ညီမလေးက fb သုံးနေရင်း ထမေးတယ်
” ကိုကြီး ဘယ်ဘက်မှမလိုက်ပဲ
ကြားမှာနေတဲ့သူကို ဘာလို့ အပြစ်တင်နေကြတာလဲ “
အဲ့အချိန်မှာ ကျနော်က ကြောင်သားအမိကို
အစာကျွေးနေတာပါ
” မသိဘူးလေ သူတို့ဘက်မပါလို့နေမှာပေါ့ “
ပြောရင်း ကြောင်မကြီးရဲ့ ခေါင်းကို ဖျတ်ခနဲ ရိုက်လိုက်တယ်
အစာငုံ့စားနေတဲ့ ကြောင်မကြီးဟာ တွန့်ခနဲဖြစ်သွားပီး
ကျနော့်ကို မော်ကြည့်တယ်
ထပ်ရိုက်မလို့ လက်ရွယ်လိုက်တော့ ကြောင်မကြီးဟာ
ညောင်သံပေးပီး ထွက်သွားတယ်
အစာစားနေတဲ့ ကြောင်ပေါက်လေးတွေလည်း သူတို့အမေနောက်
ကောက်ကောက်ပါ လိုက်သွားကြလေရဲ့
” သူတို့ဘက်မပါတာနဲ့ပဲ အဲ့လို blame တာကတော့
အဆင်ပြေမနေဘူးနော် “
” အင်း “
” သူ့ကိုယ်ပိုင် ဆုံးဖြတ်ချက်ကိုလည်း
နားလည်ခွင့်ပြုပေးရမယ်လေ “
” အင်းပေါ့ “
ကျနော်ကြောင်မသားအမိ နို့တိုက်နေတဲ့နေရာကို လိုက်သွားပီး
ကြောင်မကြီးကို နောက်တစ်ချက်ထပ်ရိုက်လိုက်တယ်
ကြောင်လေးတွေကို အမေနဲ့ ခွဲပီး ခြင်းတောင်းထဲထည့်လိုက်တယ်
” ကိုကြီး “
ညီမလေးရဲ့ စူဆောင့်ဆောင့်အသံက ဝုန်းခနဲပဲ
” ဘာလို့ ကြောင်လေးတွေကို နှိပ်စက်နေတာလဲ “
” ………………. “
ဘာမှပြန်မပြောပဲ ကြောင်မကြီးကို ဒေါင်ခနဲမြည်အောင်
ခေါင်းခေါက်ပစ်လိုက်တယ်
ကြောင်မကြီးဟာ နာလွန်းလို့ ထွက်ပြေးတယ်
သူ့ကလေးတွေက ကျနော့်လက်ထဲက ခြင်းတောင်းထဲမှာဆိုတော့
အဝေးကြီးကိုလည်း ထွက်မပြေးနိုင်ရှာဘူး
” ကိုကြီး “
ဒီတစ်ခါမှာတော့ ညီမလေးရဲ့အသံထဲမှာ ဒေါသတွေပါ
ပါလာတယ်
ကျနော့်ကို ဘုန်းခနဲ ထုတယ်
ကျနော့်လက်ထဲက ခြင်းတောင်းကိုလုပီး ကြောင်မကြီးကိုလည်း
ပွေ့ချီလိုက်တယ်
နှုတ်ခမ်းကို လှလှပပနဲ့ တင်းတင်းရင်းရင်း ဖိကိုက်ထားပီး
ဒေါသထွက်နေတဲ့ မျက်လုံးတွေနဲ့ ကျနော့်ကိုကြည့်တယ်
ဒါပေမယ့် သူ့လက်တွေက ကြောင်သားအမိ
ပြန်လည်ဆုံတွေ့ကြရေးကို ဂရုတစိုက်နဲ့
ကြင်ကြင်နာနာ လုပ်ပေးနေရှာတယ်
ကျနော် ပြုံးပြလိုက်ပီး မေးလိုက်တယ်
” ကြောင်တွေနဲ့ ကိုကြီး ပြသနာတက်နေတာကို
ဘာလို့ ကြားမနေပဲ ကြောင်တွေဘက်က ပါရတာလဲ “
ညီမလေးက ခေသူတော့ မဟုတ်ပါဘူး
သူ့ကို ကြားနေဝါဒရဲ့ အားနည်းချက်ကို ရှင်းပြနေတယ်ဆိုတာ
ချက်ချင်းသိတယ်
မျက်စောင်းလှလှလေးထိုးပီး
” ပါးစပ်နဲ့ ပြောလည်း ရပါတယ်နော် ” တဲ့
အဲ့ဒီတော့မှ အရေးအကြီးဆုံး အချက်ကို
ကျနော် အေးစက်စက်လေသံနဲ့ တုံးတိတိ ပြောလိုက်တယ်
” ညီမလေးသာ အသံတိတ်နေခဲ့ရင်
အဲ့ကြောင်တွေအကုန် ကိုကြီးသတ်ပစ်မှာ “
ကျနော့်လေသံနဲ့ စကားကြောင့်
ညီမလေး ကျနော့်ကို အလန့်တကြားကြည့်လိုက်တဲ့ အကြည့်ထဲမှာ
ကြားလူ ဆိုတဲ့ အသံတိတ် လူသတ်သမားတွေအကြောင်း
သူသဘောပေါက်သွားတာကို ကျနော်မြင်လိုက်ရတယ်
သူလူသတ်သမား ဖြစ်တော့မယ့်အခြေအနေကနေ
လက်မတင်ကလေး လွတ်လာခဲ့တာကိုး
Crd. ..
ဆိုရှယ်မီဒီယာတွင် မျှဝေထားသည်များကို ပြန်လည်ကူးယူဖော်ပြခြင်းဖြစ်၍ မူရင်းရေးသားသူကို ခရစ်ဒစ် ပေးပါသည်။