၂၀၂၂ ခုနှစ် ဒီဇင်ဘာလ (၂၂)နေ့ မြန်မာစံတော်ချိန် နံနက် ၂ နာရီခွဲအချိန်မှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ပထမဆုံး ကုလသမဂ္ဂလုံခြုံရေးကောင်စီ(United Nation Security Council- UNSC)ရဲ့ ဆုံးဖြတ်ချက်ကို ချမှတ်နိုင်ခဲ့ကြပါတယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အမေရိကန်၊ ယူကေ၊ ပြင်သစ်၊ တရုတ်နဲ့ ရုရှ တို့က အမြဲတမ်းအဖွဲ့ဝင်တွေဖြစ်ပြီးစုစုပေါင်း(၁၅)နိုင်ငံပါဝင်ပါတယ်။ပုံမှန်အားဖြင့်ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဆုံးဖြတ်ချက်တစ်ခုကိုအဖွဲ့ဝင်နိုင်ငံတွေအားလုံးအနက်(၉)နိုင်ငံကထောက်ခံပြီးဗီတိုအာဏာနဲ့ပယ်ချမှုမရှိဘူးဆိုရင် အတည် ဖြစ်ပါတယ်။ အမြဲတမ်းအဖွဲ့ဝင် (၅) နိုင်ငံကသာ ဆုံးဖြတ်ချက်တွေကို ဗီတိုအာဏာသုံးပြီး ပယ်ချပိုင်ခွင့်ရှိတာဖြစ်ပါတယ်။ အခု မြန်မာနိုင်ငံတဲ့ပတ်သက်တဲ့ ပထမဦးဆုံးသမိုင်းဝင် ဆုံးဖြတ်ချက်ကို နိုင်ငံပေါင်း၁၂နိုင်ငံကသဘောတူ၊တရုတ်၊ရုရှနဲ့အိန္ဒိယတို့ကကြားနေပြီးကန့်ကွက်သူမရှိအတည်ပြုခဲ့ကြတာဖြစ်ပြီး ထူးခြားတာက အရင့်အရင် မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်အဆိုတွေတင်တဲ့အခါတိုင်း အကြမ်းဖက်စစ်ကောင်စီဘက်ကရပ်ကာ ဗီတိုအာဏာကို အလှည့်ကျသုံးပြီး ပယ်ချပေးလေ့ရှိတဲ့ တရုတ်နဲ့ ရုရှတို့က ကန့်ကွက်မဲလည်းမပေး၊ ဗီတိုအာဏာလည်း မသုံးပဲ ကြားနေခဲ့တဲ့ကိစ္စပါပဲ။ ဘာ့ကြောင့် ဒီလိုဖြစ်ရတာလဲ၊ ဒီဆုံးဖြတ်ချက်နောက်ပိုင်းရော ဘာတွေဖြစ်လာနိုင်ချေရှိလဲ၊ ဒီ ဆုံးဖြတ်ချက်ဟာ မြန်မာ့နွေဦးတော်လှန်ရေး အောင်မြင်ဖို့အတွက် ဘယ်လောက်တောင် အရေးပါသလဲဆိုတာတွေကို ဆက်လက်ဆွေးနွေးချင်ပါတယ်။
ဒေသတွင်းအဖွဲ့အစည်းဖြစ်တဲ့အာဆီယံရဲ့အခန်းကဏ္ဍကုလသမဂ္ဂလုံခြုံရေးကောင်စီမှာမြန်မာနိုင်ငံနဲ့ပတ်သက်တဲ့အခုလိုပထမဆုံးဆုံးဖြတ်ချက်တစ်ခုချမှတ်နိုင်ခဲ့ခြင်းမှာအရှေ့တောင်အာရှရဲ့ဒေသတွင်းအဖွဲ့အစည်းတစ်ခုဖြစ်တဲ့အာဆီယံရဲ့အခန်းကဏ္ဍနဲ့အရေးပါမှုကိုဖယ်ထားလို့မရဘူးဆိုတာကိုဒီဆုံးဖြတ်ချက်အဆိုကိုတင်နိုင်ဖို့ ရှေ့တန်းကနေဦးဆောင်ခဲ့တဲ့ ယူကေနိုင်ငံကိုယ်စားလှယ်ရဲ့ ပြောဆိုချက်ကအတည်ပြုပေးနေပါတယ်။ ဆုံးဖြတ်ချက်ကို အတည်ပြုခဲ့တဲ့အစည်းအဝေးခန်းထဲမှာ UNSC အဖွဲ့ဝင်နိုင်ငံတွေရဲ့ သဘောထားကို ပြောကြားကြရာမှာ သူကအခုလိုထည့်သွင်းပြောဆိုသွားပါတယ်။ “ဒီနေ့ မြန်မာနိုင်ငံ အခြေအနေနဲ့ ပတ်သက်ပြီး ပထမဆုံးလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကိုချမှတ်လိုက်ပါပြီ။ ကောင်စီအဖွဲ့ဝင်တွေ၊ အာဆီယံအဖွဲ့ဝင်တွေ၊ အခြားဒေသတွင်း မိတ်ဖက်တွေနဲ့အတူ၊ ရက်သတ္တပတ်များစွာ ဂရုတစိုက် တိုင်ပင်ဆွေးနွေးခဲ့မှုတွေရဲ့ရလဒ်ဖြစ်တယ်။ ဒီအတည်ပြုချက်နဲ့ ကောင်စီဟာ ကုလသမဂ္ဂရဲ့ ကြိုးပမ်းအားထုတ်မှုတွေကိုထောက်ခံရန် အာဆီယံခေါင်းဆောင်တွေရဲ့ တောင်းဆိုချက်ကို တုံ့ပြန်ခဲ့တာဖြစ်ပါတယ်”
၂၀၂၁ ဧပြီလတုန်းက အာဆီယံခေါင်းဆောင်တွေဟာမြန်မာနိုင်ငံရဲ့အရေးကိစ္စကို ဖြေရှင်းဖို့ အာဆီယံဘုံသဘောတူညီချက် (၅) ချက်ကို ချမှတ်ခဲ့ပါတယ်။ အဲဒီ့နောက်မြန်မာ့စစ်ခေါင်းဆောင်တွေဟာ အာဆီယံရဲ့ကြိုးပမ်းမှုမှာပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းမရှိတဲ့အတွက် ၂၀၂၁ အောက်တိုဘာလ (၁၅) ရက်နေ့မှာပြုလုပ်တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အရေးပေါ်အစည်းအဝေးကနေပြီး မင်းအောင်လှိုင်ရဲ့ အစည်းအဝေးတက်ရောက်ခွင့်ကို စတင်ကန့်သတ်လိုက်ပါတယ်။ ၃၈ နဲ့ ၃၉ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးပွဲတွေရဲ့အိမ်ရှင်ဘရူနိုင်းကထုတ်တဲ့ ကြေညာချက်တစ်ခုမှာဆိုရင်လည်း မြန်မာ့အရေးကိစ္စဟာ ဒေသတွင်းလုံခြုံရေးကိုသာမက အာဆီယံရဲ့စည်းလုံးညီညွတ်မှု၊ ဂုဏ်သိက္ခာနဲ့ အရေးပါအရာရောက်မှုတွေကိုပါ ထိခိုက်လာတဲ့ကိစ္စဖြစ်တယ်လို့ စတင်သုံးနှုန်း လာခဲ့ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၈ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့မှာ ပြုလုပ်ခဲ့တဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးပွဲမှာတော့ အာဆီယံဟာမြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ယခင်ရှိပြီးသား အာဆီယံဘုံသဘောတူညီချက် (၅) ချက်ကို ဆက်လက်ကိုင်ဆွဲခဲ့ပေမယ့် ထူးခြားတဲ့ အပိုဒ် (၁၃) ကိုထည့်သွင်းပြီးကုလသမဂ္ဂကိုစစ်ကူခေါ်ခဲ့ပါတယ်။အပိုဒ်(၁၃)မှာအာဆီယံကသူတို့ရဲ့ဘုံသဘောတူညီချက်(၅) ချက်ကို အကောင်အထည်ဖော်တဲ့နေရာမှာ သူတို့အားနဲ့ချည်း မရတော့တဲ့အတွက် ကုလသမဂ္ဂနဲ့ ပြင်ပက မိတ်ဖက် တွေကိုပါ ထောက်ပံ့ကူညီပေးဖို့ လမ်းဖွင့်ပေးလိုက်ပါတယ်။ ဒါဟာ ဒေသတွင်း ပြဿနာကို ငါတို့ ဝင်ရှုတ်လို့မသင့်ဘူးလို့ အမြင်ရှိနေတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီထဲက အချို့သော နိုင်ငံတွေကို မီးစိမ်းပြလိုက်တဲ့ သဘောဖြစ်သလို ၊မြန်မာ့အရေးကိုဒေသဆိုင်ရာအဖွဲ့အစည်းဖြစ်တဲ့ အာဆီယံတခုတည်း ဖြေရှင်းနိုင်ခြင်းမရှိတော့တာကြောင့် ကမ္ဘာ့အဖွဲ့အစည်းကြီးဖြစ်တဲ့ကုလသမဂ္ဂကပါဝင်ရောက်ကူညီပါတော့လို့ သတင်းစကားပါးလိုက်တဲ့သဘောလည်း သက်ရောက်ပါတယ်။ ဒီအချက်ဟာ အခု ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မြန်မာ့အရေး ဆုံးဖြတ်ချက်ကို ချလိုက်နိုင်တဲ့ အောင်မြင်မှုအတွက် အရေးပါတဲ့ ကနဦးခြေလှမ်းဖြစ်ခဲ့ပါတယ်။ ကုလသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ရှေ့ဆက်လုပ်ဆောင်မယ့် လုပ်ငန်းစဉ်တွေကိုလဲ အာဆီယံနိုင်ငံတွေနဲ့ ညှိနှိုင်းပြီး ဆောင်ရွက်ဖို့ ရှိမယ်ဆိုတာကိုလဲ နိုင်ငံအချို့ရဲ့ ဆွေးနွေးချက်တွေကို ကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်။
– အာဆီယံ ဘုံသဘောတူညီချက်(၅) ချက်ရဲ့ အရေးပါအရာရောက်မှုကို ဆုံးဖြတ်ချက်ရဲ့ အဓိကအစိတ်အပိုင်းတစ်ခု အဖြစ် အလေးထားဖို့ အရေးကြီးပါတယ်။ (ပြင်သစ်)
– ဘုံသဘောတူညီချက်(၅)ချက်ကို အကောင်အထည်ဖော်ရာတွင် ကုလသမဂ္ဂနဲ့ အာဆီယံတို့အကြား ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေးကို ကျွန်ုပ်တို့ မျှော်လင့်ပါတယ်။ (နော်ဝေ)
– ကောင်စီဟာ အခုအခွင့်အရေးကို အသုံးပြုပြီး ဘုံသဘောတူညီချက်(၅)ချက်ကို အကောင်အထည်ဖော်ဖို့နဲ့ စစ်အစိုးရအနေနဲ့ယင်းရဲ့လုပ်ဆောင်ချက်တွေအပေါ်တာဝန်ယူမှု၊တာဝန်ခံမှုတွေရှိလာဖို့နောက်ထပ်နည်းလမ်း တွေကို ရှာဖွေသင့်ပါတယ်။ အဆုံးအထိ အားလုံးနဲ့ လက်တွဲဆောင်ရွက်နိုင်ဖို့ မျှော်လင့်ပါတယ်။
(အမေရိကန်)
