၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ဆိုလျင် စစ်တပ်အာဏာသိမ်းမှု ၂ နှစ် တင်းတင်းပြည့်ခဲ့ပြီ ဖြစ်၏။ ဤ ၂ နှစ်အတွင်း မြန်မာပြည်၏ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး၊ နိုင်ငံတကာရေး ဖက်ပေါင်းစုံ အခြေအနေများအား ပြန်လည်သုံးသပ်ကြည့်ပါက အောက်ပါအတိုင်း တွေ့ရသည်။
နိုင်ငံရေး
နိုင်ငံရေးအရဆိုလျင် ပထမအချက်အနေဖြင့်၂၀၀၈ အခြေခံ ဥပဒေ၏ အခန်းကဏ္ဍ ပျက်စီးသွား၏။ စစ်တပ်က စိတ်ကြိုက် ရေးဆွဲပြီး ဇွတ်အတင်း အတည်ပြုထားသည့် ၂၀၀၈ အခြေခံ ဥပဒေအား မူလကပင် လူထုက အယုံအကြည် မရှိကြပေ။
သို့သော်လည်း ၂၀၁၁ နောက်ပိုင်း ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များနှင့်အတူ ဤအခြေခံဥပဒေသည် သွေးထွက်သံယို နည်းသည့် နိုင်ငံရေး ထွက်ပေါက် ဖြစ်နိုင်သည်။ အခြေခံဥပဒေကို အသုံးပြုပြီး စစ်တပ်ကို နိုင်ငံရေးမှ တဖြည်းဖြည်း ဆုတ်ခွာစေနိုင်လိမ့်မည်ဟု မျှော်လင့်ခဲ့ကြသည်။
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် NLD ပါတီ အနိုင်ရပြီး အစိုးရအဖြစ် အာဏာလွှဲပြောင်းပေးခြင်းခံရသောအခါ ၂၀၀၈ အခြေခံ ဥပ ဒေနှင့်ပတ်သက်၍ အသုံးဝင်မှု ရှိနိုင်သည်ဟု တွက်ဆခဲ့ကြသည်။ သို့သော် ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းလိုက်သောအခါ ၂၀၀၈ အခြေခံဥပဒေသည် ပျက်စီးသွားတော့သည်။
၂၀၀၈ အခြေခံဥပဒေ အခန်း ၉၊ ပုဒ်မ ၄၀၂ အရ ရွေးကောက်ပွဲနှင့်ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ ဆုံးဖြတ်ချက်သည် အတည်ဖြစ်သည်ဟု ဆိုထားသော်လည်း စစ်တပ်က ထိုပုဒ်မကို မျက်ကွယ်ပြုခဲ့၏။
ထို့ပြင် အခန်း ၁၁ အရေးပေါ် ကာလဆိုင်ရာ ပြဌာန်းချက်များကို အသုံးပြု၍ ၂၀၀၈ အခြေခံဥပဒေနှင့်အညီ အာဏာလွှဲပြောင်းယူသည်ဟု မည်သို့ဆိုနေစေကာမူ လက်တွေ့ဖြစ်ရပ်မှာ စစ်တပ်က စစ်အင်အား အလုံးအရင်း အသုံးပြုပြီး ရွေးကောက်ပွဲမှ တက်လာသည့် အစိုးရကို ဖမ်းဆီးကာ အာဏာသိမ်းလိုက်ခြင်း ဖြစ်သည်။
သို့ဖြစ်ရာ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းလိုက်ခြင်းသည် ၂၀၀၈ အခြေခံ ဥပဒေသည် ဥပဒေကြောင်းအရ တိုင်းပြည်အတွက် လူထုအတွက် အားကိုးအားထားလောက်သည့် ဥပဒေတရပ်မဟုတ်ဘဲ စစ်တပ်က လိုလျှင် လိုသလို၊ မလို မလိုသလို သုံးသည့် ဥပဒေတရပ်ဖြစ်နေခြင်းအား ရှင်းလင်းစွာ တွေ့မြင်ခဲ့ကြရသည်။
စစ်တပ်သည် ကိုယ်ရေးထားသော ဥပဒေအား ကိုယ်လိုက်နာနိုင်ခြင်း မရှိသည်ကို ရှင်းရှင်းလင်းလင်း တွေ့မြင်ခဲ့ကြရာ ၂၀၀၈ အခြေခံဥပဒေ၏ အခန်းကဏ္ဍသည် နိုင်ငံရေးအရ နိဂုံးချုပ်သွားသည်။
ဒုတိယအချက်အနေနှင့် ဆိုရလျှင် အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ရင်ကြားစေ့ရေး လုပ်ငန်းစဉ် ပျက်စီးသွားသည်။ ပျက်စီးသွားရသည့် အကြောင်းအချက်တခုမှာ အမျိုးသားသင့်မြတ်ရေးလုပ်ငန်းစဉ် ဘောင်အခင်းအကျင်းဖြစ်သည့် ၂၀၀၈ အခြေခံ စည်းမျဉ်းစည်းကမ်းများကို စစ်တပ်ကိုက လိုက်နာမှုမရှိဘဲ ဖျက်ဆီးလိုက်၍ ဖြစ်သည်။
နောက်အကြောင်းအချက်တခုမှာ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် လူထုဆန္ဒပြပွဲကို စစ်တပ်က အင်အား အလွန်အကျွံသုံးစွဲ၍ ဖြိုခွဲလိုက်ခြင်းကြောင့်ဖြစ်သည်။ သို့ဖြစ်ရာ နိုင်ငံရေးအရ ပြဿနာ မဖြေရှင်းနိုင်တော့သည့်အတွက် လက်နက်ကိုင်၍ ပြဿနာ ဖြေရှင်းသည့်ဘက်သို့ ကူးပြောင်းသွားသည်။
နိုင်ငံရေးဘောင်ကျဉ်းပြီး စစ်ဘောင်ကျယ်လာတော့သည်။ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ရင်ကြားစေ့ရေးနေရာတွင် အမြစ်ဖြတ်ချေမှုန်းရေးနှင့် အပြုတ်တိုက်ရေးတို့ အစားဝင်လာသည်။
တတိယအချက်အနေနှင့် စစ်တပ်နှင့် ပတ်သက်၍ စဉ်းစားကြည့်မြင်ပုံများ ပြောင်းလဲသွားသည်။ ၂၀၁၁ နှင့် ၂၀၂၀ ကြား ဆယ်နှစ်တာကာလအတွင်း မြန်မာစစ်တပ်နှင့်ပတ်သက်၍ စစ်တပ် အင်စတီကျူးရှင်းအား မြန်မာ့ နိုင်ငံရေးမှ ဖယ်ထုတ်၍ စဉ်းစားမရဆိုသည့်အမြင်သည် ပြည်တွင်း၌ရော ပြည်ပတွင်ပါ အားကောင်းခဲ့သည်။
သို့သော် ယခုအခါ ထိုစဉ်းစားမှု အားပျော့သွားသည်။ ဤစစ်တပ်ရှိနေလျှင် မြန်မာပြည်ငြိမ်းချမ်းမှု၊ တည်ငြိမ်မှု၊ ဖွံ့ဖြိုးမှု မရှိနိုင်ဟု ကြည့်မြင်လာကြသည်။ စစ်တပ်သည် အာဏာနှင့်ပတ်သက်လျှင်၊ ပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်လျှင် ညှိနှိုင်း၍ မရဟု ကြည့်မြင်လာကြသည်။ လက်တွေ့တွင်လည်း မြန်မာ့အရေး ပဋိပက္ခနှင့် ပတ်သက်ပြီး မည်သို့မှ ဝင်ရောက် ညိနှိုင်းမရသည်ကို လက်တွေ့ကြုံနေရပြီ ဖြစ်သည်။
