လာမယ့် စက်တင်ဘာ ၁၃ ရက်နေ့မှစ၍ ၇၇ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ စတင်ကျင်းပတော့မည်။ ထိုအတောအတွင်း သက်ဆိုင်ရာအစိုးရများ၏ ကိုယ်စားလှယ် ခန့်အပ်လွှာများကို စိစစ်အတည်ပြုသည့် ကိစ္စရပ်များလည်း ပါဝင်လာလိမ့်မည်။ မြန်မာနိုင်ငံဆိုရင်လည်း ပြည်သူကို အကြမ်းဖက်နေသည့် စစ်အုပ်စုနှင့် ပြည်သူကို ကိုယ်စားပြုသည့် NUG တို့အနက် မည်သူကို တရားဝင်အစိုးရအဖြစ် အသိမှတ်ပြု၊ မပြု ဆိုတာကို ဆုံးဖြတ်ကြမည်ဟု ယူဆရပေသည်။ သို့တိုင် ပြီးခဲ့သည့် ၂၀၂၁ မှာတော့ မည်သူ့ကိုမှ မရွေးချယ်ဘဲ ဆိုင်းငံ့ကာ ပြည်သူ့အစိုးရ လက်ထက်ကတည်းက ခန့်အပ်ထားသော ပြည်သူ့ဘက်တော်သား သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုသာ ဆက်လက်ထားရှိခဲ့သည်။ ကုလ၏ သောင်မတင် ရေမကျ ‘ကြည့်ကောင်းအောင် လုပ်ခဲ့သည့်လုပ်ရပ်’ ဟုလည်း ဆိုချင် ဆိုနိုင်ပါသည်။
ယခု ၂၀၂၂ မှာတော့ အဲ့ဒီလို ဆက်လက်ထားရှိရုံနဲ့ မလုံလောက်တော့ပေ။ NUG ကို မြန်မာနိုင်ငံ၏ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုမှ ဖြစ်တော့မည်။ အကြောင်းမူ NUG သာ တရားဝင်အစိုးရ ဖြစ်သွားပါက တော်လှန်ရေးအတွက် များစွာအကျိုးရှိသွားမည်ဖြစ်သည်။ နိုင်ငံတကာ အကူအညီတွေ ခနထား၊ ပထမဆုံးအနေနဲ့ အမေရိကန် ထိန်းချုပ်ထားသော မြန်မာနိုင်ငံပိုင် အမေရိကန်ဒေါ်လာ ၁ ဘီလီယံကို ပြန်လည်ရယူနိုင်မည်ဖြစ်သည်။ ပြီးနောက် မိမိမှာ တရားဝင်အစိုးရ ဖြစ်သွားသည့်အတွက် အရေးတကြီး လိုအပ်နေသော လက်နက်ခဲယမ်း ငွေကြေးကိစ္စများကို အကောင်းဆုံး မြန်မြန်ဆန်ဆန် ဖြေရှင်းသွားနိုင်ပါမည်။ သို့ရှိစေကာမူ အခြားတဖက်တွင် နိုင်ငံတကာ ဆိုတာကလည်း အကျိုးစီးပွားပဓာနသာ ဖြစ်နေရာ ထင်သလောက် မရိုးစင်းလှပေ။ မြန်မာပြည်သူတွေအတွက်ကတော့ ရှင်းသည်။ NUG သည်သာ သူတို့အစိုးရ။ NUG သည်သာ သူတို့၏ တခုတည်းသော ကိုယ်စားပြုအဖွဲ့အစည်း ဖြစ်သည်။
မည်သို့ရှိစေ အစိုးရတရပ်ကို အသိအမှတ်ပြုရာတွင် နိုင်ငံတကာ စံနှုန်းများရှိရာ ထိုစံနှုန်းများအရ မည်သည့်အဖွဲ့အစည်းသာ တရားဝင်အစိုးရ ဖြစ်ထိုက်ကြောင်း နှိုင်းယှဉ်ပြချင်ပါသည်။ ယင်းစံနှုန်းများသည် နိုင်ငံတကာဥပဒေအရ တိကျသည့် ပြဋ္ဌာန်းချက်များ မဟုတ်သည့်တိုင် လက်တွေ့ကျင့်သုံးကြသည့် စံနှုန်းများ ဖြစ်ကြပေသည်။ ယင်းတို့မှာ နယ်မြေကို ထိရောက်စွာ ထိန်းချုပ်နိုင်မှု၊ တရားဝင်မှု၊ နိုင်ငံတကာဥပဒေကို လေးစားလိုက်နာမှုတို့ ဖြစ်ကြသည်။
