အဖွဲ့အစည်းများမှ ထောက်ပံ့ကူညီရန် ကတိကဝတ် ပြုထားသည်မှာ ဒေါ်လာနှစ်ဘီလီယံထိ ရှိနေသည်ဟု သိရသည်။
ထူးခြားချက်မှာ ပြည်ပမှ ထောက်ပံ့သည့် ဘတ်ဂျက် အထောက်အပံ့ကို နိုင်ငံတော်ဘဏ္ဍာအတွင်း တိုက်ရိုက်ထည့်သွင်းပြီး နိုင်ငံတော်အစိုးရက ဆောင်ရွက်လိုသည့် အစီအစဉ်များကို အစိုးရ၏ အစီအစဉ်ဖြင့် အပြည့်အဝ အကောင်အထည်ဖော်နိုင်ခြင်း ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအဖွဲ့အစည်းများသည် ခေတ်အဆက်ဆက်တွင် စီမံချက် တစ်ခုချင်းစီအလိုက်သာ ထောက်ပံ့ကူညီမှုပြုခဲ့ကြသော်လည်း CERP စီမံချက်တွင်မူ အစိုးရ၏ ပြည်သူ့ ဘဏ္ဍာရေးစီမံခန့်ခွဲမှုနှင့် စီမံချက်ကို ယုံကြည်သောကြောင့် ဘတ်ဂျက်အထောက်အပံကို နိုင်ငံတော် ဘဏ္ဍာအတွင်း တိုက်ရိုက်ထောက်ပံ့ကူညီရန် သဘောတူညီခဲ့ကြသည်။
သို့သော် ကိုဗစ်ကပ်ရောဂါအလွန် မြန်မာ့စီးပွားရေးပြန်လည်နာလန်ထနိုင်ရေး အစီအမံအားလုံးသည် စစ်အာဏာသိမ်းမှုကြောင့် အလုံးစုံ ပျက်သုဉ်းသွားခဲ့ရပြီဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများ၏ ထောက်ပံ့မှုများသည်လည်း ရပ်ဆိုင်းခဲ့ရသည်။ ထို့အပြင် မြန်မာနိုင်ငံထဲရှိ တာဝန်သိသော ရင်းနှီးမြှုပ်နှံမှုများသည်လည်း မြန်မာနိုင်ငံမှ ပြန်လည် ဆုတ်ခွာရန် ပြင်ဆင်နေကြပြီဖြစ်သည်။
တဖန် အလုပ်သမားများနှင့် ပုဂ္ဂလိက ဝန်ထမ်းများဘက်သို့ ပြန်ကြည့်ရင်လည်း အာဏာသိမ်းပြီးသည့်နောက် မူလက ရရှိခဲ့သော မီးဖွားခွင့်၊ အချိန်ပို လုပ်အားခ ခံစားခွင့်စသည့် အလုပ်သမားအခွင့်အရေးအချို့သည်လည်း အလုပ်ရှင်များ၏ ငြင်းဆန်ပယ်ချခြင်းခံခဲ့ရပြီး အလုပ်သမားများ၏ တစ်နေ့တာ အနိမ့်ဆုံးလစာသည် ကျပ်ငွေ ၄၈၀၀ ၊ ယခင် ဒေါ်လာစျေးနှုန်း ၃ ဒေါ်လာနီးပါးဖြစ်ရာယနေ့ဖြစ်ပေါ်နေသည့် ဒေါ်လာစျေးနှုန်းနှင့်ဆိုလျှင် တစ်ဒေါ်လာကျော်ကျော်သာ ရရှိတော့သည်ဖြစ်သည်။ လုပ်အားခတန်ဖိုးလျော့ချသွားသည်နှင့် တပြိုင်တည်း ကြီးမြင့်လာသော ကုန်စျေးနှုန်းများကို အလုပ်သမားများနှင့် ပုဂ္ဂလိက ဝန်ထမ်းများ ရင်ဆိုင်ရပြန်ပေသည်။