သို့ဖြစ်ရာ ပြည်တွင်းပြည်ပ၌ စေ့စပ်ရေးအမြင်နှင့် ရပ်ခံသူ၊ အားထုတ်သူတချို့ရှိသော်လည်း နိုင်ငံရေးအရ အားမကောင်းတော့သကဲ့သို့ တခုလုံးကို လွှမ်းခြုံနိုင်ခြင်း မရှိတော့ပေ။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့နှင့် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်နေသည် ဆိုသော်လည်း ရုပ်ပြမျှသာ ဖြစ်နေပြီး အနှစ်သာရ မပါရှိတော့ပေ။ ဤ ၂ နှစ်တာ ကာလအတွင်း မြန်မာ့နိုင်ငံရေးတွင် အမျိုးသား ရင်ကြားစေ့ရေး၊ သင့်မြတ်ရေး အခင်းအကျင်း ပျက်စီးသွားပြီး အပြုတ်တိုက်ရေးနှင့် အမြစ်ပြတ်ချေမှုန်းရေးတို့ အားကောင်းနေသည့် ကာလဖြစ်သည်ဟု သုံးသပ်ရသည်။
ဤ ၂ နှစ်တာ ကာလအတွင်း မြေပြင်အခြေအနေအရလည်း ဒီမိုကရေစီ အင်အားစုဘက်မှ သောင်းနှင့်ချီ အဖမ်းခံထားရသည်။ ရာနှင့်ချီ၍ သေဒဏ်ပေးခံထားရပြီး နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရသူများစွာရှိသည်။ ၄ ဦးအား သေဒဏ်ပေးခဲ့ပြီ ဖြစ်သည်။ စစ်ကြောရေးတွင် ကျဆုံးသူ ၃၀၀ ဝန်းကျင်ရှိသည်။
ဆန္ဒပြပွဲများတွင်လည်းကောင်း၊ စစ်မြေပြင်တွင်လည်းကောင်း အသတ်ဖြတ်ခံရသူ ထောင်ဂဏန်း ရှိသည်။ ဘာသာရေး အဆောက်အဦများ အပါအဝင် အဆောက်အဦ ၄၀၀၀၀ ကျော် မီးရှို့ဖျက်ဆီးခံထားရသည်။ ဆေးရုံ၊ စာသင်ကျောင်း၊ စီးပွားရေး လုပ်ငန်း၊ ဘာသာရေး အဆောက်အဦနှင့် အရပ်သားကျေးရွာများ ဗုံးကြဲတိုက်ခိုက်ခိုက်ခြင်း ခံထားရသည်။
အမြောက်နှင့် ပစ်ခတ်ခြင်း ခံထားရ၏။ ဒီမိုကရေစီအင်အားစုများ၏ အိုးအိမ်ပိုင်ဆိုင်မှု ၅၀၀ ကျော် ချိတ်ပိတ်သိမ်းဆည်း ခံထားရသည်။ ဒီမိုကရေစီအင်အားစုများကို အကြမ်းဖက်များအဖြစ် စစ်တပ်က ကြေညာထားသည်။
တဖက်ကလည်း စစ်တပ်ထောက်ခံသူ ကြံ့ဖွံ့၊ အုပ်ချုပ်ရေးမှူး၊ ပြည်သူ့စစ်နှင့် ဒလန်ခေါင်းစည်းအောက်တွင် ၅၀၀ ကျော် အသတ်ခံထားရသည်။ တယ်လီဖုန်း တာဝါတိုင် ၅၀၀ ခန့်အပါအဝင် အစိုးရ အဆောက်အဦများ ဖျက်ဆီးခံထားရသည်။
ပြန်ပြင်ရန်ခက်ခဲသည့် စေ့စပ်ညှိနှိုင်းရန်ခက်ခဲသည့် အခြေအနေများစွာ ဖြစ်ပေါ်နေသည်။ သို့ဖြစ်ရာ အပြုတ်တိုက်ရေးနှင့် အမြစ်ဖြတ်ရေးသည် ဆက်လက်၍လည်း အားကောင်းနေဦးမည်ဟု သုံးသပ်ရသည်။
၂၀၀၈ အခြေခံ ဥပဒေနှင့် အမျိုးသား ရင်ကြားစေ့ရေး အခင်းအကျင်း ပျက်စီးသွားသဖြင့် ရွေးကောက်ပွဲသည်လည်း မြန်မာ့နိုင်ငံရေး၏ ထွက်ပေါက် ဖြစ်မလာနိုင်တော့ပေ။ ထို့ပြင် မြန်မာစစ်တပ်သည် ဒေါ်အောင်ဆန်းစုကြည်နှင့်ဖြစ်စေ၊ NUG/CRPH/PDF တို့နှင့်ဖြစ်စေ စေ့စပ်ညှိနှိုင်းရန်ကြိုးပမ်းမှု မှန်သမျှကို ဤ ၂ နှစ်အတွင်း ပယ်ချထားခဲ့သည်။
ဤသည်ကား ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ရှောင်လွှဲ၍မရသည့် လက်တွေ့မြန်မာ့နိုင်ငံရေး ပကတိ အခြေအနေပင် ဖြစ်ပေသည်။
စီးပွားရေး
၂၀၂၀ ခုနှစ် ကိုဗစ်ကာလ စီးပွားရေး တုံ့ဆိုင်းခြင်းကြောင့် ထိခိုက်မှုရှိသော မြန်မာစီးပွားရေးသည် စစ်တပ်အာဏာသိမ်းမှုကြောင့် နလံမထူနိုင်သည့် အခြေအနေသို့ ဆိုက်ရောက်သွား၏။ တိုင်းပြည် မတည်ငြိမ်ခြင်း၊ နိုင်ငံရေး၊ စီးပွားရေး၊ ဘဏ္ဍာရေး ဆိုင်ရာ မူဝါဒများ ပြောင်းလဲခြင်းတို့ကြောင့် မြန်မာပြည်စီးပွားရေးသည် ကြီးမားစွာ ထိခိုက်ခဲ့သည်။
စစ်တပ်အာဏာသိမ်းပြီး တွေ့မြင်ရသည့် စီးပွားရေး အခြေအနေများမှာ အောက်ပါအတိုင်းဖြစ်၏။
၁။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပြန်လည်ထွက်ခွါသွားခြင်း၊ အသစ်ဝင်လာသည့် ရင်းနှီးမြှုပ်နှံမှုများ လျော့ကျခြင်းတို့အပြင် အလုံးအရင်းနှင့်ဝင်ရောက်မည့် ကြီးမားသည့် ရင်းနှီးမြှုပ်နှံမှုများ ရပ်တန့်သွားခြင်းတို့ကို တွေ့ရသည်။
၂။ နိုင်ငံတကာချေးငွေများ ရပ်ဆိုင်းသွားခြင်းတို့ကို ကြုံတွေ့နေရသည်။
၃။ ၂ နှစ်အတွင်း ငွေကြေးဖေါင်းပွမှု ၁၀၀% အထက်တွင်ရှိပြီး ကုန်ဈေးနှုန်းများ နှစ်ဆတက်သွားသည်။
၄။ နှုန်းရှင်မျှောထားသော နိုင်ငံခြားငွေအား နှုန်းသေသတ်မှတ်လိုက်ပြီးနောက်မှောင်ခို ဈေးကွက်ပေါ်လာသည်။ နိုင်ငံခြားငွေများက စစ်ကောင်စီက အပြည့်အဝ ထိန်းချုပ်လိုက်သဖြင့် နိုင်ငံခြားမှ သွင်းကုန်များ ပြသနာပေါ်ခဲ့၏။ ပြည်တွင်း၌ အခြေခံလိုအပ်သည့် လောင်စာဆီ၊ ဆေးဝါးတို့သည်ပင် ရှားပါးခြင်း၊ ဈေးအဆမတန်တက်ခြင်းတို့ ကြုံတွေ့ရနေရသည်။ လောင်စာဆီဈေးနှုန်းသည် နိုင်ငံတကာတွင်လည်း တက်သည်ဟု ဆိုသော်လည်း မြန်မာငွေကြေးဖောင်းပွမှုကြောင့် တက်သင့်သည်ထက် နှစ်ဆပိုတက်နေသည်။
