အာဏာသိမ်း ဒိုင်ယာရီ

ဩဂုတ် ၂၁၊ ၂၀၂၂။ (တနင်္ဂနွေ)

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာတိုက်ပွဲတွေဆက်တိုက်ဆိုသလိုဖြစ်ပွားနေတယ်။အခုနောက်ဆုံးသိရတာကမောင်တောမြို့နားကတောင်ကြောတစ်ခုလုံးကိုအေအေကသိမ်းပိုက်လိုက်တယ်တဲ့။အခုလက်ရှိအခြေအနေအရအစဥ်အဆက်အေအေကိုထိုးစစ်ဆင်ခဲ့တဲ့စစ်တပ်ဟာအခုချိန်မှာခံစစ်သပ်သပ်သာဖြစ်နေတယ်။တနိုင်ငံလုံးမှာစစ်မျက်နှာအများအပြားရင်ဆိုင်နေရတဲ့အတွက်ရခိုင်ပြည်နယ်ကိုဖိဖိစီးစီးမကိုင်တွယ်နိုင်တော့ဘူး။ဒါပေမယ့်စစ်အင်အားဖြည့်တင်းမှုတွေကိုတော့ဆက်တိုက်ပြုလုပ်နေတယ်။အေအေကလဲရခိုင်မြောက်ပိုင်းမှာစစ်တပ်ရဲ့ထောက်ပံ့ရေးလမ်းကြောင်းတွေအကုန်ဖြတ်တောက်ထားတယ်။အဲ့ဒီတော့စစ်ကောင်စီကကုလားမနိုင်ရခိုင်မဲဆိုသလိုရခိုင်ပြည်နယ်တစ်ခုလုံးရဲ့ကုန်စည်စီးဆင်းမှုကိုအရင်ထပ်ပိုပြီးတင်းကြပ်လိုက်တယ်။တောရောမြို့မှာပါအစစ်အဆေးတွေ၊တရားလက်လွတ်ဖမ်းဆီးမှုတွေ ကြမ်းနေတယ်။ရခိုင်ပြည်သူတွေနေရပိုကြပ်လာတယ်။စစ်ကောင်စီဟာဒီပုံစံအတိုင်းဆက်လုပ်နေရင်အေအေအနေနဲ့လဲရွှေးချယ်စရာသိပ်မရှိတော့ပဲပြည်နယ်မြောက်ပိုင်းမှာသာမကပြည်နယ်တစ်ခုလုံးမှာတိုက်ပွဲတွေဖော်ဆောင်လာလိမ့်မယ်။

Read moreDetails

ဩဂုတ် ၂၀၊ ၂၀၂၂။ (စနေ)