ထိရောက်စွာ ထိန်းချုပ်နိုင်မှု
အစိုးရတရပ်အဖြစ် အသိအမှတ်ပြုခံရဖို့အတွက်ဆိုလျှင် ထိရောက်စွာ ထိန်းချုပ်နိုင်မှု သည်လည်း မဖြစ်မနေ ဖော်ဆောင်ရမည့် အချက်တခုဖြစ်ပေသည်။ ထိရောက်စွာ ထိန်းချုပ်နိုင်မှု ဆိုသည်မှာ အုပ်ချုပ်ရေးယန္တရားများကို ထိရောက်စွာ လည်ပတ်နိုင်မှု၊ လုံခြုံရေး အဖွဲ့အစည်းများမှတဆင့် ထိရောက်စွာ ထိန်းချုပ်နိုင်မှု၊ ပြည်သူလူထုမှ လေးစားနာခံလာအောင် စွမ်းဆောင်နိုင်မှုတို့ ဖြစ်ကြသည်။
တရားဝင်မှု
နောက်ထပ်စံနှုန်းတခုမှာ ‘တရားဝင်မှု’ ဖြစ်သည်။ တရားဝင်မှုဆိုသည်မှာ အာဏာကို တရားဝင် နည်းလမ်းတကျ ရရှိလာခြင်းကို ဆိုလိုသည်။ ပြည်သူလူထုကလည်း ထိုအာဏာကို အသိအမှတ်ပြုကာ လက်ခံခြင်းဖြစ်သည်။ ပို၍ရှင်းအောင်ပြောရလျှင် ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲတွင် ပြည်သူမှ ရွေးကောက်ထားသည့် အစိုးရမျိုး ဖြစ်သည်။ ဆန့်ကျင်ဘက် အနေဖြင့် ပြောရလျှင် တရားမဝင်အစိုးရ ဆိုသည်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို လည်းကောင်း၊ နိုင်ငံတကာဥပဒေကို လည်းကောင်း ချိုးဖောက်ကာ ဥပဒေနှင့်မညီဘဲ အာဏာရရှိလာသည့် အစိုးရမျိုးကို ခေါ်ဆိုသည်။
နိုင်ငံတကာဥပဒေအား လေးစားလိုက်နာမှု
တတိယအချက်အနေဖြင့် အသိအမှတ်ပြုခံလိုသည့် အစိုးရသည် နိုင်ငံတကာဥပဒေကို လေးစားလိုက်နာနိုင်စွမ်း၊ လေးစားလိုက်နာလိုသည့်ဆန္ဒ ရှိရမည်ဖြစ်သည်။
ဤသည်မှာ နိုင်ငံတကာနယ်ပယ်တွင် လက်တွေ့ကျင့်သုံးနေသော စံနှုန်းသုံးခုဖြစ်သည်။ ဆိုခဲ့ပြီးသလို မြန်မာပြည်သူတွေအတွက်ကတော့ ရှင်းသည်။ NUG သည် မိမိတို့ တရားဝင်အစိုးရ။ စစ်အုပ်စုသည် မိမိတို့ကို အကြမ်းဖက်သည့်အုပ်စု။ ယခုဖော်ပြထားသည့် နိုင်ငံတကာ စံနှုန်းသုံးခုအရ ကြည့်မယ်ဆိုရင်လည်း မည်သူက တရားဝင်အစိုးရဖြစ်သည်ကို ထင်ရှားစွာ သိမြင်နိုင်သည်။ ပထမဦးစွာ စစ်အုပ်စုကို ထိုစံနှုန်းသုံးခုဖြင့် စစ်ဆေးနိုင်ပါသည်။
ပထမဆုံးအနေနဲ့ နယ်မြေကို ထိရောက်စွာ ထိန်းချုပ်နိုင်မှု။ မြို့ပြအချို့ကလွဲလျှင် စစ်အုပ်စုမှာ ကောင်းစွာထိန်းချုပ်နိုင်စွမ်း မရှိ။ အဲ့ဒီ မြို့ပြအချို့မှာတောင် သူတို့၏ အုပ်ချုပ်ရေးယန္တရားတို့ ကောင်းစွာ မလည်ပတ်နိုင်တော့။ မီးခွန်မဆောင်၊ ရေခွန်ရှောင် စသည့် ဘူးသပိတ် ပြည်သူများကြောင့်လည်းကောင်း၊ CDM ဝန်ထမ်းများကြောင့်လည်းကောင်း စစ်ကောင်စီ၏ အုပ်ချုပ်ရေး ယန္တရားများမှာ ရှိတယ်ဆိုရုံ ဟန်ပြလောက်သာ ထားရှိရတော့သည်။ မြို့ပြအလွန် ကျေးရွာများ၊ မြို့နယ်များမှာဆိုလျှင်တော့ စစ်အုပ်စု၏ အာဏာစက်မှာ လုံးဝနီးပါး မသက်ရောက်တော့ပေ။ သူတို့ ကောင်းစွာအုပ်ချုပ်နိုင်စွမ်းရှိသည့် ဒေသများဆိုလျှင် နေပြည်တော်၊ မေမြို့လို နေရာများသာ ကျန်ရှိပေတော့သည်။