၅။ ပြည်တွင်းနိုင်ငံရေး မတည်ငြိမ်မှုနှင့် ငွေကြေးဖောင်းပွမှုကြောင့် ပြည်တွင်းရှိ အရင်းအနှီး၊ ဥစ္စာဓန၊ ငွေကြေး၊ စုဆောင်းငွေများ နိုင်ငံခြားသို့ အလုံးအရင်းနှင့် စီးထွက်နေသည်။
၆။ စွမ်းအင်ကဏ္ဍ၌ လျှပ်စစ်မီး လုံလောက်စွာ ပေးနိုင်ခြင်း မရှိသဖြင့် ကုန်ထုတ်လုပ်ငန်းများ ထိခိုက်လာသည်။
၇၊။ အရှုံးပေါ်နေ၍ ရပ်ထားသော နိုင်ငံပိုင် စက်ရုံများကို ပြန်လည် လည်ပတ်ရန် ပြုလုပ်သဖြင့် စီးပွားရေးအရ ပြန်လည်အရှုံးပေါ်နေသည်။
၈။ မြန်မာပြည်တွင်း အလုပ်အကိုင်ရှားပါးသဖြင့် ပြည်ပသို့ အလုပ်လုပ်ရန် ထွက်ခွာကြသဖြင့် မြန်မာပြည်တွင်းမှ လူသားအရင်းအမြစ်များ လျော့ကျလာနေသည်။
၉။ တိုင်းပြည်မတည်ငြိမ်မှုကြောင့် နိုင်ငံခြားခရီးသွား မဝင်ရောက်သလောက်ဖြစ်သဖြင့် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ ထိခိုက်နေသည်။
၁၀။ လက်ရှိတွင် ရေနံနှင့် သဘာဝဓါတ်ငွေ့ထုတ်လုပ်မှုမှ ဝင်ငွေ၊ စိုက်ပျိုးရေးသီးနှံများ ပြည်ပသို့ပို့သည့်ဝင်ငွေဖြင့် မြန်မာ့ စီးပွားရေးသည် ရပ်တည်နေသည်။
၂၀၂၂ ခုနှစ် ဩဂုတ်လကုန်ပိုင်းတွင် ဈေးကွက်လန့်ပြီး ရွှေဈေး၊ ဒေါ်လာဈေးများ အဆမတန်ထိုးတက်ခြင်း၊ ကုန်ဈေးနှုန်းများ တက်ခြင်းတို့ ဖြစ်ပွားခဲ့သော်လည်း စက်တင်ဘာမှလမှစ၍ ပြန်ကျသွားခဲ့၍ အတန်ငယ်ခံသာသည်ဟု ဆိုရမည်။ သို့ သော်လည်း ၂၀၂၃ ခုနှစ်ဆန်းမှစ၍ ကုန်ဈေးနှုန်းများ တအိအိပြန်လည်ထိုးတက်လာသည်ကို တွေ့မြင်နေရသည်။
သို့ဖြစ်ရာ စီးပွားရေးကျဆင်းခြင်း၊ အခွန်အကောက်များ ကျဆင်းခြင်း၊ စစ်သုံးစားရိတ်ကြီးမြင့်လာခြင်းတို့ကြောင့် ဘတ်ဂျက်လိုငွေပြခြင်း၊ ငွေကြေးဖောင်းပွခြင်း၊ ကုန်ဈေးနှုန်း ကြီးမြင့်ခြင်းတို့သည် စစ်တပ်အာဏာသိမ်းခဲ့သည့် ၂ နှစ်အတွင်း ကြုံခဲ့ရသည့် စီးပွားရေးအခြေအနေများဖြစ်ပြီး လာမည့်နှစ်များတွင်လည်း ဆက်လက်ကြုံတွေ့နေရမည်ဖြစ်သည်။
အချိန်တိုအတွင်း ထိုအခြေအနေမှ ရုန်းထွက်နိုင်လိမ့်မည်မဟုတ်ဟု သုံးသပ်ရပေသည်။ ဤသို့ ကြုံတွေ့နေရသည့် စီးပွားရေး အကျပ်အတည်းသည် မြန်မာပြည်လူထုအား သက်ရောက်မည်ဖြစ်သကဲ့သို့ အစိုးရ အာဏာရယူထားသော စစ်ကောင်စီအတွက် ပို၍ ခေါင်းခံရမည့်ကိစ္စဖြစ်၏။ ရေနံနှင့် သဘာဝဓါတ်ငွေ့မှ ရသည့်ဝင်ငွေနှင့် စိုက်ပိုးရေးသီးနှံများ ပြည်ပပို့၍ရသည့် နိုင်ငံခြားငွေသည်သာ စစ်ကောင်စီအတွက် အသက်ရှူပေါက်ဖြစ်သည်။
နိုင်ငံတကာဆက်ဆံရေး
မြန်မာ့အရေးတွင် နိုင်ငံတကာ၏ သက်ရောက်မှုသည်လည်း အရေးပါသည်။ မြန်မာပြည်အရေးကို မြန်မာပြည်သူများ ကိုယ်တိုင်ဆုံးဖြတ်ကြရမည်ဆိုသော်လည်း နိုင်ငံတကာ၏ မဲတင်းပေးမှုများသည် အရေးပါသည်ဖြစ်ရာ လျှော့တွက်၍ မရပေ။
နိုင်ငံတကာတွင် အရေးနိမ့်နေသည်က စစ်ကောင်စီ ဖြစ်သည်ကို ရှင်းလင်းစွာ တွေ့မြင်ရသည်။ ကမ္ဘာ့ကုလသမဂ္ဂတွင် လည်းကောင်း၊ အာဆီယံတွင်လည်းကောင်း ထိုင်ခုံပျောက်နေသည်။
အာဆီယံ၏ မူငါးချက်ဖြင့် ပြင်းပြင်းထန်ထန် ဖိအားပေးခံနေရသကဲ့သို့ ၂၀၂၂ နှစ်ကုန်ပိုင်းတွင် ထွက်လာသည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကြောင့် ဖိအားဖြစ်နေသည်။ စစ်ကောင်စီက သူ့ဘက်တွင်ရှိနေမည်ဟု ယူဆထားသည့် တရုတ်နှင့် ရုရှား ဗီတို မသုံးခဲ့သည်က သူ့တွင် သံတမန်ရေးတွင် အားကိုးအားထား မရှိသည်ကို ပြသနေသည်။
၂၀၂၂ ခုနှစ် နှစ်ကုန်တွင် ထွက်ပေါ်လာသည့် အမေရိကန်အစိုးရ၏ မြန်မာပြည်ဆိုင်ရာ ဥပဒေပြဌာန်းချက်သည်လည်း စစ်ကောင်စီအတွက် ထိုးနှက်ချက်တခုဖြစ်သည်။ အမေရိကန်နှင့် အနောက်သည် စစ်အစိုးရကို ဆန့်ကျင်ပြီး ဒီမိုကရေစီ အင်အားစုများကို တလျှောက်လုံး ကူညီလာသည်ဖြစ်ရာ မထူးဆန်းဟု ဆိုနိုင်သည်။
သို့သော် ဤဆုံးဖြတ်ချက်သည် မထူးပေမယ့် ဆန်းသည်ဟုလည်း ဆိုနိုင်၏။ အဘယ်ကြောင့်ဆိုသော် NUG/PDF/EAO များကို တိုက်ရိုက်ထိတွေ့ကူညီရန် ဆုံးဖြတ်ချက်သည် ယခင်စဉ်းစားခဲ့သည့် မြန်မာ့နိုင်ငံရေး ပြသနာဖြေရှင်းရေးတွင် စစ်တပ်အင်စတီကျူးရှင်းအား ဗဟိုပြု စဉ်းစားသည့် စဉ်းစားပုံမှ ခွဲထွက်သွားသောကြောင့်ဖြစ်သည်။
ပြုပြင်ပြောင်းလဲရေးကို စစ်တပ် အခြေပြုစဉ်းစားသည့် စဉ်းစားပုံမှ ခွဲထွက်သွား၍ ဖြစ်သည်။ စစ်တပ်နှင့် ညှိနှိုင်း အဖြေရှာရေးသည် အလုပ်မဖြစ်ဟု သုံးသပ်၍ ဖြစ်သည်။ ဤသို့ အမြင်ပြောင်းလဲခြင်းသည် လက်ရှိ ဥပဒေပြဌာန်းသည်ထက် ပိုသည့် နောက်ထပ် ဆုံးဖြတ်ချက်အသစ်များ ထွက်ပေါ်လာနိုင်သည်။