ထို့အပြင် တာဝန်သိသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများသည် နိုင်ငံမှ အလုံးအရင်းနှင့် ထွက်ခွာရန် ပြင်ဆင်နေကြသည်ဖြစ်ရာ လုပ်အားခကို ခေါင်းပုံဖြတ် အမြတ်ထုတ်လိုသော လုပ်ငန်းများနှင့် ပစ်မှတ်ထားအရေးယူမှုကို ရှောင်ရှားလိုသည့် အာဏာသိမ်းအသိုင်းအဝိုင်း၏ ကျောထောက်နောက်ခံပြုထားသည့် လုပ်ငန်းများသာ ကျန်ရစ်ခဲ့သည် ဖြစ်သည့် အတွက် အလုပ်သမားတို့သည် စက်ရုံ၊ အလုပ်ရုံများတွင် ဆက်လက်လုပ်ကိုင်နေပါကလည်း ခေါင်းပုံဖြတ် အမြတ်ထုတ်ခံရကာ အာဏာသိမ်းအသိုင်းအဝိုင်း၏ အကျိုးစီးပွားကို အနာခံကာဆောင်ရွက်ပေးနေရ သကဲ့သို့ ဖြစ်နေပေသည်။
အလုပ်သမားများသည် ထိုအခြေအနေမှန်ကို သိလာသည်နှင့်အမျှ အာဏာသိမ်း စစ်ကောင်စီနှင့် ၎င်းတို့ အသိုင်းအဝိုင်းထံစီးဝင်နိုင်ခြေရှိသည့် ငွေဝင်ပေါက်များကို အလုပ်သမားတို့ကိုယ်တိုင် တားဆီးရန် သေချာပေါက် ကြိုးစားလာမည် ဖြစ်သည်။ အလုံးစုံစီးပွားရေးပိတ်ဆို့မှု (ဝါ) အပြည်ပြည်ဆိုင်ရာ “ဘူး” သပိတ်ကို အလုပ်သမားသမဂ္ဂများနှင့် အလုပ်သမားများကိုယ်တိုင် ထိခိုက်မှုခံကာ နောက်ဆုံး ဖောင်ဖျက်သည့်သဘောအနေဖြင့် နိုင်ငံတကာ အသိုင်းအဝိုင်းကို ကျယ်ကျယ်ပြန့်ပြန့် တောင်းဆိုလာနိုင်ခြေ မြင့်မားနေသည်။
စစ်အာဏာသိမ်းမှုကြောင့် ပြည်သူလူထုကြား ဗဟိုဘဏ်နှင့် ပုဂ္ဂလိက ဘဏ်များအပေါ် ယုံကြည်မှု ကျဆင်းလာခြင်း၊ ပို့ကုန်လုပ်ငန်းများ တုံ့ဆိုင်းခြင်း၊ အလုပ်အကိုင် ဖန်တီးပေးသည့် နိုင်ခြား ရင်းနှီးမြှုပ်နှံမှုများ ထွက်ခွာသွားခြင်း၊ နိုင်ငံခြားအထောက်အပံ့များ ရပ်ဆိုင်းသွားခြင်းတို့ကြောင့် နိုင်ငံ အတွင်းနှင့် သွင်းကုန်လုပ်ငန်းများအတွက် သုံးစွဲရန် လိုသည့် ဒေါ်လာလိုအပ်ချက်သည် ပိုမိုများပြား လာပေသည်။ ဒေါ်လာလိုအပ်ချက် များပြားလာခြင်းနှင့်အတူ နိုင်ငံ၏ ရှေ့အလားအလာများကြောင့် မြန်မာကျပ်ငွေအပေါ် ယုံကြည်မှုကျဆင်းခြင်းသည်လည်း မြန်မာကျပ်ငွေတန်ဖိုးကို လျင်မြန်စွာ ကျဆင်းစေပြီး ဆက်လက် ကျဆင်းမည့် လက္ခဏာရှိနေသည်။