စစ်ကောင်စီဟာပြည်တွင်းမှာဖေ့ဘုတ်အစားထိုးဆိုရှယ်မီဒီယာတစ်ခုကိုဖန်တီးဖို့ကြိုးစားနေတယ်။OK PARဆိုတဲ့ Applicationတစ်ခု Google Play Store မှာရောက်ရှိနေပြီးထို Applicationဟာစစ်ကောင်စီကဖန်တီးထားတာလို့ယူဆရတယ်။စစ်ကောင်စီဟာသတင်းမီဒီယာပိုင်းမှာလုံးဝကျရှုံးနေတယ်။ဖေ့ဘုတ်ဟာတော်လှန်ရေးအတွက်ကြီးမားသောအထောက်အပံဖြစ်စေတယ်။စစ်ကောင်စီဟာဖေ့ဘုတ်ကိုပြည်တွင်းမှာသုံးလို့မရအောင်ကြိုးစားနေပေမယ့်အခုထိအအောင်မြင်သေးဘူး။ဒါကြောင့်တရုတ်ပုံစံဆိုရှယ်မီဒီယာတစ်ခုကိုတရုတ်ပညာရှင်ခေါ်ပြီးဖန်တီးနေတယ်။အဲ့ဒါသာတကယ်အကောင်အထည်ပေါ်လာရင်တော်လှန်ရေးအတွက်မလွယ်ဘူး။ဒီအကြောင်းဟာအခုရက်ပိုင်းလူတွေကြားမှာလူပြောများနေတယ်။ သေချာစဉ်းစားကြည့်ရင်တော့ထိုကိစ္စဟာဖြစ်မလာနိုင်ဘူးလို့ထင်တယ်။သုံးစွဲသူသန်းချီရှိတဲ့ဆိုရှယ်မီဒီယာပလက်ဖောင်းတစ်ခုကိုချက်ချင်းဖန်တီးဖို့ကလွယ်ကူတဲ့ကိစ္စတော့မဟုတ်ဘူး။ပညာရှင်တွေအများကြီးလိုတယ်။ဖေ့ဘုတ်တောင်မှဒီလိုအနေအထားရောက်ဖို့နှစ်ပေါင်းများစွာအချိန်ယူပြီးတည်ဆောက်ထားရတာ။တကယ်လို့စစ်ကောင်စီဖက်ကရအောင်လုပ်နိုင်ခဲ့တယ်ဆိုရင်တောင်မှ Google Play Storeကလက်ခံမှာမဟုတ်ဘူး။အရင်MRTV Applicationတောင်တရက်မခံပဲဖြုတ်ချခြင်းခံရတာပဲ။စစ်ကောင်စီနဲ့ပတ်သက်တဲ့အက်ပလီကေးရှင်းမှန်သမျှ Google Play Store ပေါ်တင်လို့ရမှာမဟုတ်ဘူး။အဲ့ဒီမှာတင်ဇတ်လမ်းပြတ်သွားပြီ။ စစ်ကောင်စီအနေနဲ့လုပ်နိုင်တာတစ်ခုကတော့ဖေ့ဘုတ်သုံးရင်ဖမ်းမယ်ဆိုတာမျိုးတော့လုပ်နိုင်တယ်။အခုချိန်ထိတော့မလုပ်သေးပေမယ့်တော်လှန်ရေးရေချိန်ပိုမိုမြင့်မားလာမယ့်တချိန်မှာတော့လုပ်လာနိုင်တယ်။အဲ့ဒီအချိန်မှာအာဏာသိမ်းစကလိုမျိုးတနိုင်ငံလုံးအင်တာနက်ဖြတ်တောက်တာကိုလဲပြန်လုပ်လာနိုင်တယ်။  

Read moreDetails

ဩဂုတ် ၁၉၊ ၂၀၂၂။ (သောကြာ)

ကုလသမဂ္ဂအထူးကိုယ်စားလှယ်နိုဟေဇာလင်းဟာကြိုတင်သတင်းထုတ်ပြန်ခြင်းမရှိပဲမြန်မာပြည်ကိုလာရောက်ပြီးအကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ရုတ်တရက်တွေ့ဆုံခဲ့တယ်။သူမဟာစစ်ကောင်စီကိုအသိအမှတ်ပြုဖို့သွားရောက်တာမဟုတ်ဘူးလို့ပြောပေမယ့်ဘာရလဒ်မှထွက်မလာခဲ့ဘူး။စစ်ကောင်စီကိုအကြမ်းဖက်မှုတွေထပ်ပြီးမပြုလုပ်ဖို့ဖန်တရာကျေနေတဲ့တောင်းဆိုမှုတွေကိုပဲထပ်မံပြောဆိုခဲ့ပြီးထိုတောင်းဆိုမှုတွေနောက်မှာအရေးယူမှုတစ်စုံတရာကအခုချိန်ထိပါမလာသေးဘူး။သွေးစွန်းနေတဲ့မင်းအောင်လှိုင်နဲ့ရယ်မောပြီးလက်ဆွဲနုတ်ဆက်ခဲ့တဲ့သူမရဲ့ပုံတွေကြောင့်မြန်မာပြည်သူလူထုကိုသာစိတ်ပျက်စေခဲ့တယ်။ တကယ့်တော့သူမရဲ့ခရီးစဉ်ဟာသူတို့နှစ်ဦးကိုသာအမြတ်ထွက်စေခဲ့တယ်။ကုလသမဂ္ဂအထူးကိုယ်စားလှယ်နိုဟေဇာလင်းအနေနဲ့သူမရဲ့သက်တန်းတလျှောက်မြန်မာပြည်ကိုသွားရောက်နိုင်ခဲ့တယ်ဆိုတဲ့နိုင်ငံရေးအမြတ်တစ်ခုရရှိခဲ့ပြီးစစ်ကောင်စီအနေနဲ့လဲသူတို့ကိုကုလသမဂ္ဂကအရေးတယူလာရောက်တွေ့ဆုံတယ်ဆိုပြီးဝါဒဖြန့်လို့အဆင်ပြေသွားတယ်။မြန်မာပြည်သူတွေအတွက်ကတော့ဘာမှမျှော်လင့်စရာမရှိဘူး။ ယူအမ်နဲ့အာဆီယံဟာလက်ရှိအချိန်မှာမြန်မာအရေးကိုဝင်ရောက်ဖြေရှင်းနိုင်စွမ်းလုံးဝမရှိဘူးဆိုတာသေချာနေပြီ။သူတို့တွေအနေနဲ့လက်လျော့သင့်ပြီ။အပေါ်ယံအပြကောင်းအောင်လျှောက်လုပ်နေတဲ့အလုပ်တွေဟာစစ်ကောင်စီကိုသာနိုင်ငံရေးအမြတ်ထွက်စေလိမ့်မယ်။  