နိုင်ငံတကာဆက်ဆံရေးတွင် စစ်ကောင်စီအတွက် အထိနာသည့်အချက်တခုမှာ တရုတ်တို့ သဘောထားကြောင့်ဖြစ်သည်။
ဤ ၂ နှစ်အတွင်း တရုတ်တို့က စစ်ကောင်စီနှင့် အဆင့်မြင့်ဆက်ဆံရေး လျှော့ချထားသည်။ လျာထားသော၊ ခွင့်ပြုထားသော ကြီးမားသည့် ရင်းနှီးမြှုပ်နှံမှုများ ရပ်ဆိုင်းထား၏။ စစ်ကောင်စီ၏ လန်ချန်-မဲခေါင်အစည်းအဝေး ဒုတိယ အကြိမ် ဖိတ်ကြားချက်ကို အကြောင်းပြန်ကြားခြင်း မပြုခဲ့။
မြန်မာ့အရေးနှင့်ပတ်သက်၍ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို ကန့်ကွက်ခြင်း မပြုလုပ်ခဲ့သည်မှာ မြန်မာပြည် တည်ငြိမ်အောင် စစ်ကောင်စီက မထိန်းချုပ်နိုင်ခြင်း၊ စစ်ရာဇဝတ်မှုများ အလွန်အကျွံ ကျူးလွန်မှုကြောင့် စစ်ကောင်စီ အမည်ပျက်နေခြင်း၊ မြန်မာစစ်တပ်က ရုရှားနှင့် ပူးပေါင်းလွန်ခြင်း၊ မြန်မာပြည် လူထုအုံကြွမှုနှင့် သဘောထား အခြေအနေကို တရုတ်တို့ ကောင်းစွာ သဘောပေါက်ခြင်း စသည်တို့ကြောင့် ဖြစ်နိုင်သည်။
မည်သို့ဖြစ်စေ လက်ရှိ တရုတ်၏ သဘောထားကြောင့် စစ်ကောင်စီ ဖိအားတရပ်ဖြစ်စေသည်။ တရုတ်သည် စစ်တပ်အား ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးရေး ဖိအားပေးနေပြီး စစ်တပ်အား ထွက်ပေါက်ပေးနေသော်လည်း စစ်တပ်က လက်မခံနိုင်သည်က စစ်တပ်အတွက် ပို၍ အခက်တွေ့စေသည်။
စစ်ကောင်စီနှင့် ဆက်ဆံရေးကောင်းသည်ဟု ပြောနေသည့် နိုင်ငံတခုမှာ ထိုင်းဖြစ်သည်။ တကယ်တော့ ဤသည်မှာ ထိုင်း၏ သဘောသဘာဝဖြစ်သည်။ ဒုတိယကမ္ဘာစစ်ကာလကလည်း နှစ်ဖက်လုံးကို အဆင်ပြေအောင် ဆက်ဆံပြီး ရပ်တည်ခဲ့သကဲ့သို့ ယနေ့ကာလတွင်လည်း အမေရိကန်နှင့်ပူးတွဲ စစ်ရေးလေ့ကျင့်သကဲ့သို့ တရုတ်နှင့်လည်း ပူးတွဲစစ်ရေး လေ့ကျင့်သည့်နိုင်ငံဖြစ်သည်။
လက်ရှိကာလတွင်လည်း မြန်မာဒီမိုကရေစီ အင်အားစုများကို လက်ခံထားသကဲ့သို့ မြန်မာစစ်တပ်နှင့်လည်း အဆင်ပြေ အောင် ဆက်ဆံသည်။ ဤသည်မှာပင် ထိုင်း၏ နိုင်ငံခြားရေးမူဝါဒ ဖြစ်သည်။
ဆန့်ကျင်ဖက်ဖြစ်နေသော အင်အားစုနှစ်ခုလုံးနှင့် သင့်မြတ်ပြေလည်အောင် ဆက်ဆံသည့်မူဝါဒဖြစ်သည်။ သို့သော် မြန်မာ့အရေးနှင့်ပတ်သက်၍ အမေရိကန်နှင့် အာဆီယံသဘောထားကို ကျော်လွန်၍ ဆန့်ကျင်၍ ရပ်တည်မည့် အလားအလာ မရှိပေ။
လက်ရှိ စစ်ကောင်စီဘက်က ရပ်တည်ပေးနေသော နိုင်ငံများဟု ဆိုရလျှင် ရုရှား၊ ဘယ်လာရုစ်၊ အိန္ဒိယနှင့် ဂျပန်ဟု ဆိုရမည်။
ရုရှားနှင့် ဘယ်လားရုစ်သည် မြန်မာစစ်တပ်ထံသို့ စစ်လက်နက်ပစ္စည်းရောင်းချရန် အဓိကထားဆက်ဆံနေသည်။ ကြီးမားသည့် စီးပွါးရေးလုပ်ငန်းများ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်နိုင်ဖွယ်မရှိပေ။ နိုင်ငံရေးအရလည်း လုံခြုံရေးကောင်စီတွင် မြန်မာ့အရေးနှင့်ပတ်သက်၍ ဆုံးဖြတ်ချက်ချရာတွင် ရုရှားသည် တရုတ်သဘောထားကို ကျော်လွန်ဖွယ် မရှိပေ။
အိန္ဒိယနှင့် ဂျပန်ကတော့ စစ်တပ်နှင့်ပို၍ အတိအလင်းပူးပေါင်းသည်။ အိန္ဒိယက အစိုးရ အဆင့်မြင့်အရာရှိများ စေလွှတ်၍ စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်သည်ကို တွေ့ရ၏။ အိန္ဒိယနယ်စပ်ရှိ CNF စခန်းအား စစ်ကောင်စီလေတပ်က ဗုံးကြဲရာ အိန္ဒိယလေကြောင်းပိုင်နက်အား ဖြတ်သန်းခြင်း၊ ဗုံးကျခြင်းတို့ကိုပင် မျက်စေ့မှိတ်ထားပေးသည်။
ဂျပန်ကတော့ အစိုးရ တရားဝင်ကိုယ်စားလှယ်ဆိုသည်ထက် ဂျပန်အစိုးရ အဝန်းအဝိုင်းတွင် ဩဇာရှိသော ဝါတာနာဘေးနှင့် ဆာဆာကာဝါတို့ ကိုယ်တိုင် စစ်ကောင်စီနှင့်တိုက်ရိုက်ထိတွေ့ဆက်ဆံပြီး စစ်ကောင်စီအား ထောက်ခံမှုပေးနေသည်။
ဂျပန်နှင့် အိန္ဒိယတူသည်က စစ်ကောင်စီနှင့် ပူးပေါင်းထောက်ခံနေသည့် အဓိက ရည်ရွယ်ချက်မှာ မြန်မာပြည်တွင်း နိုင်ငံရေးအရ၊ စီးပွားရေးအရ တရုတ်အား တန်ပြန်နိုင်ရေးအတွက် ၎င်းတို့ဩဇာတည်ဆောက်ရေးဖြစ်သည်။
သို့သော်လည်း ဘက်မှား၍ ရပ်တည်နေသော ဂျပန်နှင့် အိန္ဒိယသည် လုံခြုံရေးကောင်စီတွင် ဗီတိုသုံးနိုင်ခြင်းမရှိ။ အာဆီယံတွင်လည်း ဩဇာမရှိ။ ထို ၂ နိုင်ငံလုံးသည် မြန်မာ့အရေးနှင့်ပတ်သက်၍ ဘဏ္ဏာအင်အားအလုံးအရင်းနှင့်ပုံအောခြင်းမဟုတ်ဘဲမသာအိမ်ဖဲဝင်ရိုက်သည့်အဆင့်လောက်ရှိသည်သာဖြစ်ရာ စစ်ကောင်စီအတွက် ကောက်ရိုးတမျှင်မျှသာ ဖြစ်ပေသည်။
သို့ဖြစ်ရာ သံတမန်ရေးတွင် ဒီမိုကရေစီအင်အားစုများက အသာရသည့်ဖက်တွင်ရှိပြီး စစ်ကောင်စီကတော့ အကျပ်အတည်းထဲတွင် ရုန်းကန်နေရသည်ကို တွေ့ရ၏။