တရားဝင်မှုအပိုင်းမှာတော့ စစ်အုပ်စုအတွက် သုည။ အရင်ကတည်းက တရားမဝင် အာဏာသိမ်းအဖွဲ့။ ပြည်သူရွေးကောက်ထားသည့် ၂၀၂၀ ရွေးကောက်ပွဲမှ တက်လာတာ မဟုတ်သလို လက်ရှိအချိန်မှာလည်း ပြည်သူတွေ၏ ဆန့်ကျင်တော်လှန်မှုကိုပင် ခံနေရသည်။ စင်စစ် သူတို့၏ တရားဝင်မှုရအောင် ပြည်သူကို ကြောက်ရွံ့စေခြင်းဖြင့် အကြမ်းဖက် သတ်ဖြတ်နေသော မိစ္ဆာဂိုဏ်းတခုပဲဖြစ်သည်။
နိုင်ငံတကာဥပဒေ လိုက်နာမှုအပိုင်းတွင် လက်ရှိ သူတို့လုပ်ဆောင်နေသော လုပ်ရပ်များကိုပဲ ကြည့်ပါ။ တိုက်ပွဲဖြစ်ပွားရာ ဒေသများတွင် အရပ်သား၊ စစ်သား မခွဲခြား အကုန်ပစ်သတ်သည်။ အစုအပြုံလိုက် အရှင်လတ်လတ် မီးရှို့သတ်ဖြတ်သည်။ တွေ့သမျှအိမ် ခိုးဆိုးလုယက် မီးရှို့ဖျက်ဆီးသည်။ ဘုရားကျောင်း၊ ဆေးရုံ၊ ဆေးခန်း၊ ဒုက္ခသည်စခန်း ထည့်မတွက်။ တိုက်ပွဲနည်းပါးသည့် မြို့ပြတချို့မှာဆိုရင်လည်း ပြည်သူကို ညအချိန်မတော် ဥပဒေတွေ ဘာတွေ ထည့်မတွက် ဖမ်းဆီးသည်။ ထောင်ထဲမှာလည်း ထောင်ထဲမှာ အကျဉ်းသားအခွင့်အရေး လျစ်လျူရှုသည်။ စသဖြင့် နိုင်ငံတကာဥပဒေကို စက္ကူစုတ်အဖြစ် သဘောထားရာ စစ်အုပ်စုအနေနဲ့ နိုင်ငံတကာဥပဒေကို လေးစားလိုက်နာသလားဆိုတာ လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားလှပေသည်။
အခြားတဖက်ကို ကြည့်မယ်ဆိုရင် NUG တွင် အားသာချက် များစွာရှိနေသည်။ သက်တမ်းကာလ တနှစ်ကျော်အတွင်း NUG သည် ထိရောက်စွာ နယ်မြေထိန်းချုပ်နိုင်မှုနှင့် ပတ်သက်ပါက မနှစ်ကထက်စာလျှင် များစွာ တိုးတက်လာသည်ဟု ဆိုရပါမည်။ မြန်မာနိုင်ငံ၏ အညာဒေသဖြစ်သည့် စစ်ကိုင်း၊ မကွေးတိုင်းလို ဒေသများတွင် နယ်မြေထိန်းချုပ်နိုင်မှုမှာ တနေ့ထက်တနေ့ ပို၍အားကောင်းလာနေသည်။ ထိုဒေသများရှိ အဓိကလမ်းမကြီး အများစုကိုလည်း ထိန်းချုပ်လာနိုင်ပေပြီ။ ထိုမျှမက ထိုဒေသများရှိ စစ်အုပ်စု၏ ယန္တရားအသီးသီးမှာ ရပ်ဆိုင်းလုနီးပါး ဖြစ်နေပေသည်။ မြို့ကြီးတခုတလေမှာပဲ အကြွင်းအကျန် စတိသဘော ရှိနေတော့သည်။ ကျန်ဒေသအများစုမှာတော့ စစ်အုပ်စုသည် သူတို့၏ယန္တရားတွေကို အခြေချဖို့ဝေးစွ။ သွားလာရာမှာတောင် ကြောက်ရွံ့နေကြရသည်။ မြေပြင်သွားရမည်ဆိုလျှင် အင်အားရာဂဏန်းလောက်နဲ့မှ၊ လေကြောင်းအကူအညီနဲ့မှ ထွက်ရဲတော့သည့် အခြေအနေကို ဆိုက်ရောက်နေပေသည်။ ထို့ပြင် NUG သည် နယ်မြေစိုးမိုးနိုင်သော တိုင်းရင်းသားလက်နက်ကိုင်များနှင့်လည်း မဟာမိတ်ဖွဲ့ကာ လက်တွဲ ဆောင်ရွက်နေပြီဖြစ်ရာ ချိတ်ဆက်မှု၊ ပူးပေါင်းဆောင်ရွက်မှုတို့မှာ တနေ့ထက်တနေ့ အားကောင်းလာသည်ကို တွေ့ရှိနိုင်သည်။
NUG သည် ၂၀၂၀၊ နိုဝင်ဘာလ ရွေးကောက်ပွဲမှ ပြည်သူရွေးချယ်လိုက်သော ပြည်သူ့ကိုယ်စားလှယ်များမှတဆင့် ပေါက်ဖွားလာသည့် အစိုးရတရပ်ဖြစ်ရာ တရားဝင်မှုမှာ အပြည့်အဝအခိုင်အမာ ရရှိထားသည့် အဖွဲ့အစည်းတခုဖြစ်သည်။ ထို့အပြင် နိုင်ငံတဝန်းရှိ အခြားသော ဒီမိုကရေစီ အင်အားစုများလည်း ပါဝင်ဖွဲ့စည်းထားသည်ကို တွေ့ရှိနိုင်ပါသည်။ အစကတည်းက ပြည်သူ့ဆန္ဒမှ ပေါ်ထွက်လာသလို လက်ရှိအချိန်အထိ ပြည်သူထောက်ခံထားသည့် အဖွဲ့အစည်းတခုဖြစ်သည်။ NUG သည် ဤမျှအထိ တရားဝင်မှုအပိုင်းမှာ အားကောင်းလှပေသည်။
NUG ၏ မူဝါဒများအရပဲဖြစ်စေ၊ လက်တွေ့လုပ်ဆောင်ချက်များအရဖြစ်စေ နိုင်ငံတကာ ဥပဒေကို ချိုးဖောက်ဖို့ဝေးစွ၊ တိကျစွာ လိုက်နာဆောင်ရွက်နေသည်။ NUG ကိုယ်၌သည်ပင် ဒီမိုကရေစီကို ဆာလောင်သော ပြည်သူများကို ကိုယ်စားပြုထားရုံတင်မက ဒီမိုကရေစီကို ဖျက်ဆီးနေသော အကြမ်းဖက်စစ်အုပ်စုကို ယှဉ်ပြိုင်တိုက်ပွဲဝင်နေသည့် အဖွဲ့အစည်းဖြစ်ရာ နိုင်ငံတကာဥပဒေများကို လိုက်နာမည်မှာ မေးခွန်းထုတ်စရာပင် မလိုပေ။
ဤသည်မှာ နိုင်ငံတကာနယ်ပယ်တွင် လက်တွေ့ကျင့်သုံးနေသော စံနှုန်းသုံးခုအရ NUG နှင့် စစ်အုပ်စုအနက် မည်သူက တရားဝင်အစိုးရ ဖြစ်ထိုက်သည်ကို နှိုင်းယှဉ်ပြခြင်းဖြစ်သည်။ မြန်မာပြည်သူတွေ အတွက်ကတော့ ရှင်းပါသည်။ NUG သာ သူတို့၏ တခုတည်းသော တရားဝင်အစိုးရ။ သို့ရှိစေကာမူ ကုလအနေနဲ့တော့ မည်သို့ဆုံးဖြတ်မည်မသိ။
မြန်မာပြည်သူတရပ်လုံး၏ ဆန္ဒကို အလေးထားကာ NUG ကိုပဲ ရွေးချယ်မလား။ အများထင်မှတ်မထားသော စစ်အုပ်စုကိုပဲ ရွေးချယ်မလား။ သို့မဟုတ် မနှစ်ကလို သောင်မတင် ရေမကျ သဘောဖြင့် ‘ကြည့်ကောင်းအောင်’ ဒေါ်အောင်ဆန်းစုကြည် လက်ထက်ကတည်းက ခန့်အပ်ထားသည့် ပြည်သူ့ဘက်တော်သား သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုပဲ ဆက်လက်ထားရှိမလား ဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရပေဦးမည်။
ဆိုရှယ်မီဒီယာများမှကူးယူဖော်ပြခြင်းဖြစ်ပါသည်။မူရင်းရေးသားသူအားခရက်ဒစ်ပေးပါသည်။