Read moreDetails

ဩဂုတ် ၁၈၊ ၂၀၂၂။ (ကြာသပတေး)

မနက်သုံးနာရီကတည်းကမရပ်မနားရွာနေတဲ့မိုးကြောင့်ရုံးတက်ချိန်ရောက်တော့ရန်ကုန်တမြို့လုံးရေကြီးနေတယ်။ရပ်ကွက်အတော်များများအိမ်တွေထဲထိရေတွေဝင်လာသလိုတချို့လမ်းမကြီးတွေတော်ရေမြုပ်ကုန်တယ်။ရုံးတက်ဈေးသွားချိန်ဖြစ်တာကြောင့်သွားရေးလာရေးတွေအကုန်အဆင်မပြေဖြစ်ကုန်တယ်။ ရန်ကုန်မှာဒီလိုမျိုးရေမကြီးတာအတော်ကြာပြီ။အမေစုအစိုးရလက်ထက်ကစပြီးရေဆင်းမြောင်းတွေကိုသေချာပြုပြင်ခဲ့တဲ့အတွက်မြို့နေပြည်သူတွေရေဘေးဒုက္ခကင်းလွတ်ခဲ့တယ်။အခုတော့အဲ့ဒီရေဆင်းမြောင်းတွေလဲထိန်းသိမ်းမယ့်သူတွေမရှိတော့လို့ပြန်လည်ပျက်စီးသွားပြီထင်ပါရဲ့။ ဒီနှစ်မိုးရာသီကလဲမိုးကောင်းလွန်းတယ်။တာချီလိတ်၊မြဝတီ၊ပြင်ဦးလွင်စတဲ့မြို့တွေမှာလဲတောင်ကျရေတွေကြောင့်တမြို့လုံးနီးပါးပျက်စီးခဲ့သေးတယ်။ဒီကာလကြီးမှာသဘာဝဘေးအန္တရာယ်ကြီးကြီးမားမားမကျရောက်ဖို့ဆုတောင်းရမှာပဲ။

Read moreDetails

ဩဂုတ် ၁၇၊ ၂၀၂၂။ (ဗုဒ္ဓဟူး)

စစ်ကောင်စီ ပြောခွင့်ရ ဇော်မင်းထွန်းက မြန်မာနိုင်ငံတွင် စက်သုံးဆီ ပြတ်လပ်မှု မရှိဘဲ တန်ချိန် ၆ သောင်း ရောက်ရှိလာပြီး လာမည့် ရက်အနည်းငယ်အတွင်း တန်ချိန် ၄၃၀၀၀ ထပ်မံ ရောက်ရှိမည်ဟု စက်သုံးဆီများ တင်သွင်းထားတယ်လို့ ပြောဆိုလိုက်တယ်။...

Read moreDetails

ဩဂုတ် ၁၆၊ ၂၀၂၂။ (အင်္ဂါ)