စစ်ရေး
စစ်တပ်အာဏာသိမ်းသည့် ၂ နှစ်အတွင်း ထိပ်ရောက်နေသည့် ပြဿနာ ဖြစ်သည်။ လွှမ်းမိုးနေသည့် ပြဿနာလည်း ဖြစ်သည်။
စစ်တပ်အာဏာသိမ်းပြီး ၃ လခန့် ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့သည်။ ဆန္ဒပြပွဲများအား စစ်တပ်က အင်အားသုံး အကြမ်းဖက် ဖြိုခွဲသည့်နောက်ပိုင်း လက်နက်ကိုင် ခုခံတိုက်ခိုက်မှုများ တပြည်လုံးတွင် တွေ့ရသည်။အပြင်းထန်ဆုံးဟု ဆိုရမည့် ဒေသများမှာ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်နီပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့ဟု ဆိုရမည်။
မန္တလေးတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်တို့တွင်လည်း တိုက်ခိုက်မှုများ မပြတ်သကဲ့သို့ တင်းမာမှုများ မြင့်တက်နေသည်။ တိုက်ခိုက်မှု အနည်းဆုံးမှာ ဧရာဝတီတိုင်း၊ ရှမ်းတောင်နှင့် ရှမ်းအရှေ့တို့ ဖြစ်သည်ဟု ဆိုနိုင်သော်လည်း လုံးဝမရှိသည်တော့ မဟုတ်ပေ။
၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးနောက် ပြည်တွင်း လက်နက်ကိုင်ပုန်ကန်မှု အခြေအနေနှင့် လက်ရှိ ၂ နှစ်တာကာလ အခြေအနေသည် ကွာခြားသကဲ့သို့ ၁၉၆၂ ခုနှစ်နှင့် ၁၉၈၈ ခုနှစ် စစ်တပ်အာဏာ သိမ်းပြီးနောက် ကြုံတွေ့ရသည့် အခြေအနေနှင့် လက်ရှိ ၂ နှစ်တာ ကာလအခြေအနေသည်လည်း များစွာကွာခြားသည်။
ယခု၂နှစ်တာကာလလက်နက်ကိုင်ပုန်ကန်မှုအခြေအနေသည်မြန်မာပြည်လက်နက်ကိုင်ပုန်ကန်မှုသမိုင်းတွင် တခါမှ မရှိဖူးသေးသည့် အခြေအနေဖြစ်သည်။ တပြည်လုံး အနှံ့အပြား ပုန်ကန်တိုက်ခိုက်မှု ဖြစ်နေသည်။
ကျေးလက်တောင်တန်းများသာမက ရန်ကုန်၊ မန္တလေးမြို့ကြီးပြကြီးများတွင်ပါ တိုက်ခိုက်ခိုက်မှုများ ပုံစံမျိုးစုံနှင့် ဖြစ်နေသည်ကို တွေ့နေရသည်။ မူလရှိပြီးသား တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ အခံပေါ်တွင် ဒီမိုကရေစီ အင်အားစုများ၊ မျိုးဆက်သစ်များ၏ လက်နက်ကိုင်ပုန်ကန်မှုက မြန်မြန်ဆန်ဆန် ကျယ်ပြန့်ကြီးထွားလာသည်ဟု ဆိုရမည်။
လက်ရှိ ပြည်တွင်းစစ်တွင် စစ်တပ်ဖက်က အခြေအနေကိုကြည့်လျင် မြို့ကြီးပြကြီးများနှင့် ဆက်သွယ်ရေး လမ်းကြောင်းများကို အဓိက ထိန်းချုပ်နိုင်ရန် ကြိုးစားနေသည်။ စစ်တပ်သည် စစ်အင်အားကို တိုးချဲ့ထားသည်ဆိုသော်လည်း တပြည်လုံး အနှံ့အပြား ရင်ဆိုင်ရသည့်အတွက် စစ်အင်အား မလုံလောက်သည့် ပြသနာကို ရင်ဆိုင်နေရသည်။
အဓိက မြေပြင်စိုးမိုးမှုကို တာဝန်ယူရသည့် ကြည်းတပ်တွင် တိုက်ခိုက်ရေးအင်အား သိသာစွာ လျော့ကျနေပြီး တိုက်စိတ်ခိုက်စိတ်နှင့် တိုက်ရည်ခိုက်ရည်လည်း လျော့ကျနေသည်။
တပြည်လုံးရှိ စစ်တိုင်းဌာနချုပ် ၁၄ ခု နယ်မြေများတွင် တိုင်းတပ်တပ်ရင်း ၂၀၀ ကျော်အပြင် တပ်မနှင့် စကခ ၃၀ မှ တပ်ရင်း ၃၀၀ အား ဖြန့်ခွဲ နေရာချပြီး ရင်ဆိုင်ထားရသဖြင့် ဒေသတခုအား အင်အား အလုံးအရင်း စုစည်းအသုံးပြုပြီး စစ်ဆင်ရေး လုပ်နိုင်ခြင်း မရှိတော့ပေ။
စစ်ဆင်ရေးနယ်မြေအလိုက်တွင်လည်း စစ်ဆင်ရေး အကြီးဆုံးအဖြစ် ဗျူဟာတခုအထိသာ စုစည်းထိုးစစ်ဆင်နိုင်တော့သည်။ ထို့ပြင် စစ်တပ်၏ တပ်စခန်းတခု အတိုက်ခံရလျင် မြေပြင်စစ်ကူပေးနိုင်ခြင်း မရှိတော့ပေ။ လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူသာပေးနိုင်သည်ကို တွေ့ရသည်။
စစ်ဆင်ရေး ပြုလုပ်တိုက်ခိုက်နိုင်ခြင်း မရှိသဖြင့် စစ်တပ်က အဓိကထား လုပ်နေသည်မှာ မြေလှန်စနစ်ဖြစ်သည်။ ထောက်ခံသည့် လူထုရှိ၍ ပုန်ကန်မှု ရှိနေသည်ဟု သတ်မှတ်ပြီး ကျေးရွာများ၊ အရပ်သားပိုင် စပါးဂိုဒေါင်၊ လယ်ထွန်စက်မှအစ ဘာသာရေး အဆောက်အအုံများမကျန် မီးရှို့ဖျက်ဆီးခြင်း၊ အရပ်သားပိုင် ဥစ္စာပစ္စည်းများ လုယူခြင်း၊ တွေ့ရှိသည့်အရပ်သားများအား သတ်ဖြတ်ခြင်းများ ပြုလုပ်သည်ကို စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်၊ ကရင်နီပြည်တို့ တွင် အများဆုံး တွေ့ရသည်။
ထို့အတူ အရပ်သားပိုင်အဆောက်အအုံများ၊ စီးပွါးရေးလုပ်ငန်းများ၊ ဆေးရုံများ၊ ကျောင်းများ၊ ပွဲလမ်းသဘင်များပါမကျန် လေကြောင်းမှ တိုက်ခိုက်ခြင်းကို တပြည်လုံးအနှံ့ နေ့ညမရွေး ပြုလုပ်နေသည်ကို တွေ့ရသည်။ စစ်တပ်အာဏာသိမ်းသည့် ၂ နှစ်အတွင်း တပြည်လုံးအနှံ့ အိုးအိမ် အဆောက်အအုံပေါင်း ၄၀၀၀၀ ကျော် မီးရှို့ဖျက်ဆီးခြင်းခံရသည်ဖြစ်ရာ တရက်လျှင် ပျမ်းမျှ အိုးအိမ် ၅၅ လုံးမျှ မီးရှို့ဖျက်ဆီးခြင်းခံနေရသည်။