မြန်မာ့အရေးဟာ ၂၀၁၁ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ လစ်ဗျားနိုင်ငံအရေးနဲ့ အလားသဏ္ဍာန်တူနေတာကိုလဲ တွေ့ရပါတယ်။ အဲဒီ့အချိန်က လစ်ဗျားပြည်သူတွေရဲ့ အာရပ်နွေဦးတော်လှန်ရေးနဲ့ လစ်ဗျားစင်ပြိုင် အစိုးရဖက်ကနေ ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ ရပ်တည်ခဲ့ခြင်းက အစပြုပြီး အာဏာရှင် ကဒါဖီကို အဆုံးသတ်ပေးခဲ့ပါတယ်။ အဲ့ဒီဖြစ်စဥ်တွေမှာလဲ အရှေ့တောင်အာရှက အာဆီယံလိုပဲ အရှေ့အလယ်ပိုင်းက ဒေသတွင်းအဖွဲ့အစည်းတွေရဲ့ အရေးပါမှုကို အထင်အရှားမြင်နိုင်ပါတယ်။
လစ်ဗျားနိုင်ငံ ဥပမာ
အာရပ်ကမ္ဘာရဲ့နွေဦးတော်လှန်ရေးလို့ပြောရမယ့်အာရပ်နွေဦးမှာပြုတ်ကျသွားတဲ့အာဏာရှင်တွေများစွာထဲက လစ်ဗျားနိုင်ငံ နဲ့ အာဏာရှင် ကဒါဖီတို့ရဲ့ ဖြစ်စဉ်အကြောင်းကို ဒီနေရာမှာ ထည့်သွင်းဆွေးနွေးချင်ပါတယ်။ လစ်ဗျားအရေးမှာ အခု မြန်မာနိုင်ငံရဲ့ ဒေသတွင်းအဖွဲ့အစည်းဖြစ်တဲ့ အာဆီယံနဲ့ အလားသဏ္ဍာန်တူတဲ့ အာရပ်၊ အာဖရိက ဒေသတွင်းအဖွဲ့အစည်းတွေဖြစ်တဲ့ The Gulf Cooperation Council (GCC) နဲ့ The Arab League တို့ရဲ့ တောင်းဆိုမှု၊ ပူးပေါင်းဆောင်ရွက်မှုတွေက အရေးပါတဲ့ အခန်းကဏ္ဍမှာရှိခဲ့ပါတယ်။ လစ်ဗျားအရေးကိစ္စနဲ့ပတ်သက်ပြီး UNSC မှာ ဆုံးဖြတ်ချက်တွေကျလာဖို့နဲ့ အဲဒီ့ ဆုံးဖြတ်ချက်တွေထဲမှာ ပါသင့် ပါထိုက်တဲ့အချက်အလက်တွေ ပါလာဖို့အတွက် အဆိုပါ ဒေသတွင်းအဖွဲ့အစည်းတွေရဲ့ တစိုက်မတ်မတ်တိုက်တွန်းတောင်းဆိုမှုတွေက အရေးပါခဲ့ပါတယ်။ UNSC ရဲ့ လစ်ဗျားအရေး ဒုတိယဆုံးဖြတ်ချက်ထဲမှာ လေယာဉ်မပျံသန်းရ နယ်မြေ(No Fly Zone)သတ်မှတ်ဖို့ ကိစ္စပါဝင်လာခဲ့တာဟာ ဒေသတွင်း အဖွဲ့အစည်း (၂) ခုဖြစ်တဲ့ GCC နဲ့ The Arab League တို့ရဲ့ ထောက်ခံတောင်းဆိုမှုတွေကနေ ဩဇာသက်ရောက်ခဲ့လို့ဖြစ်ပါတယ်။ နိုင်ငံတနိုင်ငံရဲ့ အရေးကိစ္စမှာ အဲဒီ့နိုင်ငံနဲ့ ဆက်စပ်ပတ်သက်နေတဲ့ ပြည်သူတွေရဲ့ အသံက အရေးအကြီးဆုံးလို့ ဆိုနိုင်ပေမယ့် … ကမ္ဘာ့အင်အားကြီးနိုင်ငံတွေအနေနဲ့ တိုက်ရိုက်ပါဝင်ပတ်သက်ကူညီဖို့ ဆိုရာမှာတော့ ဒေသတွင်းနိုင်ငံတွေပါဝင်တဲ့ အစုအဖွဲ့တွေရဲ့ သဘောထားကိုလဲ ထည့်သွင်း စဉ်းစားလေ့ရှိကြတယ်ဆိုတဲ့ အချက်ကို သတိမူသင့်ပါတယ်။