ဗဟိုဘဏ်သည် မြန်မာကျပ်ငွေ ကျဆင်းမှုကို ရေတိုကုစားနိုင်ရေးအတွက် စျေးကွက်အတွင်းသို့ ဒေါ်လာများ ရောင်းထုတ်နေသော်လည်း ထိုဒေါ်လာများကို ဝယ်သူနေသူတို့သည် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်နှင့် နီးစပ်သူများက လက်ဝါးကြီးအုပ်ကာ အလုံးအရင်းနှင့် ဝယ်ယူနေကြသည်ဟု စီးပွားရေးအသိုင်းအဝိုင်းကြား ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်နေကြသည်။ ခရိုနီအသိုင်းအဝိုင်းနှင့် စစ်ခေါင်းဆောင်အသိုင်းအဝိုင်းကြား မြန်မာကျပ်ငွေကို ၎င်းတို့ကိုယ်တိုင် မယုံကြည်တော့ပဲ ရွှေနှင့် ဒေါ်လာများကို ဝယ်ယူစုဆောင်းခြင်း၊ ရန်ကုန်နှင့် မန္တလေးမြို့ကြီးများရှိ ပိုင်ဆိုင်မှုများကို ရောင်းချ၍ စင်္ကာပူနှင့် ထိုင်းကဲ့သို့ နိုင်ငံများတွင် တိုက်ခန်းနှင့် မြေများ ဝယ်ယူရန် ပြင်ဆင်နေမှုများသည် ယခင်ကာလများထက် များပြားနေသည်မှာ ထူးဆန်းလှပေသည်။
မြန်မာကျပ်ငွေ ကျဆင်းခြင်း၊ ရွှေစျေးနှင့် ဒေါ်လာစျေး ရှိသင့်သည့်စျေးထက် လျင်မြန်စွာ တက်ခြင်းတို့ကြောင့် နိုင်ငံလိုအပ်ချက်အရ မရှိမဖြစ် တင်သွင်းရသည့် လောင်စာဆီ စျေးနှုန်းတို့သည် အလိုအလျောက် လိုက်ပါ တက်လာကြပေသည်။ လောင်စာဆီစျေးနှုန်းကြောင့် သယ်ယူပို့ဆောင်ရေးစရိတ်များတက်လာကာ အခြေခံ ကုန်စျေးနှုန်းများလည်း ကြီးမြင့်လာပေသည်။ အလုပ်အကိုင် ရှားပါးမှု၊ မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းမှုတို့ကို ရင်ဆိုင်နေရသည်နှင့် တပြိုင်တည်း ငွေကြေးဖောင်းပွမှုဒဏ်နှင့် ကုန်စျေးနှုန်း ကြီးမြင့်မှုဒဏ်ကိုပါ မြန်မာပြည်သူတို့ ရင်ဆိုင် ကြုံ တွေ့နေရပြီ ဖြစ်သည်။
ဗဟိုဘဏ်သည် ဒေါ်လာအရောင်းအဝယ်ကို ဝယ်လိုအား၊ ရောင်းလိုအားအပေါ် မူတည်သည့် နှုန်းရှင်စနစ်သို့ တက်သုတ်ရိုက် ပြောင်းလဲခဲ့သော်လည်း ဒေါ်လာလိုအပ်ချက်များပြားပြီး နိုင်ငံ အတွင်းသို့ ဒေါ်လာဝင်နိုင်သည့် အနေအထား နည်းပါးနေသည့် စျေးကွက်အနေအခြေအရ ဒေါ်လာစျေး ဆက်လက်တက်နေဦးမည် ဖြစ်ပြီး မြန်မာကျပ်ငွေ အကြီးအကျယ် ပြိုလဲနေဦးမည်သာ ဖြစ်သည်။ ဤသည်မှာ မြန်မာပြည်သူတို့သည် မည်သည့်အမှားမျှ မလုပ်ပဲ နေရင်းထိုင်ရင်း ပိုင်ဆိုင်မှု ထက်ဝက်ခန့် ဆုံးရှုံးသွားခြင်းကို ညွှန်းဆိုနေခြင်း ဖြစ်သည်။
ယနေ့ ရွှေစျေးနှင့် ဒေါ်လာစျေး အတက်အကျကို ဗဟိုဘဏ်၊ ပုဂ္ဂလိကဘဏ်များနှင့် ငွေကြေးလဲလှယ်သည့် ကောင်တာများသာမက ရွှေဘုံသာလမ်း(မဂိုလမ်း)ရှိ ဒေါ်လာ အရောင်းအဝယ်စျေးကွက်ကပါ ယခင်ကထက် ပိုမိုဆုံးဖြတ်ပေးလာတော့မည် ဖြစ်သည်။ ပုဂ္ဂလိကဘဏ်များသည်လည်း ပြည်သူလူထု ယုံကြည်စွာ အပ်နှံထားသော ငွေများကို ပြန်လည်ထုတ်ပေး နိုင်သည့် အနေအထား ရှိ၊ မရှိဆိုသည်မှာ လက်ရှိစီးပွားရေးအခြေအနေများအရ များစွာ သံသယဝင်ဖွယ် ကောင်းလှသည်။
အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသော ထိုအခြေအနေများကို အာဏာသိမ်း စစ်ကောင်စီအနေဖြင့် မည်သို့မျှ ထိန်းချုပ်နိုင်မည်မဟုတ်သကဲ့သို့ စီးပွားရေးပညာရပ်ကို နားလည်သဘောပေါက် နိုင်စွမ်းလည်း ရှိမည်မဟုတ်ပါ။ တအိအိပြိုဆင်းလာသော မြန်မာ့စီးပွားရေးသည် စစ်မှန်သည့် နိုင်ငံရေး ပြောင်းလဲမှုကို အကြီးအကျယ် တောင်းဆိုလာမည်သာ ဖြစ်သည်။ မဂိုလမ်းသည် မြန်မာ့ ရွှေစျေး၊ ဒေါ်လာစျေး အတက်အကျကို ဆုံးဖြတ်သည့်နေရာတွင် ပိုမိုအရေးပါလာမည်ဖြစ်ပြီး စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသည့် မြန်မာ့စီးပွားရေးကျဆင်းမှုကို မြန်မာပြည်သူတို့ မည်သည့်နည်းဖြင့် ကျော်လွှားမည်လဲဆိုသည်က နိုင်ငံ့အနာဂတ်ကို ဆုံးဖြတ်ပေးသွားမည် ဖြစ်သည်။
တခြားတဖက်တွင်မူ ကိုဗစ်-၁၉ အလွန် မြန်မာ့စီးပွားရေးကို အကြီးအကျယ် လှုပ်နှိုးရန် စီမံချက်များ ရေးဆွဲသည့်နေရာတွင် အဓိက ပါဝင်သူများဖြစ်သည့် သီလဝါ အထူးစီးပွားဇုန်ကို အချိန်တိုအတွင်း အောင်မြင်စွာ စီမံခန့်ခွဲနိုင်ခဲ့သောကြောင့် မစ္စတာ S.E.Z ဟု နာမည်ပြောင်ပေးခြင်းခံခဲ့ရသော စီးပွားရေးပညာရှင်များဖြစ်သည့် ဒေါက်တာဆက်အောင်နှင့်အတူ စီမံဘဏ္ဍာဝန်ကြီး စီးပွားရေးပညာရှင်ဦးစိုးဝင်း၊ ငွေကြေးဆိုင်ရာ မူဝါဒကို ကျွမ်းကျင်စွာ ကိုင်တွယ်နိုင်ခဲ့သည့် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာဦးဘိုဘိုငယ်တို့သည် အာဏာသိမ်း စစ်ကောင်စီ၏ မတရားဖမ်းဆီး အကျဉ်းကျခြင်းကို ခံနေရပေသည်။
ခန့်ဝေဖြိုး
(ခန့်ဝေဖြိုးသည် မုံရွာစီးပွားရေးတက္ကသိုလ်၊ စီးပွားရေးလုပ်ငန်းဆိုင်ရာ စီမံခန့်ခွဲမှု မဟာတန်း၊ နောက်ဆုံးနှစ်ကို တက်ရောက်နေသူဖြစ်ပြီး ၎င်း၏ စိတ်ဝင်စားမှုအရ ဘောဂဗေဒဘာသာရပ်ကို လေ့လာဆည်းပူးနေသူ ဖြစ်ပါသည်။)