ဤသို့ ပြုမူလုပ်ဆောင်ခြင်းကြောင့် တဖက်က လူထု ဆုံးရှုံးနစ်နာထိခိုက်မှု ကြီးမားသကဲ့သို့ တဖက်ကလည်း မြန်မာစစ်တပ်သည် စစ်ရာဇဝတ်မှုများဖြင့် ပြည့်နှက်နေသည့် ကျင့်ဝတ်သိက္ခာ မရှိသည့် စစ်တပ်တတပ်အဖြစ် ပို၍ ပုံပျက်လာနေသည်။
လက်ရှိစစ်မြေပြင်တွင် မြန်မာစစ်တပ်၏ စစ်ဆင်ရေးဆိုသည်မှာ ရွာစဉ်ပတ်၍ လုယက်မီးရှို့ခြင်းသာဖြစ်သည်။ တိုက်ပွဲဖြစ်သည်နှင့် အရပ်သားမြို့ရွာများကို လေယာဉ်နှင့်ဗုံးကြဲခြင်း၊ လက်နက်ကြီးနှင့်ပစ်ခတ်ခြင်းကမြန်မာစစ်တပ်၏လက်တွေ့စစ်ဆင်ရေးဆောင်ရွက်ချက်များဖြစ်သည်။တကယ်တန်း လက်နက်ကိုင်ပုန်ကန်တိုက်ခိုက်နေသည့် တော်လှန်ရေးအဖွဲ့အစည်းများကို တိုက်ခိုက်နိုင်ခြင်း မရှိပေ။ ဤသည်ကား စစ်တပ်အာဏာသိမ်းပြီး ၂ နှစ်တာကာလအတွင်း တွေ့ရသည့် မြန်မာစစ်တပ် အခြေအနေ ဖြစ်သည်။
စစ်တပ်၏ အားသာချက်အပိုင်းကို ကြည့်လျှင် လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ကူပေးနိုင်မှု၊ ခဲယမ်းမီးကျောက် ပေါပေါများများ သုံးစွဲနိုင်မှုနှင့် စစ်တပ်ဘတ်ဂျက်အား နိုင်ငံတော်ဘဏ္ဏာမှ ကြိုက်သလောက်သုံးစွဲနိုင်ခြင်းတို့ကို တွေ့ရသည်။ထို့ပြင် စစ်တပ်အတွင်းမှ CDM ပြုလုပ်၍ အလွယ်တကူ မစွန့်ခွာနိုင်စေရန် မက်လုံးပေးခြင်း၊ အခွင့်အရေး ပေးခြင်းနှင့် ထိန်းချုပ်ခြင်းတို့ ပေါင်းစပ်လုပ်ကိုင်ရာ ဒုတိယနှစ်တွင် ပထမတနှစ်လောက် တပ်ကို စွန့်ခွါသူ မများအောင် ထိန်းလာနိုင်သည်ကို တွေ့ရသည်။
သို့သော်လည်း ဤ ၂ နှစ်တာကာလအတွင်း စစ်တပ်က မြေပြင်ကို ထိန်းချုပ်နိုင်စွမ်းကတော့ သိသိသာသာ လျော့ကျသွားသည်။ ကျေးလက်တောင်တန်းများတွင်သာမက ရန်ကုန်မြို့တွင်ပင်လျှင် လမ်းဆုံလမ်းထောင့်တိုင်း နှစ်ထပ်ဘန်ကာများဆောက်၍ အသင့်အနေအထားဖြင့် နေထိုင်ရသည်။ထို့ပြင် ဤ ၂ နှစ်ကာလအတွင်း တိုက်ပွဲကြီးငယ် စုစုပေါင်း ၈၀၀၀ ကျော်ဖြစ်ခဲ့ရာ တရက်လျင် ပျမ်းမျှ တိုက်ပွဲ ၁၁ ပွဲနှင့် အထက် ဖြစ်ခဲ့သည်။ တိုက်ပွဲမရှိသည့်နေ့ စစ်တပ်က အကျအဆုံးမရှိသည့်နေ့ မရှိသလောက်ဖြစ်နေသည်ဟု ဆိုရမည်။
သို့ဖြစ်ရာ အင်အားလျော့ကျနေသော တပ်များကို ဖြည့်တင်းရန် ခက်ခဲနေသည်။ ယခုအခါ လက်ရုံး တပ်ဖွဲ့မှ တပ်သားများအား ထုတ်နှုတ်ပြီးတိုက်ခိုက်ရေးတပ်ရင်းများသို့ဖြည့်တင်းသည်ကိုလည်းကောင်း၊ အခြေစိုက် တပ်ဌာနချုပ်များတွင် အိမ်ထောင်သည်အမျိုးသမီးများ၊ မိသားစုဝင်များအား စစ်သင်တန်းပေး၍ လက်နက်တပ်ဆင်ပေးပြီး စခန်းလုံခြုံရေး တာဝန်ပေးသည်ကိုလည်းကောင်း တွေ့မြင်နေရသည်။
ဤ ၂ နှစ်အတွင်း ဒီမိုကရေစီ အင်အားစုဘက်မှ အခြေအနေမှာ စိတ်ဓါတ်ရေးရာအရ ကောင်းမွန်သည်။ တပြည်လုံးအနှံ့ ပုန်ကန်ထကြွသည်။
စစချင်း တွေ့ရသည့်ပြသနာမှာ စစ်ပွဲအတွေ့အကြုံမရှိခြင်း၊ တူမီး အစရှိသည့် ရရာလက်နက်နှင့် တိုက်ပွဲဝင်ရခြင်း၊ ဘတ်ဂျက်မရှိသည့်အပြင် တစုတစည်းထဲသော ခေါင်းဆောင်မှုမရှိခြင်းက အဓိကပြဿနာဖြစ်နေသည်။ NUG ပေါ်ပေါက်လာပြီးနောက် နွေဦးတော်လှန်ရေးတွင် စတင်ခဲ့သည့်အင်အားစုများရော ယခင်တိုင်းရင်းသားအဖွဲ့များကိုပါ စုစည်းနိုင်ရန် ကြိုးပမ်းခဲ့သည်။
၂၀၂၁ လက်နက်ကိုင်ခုခံတိုက်ပွဲဝင်မှုသည် ၁၉၄၈ ခုနှစ် ပြည်တွင်းစစ် စတင်ခဲ့ကတည်းက တွေ့ရသည့်ပုံစံများနှင့် ကွဲလွဲသည်။ ယခင်က တွေ့ရသည့် ပုံစံတခုမှာ ပါတီအဖွဲ့အစည်းတခု၏ ခေါင်းဆောင်မှုဖြင့် လက်နက်ကိုင် တိုက်ခိုက်ခြင်း ဖြစ်သည်။ ထိုလက်နက်ကိုင်အင်အားစုများတွင် ခေါင်းဆောင်မှုရှိပြီးဖြစ်ပြီး ထိုခေါင်းဆောင်မှု၏ ဆုံးဖြတ်ချက်အောက်တွင် လှုပ်ရှားကြသည်။
ဒုတိယ တွေ့ရသည့် ပုံစံတခုမှာ လက်နက်ကိုင်တိုက်မှ ရမည်ဟု ယုံကြည်ချက်ရှိသူများက လူသူစုစည်း၍ လေ့ကျင့် သင်တန်းပေး လက်နက်တပ်ဆင်ပြီး လက်နက်ကိုင် တိုက်ခိုက်ခြင်းဖြစ်သည်။ သူ့တွင်လည်း ခေါင်းဆောင်မှုစနစ် ရှိပြီးဖြစ်သည်။
ယခုပုံစံက ယခင်ပုံစံများနှင့် မတူခြားနားမှုရှိ၏။ ဤအကြိမ် လက်နက်ကိုင်ပုန်ကန်မှုသည် အဖွဲ့အစည်းတခု၊ ပါတီတခု၏ ဆုံးဖြတ်ချက်နှင့်ပေါ်ပေါက်လာခြင်း မဟုတ်သကဲ့သို့ လက်နက်ကိုင်တိုက်ခိုက်ရန် လေ့ကျင့်ပြင်ဆင်ပြီး တိုက်ခိုက်ခြင်းလည်း မဟုတ်ပေ။
ယခုအကြိမ်သည် စစ်တပ်၏ အာဏာသိမ်းမှုကို လက်မခံသည့် မြန်မာပြည်အနယ်နယ် အရပ်ရပ်မှ လူထုများက မခံမရပ်နိုင်လွန်း၍ ကိုယ့်ဒေသနှင့်ကိုယ်၊ ကိုယ်အစီအစဉ်နဲ့ကိုယ် ပြန်လည်တိုက်ခိုက်ရာမှ ပေါ်ပေါက်လာခြင်းဖြစ်သည်။