မနက်မိုးလင်းလို့အိပ်ရာနိုးတာနဲ့ပထမဆုံးစဉ်းစားရတာကဆိုင်ကယ်ဆီဘယ်မှာလွယ်လွယ်ကူကူထည့်လို့ရမလဲဆိုတာပဲ။မန္တလေးမှာဒီရက်ပိုင်းဆီဆိုင်တွေအတော်များများဆီမရောင်းကြတော့ဘူး။DENKO BOCစတဲ့ဆိုင်ကြီးတွေလောက်ပဲဖွင့်လှစ်ရောင်းချပေးတယ်။ထိုဆိုင်တွေမှာလဲဆိုင်ကယ်တွေ၊ကားတွေကြိတ်ကြိတ်တိုးပဲ။အဲ့ဒီတော့အွန်လိုင်းပေါ်မှာဘယ်ဆိုင်အဆင်ပြေနိုင်မလဲအရင်လေ့လာရတယ်။ပြီးရင်အဆင်ပြေတဲ့ဆိုင်တစ်ခုခုမှာသွားတန်းစီရတယ်။တန်းစီရတာလဲအတော်စိတ်ညစ်ဖို့ကောင်းတယ်။မိုးရာသီဆိုပေမယ့်မန္တလေးရာသီဥတုကမိုးရွာတဲ့အချိန်လောက်ပဲအေးပြီးအချိန်တိုင်းပူနေတာလေ။နေပူပူအောက်မှာအချိန်ကုန်ခံ၊အလုပ်ပျက်ခံပြီးဆိုင်ကယ်ဆီရဖို့အရေးပင်ပန်းကြီးစွာတန်းစီရတယ်။ဒါတောင်အချို့ဆိုင်တွေကဆီတိုင်ကီအပြည့်ဖြည့်လို့မရပဲခွဲတန်းနဲ့သာရောင်းချပေးတယ်။ကိုယ့်အလှည့်ရောက်ခါနီးမှဆီကုန်သွားရင်တော့ပင်ပန်းထားသမျှအလကားပဲ။အဲ့ဒီလိုမှတန်းမစီချင်တော့အပြင်ကမှောင်ခိုဆိုင်လေးတွေမှာဈေးကြီးပေးပြီးဝယ်သုံးရတယ်။ အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်မရှိတဲ့မန္တလေးမှာသွားရေးလာရေးအတွက်ဆိုင်ကယ်ကအသက်ပဲ။ဆိုင်ကယ်မရှိရင်ခြေထောက်ပြတ်သလိုပဲ။အခုတော့တမြို့လုံးကပြည်သူတွေမကြုံစဖူးဒုက္ခတွေခံစားနေရပြီ။ဒီနှစ်ထဲမှာစက်သုံးဆီပြတ်လပ်မှုတွေဖြစ်ပေါ်လေ့ရှိပေမယ့်တရက်နှစ်ရက်လောက်ဆိုပြန်အဆင်ပြေသွားတတ်တယ်။အခုတကြိမ်ကတပတ်လောက်ကြာနေပြီ။ဒီတိုင်းဆိုအိမ်မှာချောင်ထိုးထားတဲ့စက်ဘီးလေးကိုပြန်ထုတ်စီးရတော့မလားပဲ။

Read moreDetails

ဩဂုတ် ၁၅၊ ၂၀၂၂။ (တနင်္လာ)

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာမနေ့ကစစ်တပ်နဲ့အေအေတို့တစ်နေ့ထဲသုံးနေရာမှာတိုက်ပွဲအကြီးအကျယ်ဖြစ်ပွားခဲ့တယ်။စစ်တပ်ဖက်ကသုံးဆယ်ကျော်သေဆုံးသွားပြီးလက်နက်ကြီးလက်နက်မျိုးစုံအမြောက်အမြားသိမ်းဆည်းရမိတယ်။ပြီးခဲ့တဲ့တပတ်ကလဲအေအေကနယ်ခြားစောင့်ရဲစခန်းကိုတိုက်ခိုက်လို့စစ်တပ်ဖက်ကအမြောက်အမြားသေဆုံးခဲ့သေးတယ်။အခုနောက်ပိုင်းရခိုင်ပြည်နယ်မြောက်ပိုင်းမှာတိုက်ပွဲတွေခပ်စိတ်စိတ်ဖြစ်နေပြီးအခုဆိုရင်တိုက်ပွဲကြီးတွေပါဖြစ်နေပြီဆိုတော့သေချာတာကစစ်ကောင်စီအတွက်နောက်ထပ်စစ်မျက်နှာတစ်ခုထပ်ပွင့်သွားပြီ။ဒီတော်လှန်ရေးမှာစစ်ကောင်စီအတွက်စစ်မျက်နှာများလေလေကိုယ်တွေအတွက်ကောင်းလေပဲလေ။ ကရင်ပြည်နယ်မှာလဲကောကရိတ်မြို့ပေါ်ကရဲစခန်း၊စုပေါင်းရုံးနဲ့တခြားဌာနဆိုင်ရာရုံးတချို့ကိုKNUကအလစ်အငိုက်ဝင်ရောက်တိုက်ခိုက်သွားတယ်။မြို့ပေါ်မှာစစ်တပ်ရင်းတစ်ခုရှိနေပေမယ့်ဘာမှမတုန့်ပြန်နိုင်ခဲ့ဘူး။တော်လှန်ရေးအားကောင်းတဲ့ဒေသတွေမှာစစ်ကောင်စီဟာမြို့ပြတွေကိုတောင်အပြည့်အဝမထိန်းချုပ်နိုင်တော့တဲ့အနေအထားဖြစ်လာပြီ။