၂၀၁၁ ခုနှစ် ဖေဖော်ဝါရီမှာ လစ်ဗျားပြည်သူတွေက အာဏာရှင်ကဒါဖီကို ဆန့်ကျင်ဆန္ဒပြပွဲတွေ စဖြစ်ချိန်ဟာ အာရပ်ကမ္ဘာက တူနီးရှား၊ အီဂျစ် တို့မှာလဲ လူထုတော်လှန်ရေးတွေ ဖြစ်ပွားနေချိန်ဖြစ်ပြီး အာရပ်နွေဦး(Arab Spring) လို့ သုံးနှုန်းကြပါတယ်။ ကဒါဖီကို ဖြုတ်ချဖို့ ပြည်သူလူထုတစ်ရပ်လုံးက ဆန့်ကျင်ဆန္ဒပြနေချိန်မှာပဲ ကဒါဖီအစိုးရမှာ တရားရေးဝန်ကြီးလုပ်ခဲ့ဖူးတဲ့ မူစတာဖာ အပ်ဒူလာ ဂျလေး(Mustafa Abudul Jalil) ရဲ့ ဦးဆောင်မှုနဲ့ ကြားကာလအမျိုးသားကောင်စီ (National Transitional Council – NTC) ကို ဖွဲ့စည်းပြီး မတ်လ (၅) ရက်နေ့မှာပဲ NTC ကသာလျှင် လစ်ဗျားပြည်သူတွေကို ကိုယ်စားပြုတဲ့ တစ်ခုတည်းသော တရားဝင်အဖွဲ့အစည်းဖြစ်တယ်လို့ ကြေညာ ခဲ့ပါတယ်။ NTC ဟာ လစ်ဗျားနိုင်ငံအရှေ့ပိုင်းက အဓိကမြို့ကြီးဖြစ်တဲ့ ဗန်ဂါဇီ(Banghazi) ကို ထိန်းချုပ်ထားနိုင်ပြီး အနီးပတ်ဝန်းကျင်မြို့ငယ်တွေမှာလဲ ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့တွေဖွဲ့စည်းကာ လွတ်မြောက်နယ်မြေတစ်ခုအဖြစ် ထူထောင်ထားနိုင်ခဲ့ပါတယ်။ လစ်ဗျားနိုင်ငံရဲ့ နယ်မြေအစိတ်အပိုင်းတစ်ခုကို NTC အနေနဲ့ အခုလို ထိန်းချုပ်ထား နိုင်ခဲ့တာဟာ NTC ကို နိုင်ငံတကာက လစ်ဗျားနိုင်ငံရဲ့တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုလာရေးကိစ္စမှာ များစွာ အရေးပါခဲ့ပါတယ်။ NTC ဟာ ရွေးကောက်ပွဲတစ်ခုခုကနေတဆင့် လူထုဆန္ဒမဲနဲ့ ပေါ်ပေါက်လာတဲ့ အဖွဲ့အစည်း မဟုတ်ပေမယ့် လူထုထောက်ခံမှုကို အခြားနည်းလမ်းတွေနဲ့ ပြသနိုင်ခဲ့သလို လစ်ဗျားနိုင်ငံရဲ့ နယ်မြေ အစိတ်အပိုင်း တစ်ခုကို ပိုင်ပိုင်နိုင်နိုင် စိုးမိုးထိန်းချုပ်ထားနိုင်ခြင်းက နိုင်ငံရေးအရ အားသာမှုတစ်ခုဖြစ်စေခဲ့ပါတယ်။ လက်ရှိ မြန်မာနိုင်ငံအခြေအနေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ဟာ ပြည်သူလူထုရဲ့ဆန္ဒမဲ တစ်နည်းပြောရရင် တရားဝင်ရွေးကောက်ပွဲတစ်ခုကနေ အခြေခံပြီး ပေါက်ဖွား ပေါ်ပေါက်လာတာဖြစ်လို့ ပြည်သူလူထုကို တရားဝင်ကိုယ်စားပြုမှုကို ရရှိထားသလို လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံရဲ့ နယ်မြေအချို့ကို စိုးမိုးထိမ်းချုပ် ထားနိုင်နေပေမယ့် အဲဒီ့နယ်မြေအစိတ်အပိုင်းတစ်ခုခုကို စိုးမိုးထိန်းချုပ်နယ်မြေအဖြစ် တရားဝင်ကြေညာနိုင်ခြင်း မရှိသေးတာဟာ နိုင်ငံတကာက NUG ကို တရားဝင်အသိအမှတ်ပြုဖို့ ကိစ္စမှာ အဟန့်အတားတစ်ခုအနေနဲ့ ရှိနေတယ်လို့ ယူဆနိုင်ပါတယ်။
ဒါပေမယ့် လက်ရှိအချိန်မှာအာဆီယံရဲ့အရှိန်မြှင့်မှု၊အမေရိကန်ရဲ့NDAAနဲ့အခုကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေအပါအဝင် နိုင်ငံတကာရဲ့ပါဝင်ပတ်သက်မှုတွေ၊ ထောက်ပံ့ကူညီမှု တွေ ခပ်စိပ်စိပ်ဖြစ်လာသလို NUG ကလည်း တစ်နှစ်တာအစီအမံ(One Year Plan)မှာ ဒီနှစ်ဟာ အဆုံးသတ်တိုက်ပွဲအတွက် အဆုံးအဖြစ်နှစ် ဖြစ်မယ်လို့ ကျွေးကြော်ထားလေတော့ ၂၀၂၃ ဟာ နွေဦးတော်လှန်ရေးအတွက် ပိုမိုအဆင့်မြင့်တဲ့ Step တစ်ခုကို ထပ်တက်လာနိုင်တဲ့ အလားအလာကတော့ အတော်ကောင်းနေတယ်လို့ ပြောရမှာပါ။ လွတ်မြောက်နယ်မြေတစ်ခု တရားဝင်ကြေညာခြင်းဟာ အာဏာရှင် အကြမ်းဖက်တွေရဲ့ ထိုးစစ်တွေကို ဖိတ်ခေါ်သလို ဖြစ်နိုင်တယ်ဆိုတဲ့ စိုးရိမ်ချက်တွေလဲ ရှိနေမှာ အသေအချာပါပဲ။ လစ်ဗျားတော်လှန်ရေးတုန်းက ကဒါဖီရဲ့ တပ်တွေဟာ NTC ရဲ့ လွတ်မြောက်နယ်မြေကို ထိုးစစ်ဆင်ဖို့အတွက် “ဘယ်သူ့ကိုမှ သနားညှာတာမှာမဟုတ်ဘူး/ We will have no mercy and no pity” လို့ ကြွေးကြော်ပြီး စစ်ရေးပြင်ဆင်နေခဲ့တာပါ။ ဒီအချက်ဟာလဲ ပြည်သူတွေအများအပြား အစုလိုက် အပြုံလိုက် အသတ်ခံရတော့မှာပဲ ဆိုတဲ့ ကမ္ဘာ့ခေါင်းဆောင်တွေရဲ့ စိုးရိမ်စိတ်ကို မြင့်တက်စေပြီး ကဒါဖီတို့အုပ်စုကို စစ်ရေးအရ အရေးယူမှဖြစ်တော့မယ်ဆိုတဲ့ ဆုံးဖြတ်ချက်တွေကို ပိုပြီး တွန်းအားဖြစ်စေခဲ့တဲ့ အချက်ကိုလဲ သတိပြုသင့်ပါတယ်။
UNSC ရဲ့ဆုံးဖြတ်ချက်ကို အရေးမစိုက်တဲ့အခါ ဘာတွေထပ်ဖြစ်လာမှာလဲ
ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ၂၀၁၁ ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ ကျင်းပတဲ့ အစည်းအဝေးမှာ လစ်ဗျားအရေးနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ခဲ့ဖူးပါတယ်။ အဲဒီ့ ဆုံးဖြတ်ချက်ထဲမှာ လစ်ဗျားအာဏာရှင် ကဒါဖီနဲ့ အပေါင်းအပါတွေကို ရောမသဘောတူစာချုပ် အပိုဒ် ၁၄ အရ အပြည်ပြည်ဆိုင်ရာရာဇဝတ်မှု ခုံရုံးကို တင်သွင်းတာ၊ လက်နက်တင်သွင်းမှု ပိတ်ပင်တာ၊ ကဒါဖီနဲ့ အပေါင်းအပါတွေကိုခရီးသွားလာခွင့်ပိတ်ပင်တာ၊ကဒါဖီမိသားစုနဲ့ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ပိုင်ဆိုင်မှုတွေကို သိပ်ဆည်းတာ စတဲ့ အချက်တွေပါဝင်ခဲ့ပါတယ်။ အဲဒီ့နောက်မှာတော့ UNSC ရဲ့ ဆုံးဖြတ်ချက်တွေကို ကဒါဖီတို့အုပ်စုက လိုက်နာရန်ပျက်ကွက်တာကြောင့် မတ်လ ၇ ရက်နေ့မှာ နောက်ထပ်သော ဆုံးဖြတ်ချက်တစ်ခုကို ထပ်မံချမှတ်ခဲ့ပါတယ်။ အဲဒီ့ ဆုံးဖြတ်ချက်မှာတော့ အရပ်သားပြည်သူတွေကို အကာအကွယ်ပေးဖို့အတွက် လိုအပ်သော နည်းလမ်းမှန်သမျှသုံးစွဲဖို့၊ လေယာဉ်မပျံသန်းရ နယ်မြေ(No Fly Zone)သတ်မှတ်ဖို့၊ လက်နက်တင်သွင်းမှုပိတ်ဆို့ခြင်းကို အရှိန်မြှင့်ဖို့၊ လစ်ဗျားနိုင်ငံနဲ့ ကူးလူး ဆက်ဆံနေတဲ့ လေယာဉ်ပျံသန်းမှုတွေကို ပိတ်ပင်ဖို့(Ban on Flights)၊ ပိုင်ဆိုင်မှုတွေ သိမ်းဆည်းဖို့၊ အရေးယူခံရမယ့် လူပုဂ္ဂိုလ်များ သတ်မှတ်ဖို့၊ ကျွမ်းကျင်သူ ပညာရှင်အဖွဲ့ ဖွဲ့စည်းဖို့ စတဲ့ ပိုမိုပြင်းထန်အားကောင်းပြီး လက်တွေ့လုပ်ငန်းစဉ်ပါတဲ့ အချက်တွေ ထပ်တိုးပါဝင်လာတာကို တွေ့ရပါတယ်။ အဲဒီ့နောက်မှာတော့ UNSC ရဲ့ ဆုံးဖြတ်ချက်ထဲက လက်နက်ပိတ်ဆိုးရေးနဲ့ လေယာဉ်မပျံသန်းရဇုန် သတ်မှတ်ပြဌာန်းရေးကိစ္စတွေကို အကောင်အထည်ဖော်ဖို့အတွက် နေတိုးမဟာမိတ်တပ်တွေဟာ မတ်လ ၁၉ ရက်နေ့က စတင်ပြီးတော့ Operation Unified Protector(OUP) လို့အမည်ရတဲ့ Operation နဲ့ ကဒါဖီတပ်တွေရဲ့ ပစ်မှတ်တွေကို စတင်တိုက်ခိုက်ပါတော့တယ်။ အမေရိကန်အနေနဲ့လဲ လေယာဉ်မပျံသန်းရဇုန်ကို စောင့်ကြပ်တာ၊ ကဒါဖီတပ်တွေဆီ လက်နက်တွေမရောက်ဖို့ မြေထဲပင်လယ်ကို ပိတ်ဆို့တာ၊ လစ်ဗျားပြည်သူကို ကာကွယ်ဖို့ ကဒါဖီရဲ့တပ်တွေကို လေကြောင်းက တိုက်ခိုက်တာ စတဲ့ ကိစ္စရပ်တွေမှာ ပါဝင်လာခဲ့ပါတယ်။ အဲဒီ့နောက်မှာတော့လစ်ဗျားပြည်သူလူထုရဲ့ပြင်းပြသောဆန္ဒ၊NTCအပါအဝင်လစ်ဗျားနိုင်ငံရေးခေါင်းဆောင်တို့ရဲ့ စနစ်တကျကြိုးစားအားထုတ်မှု၊ ဒေသတွင်းအဖွဲ့အစည်းအချို့ရဲ့ တူညီသော ဆန္ဒနဲ့ တွန်းအားပေးတောင်းဆိုမှု၊ နိုင်ငံတကာရဲ့ အချိန်ကိုက် ပံ့ပိုးကူညီမှုတွေက အာဏာရှင်ကဒါဖီရဲ့ တစ်ခန်းရပ်ပြဇာတ်ကို အဆုံးသတ်ပေးခဲ့ပါတော့တယ်။ ကဒါဖီသေပြီးတဲ့နောက်မှာတော့ ကုလသမဂ္ဂဟာ NTC ကို လစ်ဗျားနိုင်ငံအတွက် တရားဝင်ကိုယ်စားပြုခွင့်ပေးခဲ့ပြီး တစ်နှစ်အကြာ ၂၀၁၂ ခုနှစ်မှာတော့ လစ်ဗျားနိုင်ငံရွေးကောက်ပွဲကတဆင့် တက်လာတဲ့ General National Congress ထံကို NTC က အာဏာလွှဲပြောင်းပေးခဲ့ပါတယ်။
အာဏာရှင်တို့ရဲ့ နိဂုံး
လက်ရှိ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ကုလလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ဟာပထမဆုံးဆုံးဖြတ်ချက်ဖြစ်ပြီး နောက်ဆက်တွဲလုပ်ဆောင်ချက်တွေအတွက် တရားဝင်လမ်းဖွင့်ပေးလိုက်တာဖြစ်တယ်လို့လဲ မှတ်ယူလို့ရပါတယ်။ လစ်ဗျားတော်လှန်ရေးတုန်းကလို ၏၊ သည် မရွေး အရာရာ ထပ်တူလိုက်ဖြစ်မယ်လို့ မဆိုလိုပေမယ့် တူညီတဲ့ အချက်အလက်အချို့နဲ့ အခင်းအကျင်းအချို့ ရှိနေတယ်ဆိုတာကိုတော့ ငြင်းလို့မရပါဘူး။ မြန်မာ့နွေဦးတော်လှန်ရေးဟာ လစ်ဗျားနိုင်ငံအပါအဝင် အာရပ်နွေဦးလို အာဏာရှင်တို့ရဲ့ နိဂုံးအဆုံးသတ်ဖြစ်စေဖို့ လက်ရှိ အဘက်ဘက်က ရနေတဲ့ အားသာမှုတွေကို ပြည်သူ့ထောက်ခံမှု အပြည့်အဝရရှိထားတဲ့ ပြည်သူ့အစိုးရ (NUG) နဲ့ အခြားသော တော်လှန်ရေးအင်အားစုတွေ၊ မြန်မာ့အရေးမှာ ဘယ်တော့မှာ ဘေးဖယ်ထားလို့မရတဲ့ တိုင်းရင်းသားမဟာမိတ် အင်အားစုတွေ၊ ဒေသအတွင်း အဖွဲ့အစည်းဖြစ်တဲ့ အာဆီယံ နဲ့တကွ နိုင်ငံတကာရဲ့ ထိရောက်သေချာသော ပံ့ပိုးကူညီမှုတွေကိုသာ အချိန်ကိုက် နေသားတကျ စီမံအကွက်ချနိုင်မယ်ဆိုရင်တော့ဖြင့် မကြာမီကာလမှာ မင်းအောင်လှိုင်နဲ့ အပေါင်းအပါတို့လည်း ကဒါဖီလမ်းကို မြန်းပြီး ပြည်သူလူထုတစ်ရပ်လုံးလည်း သူတို့လိုလားတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ည်ထောင်စုအောင်ပန်းကို ဆွတ်ခူးနိုင်ဖို့ မဝေးတော့ဘူးလို့ ဆိုချင်ပါတယ်။
ဆိုရှယ်မီဒီယာများမှကူးယူဖော်ပြခြင်းဖြစ်ပါသည်။မူရင်းရေးသားသူအားခရက်ဒစ်ပေးပါသည်။