ဖွဲ့စည်းလေ့ကျင့်မှု မရှိ၊ လက်နက်တပ်ဆင်မှု မရှိဘဲ ရရာလက်လုပ်သေနတ်များဖြင့် တုန့်ပြန်တိုက်ခိုက်ရာမှ ပေါ်ပေါက်လာခြင်း ဖြစ်၏။ ကိုယ်နယ်နှင့် ကိုယ်၊ ကိုယ်အစုနှင့် ကိုယ် ခေါင်းဆောင်မှုရှိသော်လည်း တပြည်လုံးအတိုင်းအတာ ဆောင်သည့် ဦးစီးမှု မရှိဘဲ ပေါ်ပေါက်လာခြင်း ဖြစ်သည်။
NUCC/CRPH/ NUG တို့ ပေါ်ပေါက်လာခြင်းမှာ တစုတစည်းတည်း ခေါင်းဆောင်မှုကို ဖြေရှင်းရန်ပေါ်ပေါက်လာသည်ဟု ဆိုရမည်။ NUG သည် တဖက်က PDF ကို ဦးဆောင်ဖွဲ့စည်းပြီး နွေဦးတော်လှန်ရေးအင်အားများကို စုစည်းသကဲ့သို့ တဖက်တွင်လည်း တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များနှင့်လည်း မဟာမိတ်ဖွဲ့နိုင်ရန် ကြိုးပမ်းရသည်။
ဤဖြစ်စဉ်သည် ၂ နှစ်တာကာလအတွင်း အလွယ်တကူ ကျော်ဖြတ်နိုင်ခဲ့သည်တော့ မဟုတ်ပေ။ မတူသောအမြင်များ၊ မတူသော ဖြတ်သန်းမှုများနှင့်အတူ ကွဲလွဲမှုများကို မလွဲမရှောင်သာ ရင်ဆိုင်ရသည်။ မတူသောပုံစံများနှင့် ဖြေရှင်းခဲ့သည်ကို တွေ့ရသည်။
ချင်း၊ ကရင်နီပြည်နယ်များတွင် CDF/KNDF စသည့် အမျိုးသား လက္ခဏာပါသည့် ကာကွယ်ရေး တပ်ဖွဲ့များ ဖွဲ့စည်းပြီး ချိတ်ဆက်သည်။ ကချင်ပြည်နယ်မှာတော့ KPDF အနေနှင့် ပြည်နယ်လက္ခဏာနှင့် ဖွဲ့စည်း၏။ ကျန်ဒေသများတွင် စစ်ဒေသများ ဖွဲ့စည်းပြီး PDF အမည်ဖြင့် ဖွဲ့စည်းသည်။
ယခုအခါ PDF တပ်ရင်း ၃၀၀ ခန့် ဖွဲ့စည်းထားနိုင်ပြီး ဒေသခံ PDF အဖွဲ့ပေါင်း ၄၀၀ ခန့်နှင့် ချိတ်ဆက်ထားနိုင်သည်ဟု ဆိုသည်။ PDF တပ်ရင်းတရင်းလျှင် အင်အား ၂၀၀ ခန့်နှင့် ဖွဲ့ရာ NUG ကာကွယ်ရေးဝန်ကြီးဌာနအောက်တွင် အင်အား ၆၀၀၀၀ ခန့် စုစည်းထားနိုင်သည်ကို တွေ့ရ၏။ ဒေသခံ PDF အဖွဲ့များ၏ အင်အားမပါသေးပေ။ထို့ပြင် PRA/PLA/BPLA စသည့် အခြားအမည်များနှင့် တပ်ဖွဲ့များလည်း ရှိသေးသည်။ ထိုအဖွဲ့များသည်လည်း အင်အား ရာဂဏန်းမှ ထောင်ဂဏန်းထိရှိပြီး အချို့က NUG နှင့်ချိတ်ဆက်ပြီး အချို့က တိုင်းရင်းသားအဖွဲ့များနှင့် ချိတ်ဆက်ထားသည်ကို တွေ့ရသည်။
လက်နက်ကိုင်အင်အားစုအားလုံး တစုတစည်းတည်း မဖြစ်သေးသော်လည်း အများစုကို စည်းရုံးနိုင်သည် သို့မဟုတ် ချိတ်ဆက်နိုင်သည့်ကို ၂ နှစ်တာကာလတွင် တွေ့ရသည်။
ဤ ၂ နှစ်တာကာလအတွင်း ထိုတပ်ဖွဲ့များသည် အခြေခံစစ်သင်တန်းများ တက်ရောက်နိုင်ခဲ့သည်။ တိုက်ပွဲ အတွေ့အကြုံ တစုံတရာ ရရှိလာသည်။ အချို့တပ်ဖွဲ့များ လက်နက်ခဲယမ်း အပြည့်အစုံ တပ်ဆင်နိုင်ပြီ ဖြစ်သော်လည်း အချို့အဖွဲ့များ ကတော့ တဝက်ခန့်သာ တပ်ဆင်နိုင်သေးသည်။
စခါစကထက် များစွာ အခြေအနေ ကောင်းလာသော်လည်း အပြည့်အဝ လက်နက်တပ်ဆင်နိုင်ရန် လိုသေးသည်။ ထို့ပြင် ခဲယမ်းဖြည့်တင်းမှုနှင့် လက်နက်ကြီးပစ်ကူတွင် လိုအပ်ချက်ရှိနေသေးသည်။ တဖက်ကလည်း ဒေသလုပ်မိုင်း၊ အဝေးပစ်ဒုံးများနှင့် ပတ်သက်ပြီး ၂ နှစ်တာကာလအတွင်း ကျွမ်းကျင်မှု ရှိလာသည်။
ဤ ၂ နှစ် ခုခံစစ်ပွဲအတွင်း ထူးခြားသည်မှာ ဒရုန်းများ အသုံးပြုတိုက်ခိုက်ခြင်းကို နွေဦးတော်လှန်ရေး အင်အားစုများက တွင်တွင်ကျယ်ကျယ် အသုံးပြုလာနိုင်ခြင်းဖြစ်ပြီး တဖြေးဖြေးလည်း နည်းပညာ အဆင့်မြှင့်လာနိုင်သည်။
ချုပ်၍ဆိုရလျင် ၂ နှစ်တာကာလအတွင်း ရရာလက်နက်ကိုင်ပြီး တိုက်ခိုက်ခဲ့သော လူအုပ်ကြီးသည် ခေတ်မှီ လက်နက်များ တပ်ဆင်ထားသည့် စည်းစနစ်ရှိသည့် လက်နက်ကိုင်တပ်ဖွဲ့ပုံစံသို့ ကူးပြောင်းလာခဲ့ပြီ ဖြစ်သည်။
NUG ၏ ဘဏ္ဍာငွေ ရှာဖွေရေးကလည်း အောင်မြင်မှု ရရှိသည်။ ပထမနှစ်တွင် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ရှာနိုင်ခဲ့ပြီး ဒုတိယနှစ်အတွက် ဒေါ်လာ သန်း ၃၀၀ ရှာဖွေမည်ဟု ဆိုသည်။ လက်ရှိအချိန်တွင် NUG ၏ ဘဏ္ဍာရှာဖွေမှု ပုံစံများကို လူထုက အတက်ကြွဆုံး ပူးပေါင်းနေသည်ကို တွေ့ရရာ လိုအပ်သည့် ဘဏ္ဍာရှာဖွေနိုင်မည်ဟု သုံးသပ်ရသည်။
အလားတူ အခြား PRA/PLA/BPLA အဖွဲ့များနှင့် ဒေသခံ PDF များသည်လည်း အခက်အခဲများ ရှိသော်လည်း လိုအပ်သည့် ဘဏ္ဍာရှာဖွေရရှိမှု၊ လက်နက်ခဲယမ်း တပ်ဆင်မှုများတွင် အထိုက်အလျောက် အောင်မြင်သည်ကို တွေ့ရ၏။ ဘဏ္ဍာရေး ဖြည့်တင်းနိုင်မှုသည် စစ်တိုက်နေသည့် လက်နက်ကိုင်တပ်များအတွက် အရေးပါသည်။
ဤ ၂ နှစ်ကာလအတွင်း တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များနှင့် နွေဦးတော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းမှု အခြေအနေကို အောက်ပါအတိုင်း တွေ့ရသည်။