Read moreDetails

ဩဂုတ် ၁၄၊ ၂၀၂၂။ (တနင်္ဂနွေ)

စစ်ကောင်စီကမြန်မာကျပ်ငွေတွေကိုအတိုင်းအဆမရှိရိုက်ထုတ်နေတယ်။ပိုက်ဆံရိုက်ထုတ်တဲ့အဆင့်မှီငွေစက္ကူတွေကအာဏာသိမ်းပြီးစမှာပဲဂျာမဏီကဝယ်ယူခွင့်ပိတ်လိုက်တော့ဗဟိုအာရှနိုင်ငံတွေကနေအဆင့်မမှီတဲ့ငွေစက္ကူတွေလေကြောင်းကနေတန်နဲ့ချီပြီးတင်သွင်းတယ်။ပြီးတော့ပြည်တွင်းငွေစက္ကူရိုက်စက်ရုံကနေအထိန်းအကွပ်မရှိရိုက်ထုတ်နေတယ်။အခုဆိုစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကရိုက်ထုတ်ထားတဲ့မြန်မာကျပ်လေးဘီလီယံခန့်ကိုအခမ်းအနားနဲ့ဖွံဖြိုးရေးရံပုံငွေဆိုပြီးဈေးကွက်ထဲလွှဲပြောင်းလိုက်တယ်။မြန်မာငွေဈေးထိုးကျပြီးအစောကတည်းကတက်ဖို့ပြင်နေတဲ့ရွှေနဲ့ဒေါ်လာဈေးတွေမိုးထိုးကုန်တယ်။နောက်ဆုံးဈေးအရရွှေတစ်ကျပ်သား၂၈သိန်းကျော်သွားပြီးတစ်ဒေါ်လာကိုကျပ်သုံးထောင်ဖြစ်သွားပြီ။ဈေးတွေကဒီတပတ်လုံးစနေနေ့တောင်မနားပဲထိုးတက်နေတာပါ။ငွေဈေးမငြိမ်တာကြောင့်နယ်စပ်ကုန်သွယ်ရေးတွေမှာလဲကုန်သည်တွေနေ့ချင်းညချင်းကျပ်ငွေသိန်းရာချီဆုံးရှုံးကုန်ပြီးမြန်မာကျပ်ငွေကိုဘယ်သူမှလက်မခံချင်ကြတော့ဘူး။ကြာရင်မြန်မာကျပ်ငွေဟာဂျပန်ခေတ်ကငွေတွေလိုစက္ကူစုတ်သာသာပဲရှိတော့မယ်။

Read moreDetails

ဩဂုတ် ၁၃၊ ၂၀၂၂။ (စနေ)

