မတ်လ ၂၇ နေ့ကိုမြန်မာပြည်မှာ တပ်မတော်နေ့ အဖြစ်သတ်မှတ်ထားပါတယ်။ ဒါပေမဲ့ ဒီနှစ်မှာတပ်မတော်နေ့ဟာ သတ်မတော်နေ့ဖြစ်သွားခဲ့ပါပြီ။ စစ်ကောင်စီရဲ့အကြမ်းဖက်တပ်တွေဟာ ဒီနေ့မှာတစ်နိုင်ငံလုံးကအပြစ်ပြည်သူ၁၀၀ ကျော်ကိုသတ်ဖြတ်ခဲ့ပါတယ်။ နေပြည်တော်မှာစစ်ရေးပြပွဲကြီးလုပ်ရင်း တစ်ဖက်မှာဆန္ဒပြပြည်သူလူထုကိုနည်းလမ်းပေါင်းစုံနဲ့သတ်ဖြတ်သွားခဲ့တာပါ။
ဒီနေ့မတိုင်ခင်ကတည်းက ပြည်သူအားလုံးဟာ ” အားလုံးစုဝေး ဖက်စစ်တော်လှန်ရေး ” ဆိုတဲ့ခေါင်းစဥ်အောက်ကနေငြိမ်းချမ်းစွာဆန္ဒပြဖို့ပြင်ဆင်ခဲ့ကြပါတယ်။ တကယ်လည်း ဒီနေ့မှာဖေဖော်ဝါရီ ၂၈ Milk Tea Alliance Day အပြီးအကြီးမားဆုံးဆန္ဒပြပွဲအဖြစ်လမ်းပေါ်တက်လာခဲ့ကြပါတယ်။ လူသတ်တာကလွဲပြီးတခြားဘာမှမလုပ်တတ်တဲ့စစ်ကောင်စီဟာ ပူတာအိုကနေကော့သောင်းအထိရက်စက်စွာအကြမ်းဖက်ဖြိုခွဲခဲ့လို့ တနေ့ထဲမှာကလေးသူငယ်များအပါအဝင် လက်နက်မဲ့ပြည်သူ ၁၁၄ ဦး ကျဆုံးခဲ့ပါတယ်။ ဒါအတည်ပြုထားတဲ့စာရင်းပါ။ စစ်တပ်ဘက်ကလုသွားတဲ့အလောင်းတွေ၊ လူမသိသူမသိသေဆုံးသွားတဲ့လူတွေမပါသေးပါဘူး။
နိုင်ငံတကာကတော့ဝမ်းနည်းကြောင်း၊ စိုးရိမ်ကြောင်း၊ ရှုံချကြောင်း ကြေငြာချက်လေး ၂ စောင် ၃ စောင်တော့ထုတ်ရှာပါတယ်။ လက်ရှိမြေပြင်မှာဖြစ်နေတဲ့အခြေအနေတွေဟာ ကြေငြာချက်တွေနဲ့လုံးဝအဆင်မပြေတော့ပါဘူး။ သူတို့ကကြေငြာချက်တွေထုတ်လေ စစ်ကောင်စီကပြည်သူကိုပိုသတ်ပြလေပါ။ ကိုယ့်အိမ်ထဲမှာနေရင်တောင်မလုံခြုံတဲ့ဘဝ ရောက်နေပါပြီ။ ကြေငြာချက်ထုတ်ရုံလောက်ပဲဆိုရင်တော့ ကမ္ဘာမှာ UN ဆိုတဲ့အဖွဲ့အစည်းဆိုတာမလိုအပ်တော့ပါဘူး။