တိုင်းရင်းသား လက်နက်ကိုင် အင်အား ၄၅၀၀၀ ခန့်ရှိ KIA/KNU/CNF-CDF/KNPP-KNDF/ABSDF တို့သည် နွေဦးအင်အားစုများနှင့် အပြည့်အဝ ပူးပေါင်းပြီး တိုက်ပွဲဝင်နေသည်ဟု သိရသည်။အလားတူပင် တိုင်းရင်းသားလက်နက်ကိုင် အင်အား ၄၅၀၀၀ ခန့်ရှိ AA/TNLA/MNDAA တို့သည်လည်း နွေဦး အင်အားစုများကို အပြည့်အဝ အကူအညီပေးနေသည်။ ပူးတွဲတိုက်ခိုက်သည့်အဆင့်သို့ ရောက်ရန်သာ လိုတော့သည်ဟု သိရသည်။
အလားတူ EAO လက်နက်ကိုင်အင်အား ၄၅၀၀၀ ခန့်ရှိသည့် UWSA/NDAA/SSPP တို့သည် နွေဦး တော်လှန်ရေး အဖွဲ့ များအား ကူညီခြင်း၊ ပူးပေါင်းခြင်း မရှိသေးသော်လည်း စာနာမှုပြသပြီး စစ်ကောင်စီနှင့် ပူးပေါင်းခြင်း မပြုကြပေ။
ကျန်စုစုပေါင်းအင်အား၁၀၀၀၀ကျော်ခန့်ရှိသည့်RCSSနှင့်NMSPတို့သည်နွေဦးတော်လှန်ရေးနှင့်ပတ်သက်ပြီး ကြားနေကြပြီး စစ်ကောင်စီနှင့် အပေးအယူလုပ်ရန် ဆွေးနွေးမှုများ ရှိသည်။
အင်အားအနည်းငယ်သာရှိသော DKBA/KNU-PC/PNLO/ALP/LDU ခွဲထွက် အဖွဲ့တို့သာ စစ်တပ်၏ နိုင်ငံရေးအရ ချုပ်ကိုင်မှု အောက်တွင် ရောက်နေသည်။ သို့သော် NCA ထိုးထားသော ထိုအဖွဲ့များသည် စစ်တပ်ထိန်းချုပ်ထားသည့် BGF များ၊ ပြည့်သူ့စစ်များကဲ့သို့ စစ်တပ်ဖက်က ဝင်ရောက်တိုက်ခိုက်မည့် အလားအလာ လေလောဆယ်မရှိပါ။သို့ဖြစ်ရာ တိုင်းရင်းသား လက်နက်ကိုင် အင်အားအများစုသည် နွေဦးတော်လှန်ရေး အင်အားစုများဖက်သို့ အလေးသာသည်ကို တွေ့ရသည်။
သို့သော် နွေဦးတော်လှန်ရေး အင်အားစုဖက်တွင် အားနည်းချက်များအဖြစ် တွေ့ရသည်မှာ လက်နက်ခဲယမ်းမီးကျောက် ဖြည့်တင်းရန် အားနည်းချက်ရှိနေသေးခြင်း၊ လေကြောင်းရန် ကာကွယ်ရေး မရှိသေးခြင်း၊ လက်နက်ကြီးပစ်ကူ လိုအပ်နေ သေးခြင်း၊ တော်လှန်ရေး အင်အားစု အားလုံးအား စုစည်း၍ ဟန်ချက်ညီ တိုက်ပွဲဝင်နိုင်ရန် လိုအပ်နေသေးခြင်းတို့ ဖြစ်သည်။
အထက်ပါ စစ်ရေးအခြေအနေကို သုံးသပ်ရပါက စစ်တပ်သည် နွေဦးတော်လှန်ရေးအင်အားစုများနှင့် တိုင်းရင်းသား လက်နက်ကိုင်များကို အမြစ်ဖြတ် အနိုင်ယူနိုင်သည့် အခြေအနေ လုံးဝမရှိဟု သုံးသပ်ရပါမည်။ တဖက်ကလည်း နွေဦး တော်လှန်ရေး အင်အားစုများ အနေနှင့်လည်း လာမည့်တနှစ်အတွင်း စစ်တပ်ကို အပြုတ်တိုက်ရန် မဖြစ်နိုင်သေးပေ။
သို့သော် နွေဦးတော်လှန်ရေး အင်အားစုများအနေနှင့်ဤ၂နှစ်အတွင်းလက်နက်ကိုင်အင်အားစုတခုအဖြစ် မားမားမတ်မတ်ရပ်တည်လာနိုင်ခဲ့ပြီ ဖြစ်သကဲ့သို့ ရှေ့သို့ ခရီးဆက်ရန်လည်းအင်ပြည့်အားပြည့်ရှိနေပြီဟု သုံးသပ်ရပါသည်။
အထွေထွေ
စစ်တပ်အာဏာသိမ်းပြီးနောက် ၁၀ နှစ်တာ ပြုပြင်ပြောင်းလဲရေးအားလုံး ပျက်စီးသွားသည်။ ရင်ကြားစေ့ရေး ပျက်စီးသွားသည်။ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များအရေး၊ ငြိမ်းချမ်းရေး လမ်းပျောက်သွားသည်။
စီးပွားရေးအရ ပြုပြင်ပြောင်းလဲမှုအားလုံး ပျက်သုဉ်းပြီး အကျပ်အတည်းထဲ ဆိုက်သွားသည်။ ငွေကြေးဖောင်းပွပြီး ကုန်ဈေးနှုန်း နှစ်ဆတက်သည်။ အလုပ်အကိုင်ရှားပါးပြီး နိုင်ငံခြားသို့ သွားရောက်အလုပ်အကိုင်ရှာဖွေရန် နိုင်ငံကူးလက်မှတ်ရုံးရှေ့ တွင် နေ့စဉ် လူထောင်ချီ တိုးဝှေ့နေရသည်။
အစိုးရ အုပ်ချုပ်ရေး ယန္တရား အားလုံး လာဘ်ပေးလာဘ်ယူ အပြည့်ဖြစ်သွားသည်။ ပညာရေး၊ ကျန်းမာရေး နယ်ပယ် နိမ့်ကျသွားသည်။ စာပေ၊ ဂီတ၊ ရုပ်ရှင် အနုပညာနယ်ပယ်နိမ့်ကျသွား၏။ လုံခြုံမှုနှင့် တည်ငြိမ်မှု ပျောက်ဆုံးသွား၏။
လူ့အဖွဲ့အစည်းအတွင်း လောင်းကစားနှင့် မူးယစ်ဆေးဝါးသုံးစွဲမှုများ များပြားလာသည်။ ရာဇဝတ်မှုများ များပြားလာသည်။ ဤသည်ကား ၂ နှစ်အတွင်း ရုတ်ချည်းပြောင်းလဲသွားသော အခြေအနေများဖြစ်၏။
ထိုသို့သောအခြေအနေများသည် ကိုဗစ်ကာလအပြီး ရွေးကောက်ခံအစိုးရနှင့်အတူ မျှော်လင့်ချက်များစွာဖြင့် ရုန်းထရန် ပြင်ဆင်နေသည့် မြန်မာပြည်သူများ ကြုံတွေ့ခဲ့ရသည့် စစ်တပ်အာဏာသိမ်းကာလ ၂ နှစ်တာ အခြေအနေများ ဖြစ်ပေတော့သည်။
ဤစစ်အာဏာသိမ်းကာလ ၂ နှစ်သည် စစ်တပ်အာဏာသိမ်းမှုအား ပြည်သူလူထုက စွန့်လွှတ်စွန့်စားမှု အပြည့်ဖြင့် ပြင်းပြင်းထန်ထန် ဆန့်ကျင်တိုက်ပွဲဝင်သည့်ကာလ ဖြစ်သည်။ မြန်မာပြည်သမိုင်းတွင် မေ့ပျောက်၍ မရနိုင်သည့် သမိုင်း မော်ကွန်း ကဗ္ဗည်းတင်သည့် နှစ်ကာလများလည်း ဖြစ်သည်။
ဆိုရှယ်မီဒီယာများမှကူးယူဖော်ပြခြင်းဖြစ်ပါသည်။မူရင်းရေးသားသူအားခရက်ဒစ်ပေးပါသည်။