ရင်ပေါင်တိုင်ရွာမှာဒေသခံတွေလူသားဒိုင်းလုပ်ပြီးဖမ်းဆီးထားတဲ့စစ်သူပုန်တပ်တွေကိုကာကွယ်ရေးတပ်ပေါင်းစုကမနေ့ကဝင်ရောက်တိုက်ခိုက်ကြတယ်။လက်ရွှေးစင်တပ်ဖွဲ့တွေစုစည်းပြီးတိုက်ခိုက်တာဖြစ်လို့ရွာကိုပြန်ရခါနီးမှာပဲစစ်တပ်ဖက်လေကြောင်းအကူအညီတွေရောက်လာလို့ပြန်ဆုတ်ပေးလိုက်ရတယ်။စစ်သူပုန်တွေဟာအနီးကပျူစောထီးရွာကတပ်ကူတွေကိုရဟတ်ယာဉ်နဲ့ပို့ပေးပြီးခုခံခဲ့တယ်။ ဒီနေ့တော့စစ်သူပုန်တွေအခြေမလှလို့ရွာကနေဆုတ်ခွာသွားပြီ။ကာကွယ်ရေးအဖွဲ့တွေရွာကိုဝင်ရောက်ရှင်းလင်းတော့စစ်တပ်ကသတ်ဖြတ်သွားတဲ့အပြစ်မဲ့ပြည်သူတွေရဲ့အလောင်းနှစ်ဆယ်ကျော်တွေ့တယ်။ကျွဲ၊နွားတွေကိုလဲသတ်ဖြတ်သွားသေးတယ်။ ထိုဖြစ်ရပ်ဟာသတင်းပေါက်ကြားမှုကြောင့်စစ်တပ်ရဲ့ဝင်ရောက်စီးနင်းချင်းကိုခံရတာပဲ။သတင်းပေးဒလန်ကိုမိပေမယ့်ပေးဆပ်ရမှုကကြီးမားလွန်းတယ်။ပြည်သူတွေရော၊PDFတွေပါအများအပြားကျဆုံးပြီးလက်နက်တွေပါဆုံရှုံးလိုက်ရတယ်။

Read moreDetails

ဩဂုတ် ၁၂၊ ၂၀၂၂။ (သောကြာ)

စစ်ကောင်စီလက်အောက်ခံဗဟိုဘဏ်ကဒေါ်လာရည်ညွှန်းဈေးနှုန်းကို၁၈၅၀ကျပ်မှ၂၁၀၀ကျပ်ကိုပြောင်းလဲလိုက်ပြီးနောက်စက်သုံးဆီဈေးတွေသုံးရက်အတွင်းတစ်လီတာကျပ်ငါးရာခန့်ခုန်တက်ကုန်တယ်။စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကပြည်ပကနေစက်သုံးဆီတင်သွင်းမှုကိုလျော့ချဖို့ပြောလိုက်တော့အခြေအနေတွေကပိုဆိုးကုန်တာပေါ့။ဒီနေ့အထိဈေးတွေဆက်တက်နေတုန်းပဲ။ ရန်ကုန်မှာတောင်ဆိုင်ကြီးတွေမှာစက်သုံးဆီကိုမနက်ပိုင်းပဲဝယ်လို့ရတယ်။ညနေပိုင်းလောက်ဆိုဆီဆိုင်တွေအတော်များများမှာဆီမကျန်တော့ဘူး။နယ်မြို့ကြီးတွေမှာလဲသယ်ယူပို့ဆောင်စားရိတ်တွေထပ်ပေါင်းတာကြောင့်စက်သုံးဆီတွေပြတ်လပ်ကုန်ပြီ။မန္တလေးလိုမြို့ကြီးမှာတောင်ဆီဆိုင်ကြီးနှစ်ဆိုင်လောက်ပဲရောင်းနိုင်တော့တယ်။ကျန်တဲ့ဆိုင်တွေအကုန်ဆီမရှိလို့ပိတ်ကုန်ပြီ။မန္တလေးဟာဆိုင်ကယ်မြို့တော်ဖြစ်တဲ့အတွက်တမြို့လုံးဒုက္ခရောက်ကုန်ပြီ။အပြင်မှောင်ခိုဆီဆိုင်လေးတွေကနေတစ်လီတာ၅၀၀၀လောက်နဲ့ဝယ်သုံးနေရပြီ။ရှမ်းပြည်နယ်တို့ပူတာအိုတို့မှာဆိုတစ်လီတာကိုကျပ်တစ်သောင်းနားကပ်နေပြီ။ စစ်ကောင်စီဟာပြည်ပကနေစက်သုံးဆီတင်သွင်းဖို့ဒေါ်လာအလုံအလောက်မထုတ်ပေးနိုင်တော့ဘူး။လုပ်ငန်းရှင်တွေကလဲအပြင်ဈေးကွက်ကနေဒေါ်လာဝယ်ပြီးမတင်သွင်းနိုင်ဘူး။ဒါကြောင့်ရန်ကုန်ဆိပ်ကမ်းမှာဆီတင်သင်္ဘောကြီးတွေရောက်နေပေမယ့်လဲငွေချေစရာဒေါ်လာမရှိဖြစ်နေတယ်။

Read moreDetails
Page 121 of 178 1 120 121 122 178

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist